သွေးကျားချပ်ဝတ်တန်ဆာကို အပြည့်အစုံ ဝတ်ဆင်ထားသော ကွမ်ကျိဝမ့်ကို ရွှယ်အန်းက လက်ဗလာသက်သက်ဖြင့် ရင်ဆိုင်တိုက်ခိုက်ပြီး အသာစီးရနေလိမ့်မည်ဟု မည်သူက တွေးတောမိပါမည်နည်း။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီးနောက် သူက ခေါင်းခါယမ်းလိုက်သည်။
"ချပ်ဝတ်တန်ဆာကတော့ မဆိုးပါဘူး ဒါပေမဲ့ သုံးတဲ့သူက အမှိုက်ဖြစ်နေတာ နှမြောစရာပဲ"
ရွှယ်အန်းကို ခါချရန် အစွမ်းကုန် ရုန်းကန်နေရသော ကွမ်ကျိဝမ့်မှာ ဤစကားကြောင့် မှင်တက်သွားပြီးနောက် ဒေါသတကြီး ပေါက်ကွဲသွားလေတော့သည်။
"သေစမ်း... အားးးး"
ကွမ်ကျိဝမ့်သည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် ပုံစံပြောင်းလဲစပြုလာလေသည်။ ကျားခေါင်းစစ်ဦးထုပ်မှာ ပေါင်းစပ်သွားပြီး လက်မောင်းနှင့် ခြေလက်များမှာ ပြောင်းလဲသွားကာ သွေးရောင်အစင်းကျားများပါရှိသော ဧရာမ ကျားကြီးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားလေတော့သည်။
ဧရာမ ကျားကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးတစ်ခု ထုတ်လွှတ်လိုက်ပြီးနောက် ရွှယ်အန်းကို ကိုက်ဖြတ်ရန် ၎င်း၏ မေးရိုးကြီးများကို ဖြဲဟလိုက်လေသည်။ အေးစက်သော သတ္တုရောင်များ တောက်ပနေသည့် ၎င်း၏ သွားများသည် လေဟာနယ်ကိုပင် ကိုက်ဖြတ်နိုင်စွမ်းရှိပုံရပြီး အနက်ရောင် အလင်းတန်းများကို ထုတ်လွှတ်နေလေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းက အော်ဟစ်ရယ်မောလိုက်သည်။
"ကောင်းပြီ... ဒါက စိတ်ဝင်စားစရာ ဖြစ်လာပြီပဲ"
ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ကျားကြီး၏ ခေါင်းဆီသို့ လက်လှမ်းလိုက်ပြီး ၎င်း၏ သွားနှစ်ချောင်းကို ဆွဲကိုင်လိုက်ကာ အေးစက်စွာ အော်ဟစ်လိုက်လေသည်။
"ထွက်သွားစမ်း"
ဘုန်း!
လက်မောင်းများမှ ခွန်အားများ ပေါက်ကွဲထွက်လာပြီးနောက် ရွှယ်အန်းသည် သတ္တုချပ်ဝတ်တန်ဆာဖြင့် ဖွဲ့စည်းထားသော ဧရာမ ကျားကြီးကို ဆောင့်ဆွဲလိုက်ပြီး လေထဲတွင် ဝှေ့ယမ်းကာ အဝေးသို့ ရိုက်ချလိုက်လေသည်။ ဧရာမ ကျားကြီးသည် မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း ပြန်လည်ပြေးတက်လာပြီး ၎င်း၏အမြီးဖြင့် ရွှယ်အန်းကို ရိုက်ချလိုက်ပြန်သည်။
သံမဏိကြာပွတ်တစ်ခုကဲ့သို့သော ထိုအမြီးသည် ရွှယ်အန်းဆီသို့ ရိုက်ချလာချိန်တွင် သနားစရာကောင်းလောက်အောင် မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။ သံသယဖြစ်ဖွယ်မရှိပင် အလွန်တရာ အစွမ်းထက်လှသော အင်မော်တယ်သခင်အဆင့် သိုင်းပညာရှင်တစ်ဦးပင်လျှင် ဤတိုက်ခိုက်မှုရှေ့တွင် ဆုတ်ခွာရမည်သာ ဖြစ်သည်။ သို့သော် ရွှယ်အန်းကမူ အားရပါးရ ရယ်မောလိုက်ပြီးနောက် အံ့မခန်းမြန်ဆန်သော အရှိန်ဖြင့် ထိုအမြီးကို ဖမ်းဆုပ်လိုက်မိပြီး သူ၏ လက်မောင်းများကို တစ်ချက် ခါယမ်းလိုက်လေသည်။
