ကောက်ရှီယွမ် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်ရောက်သွားပြီးနောက် နှင်းခဲမြို့မှ ဝိညာဉ်စွမ်းအား အမြောက်အမြား သူတို့၏ အဆောင်အတွင်းသို့ တိုးဝင်လာပြီး စွမ်းအားဝဲကယက်တစ်ခု ဖြစ်ပေါ်လာ၏။
ဝိညာဉ်စွမ်းအားများ စီးဝင်လာသည်နှင့်အမျှ ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ အဆင့်တက်လိုသော ခံစားချက်လည်း ပိုထင်ရှားလာခဲ့သည်။ ထို့နောက်တွင် နှင်းခဲမြို့၏ ကောင်းကင်ယံထက်၌ ရေခဲဖြင့် ချိပ်ပိတ်ထားသော လမ်းစဉ်တစ်ခု ပေါ်ပေါက်လာ၏။
ဤအရာသည် ဓာတ်ကြီးလေးပါးလမ်းစဉ်တစ်ခုဖြစ်သလို ကောက်ရှီယွမ်၏ လမ်းစဉ်ဖြစ်သော နှင်းနှင့်ရေခဲလမ်းစဉ်လည်း ဖြစ်သည်။
နှင်းခဲမြို့သည် ကောက်ရှီယွမ် အဆင့်တက်ရန်အတွက် အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်ပေသည်။
ကောက်ရှီယွမ်က နှင်းနှင့်ရေခဲလမ်းစဉ်ကို ကျင့်ကြံနေသည်ကို သိသောကြောင့် လုချန်း ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
လမ်းစဉ်၏ နိမိတ်ပုံရိပ် ပေါ်ပေါက်လာသည်နှင့်အမျှ နှင်းခဲမြို့တွင် နှင်းမုန်တိုင်းများ တိုက်ခတ်လာပြီး အပူချိန်လည်း သိသိသာသာ ထိုးဆင်းကာ ပို၍အေးစိမ့်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် နှင်းခဲမြို့သို့ လာရောက်သူ အများစုမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျင့်ကြံသူများသည် နှင်းမုန်တိုင်းနှင့် အေးစိမ့်သော အပူချိန်ကို သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများဖြင့် ခုခံနိုင်ကြပြီး နတ်များအတွက်မူ ဤမျှလောက် အအေးဒဏ်က ဘာမှမဟုတ်ပေ။
သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်မှ နှင်းများ ပိုမိုသည်းထန်လာပြီး လေထုအတွင်းရှိ နှင်းနှင့်ရေခဲစွမ်းအားများလည်း ကစဉ့်ကလျား ဖြစ်လာမည့် အရိပ်အယောင်များ ပြလာ၏။
ထိုအခိုက်တွင် ပို၍ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသော နှင်းနှင့်ရေခဲစွမ်းအား ကောက်ရှီယွမ်၏ အခန်းထဲမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုစွမ်းအားများ ပျံ့နှံ့သွားသည်နှင့်အမျှ လူကြီးလက်သီးဆုပ်ခန့်ရှိသော မိုးသီးများ ကောင်းကင်ယံမှ ချက်ချင်း ကြွေကျလာ၏။
ထို့ပြင် ဤမိုးသီးများသည် အလွန်လျင်မြန်စွာ ကျဆင်းလာခြင်းဖြစ်သည်။ နှင်းခဲမြို့ရှိ လူအများစုသာ ကျင့်ကြံသူများ မဟုတ်ပါက ဤမျှကြီးမားသော မိုးသီးများကြောင့် လူမည်မျှ သေကြေပျက်စီးသွားမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
လေထုအတွင်း ပျံ့နှံ့နေသော ကစဉ့်ကလျား နှင်းနှင့်ရေခဲစွမ်းအားကို လုချန်း ခံစားမိလိုက်ရာ ကောက်ရှီယွမ်၏ ကျင့်ကြံမှု တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ သိလိုက်ရ၏။
ထိုအခိုက်အတန့်တွင် သူ ထလိုက်ပြီး ကောက်ရှီယွမ်၏ အခန်းတံခါးဝသို့ ရောက်လာသည်။
သို့သော် သူ ချက်ချင်း ဝင်မသွားခဲ့ပေ။ လူတစ်ဦး အဆင့်တက်နေချိန်၌ မိစ္ဆာစိတ်များ ဝင်ရောက်လာရန် အလွန်လွယ်ကူလှ၏။ ဤအချိန်၌ နှောင့်ယှက်ခံရပါက မိစ္ဆာလမ်းစဉ်သို့ ကျရောက်သွားနိုင်ခြေ အလွန်များသည်။
