လုချန်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အသုံးပြုပြီးနောက် ကောင်းကင်ယံတွင် ရေတွက်မရနိုင်သော မီးအိမ်များ ပေါ်လာပြီး နတ်ဘုရင်ခံ ထျန်းရှောင်၏ ပတ်ပတ်လည်ကို ဝန်းရံသွား၏။
ထိုမီးအိမ်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရင်ခံ ထျန်းရှောင် ထုတ်ဖော်လိုက်သည့် လက်ဝါးရိုက်ချက်လည်း ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။
ထိုမီးအိမ်များမှ ထွက်ပေါ်လာသော အနီရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်ကို လောင်မြိုက်နေစေသည်ကို ခံစားလိုက်ရလျှင် နတ်ဘုရင်ခံ ထျန်းရှောင်တစ်ယောက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
“ဒါ... ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ”
“ဒါက ငါ့ရဲ့အတွင်းက နတ်စွမ်းအားတွေကို ဘာလို့ ဖိနှိပ်နေတာလဲ။”
အစောပိုင်းက မာနထောင်လွှားနေခဲ့သော နတ်ဘုရင်ခံ ထျန်းရှောင်လည်း ချက်ချင်းပင် မျက်နှာဖြူလျော့သွားတော့သည်။
အမြဲတမ်းလိုလို မိစ္ဆာနတ်များက မြင့်မြတ်သော နတ်များကို ဖိနှိပ်လေ့ရှိသော်လည်း ယခုအခါတွင်တော့ မြင့်မြတ်သော နတ်တစ်ပါး၏ ဖိနှိပ်ခြင်းကို သူ တကယ် ခံနေရခြင်း ဖြစ်သည်။
လုချန်းက နတ်ဘုရင်ခံ ထျန်းရှောင်နှင့် စကားအပို မပြောတော့ပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အသုံးပြုပြီးနောက် တစ်ဆက်တည်းဆိုသလိုပင် နတ်ဘုရားချေမှုန်းဓားကို ချက်ချင်းထုတ်ကာ ခုတ်ပိုင်းလိုက်၏။
နတ်ဘုရားချေမှုန်းဓား၏ ဓားအရှိန်အဝါသည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာမှ ထွက်ပေါ်လာသော အနီရောင် နတ်စွမ်းအားများကို သယ်ဆောင်သွားပြီး နတ်ဘုရင်ခံ ထျန်းရှောင်ဆီသို့ ဦးတည်သွားသည်။
ထိုဓားအရှိန်အဝါမှ သယ်ဆောင်လာသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် နတ်ဘုရင်ခံ ထျန်းရှောင်လည်း ထွက်ပြေးရန် ရည်ရွယ်လျက် အာကာသကို ဆွဲဖြဲရန် ချက်ချင်း ပြင်ဆင်လိုက်သော်လည်း သူ အံ့အားသင့်သွားရသည်က ထိုအာကာသမှာလည်း လုချန်း၏ ပိတ်ဆို့ခြင်းကို ခံထားရပြီး ဖြစ်နေခြင်းပင်။
ပို၍ပင် မျှော်လင့်ချက်မဲ့စေသည့် အချက်က နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာမှ အနီရောင် နတ်စွမ်းအားများက သူ့အား ချည်နှောင်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ခန္ဓာကိုယ် လုံးဝ လှုပ်ရှား၍မရတော့ခြင်းပင်။
ဓားအရှိန်အဝါ ပို၍ ပို၍ နီးကပ်လာသည်ကို မြင်လျှင် နတ်ဘုရင်ခံ ထျန်းရှောင်မှာ လုံးဝ ထိတ်လန့်သွားတော့သည်။
ဤအရာအားလုံးက အလွန်ပင် ထူးဆန်းလှပေသည်။ မြေနတ်တစ်ဦးက နတ်ဘုရင်အဆင့် စွမ်းအားကို ချက်ချင်း ရရှိနေခြင်းနှင့် သူ၏အတွင်းရှိ နတ်စွမ်းအားကို ဖိနှိပ်နိုင်သည့် ကျင့်စဉ်တို့ပင် ရှိနေသေးသည်။
