အမျိုးသမီးနှစ်ဦးကို လုချန်း ကြည့်လိုက်ပြီးနောက်
“သွေးလင်းယုန်ခန်းမရဲ့ ပစ်မှတ်ထားတာကို ကျုပ်တို့ ခံနေရပြီ ထင်တယ်။”
လုချန်း၏ စကားကို ကြားလျှင် အမျိုးသမီးနှစ်ဦးလည်း သူတို့၏ နတ်အငွေ့အသက်များကို ချက်ချင်း ထုတ်ဖော်လိုက်ကြပြီး သတိကြီးစွာ ထားလိုက်ကြ၏။
လုချန်းက
“စီနီယာတို့ စိတ်မလှုပ်ရှားပါနဲ့။ သူတို့က ကျုပ် ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားပြီလားဆိုတာကို အတည်ပြုဖို့ မြို့တော်ဝန်စံအိမ်ကို လာပြီး ကင်းထောက်ရုံတင်ပါ။”
“ကောင်းကင်ဝံပုလွေမြို့က ချီယန်ဂိုဏ်းနဲ့ အရမ်းနီးတယ်။ သူတို့ ဒီမှာ လှုပ်ရှားရဲမှာ မဟုတ်ဘူး။”
စိုးရိမ်တကြီးဖြင့် ရှောင်ရွှီရင်က
“ဒါဆို အခု ကျွန်မတို့ ဘာလုပ်ကြမလဲ။ တစ်ဖက်လူက နည်းဗျူဟာ ပုံစံတစ်ခု ခင်းကျင်းထားပြီးလောက်ပြီ။ အပြင်ကိုလည်း သတင်းပို့လို့ မရတော့ဘူး။”
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက
“ကျုပ်တို့ ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားပြီး သူတို့ကို မျှားထုတ်ရအောင်။”
ထိုအရာကို ကြားလျှင် အမျိုးသမီးနှစ်ဦး မှင်တက်သွားကြ၏။
အလျင်အမြန်ပင် ကောက်ရှီယွမ်က
“မောင်လေး... ဒါတော့ မဖြစ်ဘူးလေ။ သူတို့ရဲ့ စွမ်းအားက ဘယ်လောက်ရှိလဲဆိုတာ တို့ မသိဘူး။ တကယ်လို့ သူတို့က အရမ်း အစွမ်းထက်နေပြီး အစ်မတို့ကလည်း ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားမယ်ဆိုရင် ဘယ်သူမှ လာကယ်နိုင်မှာ မဟုတ်ဘူး။ အဲဒါဆို တို့တတွေ သေသွားမှာပေါ့။”
ကောင်းကင်ဝံပုလွေမြို့ထဲ၌ မလှုပ်ရှားခြင်းက တစ်ဖက်လူက အလွန် အစွမ်းထက်နေကြောင်း သက်သေပြနေ၏။ သူတို့သာ လှုပ်ရှားခဲ့လျှင် ချီယန်ဂိုဏ်းမှ စွမ်းအားကြီးသူများ ရိပ်မိသွားနိုင် သောကြောင့်ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က လုချန်းအား လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် ရွှေနတ်ပင် ကျရှုံးသွားခဲ့ရာ ယခုရောက်လာမည့် တစ်ဖက်လူ၏ စွမ်းအားက အနည်းဆုံး ရွှေနတ်အဆင့်ထက် မြင့်နိုင်ကြောင်း ကောက်ရှီယွမ် ခန့်မှန်းလိုက်မိသည်။
သူတို့အနေနှင့် ရွှေနတ်ထက် နိမ့်သောသူကို စေလွှတ်လိမ့်မည် မဟုတ်ချေ။
ပြုံးလျက် လုချန်းက
“စီနီယာ... ကျုပ်ရဲ့ ဆရာ ပေးခဲ့တဲ့ အသက်ဘေးက လွတ်မြောက်နိုင်မယ့် ရတနာကို မေ့သွားပြီလား။”
ဒါက...
