ရွှယ်အန်း၏ ခေါင်းမှာ ပတ်လည်ရိုက်နေသော ဗုံငယ်လေးတစ်ခုကဲ့သို့ ချက်ချင်းပင် ခါယမ်းသွားလေသည်။
"ကိုယ် အဲ့ဘက်ကို မလာဘူးနော်"
အန်းယန်က နောက်ပြောင်လိုသော အမူအရာဖြင့် ပြုံးလိုက်သည်။
"အာ... ဘာကို အဲဒီလောက် ကြောက်နေရတာလဲ၊ ရှင်နဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါဆို"
ရွှယ်အန်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်လေသည်။
"ဒီကနေ လှမ်းပြောလို့ မရဘူးလား၊ အဲဒီဘက်ကို လာမှ ရမှာမို့လို့လား"
အန်းယန်၏ လှပသော မျက်ခုံးတန်းလေးများ အနည်းငယ် ပင့်တက်သွားသည်။
"ဟင်... ရှင့်ကို နောက်တစ်ခေါက် ထပ်မေးမယ်၊ လာမှာလား၊ မလာဘူးလား"
"မလာဘူးဆို မလာဘူးပဲ၊ ကိုယ်က မြင့်မြတ်တဲ့ အင်မော်တယ်သခင် တစ်ယောက်အနေနဲ့ ကိုယ့်စကားကို ဘယ်လိုလုပ် ဖျက်လို့ရမှာလဲ"
ရွှယ်အန်းက ဖြောင့်မတ်တည်ကြည်သော လေသံဖြင့် ကြေညာလိုက်လေသည်။
အန်းယန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပြောင်းလဲမသွားသော်လည်း သူမ၏ လေသံမှာ ကြက်သီးထဖွယ် ကောင်းလောက်အောင် အေးစက်သွားတော့သည်။
"အပိုတွေ ပြောမနေနဲ့... အခုလာခဲ့စမ်း"
ရွှယ်အန်း - "..."
ခဏအကြာတွင်တော့ ရွှယ်အန်းသည် ပခုံးမှ စူးရှသော နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ကာ ရပ်နေရလေတော့သည်။ အဘယ့်ကြောင့်ဆိုသော် အန်းယန်သည် ရွှယ်အန်း၏ ပခုံးကို အားပါးတရ ကိုက်ထားသောကြောင့်ပင်ဖြစ်သည်။ သူ့အား ကိုက်ထားရင်းဖြင့် အန်းယန်က မပီမသ အသံဖြင့် ပြောလိုက်လေသည်။
"သေအောင်ကို ကိုက်ပစ်မှာ... လူဆိုးကြီးရဲ့၊ ရား ရား ရား ရား"
ရွှယ်အန်းသည် မချိသွားဖြဲသာ ပြုံးနိုင်တော့သည်။ သူသာ ခုခံလိုက်လျှင် သူ၏ ကျင့်စဉ်အဆင့်ကြောင့် အန်းယန် ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် သူ၏ စွမ်းအားများကို အတင်းအဓမ္မ ဖိနှိပ်ထားကာ အန်းယန်ကို စိတ်တိုင်းကျ ရန်လုပ်ခွင့် ပေးထားလိုက်လေသည်။ အတန်ကြာပြီးနောက်မှသာ အန်းယန်သည် ကျေနပ်သွားပုံရကာ လွှတ်ပေးလိုက်တော့သည်။
ရွှယ်အန်း၏ ပခုံးပေါ်ရှိ နက်ရှိုင်းသော သွားရာများထဲမှ သွေးများပင် စိမ့်ထွက်နေလေသည်။ အန်းယန်သည် သူမ၏ လက်ရာကို အတော်လေး သဘောကျနေပုံရပြီး ရှုံ့မဲ့စွာ ပြုံးနေသော ရွှယ်အန်းကို မော့ကြည့်ကာ ရန်တွေ့သည့် လေသံဖြင့် မေးလိုက်လေသည်။
"ရှင့်ကို ဘာလို့ ကိုက်လဲဆိုတာ သိလား"
