~လော့ဖုန်း မဟာမိတ်အဖွဲ့ ၏ မဟာမိတ်ခေါင်းဆောင် နေရာလုပွဲက ဒီအခြေအနေအထိ ရောက်နေပြီ။ ဘယ်ဖက်ကမှ သင့်တော်တဲ့ အကြောင်းပြချက် မရှာနိုင် ဖြစ်နေကြတာ။ အခုတော့ အဲဒီ အကြောင်းပြချက်ကြီးက မျက်စိရှေ့မှာ ရောက်နေပြီ။ ဝေရူဟန် က ဒီအခွင့်အရေးကို လက်လွှတ်ခံပါ့မလား။
ချီလု ၏ ဦးနှောက်များ လည်ပတ်နေစဉ်မှာပင် လူတစ်ယောက်က သူ့နားနားသို့ ကပ်ကာ တီးတိုး ပြောကြားလာသည်။
“မြို့စားမင်း... ဝမ်းသာစရာ သတင်းကောင်းပဲဗျ...”
အသံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် ချီလု လန့်ဖျပ်သွားပြီး ကပျာကယာ လှည့်ကြည့်လိုက်သည်။
“ဘာ ဝမ်းသာစရာ ရှိလို့လဲကွ... ငါတို့က အခု ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရတာကို...”
“ဟဲ... ဟဲ... ကပ်ဘေးကနေ ကံကောင်းခြင်းတွေ ဖြစ်လာနိုင်သလို... ကံကောင်းခြင်းတွေကလည်း ကပ်ဘေးဆီ ဦးတည်သွားနိုင်တာပဲလေ...”
“လက်ရှိ အခြေအနေက ခင်ဗျားအတွက် ကောင်းကျိုးလား၊ ဆိုးကျိုးလား ဆိုတာ ခင်ဗျားရဲ့ အတွေးပေါ်မှာပဲ မူတည်တယ်...”
ဒီစကားကို ကြားလိုက်ရတော့ ချီလုက ထိုလူကို ဇဝေဇဝါ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ရှင်းအောင် ပြောစမ်း...”
ထိုလူက ဘေးဘီဝဲယာကို သတိထားကြည့်ရှုလိုက်ပြီးမှ အသံကို နှိမ့်ကာ ပြောလာ၏။
“မဟာမိတ်ခေါင်းဆောင် ချီ... အခု ကျိုးချင်ချွမ် သေသွားပြီဆိုတော့... ကျုံးဖူမြို့ ကို ဘယ်သူ ထိန်းချုပ်မလဲဗျ...”
“ဒါကတော့ ငါပဲ ထိန်းချုပ်ရမှာပေါ့...”
ချီလု စဉ်းစားနေစရာပင် မလိုပေ။ သူသည် ကျိုးချင်ချွမ်နှင့် အချိန်အကြာကြီး အားပြိုင်လာခဲ့သော်လည်း အနိုင်အရှုံး မကွဲပြားခဲ့ပေ။
ယခု ကျိုးချင်ချွမ် သေသွားပြီဆိုတော့ သဘာဝကျကျပဲ ကျုံးဖူမြို့ရဲ့ အာဏာအရှိဆုံးသူက သူ ဖြစ်လာမည်ပေါ့။
“ဒါဆိုရင် မေးပါရစေဦး မဟာမိတ်ခေါင်းဆောင် ချီ... ဆုမိုက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ...”
“ဒါကတော့... ရွာသားတွေအတွက်...”
