အလွန်ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခုအတွင်း၌ ရှန်ရှမြို့ တည်ရှိ၏။ ထိုနေရာသို့ သာမန်လူသားတို့ လာရောက်ရန် ခက်ခဲလွန်းလှသဖြင့် အခြားဒေသများနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။
နတ်များသည် ထိုသဲကန္တာရကို ဖြတ်သန်းနိုင်သော်လည်း ကျင့်ကြံရန် သို့မဟုတ် အခြေချရန် နေရာရွေးချယ်ရာတွင် စိတ်ဝိညာဉ်စွမ်းအား ကြွယ်ဝသည့် နေရာများကိုသာ ရွေးချယ်လေ့ရှိကြသည်။
စိတ်ဝိညာဉ်စွမ်းအားလည်းမရှိ၊ အလားအလာလည်းမရှိ၊ လူဦးရေလည်း နည်းပါးလှသော ရှန်ရှမြို့ကဲ့သို့ နေရာမျိုးကို မိစ္ဆာနတ်များပင် စိတ်ဝင်စားလိမ့်မည်မဟုတ်ချေ။
လွန်ခဲ့သော နှစ်ကုဋေပေါင်းများစွာကထက်စာလျှင် ယခု ရှန်ရှမြို့သည် များစွာဆုတ်ယုတ်နေခဲ့ပြီ ဖြစ်သည်။ မြို့ပြင်ပတွင် ဝါကျင်ကျင် သဲများ ဖုံးလွှမ်းနေပြီး လက်ရှိလူဦးရေသည် မြို့အတွင်းပိုင်းကိုပင် မဖုံးလွှမ်းနိုင်တော့ပေ။
ရှန်ရှမြို့၏ ယခုကဲ့သို့ ယိုယွင်းနေသည့် အခြေအနေကို ကြည့်ရင်း လုချန်း စိတ်ထဲ တစ်မျိုးကြီး ခံစားလိုက်ရ၏။ အချိန်ကာလဆိုသည်က အရာအားလုံးကို တကယ်ပင် ပြောင်းလဲပစ်နိုင်ပေသည်။
လွန်ခဲ့သော နှစ်များစွာအကြာက ဤမြို့သို့ သူ ရောက်ရှိစဉ်ကတော့ မြို့သည် အလွန်စည်ကားခဲ့ရုံသာမက နတ်ဘုရင်ခံ အမြောက်အမြားပင် ရှိနေခဲ့ဖူး၏။
ရှန်ရှမြို့ အထက်သို့ ရောက်သည်နှင့် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ နတ်အာရုံကို လုချန်း တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။
မကြာမီပင် သူ ရှာဖွေနေသည့် အရာကို လုချန်း တွေ့ရှိသွားပြီး နတ်လှေပေါ်မှ ထိုနေရာသို့ ပျံသန်းဆင်းသက်သွားသည်။
လုချန်း နတ်လှေပေါ်မှ ဆင်းသွားသည်ကို မြင်လျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း လိုက်ပါဆင်းသက်ကြ၏။ ထို့နောက် ကောက်ရှီယွမ်က နတ်လှေကို သူမ၏ အတွင်းကမ္ဘာထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။
မကြာမီမှာပင် ထိုအမျိုးသမီးနှစ်ဦးကို သဲသောင်ကုန်းတစ်ခုဆီသို့ လုချန်း ခေါ်ဆောင်သွားသည်။
သဲသောင်ကုန်းကို မြင်သောအခါ သူတို့၏ ဂျူနီယာမောင်လေး ဘာများလုပ်မလို့လဲဟု တွေးကာ ထိုအမျိုးသမီးနှစ်ဦး ပို၍ ဇဝေဇဝါ ဖြစ်သွားကြ၏။
ထိုအခိုက်အတန့်တွင် သူ၏လက်ကို လုချန်း မြှောက်လိုက်ပြီး နတ်အငွေ့အသက်ကို သုံးကာ သဲသောင်ကုန်းတစ်ခုလုံးကို ဖယ်ရှားလိုက်သည်။ ခဏချင်းအတွင်းမှာပင် သူတို့ရှေ့ရှိ သဲများအားလုံး ပျောက်ကွယ်သွား၏။
ပတ်ဝန်းကျင်ရှိ သဲများ ဖယ်ရှားပြီးသွားသည်နှင့် ကျောက်ဂူသင်္ချိုင်းတစ်ခု သူတို့ရှေ့၌ ပေါ်လာသည်။ ထိုကျောက်ဂူရှေ့တွင် ကျောက်စာတိုင်တစ်တိုင် ရှိနေသော်လည်း ရာသီဥတုဒဏ်ကို အချိန်ကြာမြင့်စွာ ခံခဲ့ရသဖြင့် မည်သည့်စာသားမှ မရှိတော့ချေ။