ထိုအရာက သူ့တစ်သက် တစ်ခါမှ မကြုံတွေ့ဖူးသည့် အရာများဖြစ်သည်။
နတ်ဘုရင်ခံ ထျန်းရှောင်က အလျင်အမြန်ပင်
“ခင်ဗျား... ခင်ဗျား ကျုပ်ကို သတ်လို့မရဘူး”
“ကျုပ်က သွေးလင်းယုန်ခန်းမရဲ့ အကြီးအကဲတစ်ယောက်ပဲ။ တကယ်လို့ ခင်ဗျား ကျုပ်ကို သတ်လိုက်ရင် သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို မြေလှန်ပစ်မှာ သေချာတယ်။”
လုချန်းက နတ်ဘုရင်ခံ ထျန်းရှောင်၏ စကားများကို လျစ်လျူရှုလိုက်ပြီး ဓားအရှိန်အဝါကို ကျဆင်းစေလိုက်၏။ ဓားအရှိန်အဝါနှင့် နတ်ဘုရင်ခံ ထျန်းရှောင်၏ ခန္ဓာကိုယ် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်တို့လည်း ချက်ချင်းပင် မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားအရှိန်အဝါ၏ တိုက်စားမှုဖြင့် လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူတို့ရှေ့မှ အရာအားလုံး ပျောက်ကွယ်သွားလျှင် အဝေးမှ ကောင်းကင်ယံကို ကြည့်ရင်း ကောက်ရှီယွမ်တစ်ယောက် လုံးဝ မှင်တက်သွားတော့သည်။ မြေပြင်ပေါ်ရှိ ပေပေါင်းထောင်ချီ နက်သော ကျင်းကြီးသာ မရှိလျှင် သူမ အိပ်မက်မက်နေသည်ဟုပင် ကောက်ရှီယွမ် သံသယ ဝင်မိပေလိမ့်မည်။
ထိုနတ်ဘုရင်ခံ ပေါ်ထွက်လာပြီး အသက်ရှူသည့်အကြိမ် နှစ်ဆယ်ပင် မပြည့်သေးခင်မှာတင် သူက ပျောက်ကွယ်သွားပြီလား။
သူတို့၏ နန်းတော်သခင်က ချန်းလု၏ ကိုယ်ပေါ်တွင် နတ်ဝိညာဉ် အပိုင်းအစတစ်ခု ထားထားခဲ့တာ သေချာ၏။
မဟုတ်ပါက ချန်းလု၏ အဆင့်နှင့် နတ်ဘုရင်ခံတစ်ပါးကို ဤမျှလွယ်ကူစွာ ဖြေရှင်းနိုင်စရာ မရှိပေ။
သူတို့၏ နန်းတော်သခင်က ချန်းလုကို အလွန် တန်ဖိုးထားကြောင်း သေချာလှ၏။
ချန်းလုသည် တကယ်ပင် လျှို့ဝှက်လဝန်းနန်းတော်၏ နောက်ထပ် နန်းတော်သခင် ဖြစ်လာနိုင်သည်။
ထိုသို့ တွေးမိသည်နှင့် မလိုအပ်ပဲ ယဲ့ချူယောင်ထံသို့ သတင်းမပို့ရန် ကောက်ရှီယွမ် ပို၍ပင် ဆုံးဖြတ်လိုက်တော့သည်။
ယွမ်ယုတိ၏ တပည့်တစ်ဦးအနေနှင့် သူမသည် သဘာဝကျစွာပင် ယွမ်ယုတိ၏ ဘက်တွင် ရပ်တည်ရမည်။
သတိပြန်ဝင်လာပြီးနောက် ကောက်ရှီယွမ်လည်း သူမ၏ အစောပိုင်းက အေးစက်သော အမူအရာကို ပြောင်းလဲလိုက်ပြီး လည်ချောင်းကို ရှင်းကာ လုချန်းကို
“မောင်လေးချန်း... တို့ နောက်ထပ် ဘယ်ကို သွားကြမှာလဲ”
လုချန်းက
“ရှန်ရှမြို့ကို သွားကြရအောင်”
ဟု တုံ့ပြန်လိုက်၏။
ထိုသို့ပြောရင်း လုချန်းက
“ရှန်ရှမြို့ အခုထိ ရှိနေဦးမလား မသိဘူး”
ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
ကောက်ရှီယွမ်က ဇဝေဇဝါဖြင့်
“မောင်လေးက ရှန်ရှမြို့ကို ဘာလို့ သွားချင်တာလဲ”
“ဘာမှ မဟုတ်ပါဘူး။ မိတ်ဆွေဟောင်းတစ်ယောက်ဆီ သွားလည်ချင်လို့ပါ”
ထိုအရာကို ကြားလျှင် ကောက်ရှီယွမ်လည်း ထပ်မမေးတော့ပဲ နတ်လှေကို ရှန်ရှမြို့ဘက်သို့ တိုက်ရိုက် ပျံသန်းစေလိုက်တော့သည်။
…….