ချန်းလုသည် နန်းတော်သခင်၏ တပည့်ရင်းဖြစ်ကြောင်း ကောက်ရှီယွမ် သတိရသွား၏။ ပြီးခဲ့သည့်အကြိမ်က ကျောက်နက်တောင်ကြားတွင် ထိုရွှေနတ်ကို သူ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
နန်းတော်သခင်က ချန်းလုအတွက် ပေးခဲ့သည့် နည်းလမ်းက နတ်ဘုရင်အဆင့် စွမ်းအားရှိသူကိုပင် ခုခံနိုင်ပေလိမ့်မည်။
သို့သော်လည်း နတ်ဘုရင်တစ်ပါးက ချန်းလုကို ဘာကြောင့် ကိုယ်တိုင်ကိုယ်ကျ ပစ်မှတ်ထားရမည်နည်း။
နတ်ဘုရင်ကဲ့သို့ ဖြစ်တည်မှုမျိုးက အငွေ့အသက် အနည်းငယ် ထုတ်ဖော်လိုက်သည်နှင့် တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေသော နန်းတော်သခင်က ရိပ်မိသွားပေလိမ့်မည်။
ထို့ကြောင့် ယခုရောက်လာသူက နတ်ဘုရင် မဟုတ်နိုင်ပေ။ ထိုသို့ဆိုလျှင် နတ်ဘုရင်၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည့် နည်းလမ်း လုချန်းထံ၌ ရှိနေသဖြင့် စိုးရိမ်စရာ မရှိတော့ချေ။
ချန်းလုသည် လျှို့ဝှက်လဝန်းနန်းတော်၏ အနာဂတ် နန်းတော်သခင်လေး ဖြစ်လာနိုင်ကြောင်း ရှောင်ရွှီရင် ပြောခဲ့သည်ကို ကောက်ရှီယွမ် ပြန်လည် သတိရလိုက်၏။ နန်းတော်သခင်က ချန်းလုကို အလွန်တန်ဖိုးထားသဖြင့် ချန်းလုထံတွင် အသက်ဘေးမှ လွတ်မြောက်နိုင်သည့် ရတနာမှာ တစ်ခုထက်မက ရှိနေနိုင်သည်။
ထိုသို့ တွေးလိုက်ပြီးနောက် ကောက်ရှီယွမ်က
“ကောင်းပါပြီ ... မောင်လေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။”
“ကောင်းပါပြီ။ ကျုပ်တို့ ကျောက်နက်တောင်ကြားကို နောက်တစ်ခေါက် ပြန်သွားကြတာပေါ့။”
ကျောက်နက်တောင်ကြားသည် အခြားသူများအတွက် သတ်ဖြတ်ရန် ကောင်းမွန်သော နေရာဖြစ်သကဲ့သို့ လုချန်းအတွက်လည်း ထို့အတူပင်ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့ထံ၌ နတ်ဘုရင်၏ ကျိန်စာကို အသုံးပြုခွင့် တစ်ကြိမ် ကျန်ရှိနေသေးသည်။
ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့်အတူ ကောင်းကင်ဝံပုလွေမြို့မှ လုချန်း ချက်ချင်း ထွက်ခွာလိုက်၏။
ကောင်းကင်ဝံပုလွေမြို့မှ လုချန်း ထွက်ခွာသွားပြီးနောက် တစ်ဖက်လူက သူ၏တည်ရှိမှုကို သိသွားပြီး ထွက်ပြေးရန် ကြံစည်နေသည်ဟု တွေးကာ နတ်ဘုရင်ခံ ထျန်းရှောင် စိတ်ထဲ လှောင်ပြုံး ပြုံးလိုက်၏။
လူမိုက်တွေ။