ကျောက်ဂူအထက်၌ နည်းဗျူဟာပုံစံတစ်ခု၏ အမှတ်အသားများကို တွေ့ရသဖြင့် အတိတ်ကာလကတော့ ဤဂူကို ကာကွယ်ထားခဲ့မှာ ဧကန်မုချပင်။
သို့သော် အချိန်ကာလ အလွန်ကြာမြင့်သွားခြင်းနှင့် ထိန်းသိမ်းရန် စိတ်ဝိညာဉ်စွမ်းအား မရှိခြင်းတို့ကြောင့် ထိုနည်းဗျူဟာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
ထိုနည်းဗျူဟာသာ မရှိခဲ့လျှင် ဤကျောက်ဂူသင်္ချိုင်းလည်း ယခုအချိန်အထိ ကျန်ရှိနေတော့မည် မဟုတ်ချေ။
ထိုကျောက်ဂူကို မြင်လျှင် အတွင်း၌ မည်သူ့ကို မြှုပ်နှံထားသနည်း၊ လုချန်းနှင့် မည်သို့ ပတ်သက်သနည်းဟု အမျိုးသမီးနှစ်ဦး စပ်စုချင်နေကြသော်လည်း လက်ရှိအခြေအနေအရ မမေးပဲ နေလိုက်ကြ၏။
ကျောက်စာတိုင်အနီးသို့ လုချန်း လျှေက်လာကာ ကျောက်ဂူတစ်ခုလုံးကို နတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ထို့နောက် ကျောက်ဂူကို ကာကွယ်ရန် စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို သူ၏ အာကာသ လက်စွပ်အတွင်းမှ ထုတ်ကာ နည်းဗျူဟာပုံစစ်အသစ် တစ်ခု ချလိုက်၏။
အားလုံးပြီးစီးသွားလျှင် ကျောက်ဂူသင်္ချိုင်းကို ဖုံးလွှမ်းနေစေရန် သဲများကို အစကအတိုင်း ပြန်လည် ထားရှိလိုက်သည်။
ထို့နောက် ရှန်ရှမြို့ဘက်သို့ ဦးတည်ကာ လုချန်း လှည့်ထွက်လာခဲ့သဖြင့် ထိုအမျိုးသမီးနှစ်ဦးလည်း အနောက်မှ အလျင်အမြန် လိုက်ပါလာခဲ့ကြ၏။
ထိုအခိုက်အတန့်တွင် စပ်စုလိုစိတ်ကို မထိန်းနိုင်တော့ပဲ ကောက်ရှီယွမ်က လုချန်းကို
“မောင်လေး... အဲ့ဒီလူက ရှင့်ရဲ့ ဆွေမျိုးလား”
ပြုံးလျက် လုချန်းက
“တစ်မျိုးတော့ တော်ပါတယ်”
ထိုကျောက်ဂူအတွင်း၌ မြှုပ်နှံထားသူသည် အတိတ်ကာလက သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သည့် အစေခံများထဲမှ တစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ရှုံးနိမ့် ထွက်ပြေးရစဉ်၌ သူမက သူ့ကို နတ်ဘုရင်တစ်ပါး၏ ချောင်းမြောင်းတိုက်ခိုက်မှုမှ ကာကွယ်ပေးခဲ့ခြင်း ဖြစ်၏။
အလျင်အမြန် ဆုတ်ခွာနေရသည့်ကြားမှ သူမ၏ ရုပ်အလောင်းကို ရှန်ရှမြို့၌ လုချန်း မြှုပ်နှံပေးခဲ့ခြင်း ဖြစ်သည်။
လုချန်း၏ အဖြေကို ကြားလျှင် ကောက်ရှီယွမ်လည်း ထပ်မမေးတော့ချေ။
လုချန်းကိုယ်တိုင် လာရောက်ဂါရဝပြုသည့်သူသည် သူ၏ ဇနီးများထဲမှ တစ်ဦး ဖြစ်နိုင်သည်ဟု ရှောင်ရွှီရင်၏ စိတ်ထဲ တွေးတောနေ၏။
မကြာမီမှာပင် ရှန်ရှမြို့၏ မြို့တံခါးသို့ သူတို့သုံးဦး ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ရွှေရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် လူသားအချို့ ကင်းစောင့်နေကြပြီး သူတို့၏ အဆင့်များမှာ များသောအားဖြင့် နတ်လောင်း အဆင့်များ ဖြစ်ကြ၏။