သွေးလင်းယုန်ခန်းမ။
အလောင်းတောင်ထိပ် တစ်ခုပေါ်ရှိ အခန်းတစ်ခန်း။
ဝိညာဉ်ဆိုး နတ်ဘုရင်သည် နတ်သမီးတစ်ဦး၏ လည်ပင်းကို ညှစ်ထားပြီး သူမ၏ ခန္ဓာကိုယ်မှ သွေးစွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေ၏။
ဝိညာဉ်ဆိုး နတ်ဘုရင်က ကျယ်လောင်စွာ ရယ်မောရင်း
“အရသာ ရှိလိုက်တာ... တကယ်ကို အရသာ ရှိတာပဲ။”
ဝိညာဉ်ဆိုး နတ်ဘုရင် သူ၏ စားပွဲတော်ကို ပျော်ရွှင်စွာ သုံးဆောင်နေစဉ်မှာပင် တပည့်တစ်ဦး အခန်းထဲသို့ ပြေးဝင်လာ၏။
ထိုတပည့် စကားမပြောနိုင်ခင်မှာပင် ဝိညာဉ်ဆိုး နတ်ဘုရင်၏ ခန္ဓာကိုယ်မှ သွေးရောင် နတ်စွမ်းအားများ တိုးထွက်လာပြီး ထိုတပည့်ကို တိုက်ရိုက်ပင် လွင့်စဉ်သွားစေခဲ့သည်။
“ကျုပ် အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်နေတာကို ခင်ဗျား မမြင်ဘူးလား။”
ထိုတပည့်လည်း ကြမ်းပြင်မှ တွားသွား ထလာပြီး ချက်ချင်းပင် ဒူးထောက်ကာ ကြမ်းပြင်ကို ဦးခေါင်းဖြင့် ထပ်ခါတလဲလဲ ဆောင့်လိုက်ပြီး
“ဒုတိယ ခန်းမသခင်... ကျုပ်ကို ချမ်းသာပေးပါ။ ဒုတိယ ခန်းမသခင်... ကျုပ်ကို ချမ်းသာပေးပါ။”
ခြောက်သွေ့သွားပြီဖြစ်သော အမျိုးသမီး၏ အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်က
“ပြောစမ်း... ဘာဖြစ်တာလဲ”
ဝိညာဉ်ဆိုး နတ်ဘုရင်သည် စိတ်တိုတတ်သော်လည်း လူမိုက် တစ်ဦးတော့ မဟုတ်ပေ။ ယခုလို အချိန်တွင် တပည့်တစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး သူ၏ အစာစားချိန်ကို အနှောင့်အယှက် ပေးခြင်း၌ ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ရမည်ဖြစ်ကြောင်း သူ သိ၏။
ထိုတပည့်က အလျင်အမြန်ပင်
“ဝိညာဉ်... ဝိညာဉ်မီးအိမ်...အကြီးအကဲ ထျန်းရှောင်ရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားပါပြီ။”
ထိုအရာကို ကြားလျှင် ဝိညာဉ်ဆိုး နတ်ဘုရင်မ ချက်ချင်းပင် မှင်တက်သွားပြီး နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော သွေးစွမ်းအားများ ပေါက်ကွဲထွက်လာရာ သူ၏အောက်ရှိ အလောင်းတောင်ထိပ် တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
ဝိညာဉ်မီးအိမ် ငြိမ်းသွားခြင်းက နတ်ဘုရင်ခံ ထျန်းရှောင် ကျဆုံးသွားပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်။
