"မင်း..."
ကွမ်ကျီဝမ့်၏ မျက်နှာအရောင် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် စီးဆင်းနေသော ရေများကဲ့သို့ တုန်ခါရွေ့လျားသွားကာ အေးစက်စွာ လှောင်ပြုံးလိုက်လေသည်။
"ဟက်ဟက်... ငါ မင်းကို ကြောက်နေတယ်လို့ မထင်လိုက်နဲ့၊ ဒီချပ်ဝတ်တန်ဆာရဲ့ စွမ်းအားနဲ့ဆိုရင် ငါက တကယ်ကို မသေနိုင်၊ မပျက်စီးနိုင်တဲ့သူ ဖြစ်သွားပြီ... မင်းက..."
ကွမ်ကျီဝမ့် စကားမဆုံးသေးခင်မှာပင် ရွှယ်အန်း၏ ပုံရိပ်သည် မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင်တော့ သူ၏အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤတစ္ဆေသရဲကဲ့သို့သော အမြန်နှုန်းကြောင့် ကွမ်ကျီဝမ့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်း၏ အေးစက်သော အသံကို ကြားလိုက်ရသည်။
"မသေနိုင်၊ မပျက်စီးနိုင်ဘူး ဟုတ်လား... ကောင်းပြီလေ၊ ဒါဆိုရင် မင်း ပြာကျပျောက်ကွယ်သွားတဲ့အထိ ငါ ရိုက်သတ်ပေးမယ်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်ကိုမြှောက်ကာ နောက်ထပ် အစွမ်းထက်သော လက်သီးတစ်ချက်ကို ထိုးချလိုက်လေသည်။ ဤလက်သီးချက်သည် အချိန်နှင့် လေဟာနယ်တို့၏ နယ်နိမိတ်များကို ကျော်လွန်သွားသကဲ့သို့ပင်ထင်ရသည်။ ကွမ်ကျီဝမ့်သည် ရှောင်တိမ်းလိုသော်လည်း သူ့ကို ခိုင်မြဲစွာ ချိန်ရွယ်ပစ်မှတ်ထားပြီးဖြစ်၍ လုံးဝ ရှောင်တိမ်း၍မရနိုင်ကြောင်း ကြောက်မက်ဖွယ်ကောင်းအောင် တွေ့ရှိလိုက်ရသည်။
ဘုန်း!
မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော စွမ်းအားလှိုင်းကြီးတစ်ခုသည် အကြမ်းပတမ်း ပြန့်ထွက်သွားပြီး ပြင်းထန်လှသော အသံလှိုင်းများကြောင့် ဗိမာန်တော်တစ်ခုလုံးပင် တုန်လှုပ်သွားလေသည်။ ကွမ်ကျီဝမ့်၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး ရွှယ်အန်း၏ ကြီးမားလှသော လက်သီးစွမ်းအားအောက်တွင် ကြယ်ကြွေတစ်ခုကဲ့သို့ လွင့်စင်ထွက်သွားလေတော့သည်။
ဗိမာန်တော်၏ အမိုးခုံးပေါ်ရှိ အလှဆင်အမွှမ်းများမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး တောက်ပနေသော ဝိညာဉ်ပုလဲများသည်လည်း ဝုန်းကနဲ ပြန့်ကျဲကျဆင်းလာလေသည်။ ကွမ်ကျီဝမ့်၏ ခန္ဓာကိုယ်သည် အမိုးခုံးကို လူပုံစံ အပေါက်ကြီးဖြစ်သွားအောင် ထိုးဖောက်သွားပြီးနောက် အဝေးရှိ အဆောက်အအုံတစ်ခုဆီသို့ အဟုန်ဖြင့် ဝင်တိုက်မိသွားလေသည်။
ကွမ်ကျီဝမ့်သည် အဆောက်အအုံ ဒါဇင်ပေါင်းများစွာကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ပြီး နောက်ဆုံးတွင် ဇိမ်ခံအဆောက်အအုံကြီးတစ်ခုကို ဝင်တိုက်မိပြီးမှ ရပ်တန့်သွားလေတော့သည်။ လီဟန်မြို့တော်အတွင်းရှိ အစွမ်းထက် သိုင်းပညာရှင်များနှင့် အင်အားစုအသီးသီးမှာ ဤမြင်ကွင်းကို ကြည့်ကာ ဆွံ့အမှင်တက်သွားကြလေသည်။
၎င်းမပြိုကျမီလေးတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးသည်လည်း ပြုတ်ကျလာပြီး အပိုင်းပိုင်းအစစ ကွဲကြေသွားလေသည်။ ထိုဆိုင်းဘုတ်ပေါ်တွင် သွေးကျားရဲတိုက် ဟူသော စာလုံးကြီး သုံးလုံး ရေးသားထားလေသည်။
"အခုလေးတင်... လွင့်ထွက်သွားတဲ့သူက သွေးကျားရဲတိုက်က ရဲတိုက်သခင် ကွမ်ကျီဝမ့်နဲ့ မတူဘူးလား"
လူတစ်ဦးက တုန်ယင်သောအသံဖြင့် မေးလိုက်သည်။
