ကောက်ရှီယွမ် သိသလောက်တော့ လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ ကောင်းကင်နတ်အဆင့်ထက် မြင့်မားသူများသည် အဖော်ရှာသည့် အလေ့အထ အလွန်နည်းပါး၏။
ထိုအထဲတွင် သူမနှင့် ရှောင်ရွှီရင်တို့ နှစ်ဦးလုံးနှင့်လည်း ပါဝင်သည်။
သို့သော် ယခုတော့ ရှောင်ရွှီရင်၌ အဖော်တစ်ဦး ရှိနေခဲ့ပြီဖြစ်ပြီး ထိုသူမှာ နန်းတော်သခင်၏ တပည့်ရင်း ဖြစ်၏။ သူမ၏စိတ်ထဲ ငြူစူခြင်းမရှိသော်လည်း အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်မိသည်။
ထိုအခိုက်အတန့်တွင် အဆောင်အတွင်းသို့ ရှောင်ရွှီရင် ရောက်ရှိလာ၏။ ကောက်ရှီယွမ်ကို မြင်လျှင် ရှောင်ရွှီရင်၏ စိတ်နှလုံးထဲ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
အဆင်ပြေပါသည်ဟု လုချန်းက ပြောခဲ့သော်လည်း သူနှင့် လုချန်း၏အကြောင်းကို ယဲ့ချူယောင်အား ကောက်ရှီယွမ်က ပြန်ပြောပြမည်ကို သူမ စိုးရိမ်နေမိခြင်း ဖြစ်သည်။
ရှောင်ရွှီရင်က ပြုံးလျက် ကောက်ရှီယွမ်ကို
“စီနီယာအစ်မ... ဘာလို့ တံခါးပိတ်ကျင့်စဉ်ကနေ ဒီလောက်တောင် စောစောထွက်လာတာလဲ။”
ရှောင်ရွှီရင်၏ အပြစ်ရှိသည့် မျက်နှာထားကို ကောက်ရှီယွမ် ချက်ချင်းပင် ရိပ်မိလိုက်၏။ သူမကို ရှာရန် ရှောင်ရွှီရင် အဘယ်ကြောင့် ရောက်လာသည်ကိုလည်း ခန့်မှန်းမိသွားသည်။
ထို့နောက် ကောက်ရှီယွမ်က
“စိတ်မပူပါနဲ့ ညီမလေး... မင်းနဲ့ ဂျူနီယာမောင်လေး ချန်းတို့အကြောင်းကို အစ်မယဲ့ကို အစ်မ ပြန်မပြောပါဘူး။”
ထိုစကားကို ကြားလျှင် ရှောင်ရွှီရင် အနည်းငယ် မှင်တက်သွားမိသည်။
ထို့နောက် သူမက
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”
ထိုသို့ပြောပြီးနောက် အဆောင်ငယ် အတွင်းရှိ ကျောက်စားပွဲ၌ ရှောင်ရွှီရင် ဝင်ထိုင်လိုက်၏။ ထိုစဉ် ကောက်ရှီယွမ်က ဆက်လက်၍
“အစ်မ ကျင့်စဉ်ကနေ စောစောထွက်လာရတဲ့ အကြောင်းအရင်းက အစ်မယဲ့က ဆက်သွယ်ရေး အင်းကတစ်ဆင့် အစ်မကို လာရှာလို့ပါ။”
ရှောင်ရွှီရင်က
“အစ်မယဲ့က ဘာပြောလို့လဲ”
ကောက်ရှီယွမ်က
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဂျူနီယာမောင်လေး ချန်း ဘာတွေလုပ်နေလဲလို့ပဲ သူက မေးတာပါ။ သူ ကျင့်စဉ်ကျင့်နေတယ်လို့ပဲ အစ်မ ပြန်ပြောလိုက်တယ်။”
ထိုအခိုက်မှာပင် ကောက်ရှီယွမ်က
“ဂျူနီယာမောင်လေး ချန်း ရှန်ရှမြို့ကနေ ဘယ်တော့လောက် ထွက်ခွာမှာလဲ။”