သူတို့သာ ကောင်းကင်ဝံပုလွေမြို့ထဲတွင် ရှိနေပါက သူ လှုပ်ရှားနိုင်မည် မဟုတ်ချေ။ သူ လှုပ်ရှားလိုက်သည်နှင့် ချီယန်ဂိုဏ်းမှ လူများကို ဆွဲဆောင်မိသွားလိမ့်မည်။
သို့သော်လည်း သူတို့ မြို့ပြင်ထွက်လာပြီဖြစ်သဖြင့် စိုးရိမ်စရာ မရှိတော့ချေ။
အချိန်ဆိုင်းမနေတော့ပဲ လုချန်းတို့ သွားရာလမ်းကြောင်းအတိုင်း နတ်ဘုရင်ခံ ထျန်းရှောင် တိုက်ရိုက် လိုက်လံ လိုက်ပါသွား၏။
နတ်လှေကို ထိန်းကျောင်းကာ ကျောက်နက်တောင်ကြားသို့ အမြန်ဆုံး အရှိန်ဖြင့် လုချန်း ဦးတည်လိုက်၏။
လုချန်း၏ နတ်လှေ အရှိန်ကို မြင်လျှင် လုချန်းနှင့် အပေါင်းအပါများ သူလိုက်လာတာကို ရိပ်မိသွားပြီး လျှို့ဝှက်လဝန်းနန်းတော်သို့ ထွက်ပြေးရန် ကြိုးပမ်းနေသည်ဟု နတ်ဘုရင်ခံ ထျန်းရှောင် ပို၍ပင် ယုံကြည်သွား၏။
သို့သော်လည်း သူသည် နတ်ဘုရင်ခံ တစ်ပါး ဖြစ်၏။ သူတို့၏ နတ်လှေ မည်မျှ မြန်စေကာမူ သူ့ထက်တော့ မြန်နိုင်မည် မဟုတ်ချေ။
တစ်ရက်ကြာပြီးနောက် ကျောက်နက်တောင်ကြား၏ အထက်တွင် လုချန်း၏ နတ်လှေ ရပ်တန့်သွား၏။
နတ်ဘုရင်ခံ ထျန်းရှောင် သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ယခု ကောင်းကင်ဝံပုလွေမြို့မှ ထွက်လာပြီဖြစ်ရာ သူ၏ သတ္တိများလည်း ပို၍ကောင်းလာပြီဖြစ်၏။
လုချန်း၏ နတ်လှေ ရပ်တန့်သွားသည်ကို မြင်လျှင် နတ်ဘုရင်ခံ ထျန်းရှောင် ဇဝေဇဝါ ဖြစ်သွား၏။
ဤသုံးယောက်က ဘာကြောင့် ဆက်မပြေးတော့တာလဲ။
ထိုအရာက နတ်ဘုရင်ခံ ထျန်းရှောင်အား သတိထားမိစေသဖြင့် ကျောက်နက်တောင်ကြားကို သူ၏ နတ်အာရုံဖြင့် အသေအချာ စူးစမ်းလိုက်ရာ အောက်ဘက်တွင် နည်းဗျူဟာ ပုံစံတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။
သူတို့က နည်းဗျူဟာ ပုံစံကို အသုံးပြုပြီး သူ့အား တိုက်ခိုက်ရန် ကြံစည်နေကြသည်ဟု သိ လိုက်ရသဖြင့် နတ်ဘုရင်ခံ ထျန်းရှောင် အေးစက်စွာ ရယ်မောလိုက်၏။
လုချန်း နည်းဗျူဟာ ပုံစံ ခင်းကျင်းနေသည်ကို မြင်သောအခါ ဇဝေဇဝါဖြင့် ရှောင်ရွှီရင်က
“မောင်လေး... မောင်လေးရဲ့ နည်းဗျူဟာ ပုံစံက အဲ့ဒီလူကို ပိတ်လှောင်ထားနိုင်မှာလား။”
လုချန်း ခင်းကျင်းနေသည့် နည်းဗျူဟာ ပုံစံသည် အဆင့်နိမ့် နည်းဗျူဟာ ပုံစံတစ်ခုသာ ဖြစ်ပြီး ရွှေနတ်ကိုပင် ပိတ်လှောင်နိုင်စွမ်း မရှိရာ နတ်ဘုရင်ခံကို ဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိချေ။
“သူ့ရဲ့ သတိကို လျှော့ချသွားအောင် ကျုပ် ဒီလို လုပ်နေတာပါ။”