သို့သော် သူ ဒီအတိုင်း ပစ်ထား၍ မရနိုင် ပေ။ ကောက်ရှီယွမ်၏ ကျင့်ကြံမှုတွင် ပြဿနာရှိနေတာ ထင်ရှားသောကြောင့် တစ်စုံတစ်ရာ ဆိုးဆိုးရွားရွား ဖြစ်လာပါက ဝင်ရောက်ကူညီနိုင်ရန် တံခါးဝ၌ လုချန်းအသင့် စောင့်ဆိုင်းနေလိုက်၏။
ထိုအခိုက်တွင် ကောက်ရှီယွမ်၏ အခန်းထဲမှ ထွက်ပေါ်နေသော နှင်းနှင့်ရေခဲစွမ်းအား ပို၍ပြင်းထန်လာပြီး ကောင်းကင်မှ ကျလာသော မိုးသီးများလည်း ပို၍ ကြီးမားလာသည်။
ခဏခန့်အတွင်းပင် ကျင့်စဉ်နိမ့်ပါးသော ကျင့်ကြံသူများ မိုးသီးဒဏ်ကို မခံနိုင်တော့ချေ။ ကျင့်ကြံသူများ၏ အဆောင်များ၌ ချမှတ်ထားသော အချို့သော နည်းဗျူဟာပုံစံများသည် ကောင်းကင်မှကျသော မိုးသီးများကို အစပိုင်းတွင် ခုခံနိုင်သေး၏။
သို့သော် နှင်းနှင့်ရေခဲစွမ်းအားများ သောင်းကျန်းလာသည်နှင့်အမျှ နှင်းခဲမြို့အတွင်းရှိ များပြားလှသော နည်းဗျူဟာပုံစံများလည်း မိုးသီးဒဏ်ကြောင့် ပျက်စီးသွားရ၏။
ထိုအခိုက်တွင် အခန်းတွင်းရှိ ကောက်ရှီယွမ်သည် မျက်ခုံးနှစ်ခုကို ကျုံ့ထားပြီး မျက်ဝန်းအစုံကို ပိတ်ထားကာ သူမ၏ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ရင်နေသည်။ သူမ၏ စိတ်ထဲတွင် လုချန်းနှင့်အတူ လျှို့ဝှက်နယ်မြေအတွင်း ရှိနေခဲ့သည့် ပုံရိပ်များမှာ တရစပ် ပေါ်ပေါက်နေ၏။
ထို့နောက်တွင် ကောက်ရှီယွမ်၏ ခန္ဓာကိုယ်မှ နီရဲသော နတ်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ သူမ မိစ္ဆာလမ်းစဉ်အတွင်း ကျရောက်နေသည်ကို သတိပြုမိသည်နှင့် လုချန်းလည်း တုံ့ဆိုင်းမနေပဲ တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ တိုက်ရိုက် ဝင်သွားလိုက်၏။
“ဟင့်အင်း... ထွက်မသွားပါနဲ့... လုချန်း... ပြန်လာခဲ့ပါ...”
ကောက်ရှီယွမ် တတွတ်တွတ် ရေရွတ်နေသည်။
ထိုစကားများကို ကြားသောအခါ လုချန်း ခဏခန့် မှင်တက်သွား၏။ ကောက်ရှီယွမ်၏ စိတ်မိစ္ဆာက သူ့ကြောင့် ဖြစ်နေလိမ့်မည်ဟု လုချန်း လုံးဝ ထင်မထားခဲ့ချေ။
ဟိုတုန်းက လျှို့ဝှက်နယ်မြေတွင် သူ စိတ်ကူးပေါက်သဖြင့် သူမကို ကယ်တင်ခဲ့ခြင်းသာ ဖြစ်သည်။ စနစ်၏ အချက်အလက်များသာ မရှိပါက ဤကဲ့သို့သော လူတစ်ယောက် ရှိခဲ့သည်ကို သူ မေ့သွားလောက်ပြီ ဖြစ်သည်။
ထိုစဉ် ကောက်ရှီယွမ်၏ ဘေးသို့ လုချန်း ချက်ချင်း ရောက်သွားပြီးနောက် ညင်သာစွာ ပြောလိုက်၏။
“ကျုပ် ဒီမှာ ရှိနေတယ်...”
လုချန်း၏ အသံကို ကြားလျှင် ကောက်ရှီယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နီရဲသော နတ်အငွေ့အသက်များ ချက်ချင်း ပြန်လည် ဆုတ်ခွာသွားပြီး နှင်းနှင့်ရေခဲစွမ်းအားများမှာလည်း သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း ပြန်ဝင်သွား၏။
သို့သော် ထိုအခိုက်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နှင်းနှင့်ရေခဲစွမ်းအားများ တစ်ဖန် ပြန်လည် သောင်းကျန်းလာပြန်သည်။ သူမ၏ ခေါင်းကို အဆက်မပြတ် ခါယမ်းရင်း
“သေပြီ... လုချန်းက သေသွားပြီ...”