ထျန်းရှောင်သည် နတ်ဘုရင်ခံတစ်ပါး ဖြစ်သည့်အပြင် မိစ္ဆာနတ်တစ်ပါးလည်း ဖြစ်ရာ နတ်ဘုရင်တစ်ပါးနှင့် တွေ့ဆုံလျှင်ပင် သို့မဟုတ် နတ်ဘုရင် နှစ်ပါး၏ ဝိုင်းရံခြင်းကို ခံရလျှင်ပင် ထွက်ပြေးရန်အတွက် အခက်အခဲ သိပ်မရှိသင့်ပေ။
ထိုသို့ဆိုလျှင် သူ မည်သို့ ကျဆုံးသွားရသနည်း။
သူ၏ အစောပိုင်း ဒေါသများ အပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်သည် ကောင်းကင်ဝံပုလွေမြို့တွင် ရှိနေသေးသော ရှုကျင့်ရှူးထံသို့ သတင်းပို့ကာ နတ်ဘုရင်ခံ ထျန်းရှောင် မည်သို့ ကျဆုံးသွားသည်ကို စုံစမ်းရန် ညွှန်ကြားလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် အဝေးရှိ အလောင်းတောင် သွေးပင်လယ်ဆီသို့ ကြည့်ကာ ဝိညာဉ်ဆိုး နတ်ဘုရင် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်မှာ အရည်အချင်း တချို့ ရှိပုံရတယ်။ လျှို့ဝှက်လဝန်းနန်းတော်က ပြိုင်ဘက်ကောင်း တစ်ယောက်ပဲ။”
“အမြန်လုပ်ရမယ်။ တကယ်လို့ သူသာ နတ်သခင် အဆင့် ရောက်သွားရင် ဒုက္ခရောက်လိမ့်မယ်။”
ရက်အနည်းငယ် ကြာပြီးနောက်။
ကျောက်နက်တောင်ကြား။
ရှုကျင့်ရှူးသည် ကျောက်နက်တောင်ကြား၏ အထက်တွင် ဝဲပျံနေပြီး သူမ၏ရှေ့ရှိ ကြီးမားသော ချိုင့်ခွက်ကြီးကို ကြည့်ကာ အနည်းငယ် တုန်လှုပ်နေမိသည်။
ဤဓားချက်သည် အနည်းဆုံးတော့ နတ်ဘုရင်အဆင့် စွမ်းအားရှိသူ၏ လက်ချက်ဖြစ်သည်။
ရှုကျင့်ရှူးက အသေအချာ ပြန်လည် ခံစားကြည့်သော်လည်း လေထုထဲတွင် သွေးစွမ်းအား အငွေ့အသက် လုံးဝ ရှိမနေပေ။ နတ်ဘုရင်ခံ ထျန်းရှောင် ဤနေရာသို့ တစ်ခါမှ မရောက်ဖူးသကဲ့သို့ ဖြစ်နေသည်။
သေချာတာ တစ်ခုက လွန်ခဲ့သည့် ရက်အနည်းငယ်က နတ်ဘုရင်ခံ ထျန်းရှောင် ဤဘက်သို့ ဦးတည်နေသည်ကို သူမ တကယ် ခံစားမိခဲ့သည်။ ထို့ပြင် ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့မှာ သေချာသည်။
မဟုတ်ပါက ဤကဲ့သို့သော ကြီးမားသည့် ချိုင့်ခွက်ကြီးတစ်ခု အလိုအလျောက် ပေါ်လာစရာ အကြောင်းမရှိပေ။
ရှုကျင့်ရှူး သူမဘာသာ တွေးလိုက်မိ၏
၏။
နတ်ဘုရင်ခံ ထျန်းရှောင် ဤနေရာမှ တိုက်ပွဲတွင် မပါဝင်ခဲ့ခြင်းများ ဖြစ်နိုင်လား...