ချီလု စကားတစ်ဝက်မှာ ရပ်တန့်သွားသည်။
အစပိုင်း၌မူ ရွာသူရွာသားများအတွက် လက်စားချေပေးခြင်းဟု တွေးထင်စရာ ရှိ၏။
သို့သော်ငြား ယခုလေးတင် ရရှိထားသော သတင်းအချက်အလက်များအရ ဆုမိုသည် ရွာသူရွာသားများအတွက် လက်စားချေပြီးခဲ့ပြီ ဖြစ်သည်။
ကွမ်ချွမ်းတစ္ဆေငါးကောင်အနက် တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့၏။
ထိုတစ်ယောက်မှာလည်း သေလုမြောပါး အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။
သူ ဤနေရာသို့ လာရောက်ခြင်းက ကျိုးချင်ချွမ်အား တာဝန်ပေါ့လျော့မှုဖြင့် အပြစ်ပေးရန် ဖြစ်သည် ဆိုသော်ငြား... တာဝန်ပေါ့လျော့မှုက သေဒဏ်ပေးလောက်သည်အထိ အပြစ်ကြီးမားပါသလော။
ချီလု မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
“သူက ဝေ တံဆိပ်ပြား ကို ကိုင်ထားပြီး အခွင့်ကောင်းယူပြီးတော့ ပြဿနာ လာရှာတာပဲ... မဟာမိတ်ခေါင်းဆောင် (၈) ယောက်ကြားမှာ ခေါင်းဆောင် နေရာလုပွဲက မပြီးပြတ်သေးဘူး... တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ထိန်းချုပ်ထားကြတယ်... တစ်ကွက်မှားရင် တစ်ပွဲလုံး ရှုံးသွားနိုင်တယ်...”
“ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ဘယ်သူမှ လက်လွတ်စပယ် မလှုပ်ရှားရဲကြဘူး...”
“ဟွာချန်ယွီ ကတော့ ဇူချိုယန် ရဲ့ လျှို့ဝှက်စွပ်စွဲချက်ကို အကြောင်းပြပြီး ဇူချိုယန်ကို ဖယ်ရှားလိုက်တာ... တကယ့်ကို အချိန်ကိုက်ပဲ...”
“ဒါပေမဲ့ ထျန်းယွီမြို့ ကို သူတစ်ယောက်တည်း လက်ထဲ အပ်ထားလို့ မဖြစ်ဘူးလေ... ဒါကြောင့် မဟာမိတ်ခေါင်းဆောင်ကြီးက ဝေဇီယီ ကို ထည့်ပေးလိုက်တာ... ဘက်ပေါင်းစုံကို ချိန်ညှိပေးလိုက်တာပဲ...”
“ဝေဇီယီက မဟာမိတ်ခေါင်းဆောင်ကြီးရဲ့ မြေးအရင်း... သူမအတွက် လော့ဖုန်း မဟာမိတ်အဖွဲ့ထဲမှာ နေရာတစ်နေရာ ရှိကို ရှိရမယ်...”
“ဒီနည်းနဲ့ ဟွာချန်ယွီက မြို့တစ်မြို့လုံးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ခွင့် မရတော့ဘူး... အားလုံးကလည်း ဒီအခြေအနေကို လက်ခံကြတယ်...”
“ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်လှုပ်ရှားဖို့က တော်တော် ခက်ခဲသွားပြီ...”
“ဒါပေမဲ့ ဆုမိုကတော့ မတူဘူး... သူက လော့ဖုန်း မဟာမိတ်အဖွဲ့ဝင် မဟုတ်ဘူး...”
“ဒီအခွင့်အရေးကို အသုံးချပြီးတော့ သိုင်းလောက သစ္စာနာမည်ခံပြီး.. လှုပ်ရှားရင်... ဘယ်သူမှ အပြစ်ပြောလို့ မရဘူး...”
သူ စကားတဆက်တည်း ပြောချလိုက်သည်။
ဘေးနားမှ လူက ခေါင်းငြိမ့်ပြီး ခပ်ပြုံးပြုံး ပြောလာ၏။
“ဟုတ်တာပေါ့ဗျာ... သေသေချာချာ စဉ်းစားကြည့်... ကျိုးချင်ချွမ် သေသွားတော့ ကျုံးဖူမြို့ တစ်မြို့လုံး ခင်ဗျားလက်ထဲ ရောက်လာပြီ...”
“ဒီတစ်ခေါက် သူက ခင်ဗျားကို (၇) ရက်အတွင်း ဝေရူဟန်ဆီ သွားခိုင်းတာက...”
“တကယ်ပဲ မဟာမိတ်ခေါင်းဆောင်ကြီးဆီမှာ အပြစ်သွားတောင်းခိုင်းတယ်လို့ ထင်နေတာလား...”
“ဒါက...”
