~“ဟွာချန်ယွီ က ဇူချိုယန် ကို အရင် ရှင်းထုတ်ပြီး ထျန်းယွီမြို့ ကို အပိုင်စီးဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ မအောင်မြင်ခဲ့ဘူးလေ...”
“ဒီတစ်ခေါက် ဝူတောက်ယို က တုန်းချန်ဘက်ကနေ ပြန်လာပြီဆိုတော့... အခြေအနေတွေက နောက်တစ်မျိုး ထပ်ပြောင်းသွားဦးမှာ သေချာတယ်...”
“ကျိုးချင်ချွမ် သေသွားပြီးတဲ့နောက်... မြို့စားမင်းလက်ထဲမှာ အခွင့်အရေးတွေ ပိုများလာပြီ... ဒါကြောင့် အခုအချိန်မှာ အပေါ်ယံ နာခံသလိုလို ဟန်ဆောင်ပြီး ရေရှည်အကျိုးစီးပွားကို ရှာဖွေတာက အကောင်းဆုံးပဲ...”
“ဘာပဲဖြစ်ဖြစ်... မဟာမိတ်ခေါင်းဆောင် နေရာလုပွဲ ဆိုတာက မဟာမိတ်ခေါင်းဆောင်ဝေ သေဆုံးမှ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က နေရာဝင်ယူမှ ပြီးဆုံးမှာမှ မဟုတ်တာ...”
ချီလုသည် ထိုစကားများကို နားထောင်ရင်း တရစပ် ခေါင်းငြိမ့်နေမိ၏။
‘ဝေဇီယီ ကို ထျန်းယွီမြို့ မှာ နေရာချထားပေးလိုက်ပြီ။ ဟွာချန်ယွီကလည်း သူမဘေးမှာ ကပ်နေတော့...
သဘာဝကျကျပဲ သူမဟာ ခြေလှမ်းတိုင်းမှာ ထိန်းချုပ်ခံနေရသလို ခံစားရမှာပေါ့။
ဒီအချိန်မှာ ဝေရူဟန် ဘက်ကို ဝင်လိုက်ရင်... သူ့ရဲ့ ယုံကြည်ရတဲ့ လက်ရုံးတစ်ဆူ ဖြစ်လာလိမ့်မယ်။
ဆုမိုက သူ့ရဲ့ နည်းဗျူဟာတွေက လူတွေကို ထိတ်လန့်သွားစေပြီး ဝေရူဟန်ကို အလိုအလျောက် သစ္စာခံလာအောင် လုပ်ပေးတယ်လို့ ထင်နေတာ။
ဒါပေမဲ့ မထင်မှတ်ထားတာက... ဒါဟာ ငါ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လာတာပဲ’
ဒီလို တွေးလိုက်မိတော့ ချီလု မနေနိုင်ဘဲ ပြုံးလိုက်မိပြီး...
“သေချာတာပေါ့... မဟာမိတ်ခေါင်းဆောင်ဝေက ဒုတိယမြို့စား နေရာကို ဆက်ခံဖို့ လူလွှတ်လိုက်မှာပဲ... အဲဒီအချိန်ကျရင် ခင်ဗျားတို့အားလုံးရဲ့ အကူအညီကို လိုအပ်ဦးမှာပါ...”
“မြို့စားမင်းအတွက်ဆိုရင် အသက်ပေးဖို့ ဝန်မလေးပါဘူးခင်ဗျာ...”
ဒီစကားကို ကြားလိုက်ရတော့ ချီလု အားပါးတရ ရယ်လိုက်သည်။ သူ့စိတ်ထဲတွင် ကျေနပ်ပီတိ ဖြစ်သွားရလေ၏။
...
လော့ရှားမြို့သို့ ဦးတည်သွားနေသော လမ်းခရီးတွင် ဖုဟန်ယွမ်၏ စိတ်ထဲ၌ အတွေးများ လေးလံနေ၏။
ခဏမျှ စဉ်းစားပြီးနောက် သူ ဆုမိုအနားသို့ ကပ်သွားပြီး မေးလိုက်သည်။
“ခေါင်းဆောင်... ခင်ဗျား ကိုယ်တိုင် ကျိုးချင်ချွမ်ကို သတ်လိုက်တာ နည်းနည်း မလွန်လွန်းဘူးလားဗျာ...”
“ကွမ်ချွမ်း တစ္ဆေငါးကောင်က လူသတ်၊ ရွာမီးရှို့ လုပ်တာတော့ သေဒဏ်ထိုက်ပါတယ်... ဒါပေမဲ့ ကျိုးချင်ချွမ်က တကယ်ပဲ ဘာမှ မသိခဲ့ဘူး ဆိုရင်ရော... သူ့ကို ဒီလိုပုံစံနဲ့ သတ်လိုက်တာက လွန်ရာမကျဘူးလား...”