“သူ ပြန်လာမှာ မဟုတ်တော့ဘူး...”
“အား”
ရုတ်တရက်ဆိုသလို သူမ၏ ခန္ဓာကိုယ်မှ ပိုမိုပြင်းထန်သော နှင်းနှင့်ရေခဲစွမ်းအားများ ပေါက်ကွဲထွက်လာပြီးနောက် ကောင်းကင်ယံ၌ တိမ်မည်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက်တွင် ကောင်းကင်မှ ရေခဲချွန်များစွာ ကြွေကျလာရာ နှင်းခဲမြို့ရှိ ကျင့်ကြံသူများလည်း နေရင်းထိုင်ရင်း ဘေးဒုက္ခကြုံလာရသဖြင့် ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။
အပြင်ဘက်ရှိ အခြေအနေကို ခံစားမိသည်နှင့် ထာဝရစိမ်းလန်းအသက်ရှည်ကျင့်စဉ်ကို လုချန်း ချက်ချင်း အသုံးပြုလိုက်သည်။ သို့သော် နတ်တစ်ပါးအတွက်မူ ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်၏ ကုသမှုက မလုံလောက်ကြောင်း ထင်ရှားလှသည်။
ထို့ကြောင့် ဖန်တီးခြင်းလမ်းစဉ်၏ စွမ်းအားကို လုချန်း ထုတ်ဖော်လိုက်၏။ လမ်းစဉ်၏ စွမ်းအားများ ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသောအခါ သောင်းကျန်းနေသော နှင်းနှင့်ရေခဲစွမ်းအားလည်း နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားသည်။
သို့သော် ဖန်တီးခြင်းလမ်းစဉ်တွင် ပါရှိသော အမည်းရောင် အငွေ့အသက်များ ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နေသည်ကို လုချန်း မကြာမီ တွေ့ရှိလိုက်ရ၏။
ဤအမည်းရောင် အငွေ့အသက်များသည် လမ်းစဉ်နိယာမများကိုပင် တိုက်စားနိုင်စွမ်း ရှိ၏။ ၎င်းတို့ ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားပါက သူမကို ထိခိုက်ပျက်စီးသွားစေနိုင်သည်။
လုချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ ဖန်တီးခြင်းလမ်းစဉ်ပင် ဤထူးဆန်းသော စွမ်းအား၏ တိုက်စားမှုကို ခံနေရပါက ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းရှိ လူတိုင်းသည်လည်း နောက်ဆုံးတွင် တိုက်စားခံရမည် မဟုတ်ပါလား။
လူသားတိုင်းနှင့် သက်ရှိတိုင်းသည် ဖန်တီးခြင်းလမ်းစဉ်နှင့် ဆက်နွယ်နေကြသည်။ ဖန်တီးခြင်းလမ်းစဉ် ထိခိုက်သွားပါက လူသားတိုင်းနှင့် သက်ရှိတိုင်း၏ သက်တမ်းလည်း ထိခိုက်သွားမည် ဖြစ်သည်။
သို့သော် ယခုအချိန်က ထိုအရာများကို စိုးရိမ်နေရမည့် အချိန် မဟုတ်ပေ။ ကောက်ရှီယွမ်ကို စိတ်မိစ္ဆာနယ်ပယ် အတွင်းမှ ပြန်လည် ဆွဲထုတ်ရန်က အရေးအကြီးဆုံး ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက သူမ အဆင့်မတက်နိုင်ရုံသာမက အသက်အန္တရာယ်ပင် ရှိလာနိုင်သည်။
ထို့နောက်တွင် နည်းလမ်းတစ်ခုကို လုချန်းစဉ်းစားမိလိုက်၏။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သောင်းကျန်းနေသော နှင်းနှင့်ရေခဲစွမ်းအားကို ငြိမ်သက်စေရန် စုံတွဲကျင့်စဉ်ကို အသုံးပြုခြင်းပင် ဖြစ်သည်။
ဤအခိုက်အတန့်၌ ပြင်းထန်သော နှင်းနှင့်ရေခဲစွမ်းအားကြောင့် ထိခိုက်သွားနိုင်သဖြင့် အခြားသူတစ်ယောက်သာဆိုလျှင်တော့ ကောက်ရှီယွမ်၏ အနားသို့ ချဉ်းကပ်ဝံ့မည် မဟုတ်ပေ။
သို့သော် လုချန်းကတော့ မတူပေ။ သူ၏ မူလအစလမ်းစဉ်က အခြားလမ်းစဉ်များကို ပုံတူကူးနိုင်၏။
ထို့ကြောင့် နှင်းနှင့်ရေခဲစွမ်းအားကို သူ ပုံတူကူးယူနိုင်သည်။ နှင်းနှင့်ရေခဲစွမ်းအားကို ထိန်းချုပ်ရန်အတွက် နှင်းနှင့်ရေခဲလမ်းစဉ်ကို သူ အသုံးပြုနိုင်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ သောင်းကျန်းနေသော လမ်းစဉ်စွမ်းအားများကို ငြိမ်သက်သွားစေနိုင်ပေလိမ့်မည်။
ထိုသို့တွေးတောရင်း လုချန်း တုံ့ဆိုင်းမနေပဲ ကောက်ရှီယွမ်၏ အနားသို့ တိုက်ရိုက် ချဉ်းကပ်လိုက်၏။ သူတို့နှစ်ဦး၏ နှုတ်ခမ်းများ ထိလုနီးပါးအချိန်တွင် ကောက်ရှီယွမ် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူမ၏ မျက်ဝန်းအစုံသည် သွေးရောင်လွှမ်းနေပြီး သွေးကဲ့သို့ အလင်းတန်းများ ထွက်ပေါ်နေ၏။ သူမက
“ဟင့်အင်း...”
