ထိုလူသားများနှင့် စကားပြောရန် လုချန်း စိတ်မပါတော့သဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး စစ်သားအားလုံးကို လွင့်စင်သွားစေ၏။ ထို့နောက် ရှန်ရှမြို့အတွင်းသို့ သူ တိုက်ရိုက် လျှောက်လှမ်းသွားသည်။
ရှန်ရှမြို့၏ ပြင်ပမြို့သည် အလွန်ပင် ခြောက်ကပ်နေပြီး လူသူကင်းမဲ့လုနီးပါး ဖြစ်နေကာ လူတစ်ယောက်စ နှစ်ယောက်စကိုသာ တွေ့ရသည်။
အတွင်းမြို့ဆီသို့ လုချန်း တိုက်ရိုက် သွားနေစဉ်မှာပင် ရှေ့၌ စစ်သားတစ်ဖွဲ့ ရုတ်တရက် ပေါ်လာ၏။
ခဏချင်းမှာပင် ထိုစစ်သားများက လုချန်းတို့ သုံးဦးကို ဝိုင်းရံလိုက်ကြသည်။ စစ်သားများက လုချန်းတို့ကို
“ဘယ်သူက ရှန်ရှမြို့ထဲကို ကျူးကျော်ဝင်ရောက်ရဲတာလဲ။”
ထိုစစ်သားများ၏ စွမ်းအားကို လုချန်း အကဲခတ်လိုက်ရာ သူတို့အားလုံးမှာ မဟယာန အဆင့်များ ဖြစ်ကြပြီး ခေါင်းဆောင်ကတော့ ကံကြမ္မာကို ဖြတ်ကျော်ခြင်း အဆင့်တွင် ရှိနေ၏။
သူတို့သည် သာမန်လူသားများသာ ဖြစ်သဖြင့် လုချန်း စကားအရှည်ကြီး မပြောလိုတော့ချေ။ နတ်တစ်ပါး၏ ဖိအားကို သူ တိုက်ရိုက် ထုတ်လွှတ်လိုက်ရာ နောက်တစ်ခဏ၌ ရှိရှိသမျှ စစ်သားအားလုံး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျသွားကြကုန်၏။
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကံကြမ္မာကို ဖြတ်ကျော်ခြင်း အဆင့် ကျင့်ကြံသူ၏ ရှေ့မှောက်သို့ လုချန်း ရောက်ရှိသွားပြီး သူတို့ ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို သိရန် ဝိညာဉ်ရှာဖွေခြင်း အတတ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ထိုကျင့်ကြံသူ၏ မှတ်ဉာဏ်ကို ဖတ်ပြီးနောက် လုချန်းက
“ဒီလိုကိုး... ဒါကြောင့်လည်း ဒီလူတွေက သေမှာကို လုံးဝ မကြောက်ကြတာပဲ”
ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
ကောက်ရှီယွမ်က လုချန်းအနားသို့ လာကာ
“ဂျူနီယာ မောင်လေး... ဘာတွေများ တွေ့ခဲ့လို့လဲ”
လုချန်းက
“ရှန်ရှမြို့တော်ဝန်က ကျင့်ကြံသူတွေရဲ့ သွေးအနှစ်သာရတွေကို သုံးပြီး ကျင့်ကြံနေတာပဲ... ဒီသတင်း ပေါက်ကြားရင် တစ်မိသားစုလုံးကို သတ်ပစ်မယ်ဆိုပြီးတော့လည်း မြို့ထဲက မိသားစုကြီးတွေကို ခြိမ်းခြောက်ထားတယ်။”
ထိုအရာကို ကြားလျှင် ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့ နှစ်ဦးစလုံး မှင်တက်သွားကြ၏။ ကျင့်ကြံသူများ၏ သွေးအနှစ်သာရ ကို သုံး၍ ကျင့်ကြံသည်ဆိုပါက သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ ဖြစ်နေမလား။
ထိုသို့ တွေးမိသည်နှင့် အမျိုးသမီးနှစ်ဦးလည်း သူတို့၏ အာကာသလက်စွပ်အတွင်းမှ ဝိညာဉ်ဓားများကို ချက်ချင်း ထုတ်ယူလိုက်ကြပြီး သတိထားစောင့်ကြည့်နေကြတော့သည်။
ထို့နောက် ရှိနေသည့် စစ်သားများကို လုချန်းက
“အဲ့ဒီမိစ္ဆာနတ်အတွက် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားရုံနဲ့ ဒီကိစ္စက ပေါက်ကြားမှာ မဟုတ်ဘူးလို့ တကယ်ပဲ ထင်နေကြတာလား”
“တကယ်ကို ရယ်စရာကောင်းတာပဲ”
“သူများက ခင်ဗျားတို့ကို အစာပြေ စားစရာ လိုပဲ သဘောထားနေတာကို ခင်ဗျားတို့က သူ့ကို ကာကွယ်ပေးချင်နေသေးတယ်။”
လုချန်း၏ စကားကို ကြားလျှင် စစ်သားတစ်ဦးက မကျေမနပ်ဖြင့်
“ကျုပ်တို့ ဘာလုပ်နိုင်မှာလဲ... ကျုပ်တို့ ရှန်ရှမြို့ကနေ လုံးဝ ထွက်သွားလို့ မရဘူးလေ... အဲ့ဒီနတ်ရဲ့ စွမ်းအားက အရမ်းကြီးလွန်းတော့ ကျုပ်တို့ ဘယ်လိုမှ မတတ်နိုင်ဘူး။”