ချီလု အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
“ဟုတ်တယ်... ဟုတ်တယ်... ငါ ကြောင်သွားတော့မလို့... သူ ငါ့ကို အချိန် (၇) ရက်တိတိ ပေးလိုက်တာက... ကျိုးချင်ချွမ်ရဲ့ လက်ကျန်အင်အားတွေကို ရှင်းလင်းဖို့ အချိန်ပေးလိုက်တာပဲ...”
“ပြီးမှ ဝေရူဟန်ဆီ သွားပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုတယ် ဆိုတာက... ဒါ အပြစ်တောင်းတာ မဟုတ်ဘူး... သစ္စာခံ တံဆိပ်ပြား သွားဆက်သခိုင်းတာပဲ...”
“ဝေရူဟန်... ဝေရူဟန်... ခင်ဗျားရဲ့ နည်းဗျူဟာက... တကယ့်ကို...”
ချီလု မျက်မှောင်ကြုတ်လိုက်သည်
ရက်စက်သည်ဟု ပြောမလို့ လုပ်လိုက် သော်ငြား...
ပြန်စဉ်းစားကြည့်တော့ တစ်ဖက်လူရဲ့ လုပ်ရပ်က အကြောင်းပြချက် ခိုင်လုံနေပြန်သည်။
ကွမ်ချွမ်း တစ္ဆေငါးကောင် ကျူးကျော်ဝင်ရောက်လာသည်...။
စုံစမ်းစစ်ဆေးမှု မရှိဘဲ ရွာသားတွေ အသတ်ခံလိုက်ရ၏။
ဆုမိုသည် ဤအခြေအနေအား ပြီးပြည့်စုံအောင် ကိုင်တွယ်ဖြေရှင်းသွားခဲ့သည်။
အကယ်၍သာ ဤကိစ္စရပ် ဖြစ်မလာခဲ့ပါက... ဆုမိုသည် အကြောင်းမဲ့သက်သက် ရောက်လာကာ မဟာမိတ်ခေါင်းဆောင် တစ်ယောက်အား သတ်ဖြတ်မည်ဆိုလျှင်... လော့ဖုန်းအမိန့်ကို ကိုင်ဆောင်ထားလျက် တိုင်အောင် သူ၏ ရပ်တည်ချက်က ခိုင်မာမည် မဟုတ်။
သို့သော်ငြား ယခုအချိန်၌မူ အခြေအနေက ကွာခြားသွားခဲ့ပြီ ဖြစ်၏။
ကွမ်ချွမ်းတစ္ဆေငါးကောင်သည် ရွာသူရွာသားများအား သတ်ဖြတ်ခဲ့သည်။ ကျိုးချင်ချွမ်နှင့် ချီလုတို့ပါမကျန်... ကျုံးဖူမြို့စားများအနေဖြင့် ဤကိစ္စရပ်အပေါ် တာဝန်ကင်းလွတ်နိုင်မည် မဟုတ်။
ယခု ချီလုရှေ့မှောက်၌ ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိနေ၏။
ပထမတစ်လမ်းမှာ... ဆုမို၏ ဆန္ဒအတိုင်း ကျိုးချင်ချွမ်၏ လက်ကျန်အင်အားစုများကို ရှင်းလင်းကာ... ကျုံးဖူမြို့အား ထိန်းချုပ်ပြီးနောက်... လော့ရှားမြို့သို့ သွားရောက်၍ ဝေရူဟန်ထံ၌ သစ္စာခံယူရန် ဖြစ်သည်။
ထိုအချိန်မှစ၍ ဝေရူဟန်၏ အဖွဲ့အစည်းဝင် ဖြစ်သွားမည် ဖြစ်ကာ... ဝေဇီယီအား ရှေ့မှောက်၌ရော ကွယ်ရာ၌ပါ ကူညီထောက်ပံ့ပေးရတော့မည်။
ရရှိလာမည့် အကျိုးအမြတ်ကား... မြို့တစ်မြို့လုံးအား ထိန်းချုပ်ခွင့်ရရှိပြီး ဘုရင်တစ်ပါးပမာ စိုးမိုးနိုင်မည် ဖြစ်၏။