"ဟုတ်တယ်၊ ငါလည်း မြင်လိုက်တယ်၊ သူပဲ၊ ပြီးတော့... သူက ချပ်ဝတ်တန်ဆာကြီးကို ဝတ်ထားသေးတဲ့ပုံပဲ"
လူတိုင်းမှာ အံ့ဩမှင်တက်သွားကြလေသည်။ လီဟန်အရှင် ကျဆုံးသွားပြီးကတည်းက ကွမ်ကျီဝမ့်၏ စွမ်းအားသည် လီဟန်မြို့တော်တွင် ပထမနေရာ၌ ရှိနေသည်ဟု လူသိများကြသည်။ သို့တိုင်အောင် ထိုကဲ့သို့သော တည်ရှိမှုကြီးသည် သူ၏ ကိုယ်ပိုင်ရဲတိုက်ကိုပင် ဝင်တိုက်မိသည်အထိ လွင့်စင်သွားခဲ့ရလေသည်။
ထိုစဉ် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး လေဟာနယ်အလယ်တွင် အဖြူရောင်ဝတ် လူငယ်လေးတစ်ဦး ပေါ်လာလေသည်။ သူ၏ ရောက်ရှိလာမှုက လူအုပ်ကြီးကြားတွင် ပြင်းထန်သော လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။
"ဒီလူက ဘယ်သူလဲ"
"သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ သာလွန်တဲ့ အရှိန်အဝါကို ကြည့်ရုံနဲ့တင်... ဒီလူက သာမန်လူမဟုတ်ဘူးဆိုတာ ထင်ရှားတယ်"
အဝေးတစ်နေရာတွင် စုရုံးနေကြသော လူငယ်တစ်စုထဲမှ မိန်းမပျိုလေးများ၏ မျက်လုံးများမှာ အရောင်လဲ့သွားကြလေသည်။
"တကယ့်ကို ချောမောတဲ့ လူငယ်လေးပဲ"
သို့သော် သူတို့နှင့်အတူ ပါလာသော လူငယ်များကမူ မနာလိုစွာဖြင့် လှောင်ပြောင်လိာက်သည်။
"ဟွန့်... ရုပ်ချောနေတော့ရော ဘာလုပ်ရမှာလဲ စွမ်းအားမရှိရင် သူက အမှိုက်ကလွဲပြီး ဘာမှမဟုတ်ဘူး"
ထိုအချိန်တွင် ရွှယ်အန်းသည် လေဟာနယ်ထဲတွင် လက်နောက်ပစ်ကာ မတ်တပ်ရပ်နေပြီး အဝေးရှိ အပျက်အစီးများကို ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။
"ဒါလေးပဲလား, ဒီလိုမျိုး ရှုံးသွားမယ်ဆိုရင်တော့... မင်း အဲဒီချပ်ဝတ်တန်ဆာကို အလကား ဖြုန်းတီးပစ်လိုက်တာပဲ"
သူ၏စကားဆုံးသည်နှင့် မြေကြီးသည် တုန်ခါလာပြီး ကြီးမားလှသော စွမ်းအားလှိုင်းတစ်ခု ပေါ်ထွက်လာသည်။ အပျက်အစီးများသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး စကြဝဠာတစ်ခုလုံး ပဲ့တင်ထပ်သွားစေလောက်သော အစွမ်းထက်သည့် ကျားဟိန်းသံကြီးတစ်ခုနှင့်အတူ ကွမ်ကျီဝမ့် ပြန်လည် ထွက်ပေါ်လာလေသည်။
ဟိန်းဟောက်သံ မပျောက်ကွယ်မီမှာပင် ပုံရိပ်တစ်ခုသည် မိုးကြိုး၏ စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ယှဉ်ပြိုင်နိုင်စွမ်းမရှိသော အမြန်နှုန်းဖြင့် ပြေးဝင်လာလေသည်။ ထိုအမြန်နှုန်းမှာ အလွန်တရာ လျင်မြန်လှသဖြင့် လေဟာနယ်ထဲတွင် နက်ရှိုင်းသော ထွန်ကြောင်းကြီးတစ်ခုကိုပင် ဖန်တီးသွားလေသည်။
ပုံရိပ်သည် သူ၏အနီးသို့ နီးကပ်လုနီးပါး ရောက်ရှိလာချိန်မှသာ ရွှယ်အန်းသည် ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီးနောက် လက်ဝါးတစ်ချက် တွန်းထုတ်လိုက်ကာ ပြေးဝင်လာသော ပုံရိပ်ပေါ်သို့ တိုက်ရိုက် ဖိချလိုက်လေသည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အနီးနားရှိ လူအချို့မှာ စွမ်းအားလှိုင်းကြောင့် လွင့်စင်သွားကာ သွေးများ အန်ထွက်ကုန်ကြသည်။ လူတိုင်းမှာ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြရာ ကွမ်ကျီဝမ့်သည် လေထဲတွင် ရပ်တန့်နေပြီး သေးသွယ်နူးညံ့သော လက်ဝါးတစ်ဖက်က သူ၏ နဖူးပေါ်တွင် တင်နေသည်ကို မြင်တွေ့လိုက်ရသည်။
အစမှအဆုံးတိုင်အောင် ရွှယ်အန်းသည် သူ၏ ပခုံးများကို တစ်ချက်ကလေးပင် မလှုပ်ရှားခဲ့ဘဲ တည်ငြိမ်စွာ ရပ်နေခဲ့လေသည်။
***