ထိုလူများနှင့် စကားအရှည်ကြီး မပြောလိုတော့သဖြင့် လုချန်းက အထင်အမြင်သေးစွာ ရယ်မောလိုက်၏။ သူတို့မှာ ခုခံလိုစိတ်များ ကုန်ခမ်းနေပြီ ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မည့် အခွင့်အရေး ရလျှင်ပင် ဆုပ်ကိုင်နိုင်ကြတော့မည် မဟုတ်ချေ။
ထို့နောက် ရှန်ရှမြို့တော်ဝန်ကို ရှာဖွေရန် သူ၏ အရှိန်အဝါကို လုချန်း ဖြန့်ကျက်လိုက်ပြီး နတ်အာရုံကို အသုံးပြုလိုက်သည်။ ထိုစဉ် လုချန်း၏ နတ်အာရုံက တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသဖြင့် ကောင်းကင်သို့ ချက်ချင်း ပျံတက်လိုက်ပြီးနောက် ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်၏။
ထိုအခါ စွမ်းအားကြီးမားလှသော ဓားအရှိန်အဝါတစ်ခုသည် မြို့တော်ဝန်စံအိမ်ရှိ နေရာတစ်ခုဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ ဓားအရှိန်အဝါ၏ ခြိမ်းခြောက်မှုကို အာရုံခံမိသွားသဖြင့် မြို့တော်ဝန်စံအိမ်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။
မြို့တော်ဝန်က
“ရှန်ရှမြို့ဟာ ခင်ဗျားတို့ လာရမယ့် နေရာမဟုတ်ဘူး”
ထိုအရာကို ကြားလျှင် လုချန်း နှာခေါင်းရှုံ့လိုက်ပြီး
“ရှန်ရှမြို့က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ မြို့ပဲ... ဘယ်တုန်းက ခင်ဗျားအပိုင် ဖြစ်သွားတာလဲ... မိစ္ဆာနတ်ရဲ့။”
“မိစ္ဆာနတ်” ဆိုသည့် စကားလုံးကြောင့် မြို့တော်ဝန် အလွန် ထိခိုက်သွားပုံရ၏။ ခဏအတွင်းမှာပင် နီရဲပြီး ကြမ်းတမ်းလှသော စိတ်ဝိညာဉ်စွမ်းအားများသည် လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲကာ မြို့တော်ဝန်စံအိမ်အတွင်းမှ လုချန်းထံသို့ တိုက်ရိုက် ပြေးထွက်လာသည်။
ထိုလေဆင်နှာမောင်းနှင့် လုချန်း၏ ဓားအရှိန်အဝါတို့ ကောင်းကင်ယံ၌ ထိပ်တိုက်တွေ့ကာ ပေါက်ကွဲသွား၏။ နှစ်ဦးစလုံးသည် အစွမ်းကုန် အသုံးမပြုကြသေးပဲ စမ်းသပ်သည့် အနေနှင့်သာ တိုက်ခိုက်ခြင်း ဖြစ်သည်။
နှစ်ဦးစလုံးသည် နတ်များ ဖြစ်ကြသဖြင့် အစွမ်းကုန် တိုက်ခိုက်ကြမည်ဆိုပါက ရှန်ရှမြို့တစ်မြို့လုံး ပျက်စီးသွားပေလိမ့်မည်။ ရှန်ရှမြို့တွင် မည်သည့် နည်းဗျူဟာပုံစံမှ မရှိတော့သဖြင့် လူနတ်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။
ထိုအခိုက်အတန့်တွင် မြို့တော်ဝန်စံအိမ်အတွင်းမှ နီရဲသော အရိပ်တစ်ခု ပျံထွက်လာပြီး ရှန်ရှမြို့နှင့် ဝေးကွာလှသော အလွန်ကျယ်ပြောသည့် သဲပင်လယ်ဆီသို့ ဦးတည်သွားသည်။
မဆိုင်းမတွပင် ထိုသူ့နောက်သို့ လုချန်း တစ်ပါတည်း လိုက်သွား၏။ ထိုအခြေအနေကို မြင်သည်နှင့် ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့လည်း အလျင်အမြန် လိုက်ပါသွားကြ၏။
မကြာမီမှာပင် နီရဲသော အရိပ်ကို လုချန်း မှီသွားသည်။ တစ်ဖက်လူက ထွက်ပြေးရန် ရည်ရွယ်ချက် ရှိပုံမရပေ။ တိုက်ပွဲဖြစ်ချိန်တွင် ရှန်ရှမြို့ကို မထိခိုက်စေရန် သဲပင်လယ်ထဲသို့ လုချန်းကို တမင်ခေါ်ဆောင်လာခြင်း ဖြစ်ဟန်တူ၏။
ထိုအခိုက်အတန့်တွင် အရှေ့မှ ပျံသန်းနေသည့် နတ်က လုချန်းကို ပြန်ကြည့်လိုက်သည်။ ထိုသူသည် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝိညာဉ်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။
လုချန်းကို မြင်သည်နှင့် ထိုသူ မှင်တက်သွားကာ
“ခင်ဗျား... ခင်ဗျားပဲ...”