နတ်လောင်း ကျင့်ကြံသူများ မြို့တံခါးကို စောင့်ကြပ်နေခြင်းက ထိုမြို့တော်ဝန်သည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ဖော်ပြနေသည်။
နတ်များအတွက် နတ်လူအဆင့်သည် ပြောပလောက်သည် မဟုတ်သော်လည်း လူသားလောကတွင်တော့ နတ်လူအဆင့် ကျင့်ကြံသူများသည် အလွန်ပင် အားကောင်းကြ၏။
ကင်းစောင့်များ နတ်လောင်းအဆင့်များ ဖြစ်နေခြင်းက လူသားတစ်ဦး မဟုတ်ပဲ နတ်ဘုရားတစ်ပါးက ထိုမြို့ကို စီမံခန့်ခွဲနေသည်ဟု ဆိုလိုခြင်း ဖြစ်၏။
ရှန်ရှမြို့ လုံးဝဥဿုံ ပျက်စီးသွားခြင်း မရှိသေးဟု လုချန်း စိတ်ထဲ တွေးလိုက်၏။
ဝိညာဉ်ကြောများ ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း ဤနေရာ၌ နတ်တစ်ပါး ကျန်ရှိနေသေးသည်။
မြို့တံခါးဆီသို့ တိုက်ရိုက် ဦးတည်သွားရင်း လုချန်းက
“စီနီယာအစ်မ ကောက်... ကျုပ် ရှန်ရှမြို့မှာ ခဏလောက် နေဖို့ စိတ်ကူးထားတယ်။”
ကောက်ရှီယွမ်က
“ကျင့်ကြံခြင်းဆိုတာ စိတ်နှလုံးကို လေ့ကျင့်တာပဲလေ... မောင်လေး နေချင်တဲ့နေရာမှာ နေလို့ရပါတယ်။”
ထပ်မံ၍ ဘာမှမပြောတော့ပဲ မြို့တံခါးဆီသို့ လုချန်း ဆက်လက် လျှောက်လှမ်းသွား၏။
မကြာမီမှာပင် သူတို့သုံးဦး မြို့တံခါးသို့ ရောက်ရှိသွား၏။ သူတို့ကို မြင်လျှင် ကင်းစောင့်နေသည့် နတ်လောင်းအဆင့် စစ်သားများက ချက်ချင်း တားဆီးလိုက်ကြသည်။
စစ်သားများက
“ဘယ်သူတွေလဲ”
တားဆီးခံလိုက်ရသဖြင့် ကောက်ရှီယွမ်လည်း စကားအရှည်ကြီး မပြောတော့ပဲ သူမ၏ နတ်အငွေ့အသက်ကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။ နတ်တစ်ပါး၏ ဖိအားကို ခံစားလိုက်ရသဖြင့် ကင်းစောင့်များ ခဏခန့် တွန့်ဆုတ်သွားကြသော်လည်း ဘေးသို့တော့ ဖယ်မပေးကြချေ။
ဖယ်မပေးသည်ကို မြင်လျှင် လျှို့ဝှက်လဝန်းနန်းတော်၏ သက်သေခံတံဆိပ်ပြားကို သူမ၏ အာကာသ လက်စွပ်အတွင်းမှ ကောက်ရှီယွမ် ထုတ်ပြလိုက်သည်။
သို့သော် မမျှော်လင့်ထားသည်က ထိုစစ်သားများက လမ်းဖယ်မပေးကြသေးခြင်းပင်။
အေးစက်စက် လေသံဖြင့် ကောက်ရှီယွမ်က
“ဘာလဲ... အထက်ဂိုဏ်းရဲ့ တံဆိပ်ပြားကိုတောင် မင်းတို့ မမှတ်မိကြဘူးလား”
ထိုစကားကို ကြားလျှင် စစ်သားများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လုချန်းတို့ အဖွဲ့ကို ဂါရဝပြုလိုက်ကြ၏။ စစ်သားများက
“အထက်ဂိုဏ်းက သံတမန်တွေကို ဂါရဝပြုပါတယ်”
သို့သော် ဂါရဝပြုပြီးသည့်တိုင်အောင် သူတို့က လမ်းဖယ်မပေးကြသေးချေ။
၎င်းကို ကြည့်ရင်း ကောက်ရှီယွမ်က
“ဒါက ဘာအဓိပ္ပာယ်လဲ”
ဟု အေးစက်စက် မေးလိုက်သည်။