သူတို့သာ ဆက်တိုက် ထွက်ပြေးနေပြီး ဘာမှ မလုပ်ပါက ကြံစည်မှု တစ်စုံတစ်ရာ ရှိနိုင်သည်ဟု တစ်ဖက်လူစိတ်ထဲ သံယက ဝင်သွားနိုင်သည်။
သို့သော် သူ နည်းဗျူဟာ ပုံစံ ခင်းကျင်းနေသည်ကို တစ်ဖက်လူ သိ သွားပါက သူ့အား ပိတ်လှောင်ရန် ကြိုးပမ်းနေသည်ဟု ထင်မှတ်ကာ သတိလျော့သွားမည်ဖြစ်၏။
ထို့ရည်ရွယ်ချက်ဖြင့် အသုံးမဝင်နိုင်သော နည်းဗျူဟာပုံစံတစ်ခုကို လုချန်း ခင်းကျင်းပြနေခြင်းဖြစ်သည်။
လုချန်း စကားပြောပြီးသည်နှင့် မလှမ်းမကမ်းမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ချဉ်းကပ်လာသည်ကို သူတို့သုံးဦး ခံစားမိလိုက်ကြ၏။
ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့၏ မျက်နှာအမူအရာများလည်း ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားသည်။
ဤအငွေ့အသက်က...
အနည်းဆုံးတော့ နတ်ဘုရင်ခံ အဆင့် ဖြစ်လိမ့်မည်။
သို့သော်လည်း လုချန်းထံတွင် နန်းတော်သခင် ပေးထားသည့် အသက်ဘေးမှ လွတ်မြောက်နိုင်သည့် ရတနာ ရှိနေကြောင်း သတိရလိုက်သောအခါ သူတို့ အနည်းငယ် စိတ်သက်သာရာရ သွားကြ၏။
နောက်တစ်ခဏတွင် သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဆံပင်နီနှင့် အမျိုးသားတစ်ဦး ကျောက်နက်တောင်ကြား၏ အထက်တွင် ပေါ်လာပြီး လုချန်းအား အေးစက်စွာ ပြုံးကြည့်လျက်
“ဘာလို့ ဆက်မပြေးတော့တာလဲ”
လုချန်းက တွန့်ဆုတ်မနေပဲ
“နည်းဗျူဟာ ပုံစံ... အသက်ဝင်စေ”
ဟု အော်ဟစ်လိုက်၏။
နောက်တစ်ခဏတွင် အပြာရောင် အကာအကွယ် အလွှာတစ်ခုက နတ်ဘုရင်ခံ ထျန်းရှောင်အား ဝန်းရံသွား၏။ ထိုနည်းဗျူဟာ ပုံစံကို မြင်လျှင် နတ်ဘုရင်ခံ ထျန်းရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
“ဒီနည်းဗျူဟာ ပုံစံက ကျုပ်ကို တားဆီးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။”
လုချန်းက အချိန်ဆွဲရန်အတွက် ထိုနည်းဗျူဟာ ပုံစံကို အသုံးပြုသည်ဟု ထျန်းရှောင် ထင်မှတ်ထားသည်။
သို့သော် လုချန်းက အချိန်ကုန်ခံရန် စိတ်ကူးမရှိပဲ နည်းဗျူဟာပုံစံကို ပေါ့ပေါ့ပါးပါး အသက်သွင်းလိုက်ခြင်း ဖြစ်ကြောင်းကိုတော့ သူ မသိခဲ့ချေ။
လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွား၏။ နတ်ဘုရင်ခံ ထျန်းရှောင်အတွက် အချိန်ဖြုန်းရန် သူ့တွင် အစီအစဉ် မရှိပေ။
