~ခရီးစဉ် တလျှောက်လုံး ဘာစကားမှ သိပ်မပြောဖြစ်ကြတော့ပေ။
သို့သော် ထူးခြားမှု တစ်ခုတော့ ရှိသည်။ ကျောက်တီ နိုးလာခြင်းပင်။
ကျောက်တီ ဆိုသည်မှာ နာမည် တစ်ခု... ထိုကလေးမလေး၏ နာမည် ဖြစ်သည်။
လမ်းခရီး တစ်ဝက်လောက် အထိ သူမသည် သတိတစ်ချက် လစ်တစ်ချက်ဖြင့် မေ့မြောနေခဲ့၏။ သို့သော် ဆုမိုက အတွင်းအား ကို မပြတ် ထည့်သွင်းပေးနေသဖြင့် နှလုံးကြော ဒဏ်ရာများ တဖြည်းဖြည်း သက်သာပျောက်ကင်းလာခဲ့သည်။
ထို့နောက်ပိုင်းတွင် ကလေးမလေး နိုးကြားလာချိန်က အိပ်ပျော်ချိန်ထက် ပိုများလာသည်။
လမ်းခရီး တစ်ထောက်နားချိန်တွင် ယန်ရှောင်ယွင်က အခွင့်ကောင်းယူပြီး သူမ၏ နာမည်ကို မေးမြန်းခဲ့ပါ၏။
သူမ၏ မျိုးရိုးအမည်မှာ ယွီ ဖြစ်ပြီး နာမည်အပြည့်အစုံမှာ ယွီကျောက်တီ ဖြစ်သည်။
ဒီခေတ်ကြီးထဲမှာတော့ သာမန် နာမည် တစ်ခုပါပင်။
ကျောက်တီ ဆိုသော အဓိပ္ပာယ်က တရုတ်၌၊ "မောင်လေး ခေါ်သည်" ဆိုသည့် အသံထွက်နှင့် ဆင်တူနေ၏။
တကယ်လည်း သူမမှာ သူမထက် (၃) နှစ်ငယ်သော မောင်လေး တစ်ယောက် ရှိခဲ့သည်။ သို့သော် ထိုမောင်လေးသည်လည်း ကွမ်ချွမ်း တစ္ဆေငါးကောင် လက်ချက်ဖြင့် သေဆုံးသွားခဲ့ချေပြီ။
လမ်းခရီးတစ်လျှောက်လုံး ကလေးမလေးက သတိမေ့နေခဲ့သည် ဆိုသော်ငြား အဖြစ်အပျက် အားလုံးကို လုံးဝ မသိလိုက်တာတော့ မဟုတ်ပေ။
သူမအတွက် လက်စားချေပေးခဲ့သူများမှာ ဆုမိုတို့အဖွဲ့ ဖြစ်ကြောင်း သူမ သိနေ၏။ ထို့ကြောင့် သတိရလာပြီးနောက်ပိုင်းတွင် သူမသည် လိမ္မာရေးခြား ရှိပြီး စကားနားထောင်လာသည်။
သို့သော် ထိုမျှ ဆိုးရွားသော စိတ်ဒဏ်ရာကြီးကို ခံစားခဲ့ရပြီးနောက်... ကလေးမလေး၏ မျက်ဝန်းများထဲတွင် ရံဖန်ရံခါ သတိထားမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာတတ်သည်။ အိပ်နေရင်း လန့်နိုးလာသည်မှာလည်း ခဏခဏပင်။
သူမကို ဂရုတစိုက် စောင့်ရှောက်ပေးမည့် လူတစ်ယောက် သူမဘေးနားတွင် လိုအပ်နေ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ကလေးမလေး၏ ရှေ့ရေးအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
ရွာထဲက လူတွေ အကုန်လုံး သေကုန်ကြပြီ ဖြစ်သည်။ ဆုမိုတို့ကလည်း ကလေးထိန်းသည့် အတွေ့အကြုံ မရှိကြ။ ထို့ကြောင့် သင့်တော်မည့် မိသားစု တစ်ခုခုကို ရှာပြီး မွေးစားခိုင်းရင် ကောင်းမလား ဟု စဉ်းစားခဲ့ကြ၏။
သို့ရာတွင်၊ ကလေးမလေးက အမြဲတမ်း စိုးရိမ်ထိတ်လန့်နေပြီး အိပ်မက်ဆိုးတွေ မက်ကာ လန့်နိုးနေတာကို မြင်ရတော့...