နတ်ဘုရင်ခံ ထျန်းရှောင် ကျဆုံးသွားတာ အခြားတစ်နေရာတွင် ဖြစ်နိုင်လား။
လျှို့ဝှက်လဝန်းနန်းတော် ရှိရာ ဘက်သို့ ရှုကျင့်ရှူး လှမ်းကြည့်လိုက်ပြန်၏။ ထို့နောက် ချိုင့်ခွက်ကြီးကို တစ်ချက်ပြန်ကြည့်ကာ ရှေ့သို့ ဆက်မတိုးရဲတော့ပေ။
သူမ၏ တည်ရှိမှုကို ဖော်ထုတ်မိသွားပြီး ဘေးဒုက္ခကို ဖိတ်ခေါ်မိမှာကို သူမ စိုးရိမ်နေမိသည်။
ထိုအခိုက်အတန့်တွင် ကျောက်နက်တောင်ကြားရှိ ချိုင့်ခွက်ထဲမှ အားနည်းသော အနီရောင် နတ်စွမ်းအား အငွေ့အသက်လေးတစ်ခု ထွက်ပေါ်လာ၏။ ထိုအငွေ့အသက် သူမ၏ခန္ဓာကိုယ်နှင့် ထိတွေ့မိလျှင် သူမ၏ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်တို့သည် အလွန်ပြင်းထန်သော လောင်မြိုက်ခြင်းကို ချက်ချင်း ခံစားလိုက်ရသည်။
ရှုကျင့်ရှူး အလွန် ထိတ်လန့်သွား၏။
ဒါက ဘယ်လို နတ်စွမ်းအားမျိုးလဲ။
ဒါက သူမရဲ့အတွင်းထဲက မိစ္ဆာစွမ်းအားကိုတောင် တကယ် ဖိနှိပ်နိုင်တာလား။
ဤကဲ့သို့သော နတ်စွမ်းအားမျိုးနှင့် သူမ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
ဤနတ်စွမ်းအား အငွေ့အသက်က သွေးလင်းယုန်ခန်းမအတွက် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ရှုကျင့်ရှူး ရိပ်မိသွားပြီး ထိုကိစ္စကို ဝိညာဉ်ဆိုး နတ်ဘုရင်ထံသို့ ချက်ချင်းပင် သတင်းပို့လိုက်တော့သည်။
အတိတ်ကာလက မိစ္ဆာနတ်များသည် မြင့်မြတ်သောနတ်များကို အမြဲတမ်း ဖိနှိပ်ခဲ့သော်လည်း ယခုအခါ မြင့်မြတ်သောနတ်များ၏ နတ်စွမ်းအားက မိစ္ဆာနတ်များကို ဖိနှိပ်နိုင် နေပြီဖြစ်သည်။ မိစ္ဆာနတ်များ၌ အားသာချက် မရှိတော့ချေ။
ကျောက်နက်တောင်ကြားမှ တွေ့ရှိချက်များကို သတင်းပို့ပြီးနောက် ထိုနေရာမှ ရှုကျင့်ရှူး အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုချိုင့်ခွက်အတွင်း ကျန်ရှိနေသော နတ်စွမ်းအားများက သူမအား အလွန် နေရခက်စေသောကြောင့် ဖြစ်သည်။
…..
ရှန်ရှမြို့။
နတ်စွမ်းအားများ ထွက်ပေါ်နေသော နတ်လှေတစ်စင်းသည် ကြည်လင်သော ကောင်းကင်ယံတွင် မြင့်မားစွာ ပျံသန်းနေ၏။
ထိုနတ်လှေကို မြင်လျှင် ရှန်ရှမြို့ရှိ လူအားလုံး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ရှန်ရှမြို့သည် သဲကန္တာရထဲတွင် တည်ဆောက်ထားသော မြို့တစ်မြို့ ဖြစ်၏။ သို့သော် ဤနေရာ၌ ထိပ်တန်းအဆင့် ဝိညာဉ်ကြောတစ်ခု တည်ရှိနေသည်။
ထိုဝိညာဉ်ကြောကြောင့်ပင် ဤကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် စိမ်းလန်းသော အိုအေစစ်တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဝိညာဉ်ကြောများပင်လျှင် ဝိညာဉ်စွမ်းအင် ကုန်ခမ်းခြင်းကို ကြုံတွေ့ရတတ်သည်။ ဤဝိညာဉ်ကြောသည် နှစ်သန်းထောင်နှင့်ချီ၍ တည်ရှိခဲ့ခြင်းဖြစ်ရာ ယခုတော့ ဤဝိညာဉ်ကြော၏ ဝိညာဉ်စွမ်းအင်လည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထိုဝိညာဉ်ကြော ကုန်ခမ်းလုနီးပါးဖြစ်သွား သောကြောင့် ဒေသခံနတ်များ မဟုတ်သော ပြင်ပမှ နတ်များ ဤနေရာသို့ မရောက်ရှိလာသည်မှာ နှစ်ပေါင်း တစ်သောင်းကျော်ပင် ရှိနေပြီဖြစ်သည်။
***