ဧရာမ ကျားကြီးသည် ကြောက်လန့်နေသော ကြောင်တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ပြီး ရွှယ်အန်း၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်ရန် ခြေလက်များကို ယက်ကန်ယက်ကန်ဖြင့် ကြိုးစားလေတော့သည်။ ရွှယ်အန်းသည် ၎င်းကို နောက်တစ်ကြိမ် လေထဲတွင် ဝှေ့ယမ်းလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင် ၎င်းသည် ယခင်ကထက် ပိုမိုမြန်ဆန်စွာ ကျဆင်းသွားပြီး မြေကြီးကို ကွဲကြေသွားစေကာ နက်ရှိုင်းသော ချိုင့်ခွက်ကြီးတစ်ခုကို ကျန်ရစ်စေခဲ့လေသည်။ သို့ရာတွင် ဧရာမ ကျားကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ရူးသွပ်လောက်ဖွယ် အမြန်နှုန်းဖြင့် သိသိသာသာ ပြန်လည်ကောင်းမွန်လာပြီးနောက် ကြမ်းတမ်းစွာ နောက်တစ်ကြိမ် ပြေးဝင်လာပြန်လေသည်။
ရွှယ်အန်းသည် တည်ငြိမ်အေးဆေးစွာဖြင့် ဧရာမ ကျားကြီးကို သူ၏ သွေးသားလက်နှစ်ဖက်တည်းဖြင့်သာ ရင်ဆိုင်တိုက်ခိုက်နေခဲ့လေသည်။ ဤကြမ်းတမ်းလှသော တိုက်ပွဲက စောင့်ကြည့်နေသူအားလုံးကို သေမင်းကဲ့သို့ ဖြူရော်သွားစေခဲ့သည်။
သွေးကျားချပ်ဝတ်တန်ဆာ၏ အဆုံးစွန်သော ဆင့်ကဲပြောင်းလဲမှုကို သူ၏ ရုပ်ခန္ဓာခွန်အားသက်သက်ဖြင့် ရင်ဆိုင်နေသည်မှာ လုံးဝ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လို ဖြစ်နေသော်လည်း ၎င်းသည် လူတိုင်း၏ မျက်စိရှေ့တွင် အမှန်တကယ်ပင် ပေါ်ပေါက်နေခဲ့သည်။
တိုက်ပွဲတစ်လျှောက်လုံးတွင် ရွှယ်အန်းသည် လွင့်ဝဲနေသော အဖြူရောင်ဝတ်ရုံများဖြင့် အင်မော်တယ်ဘုရင်တစ်ပါးကဲ့သို့သော စွမ်းအားလှိုင်းများဖြင့် ပေါ်လွင်နေဆဲဖြစ်သည်။ ဤသည်က မိန်းမပျိုလေးများစွာ၏ နှလုံးသားများကို မြန်ဆန်စွာ ခုန်ပေါက်သွားစေခဲ့သည်။ ယခင်က ရွှယ်အန်းအပေါ် မနာလိုဖြစ်ခဲ့သော အမျိုးသားများသည် ယခုအခါ မည်သည့် မကောင်းသော ခံစားချက်ကိုမျှ မမွေးမြူဝံ့ကြတော့ချေ။
ယန်မိသားစုဝင်များကြားတွင် ယန်မုန့်ထောင်သည် ရွှယ်အန်းကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူမ၏ နှလုံးသားထဲတွင် အတွေးတစ်ခုက ရူးသွပ်စွာ အော်ဟစ်စပြုလာလေသည်။ သူ့ကို ငါ ရအောင်ယူရမယ်၊ ဘာပဲပေးဆပ်ရပါစေ... ငါ သူ့ကို ရအောင်ယူပြီး သူ့လူဖြစ်အောင် လုပ်ရမယ်၊ ဘာလို့များ ဟိုတုံးအတဲ့ ယန်မေရှူက ဒီလို အစွမ်းထက်တဲ့ ယောက်ျားတစ်ယောက်ကို သိခွင့်ရနေတာလဲ၊ သူမ လက်မခံနိုင်ဘူး...