ထိုအခါ၊ ဆုမိုက ဖုဟန်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ခါလိုက်သည်။
“ကွမ်ချွမ်း တစ္ဆေငါးကောင်က အနောက်ဘက်ကနေ အရှေ့ဘက်ကို လာတာ... သူ့ရဲ့ ကျုံးဖူမြို့ကို ဖြတ်လာခဲ့တာ...”
“မြို့စားတစ်ယောက် အနေနဲ့... သူ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ...”
“သိရက်နဲ့ မမေးမမြန်း နေခဲ့တာက... ဘာသဘောလို့ ခင်ဗျား.. ထင်လဲ...”
“ဒါက...”
ဖုဟန်ယွမ် စကားဆွံ့အသွား၏။ ဆုမို ပြောတာလည်း ဟုတ်နေပြန်သည်။
မြို့စားတစ်ယောက် အနေနဲ့ ကွမ်ချွမ်း တစ္ဆေငါးကောင်လို လူတွေ သူ့မြို့ထဲ ဝင်လာတာကို မသိဘဲ နေပါ့မလား။
မြို့ထဲ မဝင်ဘဲ ဖြတ်သွားရင်တောင်... တစ်ယောက်ယောက်ကတော့ သတင်းလာပို့မှာပဲလေ။
ယန်ရှောင်ယွင်က ဝင်ပြောလိုက်သည်။
“အခုအချိန်မှာ သူ့အတွက် အရေးအကြီးဆုံးက လော့ဖုန်း မဟာမိတ်အဖွဲ့ ထဲက နေရာလုပွဲပဲ... မဟာမိတ်ခေါင်းဆောင် နေရာက ဘယ်သူ့လက်ထဲ ရောက်သွားမလဲ ဆိုတာကိုပဲ သူ အာရုံစိုက်နေတာ နေမှာပါ...”
“ဟုတ်တယ်...”
ဆုမို ခေါင်းငြိမ့်လိုက်သည်။
“မဟာမိတ်ခေါင်းဆောင် နေရာက ဘယ်သူ့လက်ထဲ ရောက်သွားမလဲ ဆိုတာက... မြို့စားမင်းကျိုးအတွက်တော့ အရေးမပါတဲ့ ရွာသားတွေရဲ့ အသက်ထက် ပိုတန်ဖိုးရှိနေတယ် မဟုတ်လား...”
“တကယ်လို့ သူ တကယ်ပဲ မသိခဲ့ဘူး ဆိုရင်ရောဗျာ...”
ဖုဟန်ယွမ်က တိုးတိုးလေး မေးလိုက်ပြန်သည်။
ဆုမို ပြုံးလိုက်သည်။
“ဒါဆိုရင် ပိုတောင် သေသင့်သေးတယ်...”
“သာမန်လူတွေ အတွက်တော့ မသိလို့ အပြစ်မရှိဘူး ဆိုတာ ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့်... သူက သာမန်လူမှ မဟုတ်တာ...”
“မြို့စားတစ်ယောက် အနေနဲ့ ဒီလောက် ပေါ့လျော့နေမှတော့... ဘာမြို့စား လုပ်နေဦးမှာလဲ...”
“အဲဒီရွာမှာ လူတစ်ယောက်မှ အရှင်မကျန်ခဲ့ဘူး... လူကြီး၊ လူငယ် အကုန် သေကုန်တာ... ဒီကလေးမလေး ကံကောင်းလို့သာ အသက်ရှင်ကျန်ရစ်ခဲ့တာ... မဟုတ်ရင် သူပါ သေပြီ...”
“မသိပါဘူး ဆိုတဲ့ ဆင်ခြေလေး တစ်ခုတည်းနဲ့လား...”
“ဒီလောက် များပြားတဲ့ အသက်တွေကို လျစ်လျိုရှုပြီး... ဒါက လောကဓမ္မတာပဲလို့ သတ်မှတ်လိုက်ရမှာလား...”
“ဒီနေ့ ခင်ဗျားက ကျုုပ်ကို သူ့ကို သတ်တာ လွန်တယ်လို့ မေးခွန်းထုတ်နေတယ်...”
“ဒါပေမဲ့ သေသွားတဲ့ ရွာသားတွေ ဘက်ကနေပြီး... သူတို့ တကယ်ပဲ သေသင့်သလားလို့ မေးခွန်းထုတ်ပေးမယ့် လူ ဘယ်နှစ်ယောက် ရှိလို့လဲ...”