သူတို့ နှစ်ယောက်စလုံး စိတ်မကောင်း ဖြစ်သွားကြ၏။
“ဇီယန်အာမခံဌာန မှာပဲ ခဏ ထားလိုက်ရင် မကောင်းဘူးလား...”
ယန်ရှောင်ယွင်က အကြံပြုလာသည်။
“သူက မိဘမဲ့လေး ဖြစ်နေတော့ တခြားလူလက်ထဲ ထည့်ပေးလိုက်ဖို့ စိတ်မချဘူး... ဇီယန်အာမခံဌာနမှာ ပန်းကန်တစ်စုံ ပိုထားရတာ ဘာမှ အပန်းမကြီးပါဘူး...”
“ကောင်းပြီလေ...”
ဆုမို ခေါင်းငြိမ့်လိုက်သည်။
“အာမခံဌာနမှာပဲ ခဏ ထားထားလိုက်ကြတာပေါ့... ဦးလေးဖူ ကလည်း ကျွန်တော်တို့ကို မင်္ဂလာဆောင်ဖို့ အမြဲတမ်း တိုက်တွန်းနေတာ... ဦးလေးယန်ကလည်း မိသားစုထူထောင်ဖို့ စိတ်အားထက်သန်နေတာပဲ...”
“ဒါကို ကလေးမွေးဖို့ ကြိုတင် လေ့ကျင့်တယ်လို့ပဲ သဘောထားလိုက်ကြတာပေါ့...”
ယန်ရှောင်ယွင်၏ မျက်နှာ ရဲခနဲ ဖြစ်သွားသည်။ ဆုမိုကို မျက်စောင်းထိုးလိုက်ပြီး တဖက်သို့ မျက်နှာလွှဲလိုက်သော်လည်း မနေနိုင်ဘဲ ပြုံးမိသွား၏။
“ဒါနဲ့... ကျွန်တော်က ကျောက်တီ ဆိုတဲ့ နာမည်ကို သိပ်သဘောမကျဘူး... နောက်ကျမှ နာမည်အသစ် ပေးလိုက်တာပေါ့...”
ဆုမိုက ထပ်ဖြည့်ပြောလိုက်သည်။
“နင့်သဘောပဲလေ...”
ယန်ရှောင်ယွင်က ခေါင်းငြိမ့်လိုက်သည်။
ဤသို့ဖြင့် မကြာမီမှာပင် သူတို့သည် လော့ရှားမြို့သို့ ရောက်ရှိလာကြ၏။
မြို့ထဲသို့ မဝင်မီ ဆုမိုသည် မြင်းနောက်တွင် တရွတ်တိုက် ပါလာသော ကွမ်ချွမ်း တစ္ဆေငါးကောင်ဝင် လူငယ်၏ အလောင်းကို လှမ်းကြည့်လိုက်သည်။ အလောင်းမှာ အရိုးစုနီးပါး ဖြစ်နေလေပြီ။
ဒီကောင် သေသွားတာ ကြာပြီပင်။
ကျုံးဖူမြို့မှ လော့ရှားမြို့အထိ တောက်လျှောက် တရွတ်တိုက် ပါလာခဲ့သည်။ သိုင်းပညာလည်း အဖျက်ဆီးခံထားရပြီးပြီ ဆိုတော့... မသေဘဲ နေပါ့မည်လော။
မြို့တံခါးဝ ရောက်သောအခါ ဆုမို မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး လျိုမိုကို အလောင်း ဆွဲလာခိုင်းလိုက်သည်။
ကြိုးကို တစ်ချက် ခါရမ်းလိုက်ပြီး ခြေဖျားထောက်ကာ လေပေါ်သို့ ခုန်ပျံ တက်သွား၏။ လော့ဖုန်း မဟာမိတ်အဖွဲ့ ၏ အလံတိုင်ထိပ်တွင် ကြိုးကို ချည်နှောင်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ပြန်လည် သက်ဆင်းလိုက်သည်။
တံခါးစောင့် ကြောင်အသွား၏။ မော့ကြည့်လိုက်၊ ဆုမိုကို ကြည့်လိုက်နှင့် နောက်ဆုံးမှ လူကို မှတ်မိသွားတော့သည်။
လန့်ဖျပ်သွားပြီး ကပျာကယာ မေးလိုက်သည်။
“ခေါင်းဆောင်ဆု... ဒါ ဘာသဘောလဲခင်ဗျ...”