တစ်ကိုယ်လုံးကို အလျင်အမြန် ပြန်လည်ကုသလိုက်သော ဧရာမ ကျားကြီးသည် ရပ်တန့်သွားပြီး ကွမ်ကျိဝမ့်၏ အသံသည် အတွင်းမှ ထွက်ပေါ်လာလေသည်။
"အရှင်ရွှယ်... မင်းရဲ့ စွမ်းအားက ငါ့ရဲ့ လေးစားမှုကို ရဖို့ လုံလောက်ပါတယ်၊ ဒါပေမဲ့ ငါ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရပါစေ၊ ဒီချပ်ဝတ်တန်ဆာက ငါ့ကို ပြန်လည်ပြုပြင်ပေးလိမ့်မယ်၊ ငါပြောခဲ့သလိုပဲ... ဒီချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသရွေ့ ငါက တကယ်ကို မသေနိုင်ဘူး၊ ဒါကြောင့် မင်းရဲ့ ခွန်အားတွေကို ချွေတာထားလိုက်တာ ပိုကောင်းမယ်"
ရွှယ်အန်းသည် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ သူ၏ အသက်ရှူနှုန်းမှာလည်း အနည်းငယ်မျှပင် မြန်ဆန်နေခြင်း မရှိဘဲ တည်ငြိမ်စွာ မေးလိုက်လေသည်။
"မင်းမှာ ပြောစရာ တစ်ခုခု ကျန်နေသေးလား"
"ဟား... အရှငိရွှယ်... ငါ ထပ်ပြောမယ်၊ ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိတာ၊ မင်းသာ ခေါင်းညိတ်လိုက်မယ်ဆိုရင် လီဟန်ကောင်းကင်ဘုံမှာ မင်းလိုချင်တဲ့ စည်းစိမ်တွေ၊ အာဏာတွေ အားလုံးကို မင်း ရွေးချယ်ခွင့်ရမယ်၊ ဒါက ငါတို့နှစ်ယောက်စလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းပဲလို့ ထင်တယ်"
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်
။ "တော်တော်လေးကို ဆွဲဆောင်မှုရှိတဲ့ စကားပဲ၊ တခြားတစ်ယောက်သာဆိုရင်တော့ သဘောတူလိုက်လောက်ပြီ၊ ဒါပေမဲ့ မင်းပြောတာ တစ်ခုတော့ မှားနေတယ်"
"မင်း ဘာကို ဆိုလိုတာလဲ"
"မင်းက ငါ မင်းကို ဘာမှလုပ်လို့မရဘူးလို့ ပြောတယ်၊ မင်းက မသေနိုင်ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ငါ့အမြင်မှာတော့ အဲဒါကို စကားလုံး လေးလုံးတည်းနဲ့ပဲ ဖော်ပြလို့ရမယ်"
ရွှယ်အန်းသည် လက်လေးချောင်းကို ထောင်ပြလိုက်ပြီး ပြောလိုက်လေသည်။ "
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ ငတုံး၊ အို... နေပါဦး၊ မင်းက ဒီစကားပုံကို နားလည်မှာ မဟုတ်ဘူးထင်တယ်၊ ဒါကြောင့် အလွယ်နည်းနဲ့ ပြောပြမယ်၊ သောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ"
"မင်း..."
ကွမ်ကျိဝမ့်မှာ ရူးသွပ်လုမတတ် ဒေါသထွက်သွားပြီး ဟိန်းဟောက်လိုက်လေသည်။
"ရွှယ်အန်း... ငါ မျက်နှာသာပေးတာကို ရန်လာမစနဲ့၊ ဒီနေ့ မင်းကို သေအောင် သတ်ပစ်မယ်"
သူသည် သွေးရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှယ်အန်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။ ရွှယ်အန်းက သဲ့သဲ့လေး ပြုံးလိုက်သည်။
"မင်း အခုထိ မယုံသေးဘူးပဲ၊ ကောင်းပြီလေ... ဒါဆိုရင် ငါ ပြမယ်"
ရွှယ်အန်းသည် သူ၏ ရင်ဘက်ထဲမှ သေးငယ်သော စိမ်းပြာရွှေရောင် တံဆိပ်တုံးလေးတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်လေသည်။
"မင်း အားကိုးနေတာ ဒီချပ်ဝတ်တန်ဆာ တစ်စုံတည်း မဟုတ်လား၊ ဒီနေ့ အဲဒါကို ငါ ယူလိုက်မယ်"
ရွှယ်အန်းသည် ရုတ်တရက် ဖိချလိုက်ရာ စိမ်းပြာရွှေရောင် တံဆိပ်တုံးသည် အသက်ဝင်လာပြီး မရေမတွက်နိုင်သော အစီအရင်များ ရူးသွပ်စွာ လည်ပတ်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဂ္ဂိရတ် ချပ်ဝတ်တန်ဆာသည် ရွှယ်အန်း၏ လက်မောင်းဆီသို့ စီးဆင်းသွားပြီးနောက် စိမ်းပြာရွှေရောင် အလင်းတန်းများ ထုတ်လွှတ်နေသော လက်အိတ်ချပ်ဝတ်တန်ဆာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ရွှယ်အန်းသည် လက်သီးကို ဆုပ်လိုက်ပြီး ပြင်းထန်စွာ ထိုးချလိုက်လေသည်။
ထိုလက်သီးချက်သည် ဧရာမ ကျားကြီး၏ ခေါင်းတည့်တည့်ကို ထိမှန်သွားလေသည်။ စိမ်းပြာရွှေရောင် အလင်းတန်းနှင့် ကျားကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အလင်းတန်းတို့သည် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် တောက်ပနေကြသည်။
***