ဤကဲ့သို့သော အခိုက်အတန့်မျိုးတွင် ရွှယ်အန်းသည် တတ်နိုင်သမျှ အပြစ်ကင်းစင်ပြီး ဘာမှနားမလည်သော လူအတစ်ယောက်လို သရုပ်ဆောင်ရမည်ကို အလွန်ရှင်းလင်းစွာ သိထားလေသည်။ သူသည် မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်ဟန်ဖြင့် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
"ယန်အာ... မင်း ဘာတွေပြောနေလဲဆိုတာ ကိုယခ တကယ် နားမလည်ဘူးကွာ၊ ပြီးတော့ ဇနီးဖြစ်သူက ခင်ပွန်းကို ဒေါသထွက်လို့ဖြစ်ဖြစ်၊ ပျင်းလို့ဖြစ်ဖြစ် အကိုက်ခံရတာ သဘာဝပဲလေ၊ ဘာအကြောင်းပြချက်မှ ရှိစရာမလိုပါဘူး"
အန်းယန်သည် ရွှယ်အန်းအပေါ် အလွန် ဒေါသထွက်နေသယောင် ဟန်ဆောင်ထားသော်လည်း သူ၏စကားကြောင့် မနေနိုင်ဘဲ ရယ်မောလိုက်မိလေတော့သည်။
"သွားစမ်းပါ... ရှင်ပြောပုံအရဆို ကျွန်မက မိန်းမဆိုးကြီးကျနေတာပဲ"
အန်းယန်က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"ဟီးဟီး... ယန်အာက မိန်းမဆိုးကြီးဆိုရင်တောင် စကြဝဠာ နယ်ပယ်ပေါင်းစုံမှာ အလှဆုံး မိန်းမဆိုးကြီး ဖြစ်မှာပါ"
ရွှယ်အန်းက ပြင်းပြလှသော အသက်ရှင်သန်လိုစိတ်ဖြင့် ရယ်မောကာ ပြောလိုက်လေသည်။
"အချိုလာမသတ်နဲ့၊ ရှင့်ကို မေးမယ်... ရှင် အပြင်တစ်ခေါက် ထွက်သွားတာနဲ့ ကောင်မလေးချောချောတစ်ယောက် ပါလာတာ ဘာသဘောလဲ၊ ကျွန်မသာ ဝင်မပါဘူးဆိုရင် ဒီစံအိမ်တော်ကြီးထဲမှာ အဲဒီလိုလူတွေနဲ့ အပြည့်ဖြစ်အောင် လုပ်မလို့လား"
ထိုကဲ့သို့သော အန္တရာယ်များလှသည့် စစ်ဆေးမေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ခေါင်းယမ်းလိုက်လေသည်။
"မဟုတ်ပါဘူး... တကယ် မဟုတ်ရပါဘူးကွာ"
အန်းယန်သည် ရွှယ်အန်းကို အတန်ကြာအောင် အကဲခတ်ကြည့်ပြီးနောက် အဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"ဟွန့်... ရှင် မလုပ်ရဲဘူးလို့တော့ ထင်သားပဲ၊ မဟုတ်ရင် ကျွန်မရဲ့ ကတ်ကြေးက အမြဲတမ်း အဆင်သင့်ပဲနော်"
ထိုသို့ပြောပြီးနောက် အန်းယန်ကိုယ်တိုင်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိလေတော့သည်။အမှန်တွင် သူမသည် ရွှယ်အန်းအပေါ် ရာခိုင်နှုန်း တစ်ရာ့နှစ်ဆယ် အပြည့်အဝ ယုံကြည်မှုရှိလေသည်။ သို့သော် အမျိုးသမီးတစ်ဦးအနေဖြင့် မနာလိုမှု အရိပ်အယောင်လေးတစ်ခုကိုတော့ ခံစားရသည်ဖြစ်ရာ ရွှယ်အန်းကို ကစားသည့် သဘောမျိုးဖြင့် အပြစ်ပေးခြင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး ပျော်ရွှင်စွာ နောက်ပြောင်ပြီးနောက် ရွှယ်အန်းက အဆုံးတွင် တည်ကြည်စွာ ပြောလိုက်လေသည်။