ထို့နောက် နတ်ဘုရင်၏ ကျိန်စာကို သူ အသက်သွင်းလိုက်ရာ နတ်ဘုရင်အဆင့်ရှိသော စွမ်းအားတစ်ခု လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် တိုးဝင်သွား၏။
ကောင်းကင်ယံသည် အမှောင်အတိကျသွားပြီး တိမ်တိုက်များကြားတွင် လျှပ်စီးများ လက်ကနဲ ဖြစ်သွားကာ လုချန်း၏ ခန္ဓာကိုယ်မှ ကြီးမားသော ဖိအားတစ်ခု ထွက်ပေါ်လာ၏။
လုချန်း၏ အငွေ့အသက်ကို ခံစားမိလိုက်သောအခါ နတ်ဘုရင်ခံ ထျန်းရှောင်၏ အပြုံး ချက်ချင်းပင် အေးခဲသွား၏။
နတ်ဘုရင်ခံ ထျန်းရှောင်က
“နတ်... နတ်ဘုရင်”
သူ လှည့်စားခံလိုက်ရသည်ကို သိလိုက်သော်လည်း ထိုနတ်ဘုရင် စွမ်းအားက လုချန်း ကိုယ်ပိုင်စွမ်းအား မဟုတ်သည်ကို ခံစားမိသောအခါ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး
“ခင်ဗျားမှာ အဲ့ဒီစွမ်းအား ရှိနေရင်တောင် ဘာဖြစ်လဲ။ လျှို့ဝက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ကြည့်ရသေးတာပေါ့။”
ပြောပြောဆိုဆိုပင် နတ်ဘုရင်ခံ ထျန်းရှောင်က သူ၏ မိစ္ဆာကျင့်စဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ သူ၏ ပတ်ဝန်းကျင်တွင် သွေးစွမ်းအားများ ပျံ့လွင့်သွား၏။ အစောပိုင်းက လုချန်း၏ နတ်ဘုရင် အငွေ့အသက်ကြောင့် သူ ထိတ်လန့်သွားခဲ့သော်လည်း စိတ်ပြန်လည် တည်ငြိမ်လာသောအခါ ခေါင်းအေးအေးနှင့် တွေးနိုင်သွားသည်။
သူ၏ မိစ္ဆာကျင့်စဉ်ဖြင့်ဆိုလျှင် နတ်ဘုရင်အစစ်တစ်ပါး ပေါ်လာလျှင်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်ဟု သူ တွေးမိလိုက်သောကြောင့်ဖြစ်သည်။
ထို့ပြင် ထိုနတ်ဘုရင် စွမ်းအားက လုချန်း၏ ကိုယ်ပိုင်စွမ်းအား မဟုတ်သလို တည်ငြိမ်မှုလည်း မရှိပေ။
သူအနေနှင့် ဘာကြောက်နေစရာ ရှိမည်နည်း။
ထိုသို့ တွေးလိုက်ပြီးနောက် နတ်ဘုရင်ခံ ထျန်းရှောင်က သူ၏ မိစ္ဆာကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်၏။
“ငရဲဘုံနတ်ဆိုး သတ်ဖြတ်ခြင်း လက်ဝါး။”
နတ်ဘုရင်ခံ ထျန်းရှောင်က ရိုက်နှက်လိုက်ရာ မိစ္ဆာစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် လက်ဝါးကြီးတစ်ခု ကောင်းကင်ယံမှ လုချန်းတို့ ဆီသို့ ဆင်းသက်လာ၏။
ထိုအရာကို မြင်လျှင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း အသုံးပြုလိုက်တော့သည်။ တစ်ဖက်လူက မိစ္ဆာကျင့်စဉ်ကို အသုံးပြုနေခြင်း ဖြစ်ရာ ထိုကျမ်းစာက သူ့အား နှိမ်နင်းရန် အကောင်းဆုံး လက်နက်ဖြစ်သည်။
***