ဒုတိယတစ်လမ်းမှာ... အကယ်၍ သူ ဝေရူဟန်ထံသို့ မသွားရောက်ပါက... ယနေ့ ဆုမို ပြောဆိုသွားခဲ့သော စကားများအရ... နောက်တစ်ခေါက် ပြန်လာ၍ သူ့အား သတ်ဖြတ်ပါလျှင် အကြောင်းပြချက် မရှိဘဲ သတ်ဖြတ်တော့မည် မဟုတ်။
ဆုမို၏ သိုင်းပညာစွမ်းရည်အား ထောက်ရှုရလျှင်... ချီလုနှင့် သူ၏လူများ အားလုံး ဝိုင်းဝန်းတိုက်ခိုက်ပါလျှင်တောင် အနိုင်ရရှိရန် မလွယ်ကူနိုင်ပါ။
ထို့အပြင် ထိုသူက ပေါ်ပေါ်ထင်ထင် ရောက်လာချင်မှလည်း ရောက်လာမည် ဖြစ်၏။
ခိုးကြောင်ခိုးဝှက် လာရောက်သတ်ဖြတ်ကာ ပြန်ထွက်သွားမည် ဆိုလျှင် မည်သူက တားဆီးနိုင်ပါမည်လဲ။
ထို့ကြောင့် လမ်းနှစ်သွယ် ရှိသည်ဟု ဆိုခြင်းထက်... လမ်းတစ်လမ်းတည်းသာ ကျန်ရှိတော့သည်ဟု ဆိုခြင်းက ပို၍ မှန်ကန်နေတော့၏။
ဒီအချက်ကို သဘောပေါက်သွားသည့် အခါ ချီလု သက်ပြင်းချလိုက်သည်။
“ဒီအခြေအနေ ရောက်မှတော့... တခြား ရွေးချယ်စရာ မရှိတော့ဘူးပဲ...”
“မြို့စားမင်း ဘယ်လို စီစဉ်မလဲ...”
ဘေးနားကလူက စိုးရိမ်တကြီး မေးလိုက်၏။
“အချိန်ဆွဲနေရင် ပြဿနာ တက်လိမ့်မယ်... မြန်မြန် လုပ်ကြ... ကျိုးချင်ချွမ်ပိုင်တဲ့ အရာအားလုံးကို သိမ်းပိုက်ကြ...”
“ဘယ်လိုပဲ ဖြစ်ဖြစ်... ကျုံးဖူမြို့ကို ဖရိုဖရဲ ဖြစ်ခွင့် မပေးနိုင်ဘူး...”
“ပြီးရင် လက်ဆောင်ပဏ္ဍာတွေ ပြင်ဆင်ထား... ကျုံးဖူမြို့ထဲက ကိစ္စတွေ ငြိမ်တာနဲ့ ငါ ချက်ချင်း လော့ရှားမြို့ကို သွားပြီး... မဟာမိတ်
ခေါင်းဆောင်ကြီးဆီမှာ အပြစ်သွားတောင်းမယ်...”
ဘေးနားကလူက ခေါင်းငြိမ့်ပြီး ခပ်ပြုံးပြုံး ပြောလာ၏။
“အဲဒါ အကောင်းဆုံးပဲဗျ... ဝေဇီယီက အခုမှ နေရာရကာစ ဆိုတော့ အားနည်းနေသေးတယ်... မဟာမိတ်ခေါင်းဆောင်ကြီးက ရာထူးလွှဲပေးချင်ပေမယ့် ဝေဇီယီက တစ်ယောက်တည်း ရုန်းကန်နေရတာ...”
“ဒီအချိန်မှာ မဟာမိတ်ခေါင်းဆောင်ကြီးဆီ သစ္စာခံလိုက်တာက... အပေါ်ယံ ကြည့်ရင်တော့ ဒီမိန်းကလေးကို ကူညီပေးသလို ဖြစ်နေပေမယ့်...”
“မဟာမိတ်ခေါင်းဆောင်ကြီးရဲ့ ကျောထောက်နောက်ခံနဲ့... ငါတို့က ဒီမြို့ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်မှာလေ...”
“နောက်ဆက်တွဲ ဘာဖြစ်မလဲ ဆိုတာကတော့... ငါတို့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလား…”