"ယန်အာ... မင်း မမေးပေမဲ့လည်း ကိုယ် မင်းကို ပြောပြချင်သေးတယ်၊ ယန်မေရှူကို ဒီစံအိမ်တော်ထဲ ခေါ်လာတာက ဒဏ်ရာသက်သာဖို့ သက်သက်အတွက် မဟုတ်ဘူး"
"ဟင်... ဘာကို ဆိုလိုတာလဲ"
"အခု လီဟန်အရှင် သေသွားပြီဆိုပေမဲ့ လီဟန်ကောင်းကင်ဘုံက ငြိမ်းချမ်းဖို့ အဝေးကြီး လိုသေးတယ်၊ အစွမ်းထက်တဲ့သူတွေ အများကြီးရှိသလို အင်အားစုတွေကလည်း ရှုပ်ထွေးနေတာပဲ၊ ကိုယ်တို့က ဒီကမောက်ကမတွေထဲကနေ လက်ဆေးပြီး ထွက်သွားမယ်ဆိုရင်... ကိုယ်က လီဟန်အရှင်နဲ့ ဘာကွာတော့မှာလဲ"
အန်းယန်သည် တိတ်ဆိတ်စွာ နားထောင်နေရင်း ရွှယ်အန်းကို ကြည့်နေသော သူမ၏ အကြည့်များ တဖြည်းဖြည်း တောက်ပလာလေသည်။ ဤသည်ကပင် သူမ ဤယောကျ်ားကို ချစ်မြတ်နိုးရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။
"အခု ကျန်းရွှင်းနန်က ရှောင်ထျန်းရဲ့ မျိုးဆက်ကို လွယ်ထားရတာဆိုတော့ သူမက ရှောင်ထျန်း ပြန်အလာကို ဒီနယ်ပယ်မှာ စောင့်နေရလိမ့်မယ်၊ ဆွေ့မန်နဲ့ ယုရန်တို့ကလည်း အသစ်ပြန်လည်မွေးဖွားလာကြပြီ၊ ယန်မေရှူကျတော့လည်း သူမရဲ့ စိတ်သဘောထားက အားကိုးလို့ရတဲ့သူ ဖြစ်နေတယ်၊ ဒါကြောင့် ဒီနယ်ပယ်ကို တည်ငြိမ်စေဖို့အတွက် ဒီအဖွဲ့ သုံးဖွဲ့စလုံးကို အင်အားစုတွေအနေနဲ့ ပြုစုပျိုးထောင်ပေးဖို့ ကိုယ် ဆုံးဖြတ်လိုက်တယ်"
"အဖွဲ့ သုံးဖွဲ့စလုံးလား"
"ဟုတ်တယ်... လူတွေရဲ့ စိတ်နှလုံးက စကြဝဠာကြီးထက်တောင် ပိုပြီး ကြောက်စရာကောင်းနိုင်တယ်၊ တကယ်လို့ ကိုယ်က အင်အားစု တစ်ခုတည်းကိုပဲ ပျိုးထောင်ပေးခဲ့ရင်... ကိုယ်တို့ ထွက်သွားပြီးတဲ့နောက်မှာ သူတို့က နောက်ထပ် လီဟန်အရှင် ဖြစ်မလာဘူးလို့ ပြောရခက်တယ်"
"ဒါကြောင့် ရှင်က သုံးဖွဲ့စလုံးကို အစွမ်းထက်အောင် လုပ်ပေးပြီး သူတို့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းစေချင်တဲ့ သဘောပေါ့"
ရွှယ်အန်းက ထပ်မံ၍ ခေါင်းညိတ်လိုက်လေသည်။
"သေချာတာပေါ့"
"ယောက်ျား... ရှင် တကယ်ကို အမြော်အမြင် ကြီးတာပဲ၊ ဒါက အကောင်းဆုံးနည်းလမ်းပဲလို့ ကျွန်မ ထင်တယ်"
ရွှယ်အန်းသည် ပြုံးလိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ အရောင်လက်နေလေသည်။ သူ၏ အသိစိတ်ပင်လယ်အတွင်းတွင် လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့ထံမှ ရရှိထားသော မှတ်ဉာဏ်ပုလဲ နှစ်လုံးသည်လည်း သဲ့သဲ့လေး တုန်ခါနေပြီးနောက် ဘုန်းကနဲ ပေါက်ကွဲထွက်သွားကာ ရွှယ်အန်း၏ နတ်ဘုရားအာရုံထဲသို့ ဒီရေလှိုင်းများကဲ့သို့ စီးဝင်လာသော မှတ်ဉာဏ်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
***