“လော့ဖုန်း မဟာမိတ်အဖွဲ့က မြို့လေးမြို့၊ မြစ်သုံးစင်း၊ ပင်လယ်အော်နှစ်ခု ကို ထိန်းချုပ်ထားတာ... ဒီကိစ္စအတွက် ကျိုးချင်ချွမ်မှာ ရှောင်လွှဲလို့ မရတဲ့ တာဝန်ရှိတယ်...”
ဒါကို ကြားလိုက်ရတော့ ဖုဟန်ယွမ်က လက်သီးဆုပ် အရိုအသေ ပြုလိုက်စ။
“ခေါင်းဆောင် ပြောတာ အကျိုးကြောင်း ဆီလျော်ပါတယ်ဗျာ... ဒီခေတ်ကြီးထဲမှာ သာမန် ရွာသားတွေအတွက် ဒေါသထွက်ပြီး မြို့စားတစ်ယောက်ကို သတ်ရဲတဲ့လူက ရှားလွန်းပါတယ်...”
“အရင်တုန်းကတော့ ကျွန်တော်.. ခေါင်းဆောင်ကို ကြောက်လို့ လေးစားတာ... အခုတော့ တကယ်ကို လေးစားသွားပါပြီဗျာ...”
“...”
ဆုမို ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။ ပြီးမှ မဲ့ပြုံးတစ်ချက် ပြုံး လိုက်သည်။
“ဒါဆို ခင်ဗျားက ဇီယန်အာမခံဌာန ကို နောင်တစ်ချိန် သိုင်းလောကမှာ နာမည်ကြီးဖို့အတွက် ခြေနင်းတုံး လုပ်ချင်နေတာ သက်သက်ပဲပေါ့လေ...”
“ဟာ...”
ဖုဟန်ယွမ် ကပျာကယာ ငြင်းလိုက်သည်။
“ဒါပေမဲ့ လော့ဖုန်း မဟာမိတ်အဖွဲ့က အင်အားကြီးတယ်လို့ ကြားတယ်ဗျ... သူတို့ရဲ့ မဟာမိတ်ခေါင်းဆောင် တစ်ယောက်ကို သတ်လိုက်တော့... သူတို့ လက်စားပြန်မချေဘူးလား...”
“မင်းရဲ့ နှလုံးသားကို ရင်ဘတ်ထဲ ပြန်ထည့်ထားလိုက်ပါ...”
လျိုမိုက ဝင်ပြောလိုက်ခြင်း ဖြစ်ပါသည်။
လူတိုင်း သူ့ဘက် လှည့်ကြည့်လိုက်ကြ၏။ သူ တစ်ခုခုများ သိနေသလားလို့ပေါ့။
သို့ရာတွင်၊ သူက မြင်းပေါ်မှ ယုံကြည်မှုရှိရှိ ပြောလိုက်တာက...
“ရန်သူလာရင် ခုခံမယ်... ရေလာရင် တာတမံနဲ့ ကာမယ်... ဘာကြောက်စရာ ရှိလို့လဲ...”
ဖုဟန်ယွမ် မျက်လုံးများ ကလယ်ကလယ် ဖြစ်သွားသည်။
ထိုစဉ် ယန်ရှောင်ယွင်က ချိုလွင်သောအသံ ဖြင့် ရယ်လိုက်သည်။
“အဲဒါအတွက် စိတ်ပူစရာ မလိုပါဘူး... ကျွန်မတို့နဲ့ လော့ဖုန်း မဟာမိတ်အဖွဲ့ကြားက ဆက်ဆံရေးက နက်ရှိုင်းပါတယ်... ခုနက ရှောင်မို သုံးလိုက်တဲ့ လော့ဖုန်း အမိန့်က မဟာမိတ်ခေါင်းဆောင်ကြီး ဝေရူဟန်ရဲ့ တံဆိပ်ပြားလေ... တံဆိပ်ပြားကို မြင်တာနဲ့ လူကို မြင်သလို လေးစားရမှာ... ဒါကြောင့် ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး...”
“ဒါပေမဲ့... လော့ဖုန်း အမိန့်ကို သုံးလိုက်တာနဲ့ ရှောင်မိုက လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ပြည်တွင်းစစ်ထဲကို ဝင်ပါလိုက်သလို ဖြစ်သွားပြီ...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောလာ၏။
“တကယ်တော့ ဝူတောက်ယို လော့ရှားမြို့ကို ပြန်ရောက်တာနဲ့ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ပြည်တွင်းစစ်က ပြီးဆုံးသလောက် ဖြစ်နေပြီ... မဟာမိတ်ခေါင်းဆောင် နေရာက ဘယ်သူရမလဲ ဆိုတာ ဆုံးဖြတ်ပြီးသားပါ...”
“ဒါပေမဲ့ လှုပ်ရှားဖို့ အချိန်နည်းနည်း လိုသေးတယ်...”