“တို့ကို လျှို့ဝှက်လဝန်းနန်းတော်က နတ်တွေမှန်း သိလျက်နဲ့ ဘာလို့ ဖြတ်ခွင့်မပေးသေးတာလဲ။”
ထိုစဉ် စစ်သားတစ်ဦး ရှေ့သို့ တိုးလာပြီး
“သံတမန်တော်ကြီး... ကျုပ်တို့ မြို့တော်ဝန်က သူ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေတဲ့အချိန်မှာ ဘယ်နတ်ကိုမှ ရှန်ရှမြို့ထဲ ပေးမဝင်ဖို့ အမိန့်ထုတ်ထားပါတယ်... အထက်ဂိုဏ်းက သံတမန်တော်တွေတောင် ဝင်ခွင့်မရှိပါဘူး။”
ထိုအရာကို ကြားလျှင် ကောက်ရှီယွမ်၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွား၏။
အထက်ဂိုဏ်းမှ သံတမန်များပင် ရှန်ရှမြို့ထဲသို့ ဝင်ခွင့်မရှိဘူး ဟုတ်လား။
“ရှင်တို့ မြို့တော်ဝန်က လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်လိုက်ပြီလား။”
ရှန်ရှမြို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ မြို့ငယ်လေးတစ်ခုသာ ဖြစ်သည်။
မြို့တော်ဝန်က နန်းတော်မှ နတ်များကို ဝင်ခွင့်မပေးဝံ့ခြင်းက တကယ်ပင် ထူးဆန်းနေသည်။
နန်းတော်မှ သံတမန်များကို ဝင်ခွင့်မပေးခြင်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခြင်းပင်ဖြစ်သည်။
ဤရှန်ရှမြို့တော်ဝန်က အတော်လေး သတ္တိရှိလှသည်။
ကောက်ရှီယွမ်၏ စကားကို ကြားလျှင် စစ်သားများကိုယ်ပေါ်၌ ချွေးစေးများ ထွက်လာကြသော်လည်း လမ်းကိုတော့ ဖယ်မပေးကြသေးချေ။
ထို့ကြောင့် သူမ၏ ဖိအားကို ကောက်ရှီယွမ်က ပို၍ တိုးမြှင့်လိုက်၏။
နောက်တစ်ခဏ၌ ထိုစစ်သားများလည်း သူမ၏ အငွေ့အသက်အောက်တွင် ဒူးထောက်ရန် အတင်းအကျပ် ဖိနှိပ်ခြင်း ခံလိုက်ရသည်။
စစ်သားတစ်ဦးက
“သံတမန်တော်ကြီး... ကျုပ်တို့က ရှန်ရှမြို့ထဲကို ပေးမဝင်ချင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ ပေးဝင်လိုက်ရင် ကျုပ်တို့ရော ကျုပ်တို့ရဲ့ မိသားစုတွေပါ အသတ်ခံရပါလိမ့်မယ်”
ဟု အလျင်အမြန် ပြောလိုက်၏။
ထိုအရာကို ကြားလျှင် လုချန်းတို့လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
လုချန်းက
“အထက်ဂိုဏ်းက သံတမန်တွေကို တားဆီးရင် ခင်ဗျားတို့နဲ့ ခင်ဗျားတို့ မိသားစုတွေကို သူတို့က လွှတ်ပေးမယ်လို့ ထင်နေတာလား။”
“ဒါမှမဟုတ် အထက်ဂိုဏ်းက သံတမန်တွေက ခင်ဗျားတို့ မြို့တော်ဝန်ထက် ပိုပြီး သနားတတ်တယ်လို့ ခင်ဗျားတို့ ထင်နေကြတာလား။”
ထိုစကားကို ကြားလျှင် မြို့တံခါးစောင့်များ၏ မျက်နှာများ ပျက်ယွင်းသွားကြ၏။
သူတို့၏ အမူအရာကို ကြည့်ရင်း ရှန်ရှမြို့၏ လက်ရှိမြို့တော်ဝန်သည် စိတ်ကောင်းရှိသူတစ်ဦး မဟုတ်ကြောင်း လုချန်း တွေးလိုက်သည်။ ဤလူများသည် မြို့တော်ဝန်ကို အပြစ် မပြုမိစေရန်အတွက် အထက်ဂိုဏ်းမှ သံတမန်များကိုပင် ပြစ်မှားရန် ဝန်မလေးကြချေ။
***