ဟု ပြောရင်း လုချန်းကို လက်ဖြင့် တွန်းထုတ်လိုက်သည်။
ကောက်ရှီယွမ် အဘယ်ကြောင့် ဤမျှ ငြင်းဆန်နေသည်ကို လုချန်း သိသောကြောင့် သူက စတင်၍
“ကျုပ်က လုချန်းပါ”
ချက်ချင်းဆိုသလို ကောက်ရှီယွမ် မှင်တက်သွားပြီး သူမ၏ မျက်ဝန်းရှိ သွေးရောင်များလည်း သိသိသာသာ လျော့ပါးသွား၏။ သို့သော် ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် သူမ သတိပြန်ဝင်လာဟန်ဖြင့်
“ဟင့်အင်း... ရှင်က လုချန်း မဟုတ်ပါဘူး... ရှင်က ချန်းလု။”
ကောက်ရှီယွမ် သတိအနည်းငယ် ပြန်လည် ရရှိလာဟန် ရှိသည်။ လုချန်းသည် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်သွားကတည်းက အသက်ရှင်လျက် ပြန်ထွက်လာရန် မဖြစ်နိုင်ဟု သူမ မြင်၏။
လုချန်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
လုချန်း
“ကျုပ်က ချန်းလုလည်း ဟုတ်သလို လုချန်းလည်း ဟုတ်ပါတယ်။ ရှီယွမ်... ကျုပ် ပြန်လာခဲ့ပြီ။”
ကောက်ရှီယွမ်က
“ဟင့်အင်း... ရှင် လုချန်း မဟုတ်ပါဘူး”
ဟု ဆက်လက် ငြင်းဆန်နေသည်။
လုချန်းက
“လျှို့ဝှက်နယ်မြေထဲမှာ ကျုပ်တို့ အတူဖြတ်သန်းခဲ့တဲ့ အကြောင်းတွေကို ကျုပ် မှတ်မိနေတုန်းပဲ။”
ထိုအရာကို ကြားလျှင် ရုန်းကန်နေခြင်းကို ကောက်ရှီယွမ် လုံးဝ ရပ်တန့်လိုက်ပြီး လုချန်းကို စိုက်ကြည့်နေတော့၏။
ထိုအခွင့်အရေးကို လုချန်း အရယူလိုက်ကာ သူမကို တိုက်ရိုက် နမ်းရှုံ့လိုက်သည်။ လုချန်းက သူမ၏ နှုတ်ခမ်းကို ပိတ်ဆို့လိုက်သည့် အခိုက်အတန့်တွင် ကောက်ရှီယွမ်၏ အသိစိတ်များ လုံးဝ ကြည်လင်သွားတော့သည်။
သို့သော် ထိုအချိန်တွင်တော့ နှင်းနှင့်ရေခဲစွမ်းအားအပေါ် ထိန်းချုပ်မှုကို သူမ လုံးဝ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ နှင်းနှင့်ရေခဲစွမ်းအားကို သူမ မခေါ်ယူနိုင်တော့သလို လုချန်းကို တွန်းထုတ်ရန် အင်အားလည်း မရှိတော့ချေ။
သူမ၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းရင်း လုချန်းကို တွန်းထုတ်နေသော်လည်း လုချန်းကတော့ သူမ၏ လုပ်ရပ်များကို ဂရုမစိုက်ပဲ နမ်းနေရင်းနှင့်ပင် သူမ၏ အဝတ်အစားများကို စတင်ထိတွေ့လိုက်သည်။
***