သူမအနေနှင့် အဆင့်တက်ရန် နီးကပ်နေပြီဖြစ်ကြောင်း ကောက်ရှီယွမ် ခပ်ပါးပါး ခံစားမိနေ၏။ သို့သော် ရှန်ရှမြို့ရှိ စိတ်ဝိညာဉ်စွမ်းအားက အလွန်နည်းပါးလွန်းရာ သူမ၏ အဆင့်တက်မှုအတွက် မသင့်လျော်ပေ။
“စီနီယာအစ်မက ရှန်ရှမြို့ကနေ ထွက်သွားချင်လို့လား။”
“အစ်မ အဆင့်တက်တော့မယ့်သဘော ရှိနေလို့ပါ။”
ကောက်ရှီယွမ်၏ ဆိုလိုရင်းကို ရှောင်ရွှီရင် ချက်ချင်းပင် နားလည်လိုက်၏။ ကောင်းကင်နတ်အဆင့်မှ စစ်မှန်သောနတ်အဆင့်သို့ တက်လှမ်းရန် ပေါကြွယ်ဝသော ဝိညာဉ်စွမ်းအားများ လိုအပ်သည်။
ရှန်ရှမြို့ရှိ ဝိညာဉ်စွမ်းအားများသည် ကောက်ရှီယွမ်အား စစ်မှန်သောနတ်နယ်ပယ်သို့ ရောက်ရှိအောင် မပံ့ပိုးပေးနိုင်ချေ။
“ဒါဆို မောင်လေးကို ကျွန်မ နောက်ကျရင် ပြောပြပေးပါ့မယ်”
“ကျေးဇူးပါ ညီမလေး”
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် ကောက်ရှီယွမ်က
“ညီမလေး... ဒါက မင်းရဲ့ဆန္ဒအရပဲလား”
ရှောင်ရွှီရင်၏ ပါးပြင်နှစ်ဖက် အနည်းငယ် ရဲတက်သွားကာ သူမက
“စီနီယာအစ်မ... ဘာလို့ ဒီလိုမေးတာလဲ”
“ဂျူနီယာမောင်လေး ချန်းက နန်းတော်သခင်ရဲ့ တပည့်ရင်း ဖြစ်နေလို့ပါ။ မင်းကို သူက အကျပ်ကိုင်တာမျိုး ဖြစ်မှာ စိုးရိမ်လို့။”
“စိတ်မပူပါနဲ့ အစ်မ... ဒါ ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒပါ”
“မင်းရဲ့ဆန္ဒဆိုရင်တော့ ပြီးတာပါပဲ။”
“စီနီယာအစ်မ ကောက်ကရော... စစ်မှန်သောနတ်အဆင့်ကို ရောက်သွားပြီးရင် အဖော်ရှာဖို့ အစီအစဉ် ရှိလား။”
ထိုအရာကို ကြားလျှင် လုချန်း၏ ပုံရိပ်က ကောက်ရှီယွမ်၏ စိတ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်လာ၏။ ထို့နောက် သူမက ခါးသီးစွာ ပြုံးလိုက်ပြီး
“အစ်မက လမ်းစဉ်ထဲကိုပဲ စိတ်နှစ်ထားတာပါ။ ဒီဘဝမှာတော့ အဖော်ရှာဖို့ စိတ်ကူးမရှိပါဘူး။”
လွန်ခဲ့သော နှစ်သန်းထောင်ပေါင်းများစွာက အဖော်တစ်ဦး ရှာဖွေရန် သူမ စိတ်ကူးယဉ်ခဲ့ဖူး၏။ သို့သော် ကံဆိုးစွာဖြင့် သူမမြတ်နိုးရသည့် အမျိုးသားက သူမကို မချစ်ပဲ လျှို့ဝှက်လဝန်းနန်းတော်၏ သူတော်စင်မကိုသာ စိတ်ဝင်စားခဲ့သည်။
ကောက်ရှီယွမ်၏ စိတ်အခြေအနေ ညိုးငယ်နေသည်ကို ရှောင်ရွှီရင် သတိပြုမိသွား၏။ သူမ၌ မြတ်နိုးရသူ ရှိနေနိုင်သည်ဟု သံသယဝင်သွားသဖြင့် ထိုအကြောင်းအရာကို ရှောင်ရွှီရင် ဆက်မပြောတော့ပေ။
…….
တစ်ချိန်တည်းမှာပင်...