ထိုသူက
“မဟုတ်ဘူး... မဖြစ်နိုင်တာ... ခင်ဗျားက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။”
စကားပြောနေသော်လည်း ထိုသူ၏ ခန္ဓာကိုယ်ကတော့ တုန်ယင်နေသည်။ မျက်နှာဖုံးက သူ၏ အမူအရာကို ဖုံးကွယ်ထားသော်လည်း သူ၏ အသံထဲရှိ ကြောက်ရွံ့မှုနှင့် တုန်ယင်နေသော ခန္ဓာကိုယ်ကတော့ ထင်ရှားနေ၏။
ဤလူက သူ့ကို သိနေတာလားဟု တွေးရင်း လုချန်း ခဏခန့် အံ့အားသင့်သွားသည်။
မဖြစ်နိုင်တာ...
သူ ပြန်မလာခဲ့တာ နှစ်သန်းပေါင်း ထောင်ချီ နေပြီဖြစ်သည်။
ပြန်ရောက်ရောက်ချင်းမှာပဲ သူ့ကို သိသည့်လူတွေနှင့် ဒီလောက်တောင် တိုးနေရတာလား။
နောင်တွင်တော့ ရုပ်ဖျက်အတတ်ကို အသုံးပြုရန် လိုအပ်နေပြီ ဖြစ်ကြောင်း သူ တွေးလိုက်မိသည်။ ကျင့်ကြံမှုအဆင့် မြင့်မားသူများက သူ၏ ရုပ်ဖျက်အတတ်ကို မြင်နိုင်သော်လည်း ကျင့်ကြံမှုအဆင့် နိမ့်သူများရန်မှ ကာကွယ်ရန်အတွက်တော့ ထိုအတတ်ကို အသုံးပြုရန် လိုအပ်နေသေးသည်။
သို့သော် ထိုသူပြောသည့် စကားအရတော့ ထိုသူသည် သူ၏ ရန်သူ ဖြစ်ပုံရ၏။
မဟုတ်ပါက သူ့ကို ဤမျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။ တစ်ဖက်မှ လူကို လုချန်း အေးစက်စက် ကြည့်လိုက်၏။
စကားပြောနေစဉ်မှာပင် ထိုသူ၏ အရှိန်အဝါကို လုချန်း စမ်းသပ်ကြည့်ရာ လူနတ်တစ်ပါးသာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
လူနတ်တစ်ပါးကတော့ သူ့ကို မသိနိုင်လောက်ပေ။
သူ့ကို သိသူများသည် ယခုအချိန်တွင် အနည်းဆုံး ကောင်းကင်နတ် အဆင့်သို့ ရောက်နေသင့်ပြီ ဖြစ်၏။ မဟုတ်ပါက သက်တမ်းကုန်ဆုံးသွားကြမည်မှာ ဧကန်မုချပင် ဖြစ်၏။
ထို့နောက် စနစ်ကို သုံး၍ ထိုသူ၏ အချက်အလက်ကို ကြည့်လိုက်သည်။
[အမည် : ရန်ယန်]
[အချက်အလက် : ချန်ဘုရင်၏ လက်အောက်ငယ်သားဟောင်း။ ရှန်ရှမြို့တော်ဝန်]
[စွမ်းအား : လူနတ်]
[သစ္စာရှိမှု : ၀]
ထိုအချက်အလက်များကို မြင်လျှင် ဤသူက သူ့ကို အဘယ်ကြောင့် သိနေရသနည်း ဆိုတာကို လုချန်း ချက်ချင်း သဘောပေါက်သွား၏။
သူက သစ္စာဖောက်တစ်ဦးပင်။
လုချန်း နှာခေါင်းရှုံ့လိုက်ပြီး
“ဒါစစ်သူကြီး ရန် မဟုတ်လား... ဘယ်လိုဖြစ်လို့ ဒီလို အခြေအနေမျိုး ရောက်သွားရတာလဲ။”