“လူတွေကို ပိုအလုပ်ရှုပ်စေပြီး... ကိုယ့်ကိစ္စနဲ့ကိုယ် ဗျာများနေအောင် လုပ်ထားရမယ်... ဒီနောက်ဆုံး ကြားကာလ အချိန်လေးမှာ ကိုယ့်ဘက်က အသာစီးရအောင် ကြိုးစားရမှာ...”
“ပြဿနာက... အချိန်က လူကို မစောင့်ဘူး... ဝူရှန်ခန်းမ မှာ အဲဒီလို ပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ...”
“ဝမ်ချန်ရှင်းက ဘယ်ရောက်နေတာလဲ...”
“လော့ဖုန်း မဟာမိတ်အဖွဲ့ နယ်မြေထဲကို ကွမ်ချွမ်း တစ္ဆေငါးကောင်တွေပဲ ဝင်လာတာ မဟုတ်ဘူး...”
“ဒီနေ့ ကျိုးချင်ချွမ် သေသင့်လို့ သတ်လိုက်တာ အပြင်... ငါ့မှာ တခြား ရည်ရွယ်ချက် (၂) ခု ရှိသေးတယ်...”
“ပထမ တစ်ချက်က... အဘိုးကြီးဝေရဲ့ မိသားစုအတွက် အခွင့်အရေး ဖန်တီးပေးတာ...”
“ဒုတိယ တစ်ချက်ကတော့... ပြည်တွင်းစစ် ဖြစ်နေတာ တစ်ပိုင်း... ကိုယ့်အုပ်ချုပ်မှုအောက်က ပြည်သူတွေရဲ့ အသက်ကို လျစ်လျိုမရှုသင့်ဘူးလို့ သတိပေးလိုက်တာပဲ...”
“မဟုတ်ရင်... ဒီနေ့ ငါက ကျိုးချင်ချွမ်ကို သတ်လိုက်ပေမယ့်... မနက်ဖြန်ကျရင် အလားတူ ကိစ္စမျိုး ထပ်ဖြစ်လာဦးမှာပဲ... အဲဒီကျရင်လည်း လက်ပိုက်ကြည့်မနေနိုင်တဲ့ လူတွေ ရှိနေဦးမှာပဲ...”
“လော့ဖုန်း မဟာမိတ်အဖွဲ့က ရေရှည် တည်တံ့ခိုင်မြဲချင်တယ် ဆိုရင်... ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးမရှိသလို သဘောမထားသင့်ဘူး...”
ဆုမို၏ စကားလုံးများသည် ဓားရောင်တစ်ချက်ဝင်းလက် သကဲ့သို့ ထက်မြက်ပြီး အဓိပ္ပာယ် ပြည့်ဝနေသဖြင့် ယန်ရှောင်ယွင်မှာ မမှိတ်မသုန်ကြည့် ရင်း လေးစားအားကျသွားမိ၏။
လျိုမိုက တိုးညှင်းစွာ လက်သီးဆုပ် အရိုအသေ ပြုလိုက်သည်။
“ဂိုဏ်းချုပ်ရဲ့ လုပ်ရပ်က တကယ့်ကို အဓိပ္ပာယ် ရှိပြီး လေးစားစရာ ကောင်းပါတယ်ဗျာ...”
ဖုဟန်ယွမ်ကလည်း သည်းကြီးမည်းကြီး ခေါင်းငြိမ့် ထောက်ခံလိုက်သည်။
ကျန်းရှောင်ရှောင် ကတော့ သူတို့ ဘာပြောနေမှန်း နားမလည်သော်လည်း ခေါင်းကို တဆတ်ဆတ် ငြိမ့်ရင်း လိုက်ပါလာသည်။ သူ ခေါင်းငြိမ့်လိုက်တိုင်း မြေကြီးက ပိုပြီး တုန်ခါသွားသလိုပင်။
ယန်ရှောင်ယွင် သတိပြန်ဝင်လာပြီး ရုတ်တရက် ရယ်လိုက်သည်။
“ရှောင်မို... (၇) ရက်နေရင် ချီလုက ဝေရူဟန်ဆီ လာပြီး အပြစ်တောင်းမယ်လို့ နင် ထင်လား...”
“ဒါကတော့ သူ ပါးသလား၊ မပါးဘူးလား ဆိုတဲ့အပေါ် မူတည်တာပေါ့...”
“တကယ်လို့ သူ ပါးတယ် ဆိုရင်ရော...”
“ဒါဆိုရင် အပြစ်တောင်းတာ မဟုတ်တော့ဘူး...”
“ဒါဆို ဘာဖြစ်မလဲ...”
“အဲဒါကတော့... အချိန်တန်ရင် အစ်မ သိလာမှာပါ…”