ထျန်းရှ နတ်ဘုရား နိုင်ငံတော်။
အန်းယွမ်ဘုရင်၏ နယ်မြေအတွင်း၌။
ခမ်းနားထည်ဝါသော နန်းတော်အတွင်းရှိ ပလ္လင်ပေါ်တွင် သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး ထိုင်နေ၏။ ခန်းမအတွင်း ဒူးထောက်နေသူကို ကြည့်ကာ သူက
“ပြောစမ်း... ကျုပ်ကိုတွေ့ဖို့ ခင်ဗျား ဒီလောက်တောင် ကြိုးစားနေရတာ ဘာကိစ္စလဲ။”
“အရေးမပါတဲ့ ကိစ္စမျိုးသာဆိုရင်တော့... ဘာဖြစ်လာမလဲဆိုတာ ခင်ဗျား သိထားသင့်တယ်။”
အခုတလော အန်းယွမ်ဘုရင်၏ နယ်မြေအတွင်း၌ လူအချို့က သူနှင့်တွေ့ဆုံရန် အပြင်းအထန် ကြိုးပမ်းနေကြ၏။ သူ စိတ်ဝင်စားမည့်အရာများ ရှိသည်ဟုလည်း ထိုသူများက ဆိုကြသည်။
ထို့ကြောင့် ထိုသူတို့၏ လုပ်ရပ်များသည် အန်းယွမ်ဘုရင်၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွား၏။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်း မတည်မငြိမ် ဖြစ်နေသည့်အတွက် သူနှင့် အခြားသော ဘုရင်များသည် အခြေအနေအရပ်ရပ်ကို အလွန် သတိထားနေကြရသော အချိန်လည်းဖြစ်သည်။
ကျားဝမ်ရွှီက သူ၏ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ရင်း
“မဟာဘုရင်... ကျုပ် ချန်ဘုရင်ရဲ့ သတင်းအစအနကို ရှာတွေ့ခဲ့ပါတယ်။”
ထိုအရာကို ကြားလျှင် အန်းယွမ်ဘုရင် ပလ္လင်ပေါ်မှ ချက်ချင်းပင် ထရပ်လိုက်၏။ ထို့နောက် သူ၏ အငွေ့အသက်များကို အရှိန်ကုန် ထုတ်လွှတ်လိုက်ရာ ကျားဝမ်ရွှီလည်း ကြမ်းပြင်ပေါ်သို့ ဝပ်စင်းသွားရသည်။
“ဘာ... ချန်ဘုရင် ဟုတ်လား”
ထိုစကားကို ကြားပြီးနောက် လုကျင် မယုံနိုင်သလို ဖြစ်သွား၏။
ချန်ဘုရင်သည်လွန်ခဲ့သော နှစ်သန်း ထောင်ပေါင်းများစွာက ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီး ထိုနေရာမှာပင် သေဆုံးသွားခဲ့သည် မဟုတ်ပါလား။
ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် အသက်ရှင်လွတ်မြောက်လာသူဟူ၍ သူ တစ်ခါမှ မကြားဖူးခဲ့ချေ။
လုကျင်သည် သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ၏ အငွေ့အသက်များကိုလည်း ပြန်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူက
“ခင်ဗျား ဘာတွေပြောနေတာလဲဆိုတာရော သိရဲ့လား”
“ချန်ဘုရင်က လွန်ခဲ့တဲ့ နှစ်သန်းထောင်ချီကတည်းက ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်သွားခဲ့တာ။ သူက ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ။”
“အခုမှ ဒါကို လာပြောရတဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။”
ထိုအရာကို ကြားလျှင် ကျားဝမ်ရွှီက အလျင်အမြန်ပင်
“မဟာဘုရင်... ကျုပ်က ချန်ဘုရင်ရဲ့ နောက်လိုက်ဟောင်း တစ်ယောက်ပါ။ ကျုပ် မလိမ်ပါဘူး။ ချန်ဘုရင်ရဲ့ သတင်းအစအနကို တကယ် တွေ့ခဲ့တာပါ။”
ကြမ်းပြင်ပေါ်တွင် တုန်တုန်ယင်ယင် ဖြစ်နေသော ကျားဝမ်ရွှီကို ကြည့်ကာ လုကျင် တွေးတောမိ၏။
ဤအမျိုးသားက လိမ်လည်နေသည့်ပုံ မပေါ်ပေ။ သို့သော် ချန်ဘုရင်က ကစဉ့်ကလျား ပင်လယ်ထဲမှ မည်သို့ ပြန်ထွက်လာနိုင်ပါသနည်း။ ချန်ဘုရင်၏ အမည်ကို အသုံးချကာ ပြဿနာရှာရန် ကြိုးပမ်းနေသည့် အတုအယောင် တစ်စုံတစ်ဦးလား။