အတိတ်ကာလတုန်းက အင်အားကြီးအဖွဲ့အစည်း အမြောက်အမြား သူ့ကို ဝိုင်းရံတိုက်ခိုက်စဉ် ရန်ယန်ကတော့ သူ့ကို ချက်ချင်း မစွန့်ခွာခဲ့ချေ။ ထိုအစား သူ၏ အနားတွင် နေကာ သူ၏ တည်နေရာအပါအဝင် သတင်းအချက်အလက်များကို အခြားအဖွဲ့အစည်းများဆီသို့ တိတ်တဆိတ် ပေးပို့နေခဲ့သည်။
ရန်ယန်သာ မရှိခဲ့လျှင် ထျန်းရန် နတ်ဘုရားနယ်မြေအတွင်း၌ သူ ပုန်းအောင်းနေနိုင်ကောင်း နေနိုင်ပေလိမ့်မည်။ နောက်ဆုံးတွင်တော့ သွားစရာ နေရာမရှိတော့သဖြင့် အမွေးဖြူမြို့သို့ လုချန်း မဖြစ်မနေ ထွက်ပြေးခဲ့ရ၏။ ထို့နောက် မကြာမီ သူ၏ ဇနီးများကို ခေါ်ကာ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့ရတော့သည်။
အစကတည်းက ထွက်သွားရန် ရန်ယန် ရွေးချယ်ခဲ့မည်ဆိုပါက လုချန်း စိတ်ထဲ ထားမည်မဟုတ်ချေ။ ထိုစဉ်က ထျန်းရန် နတ်ဘုရားနယ်မြေမှ အထင်ကရ အင်အားစု အမြောက်အမြားက သူ့ကို တိုက်ခိုက်နေချိန် ဖြစ်ရာ သူ့ကဲ့သို့ နတ်ဘုရင် တစ်ပါးအတွက် အခွင့်အရေး နည်းနည်းမှ မရှိပေ။
သို့သော် ရန်ယန်က ချက်ချင်း ထွက်မသွားပဲ အနားတွင်နေကာ အင်အားကြီး အဖွဲ့အစည်းများဆီသို့ သတင်းအချက်အလက်များ လျှို့ဝှက် ပေးပို့နေခဲ့သည်။ ရှန်ရှမြို့အပြင်ဘက်၌ မြှုပ်နှံထားသည့် အစေခံကလည်း ရန်ယန်၏ သတင်းပေးမှုကြောင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ရန်ယန်ထံမှ ထွက်ပေါ်နေသည့် သေမင်း အငွေ့အသက်ကို ခံစားရင်း သိက္ခာရှိလှသော နတ်ဘုရင်ခံတစ်ပါး ယခုကဲ့သို့ အခြေအနေမျိုး ရောက်သွားသည်ကို လုချန်း ရယ်ချင်နေမိသည်။
လုချန်း၏ စကားကို ကြားလျှင် ရန်ယန်က သူ၏ ခန္ဓာကိုယ်ရှိ နတ်အငွေ့အသက်များကို ချက်ချင်း စုစည်းလိုက်ပြီး လုချန်းထံသို့ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်၏။
“ကျုပ် ဒီလိုဖြစ်သွားတာ ခင်ဗျားကြောင့်ပဲ”
နောက်တစ်ခဏ၌ ရန်ယန်၏ လက်ဝါးသည် ရေတွက်၍မရနိုင်သော ယင်ဝိညာဉ်များအဖြစ် ပြောင်းလဲသွားသည်။ ထိုယင်ဝိညာဉ်များအားလုံးသည် နတ်များ၏ ဝိညာဉ်များ ဖြစ်ကြ၏။
ထိုယင်ဝိညာဉ်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သဲပင်လယ်၏ ကောင်းကင်ယံ၌ တိမ်မည်းများ ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်း ချက်ချင်း မှောင်အတိ ကျသွားတော့သည်။
လုချန်း၏ ကျင့်စဉ်အဆင့် သူထက် မြင့်မားသည်ကို ယန်ရန် အာရုံခံမိသော်လည်း နာကျည်းမှုများက သူ့ကို ဆင်ခြင်တုံတရား ကင်းမဲ့သွားစေခဲ့ပြီ ဖြစ်သည်။
***