“မဟာမိတ်ခေါင်းဆောင်ဝေဆီ လူလွှတ်ပြီး သတင်းပို့လိုက်... ဒီလူက ကွမ်ချွမ်း တစ္ဆေငါးကောင်ထဲက တစ်ကောင်ပဲ... ကျန်တဲ့ လေးကောင်ကတော့ ငရဲပြည်ကို ရောက်သွားကြပြီ... ဒီအလောင်းတစ်ခုတည်း ကျန်လို့ ကျုံးဖူမြို့ကနေ လော့ရှားမြို့အထိ တရွတ်တိုက် ဆွဲလာခဲ့တာ...”
“ဒီ တစ္ဆေငါးကောင်က အတိုင်းထက်အလွန် ယုတ်မာကြတယ်... လူသတ်တယ်... ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်တယ်... သူတို့ရဲ့ ပြစ်မှုတွေက ကြီးလေးလွန်းတယ်...”
“စာတစ်စောင် ရေးပြီး ဒီအလောင်းမှာ ချိတ်ထားလိုက်ပါ... ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ရေးပြီး အားလုံးအတွက် သင်ခန်းစာယူစရာ သတိပေးစာ အနေနဲ့ လုပ်ထားလိုက်...”
တံခါးစောင့်က ခေါင်းကို တွင်တွင်.. ငြိမ့်ပြသည်။
“ဟုတ်ကဲ့ပါ... အခုချက်ချင်း သတင်းပို့လိုက်ပါ့မယ်... ခေါင်းဆောင်ဆု... လော့ဖုန်း မဟာမိတ်အဖွဲ့ နယ်မြေအတွက် အန္တရာယ်ကောင်တွေကို ရှင်းလင်းပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ...”
ဆုမိုက လက်ကာပြလိုက်ပြီး သူ့အဖွဲ့ကို ဦးဆောင်ကာ မြို့ထဲသို့ ဝင်ရောက်သွားသည်။
နေ့လည်ခင်း အချိန်ရောက်နေပြီ ဖြစ်၏။ ရာသီဥတု အေးစိမ့်နေသော်လည်း လမ်းမပေါ်တွင် လူသွားလူလာ စည်ကားနေဆဲပင်။
ဆုမိုနှင့် အဖွဲ့သားများ မြင်းပေါ်မှ ဆင်းလိုက်ကြ၏။ ကျောက်တီလေး တစ်ယောက်သာ ပြုတ်ကျမည် စိုးသဖြင့် မြင်းကုန်းနှီးကို လက်သေးသေးလေးများဖြင့် မြဲမြံစွာ ဆုပ်ကိုင်လျက် ကျန်ရစ်ခဲ့သည်။
သူမသည် စည်ကားလှသော လော့ရှားမြို့ကြီးကို မော့ကြည့်ရင်း ကြောက်ရွံ့စိတ်နှင့် ကလေးသဘာဝ စူးစမ်းလိုစိတ်များ ရောထွေးနေ၏။
သူတို့ အချိန်မဆွဲတော့ဘဲ အာမခံဌာနသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။
လမ်းထိပ်တွင် သူတို့ အရိပ်အယောင် ပေါ်လာသည်နှင့် တံခါးစောင့်များက ချက်ချင်း မြင်တွေ့ပြီး အတွင်းသို့ ဝင်ရောက် သတင်းပို့ကြ၏။
“ဂိုဏ်းချုပ် ပြန်ရောက်လာပြီဟေ့... ဒုခေါင်းဆောင် လည်း ပါတယ်...”