သို့သော် ချန်ဘုရင်သည် လွန်ခဲ့သော နှစ်သန်းပေါင်း ထောင်ချီကတည်းက ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။ ဤနေရာတွင် သူ၏ ဩဇာအာဏာလည်း မရှိတော့ပေ။
သူ၏ အမည်ကို အသုံးပြုရုံဖြင့် အဘယ်အရာကို လုပ်ဆောင်နိုင်ပါမည်နည်း။
မည်သူကမှ ပြဿနာရှာရန်အတွက် ချန်ဘုရင်အဖြစ် ဟန်ဆောင်မည် မဟုတ်ပေ။
လုကျင်က
“ပြောစမ်း... ချန်ဘုရင် အသက်ရှင်နေသေးတယ်ဆိုတာကို ခင်ဗျား ဘယ်လို သိတာလဲ။”
ကျားဝမ်ရွှီက စကားများများမပြောတော့ပဲ အမွေးဖြူမြို့ မြို့တော်ဝန်စံအိမ်ရှိ စစ်သား၏ ဦးနှောက်ထဲမှ ထုတ်ယူထားသော မှတ်ဉာဏ်များကို တိုက်ရိုက်ပင် ထုတ်ပြလိုက်၏။ ထိုအခိုက်မှာပင် အမွေးဖြူမြို့၌ရှိစဉ်က လုချန်း၏ ပုံရိပ် ခန်းမကြီးအတွင်း ပေါ်ပေါက်လာတော့သည်။
လုချန်း၏ ပုံရိပ်ကို မြင်လျှင် လုကျင် တုန်လှုပ်သွားမိ၏။ ထိုသူ၏ အဆင့်သည် နတ်ဘုရင် အဆင့်သို့ မရောက်ရှိသေးသော်လည်း ရုပ်ရည်ကတော့ လုချန်းနှင့် အတိအကျပင် တူညီနေသည်။
အတန်ကြာပြီးနောက် လုကျင်က
“လုချန်းနဲ့ ရုပ်တူတဲ့လူ တစ်ယောက်ပဲလေ။ ဒါနဲ့တင် သူက လုချန်းပါလို့ သက်သေပြဖို့ မလုံလောက်သေးဘူး။”
ထျန်းရန် နတ်ဘုရား နယ်မြေသည် အလွန်ကျယ်ပြောလှပြီး လူပေါင်း မရေမတွက်နိုင်အောင် ရှိသည်။ လုချန်းနှင့် ရုပ်ချင်းဆင်တူသူ ရှိနေခြင်းက မဆန်းပေ။
သူကိုယ်တိုင်ပင်လျှင် လုပ်ကြံခံရမှုမှ ကာကွယ်ရန် သူနှင့် ရုပ်တူသူ အမြောက်အမြားကို ပြင်ဆင်ထားခဲ့ဖူး၏။
ကျားဝမ်ရွှီက
“သခင်... ဒါတစ်ခုတည်းဆိုရင်တော့ ချန်ဘုရင်လို့ သက်သေပြဖို့ မလုံလောက်တာ အမှန်ပါပဲ။ ဒါပေမဲ့ အဲ့ဒီလူ အမွေးဖြူမြို့ကို ရောက်လာကတည်းက မြို့တော်ဝန်က အရင်းအမြစ်တွေကို စုဆောင်းပြီး မြို့ကို အင်တိုက်အားတိုက် တိုးချဲ့လာပါတယ်။ သူ့ရဲ့ အင်အားကိုလည်း သိသိသာသာ ချဲ့ထွင်နေပါတယ်။”
“အရင်က အမွေးဖြူမြို့ မြို့တော်ဝန်က အေးအေးဆေးဆေးပဲ နေခဲ့တာပါ။ အခုလို တက်ကြွနေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါက ချန်ဘုရင်ရဲ့ အမိန့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။”
တွေးတောခြင်းထဲသို့ လုကျင် နစ်မြောသွား၏။ ဧကရာဇ် အဆင့် တစ်ဦးပင်လျှင် ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်သွားပါက ပြန်ထွက်မလာနိုင်ပေ။
လုချန်းကတော့ နတ်ဘုရင် အဆင့်မျှသာ ရှိခဲ့သည် မဟုတ်ပါလား။
သူက ကစဉ့်ကလျား ပင်လယ်ထဲမှ မည်သို့ အသက်ရှင်လွတ်မြောက်နိုင်မည်နည်း။
ထိုစဉ်က လုချန်း ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်သွားသည်ကို အင်အားစု အမြောက်အမြား မြင်တွေ့ခဲ့ကြ၏။ သူကိုယ်တိုင်ပင်လျှင် ထိုနေရာ၌ ရှိနေခဲ့ခြင်း ဖြစ်သည်။
လုချန်းက ဘယ်လိုလုပ်ပြီး ပြန်ထွက်လာခဲ့သနည်း။
တစ်ခုခုတော့ တစ်ခုခုပင်...
လုချန်းက ကစဉ့်ကလျား ပင်လယ်ထဲသို့ လုံးဝ ဝင်မသွားခဲ့ပဲ ရုပ်တူသူ သို့မဟုတ် ကိုယ်ပွား တစ်ဦးကိုသာ လွှတ်ခဲ့ခြင်းများလား။ ထျန်းရန် နတ်ဘုရား နယ်မြေ၏ တစ်နေရာရာတွင် လုချန်းအစစ် ပုန်းအောင်းနေခဲ့ခြင်းလား။
***