ဆုမိုတို့ အဖွဲ့ တံခါးဝသို့ မရောက်မီမှာပင် တံခါးကြီးများ ဝုန်း ခနဲ ပွင့်သွားသည်။
ဦးလေးဖူ၊ ရှောင်ချွမ်း နှင့် အာမခံဌာနမှ လူကြီးလူငယ်၊ ကျားမ မရွေး ထွက်ကြိုကြ၏။
“သခင်လေး ပြန်ရောက်လာပြီ...”
“ဂိုဏ်းချုပ်... ဒုခေါင်းဆောင် ...”
“ဟိုမှာ ခေါင်းဆောင်လျို မဟုတ်လား...”
ဦးလေးဖူနှင့် အခြားသူများ တရစပ် နှုတ်ဆက်ကြသည်။
လျိုမိုကို မှတ်မိသူများကလည်း အခွင့်အရေးကို လက်မလွှတ်ဘဲ ဝင်ရောက် နှုတ်ဆက်လာကြ၏။
သို့သော် ဆုမို၏ မျက်နှာထားက တည်တင်းနေပြီး ယန်ရှောင်ယွင် မျက်နှာလည်း မကောင်းလှပေ။
သူတို့၏ အမူအရာကို ကြည့်ပြီး ဦးလေးဖူ တစ်ခုခု လွဲနေမှန်း ရိပ်မိလိုက်သည်။ လူအုပ်ကို လူစုခွဲလိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဘယ်လိုလဲ... ယန်ရီဇီ နဲ့ တွေ့ခဲ့ရလား...”
ဆုမို ဟောက်ရန် ကျောင်းတော် သို့ အလျင်အမြန် သွားရခြင်းမှာ ယန်ရီဇီနှင့် တွေ့ပြီး မန်ဒရင်းဘဲ စာရင်း ကို အပ်နှံရန် ဖြစ်သည်။
ယခု ပျော်ရွှင်သော မျက်နှာထား မဟုတ်ဘဲ ပြန်ရောက်လာသည် ဆိုတော့... တစ်ခုခု မှားယွင်းသွားပုံ ရ၏။
ဆုမို သက်ပြင်းချလိုက်သည်။
“တွေ့တော့ တွေ့ခဲ့တယ်... ဒါပေမဲ့ အခြေအနေ မကောင်းဘဲ လမ်းခွဲခဲ့ရတယ်...”
“ဒါက...”
ဦးလေးဖူက ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။
“သခင်မလေး... စိတ်ထိခိုက်စရာတွေ ကြုံခဲ့ရပြန်ပြီလား...”
ယန်ရှောင်ယွင်က အနိုင်နိုင် ပြုံးပြလိုက်သည်။
“ဦးလေးဖူ... ရပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်မမှာ ဇီယန်အာမခံဌာန ရှိနေတာပဲ... လမ်းဘေးရောက်သွားမှာမှ မဟုတ်တာ...”
“ဘာစကား ပြောတာလဲ သခင်မလေးရယ်...”
ဦးလေးဖူ ကပျာကယာ ဝင်ပြောလာ၏။
“သခင်မလေး ယန်... ဇီယန်အာမခံဌာနက သခင်မလေးရဲ့ အိမ်ပါပဲ... သခင်လေးက အရင်လိုပဲ မိုက်မဲပြီး ဆိုးသွမ်းနေဦးမယ် ဆိုရင်တောင်... ကျွန်တော် ဒီအဘိုးကြီးက သခင်မလေးကို ထမင်းငတ်ခံပြီးတော့တောင် စောင့်ရှောက်သွားမှာပါ... စိတ်မကောင်းစရာ ကိစ္စ အဖြစ်ခံမှာ မဟုတ်ပါဘူး...”
“ယန်ရီဇီ ဆိုတဲ့လူက... တကယ့်ကို ကျေးဇူးကန်းတဲ့ လူပါလား...”
“အရင် သခင်ကြီး သူ့ကို ဘာတွေ မှာခဲ့လဲ...”
“သူ... သူကလည်း ကျွန်တော်တို့ ဇီယန်အာမခံဌာနကနေ စတင်ခဲ့တာပဲ မဟုတ်လား…”