ထိပ်ဆုံး ၆ ယောက် တိုက်ပွဲ အောင်မြင်စွာ အဆုံးသတ်သွားပြီးနောက် ပြိုင်ပွဲဝင်များအားလုံးက ပြန်လည် ကုစားချိန် ရရှိသည်။ အချိန်ကမူ သိပ်မရှည်ဘဲ တစ်လနီးပါးသာ ဖြစ်သည်။ ဂျင်ချန်က လွဲပြီး အခြားသော ထိပ်ဆုံး ၆ ယောက်မှာ ၅ ယောက်မှာ အမတ ငှက်မွှေးဂိုဏ်းမှ ရှားမင်ထျန်း၊ ပျောက်ကွယ်ခြင်းခန်းမမှ သွေးရွှေ၊ ကံကြမ္မာ အပြောင်းအလဲ အမတဂိုဏ်းမှ ကျိုးတန်၊ လော့ကလန်မှ ကျိဟွမ်ယွီနှင့် ရဲ့မိသားစုမှ ရဲ့ချင်းယွန်တို့ ဖြစ်ကြသည်။
ဂျင်ချန်က လွဲပြီး အခြားသော ၅ ယောက်လုံးက အခွင့်အရေးတိုင်းကို အမိအရယူကာ ကုစားရန် ကြိုးစားနေကြသည်။ သူတို့၏ ဗိုလ်မှူးများကလည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားကာ သူတို့ကို ကုစားပေးနိုင်ရန် ကြိုးစားကြလေသည်။ အခြားတစ်ဖက်တွင် ဂျင်ချန်က ဘာမှ လုပ်စရာမရှိပေ။
သို့ရာတွင် သူသည် လောင်းကစားရုံသို့ ထပ်သွားလိုက်သောအခါ လွတ်လပ်သော ကျင့်ကြံသူ ချင်းရန်၏ နာမည်အောက်မှာ နံပါတ်က ပြောင်းလဲသွားပြန်သည်ကို မြင်ရသည်။
သိပ်မကြာခင်မှာပင် ဂျင်ချန်ကို မြင်လိုက်ရသောအခါ အခြားသောသူများကလည်း သူ့ကို လောင်းကြေး ထပ်လာကြသည်။ သူက နောက်တစ်လှည့်တွင် နိုင်မည်ဆိုပြီး လောင်းကြေးထပ်ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဒါဟာ ဂျင်ချန်အတွက် ကောင်းသောလက္ခဏာ မဟုတ်ပေ။ သူဟာ ၅ ရောင်ခြယ် အမတ သလင်းတုံး ၂ သန်းကိုပဲ လောင်းကြေးထပ်ထားခြင်း ဖြစ်သည်။ သူဟာ အမြင့်ဆုံး ပေးချေမှုကို လက်ခံရရှိခြင်း ရှိ မရှိ ဆိုသည့် ကိစ္စက ဒီဇယားက လုံလောက်အောင် ကြီး မကြီး ဆိုသည့်အပေါ် မူတည်သွားလေသည်။
အကယ်၍ သူ့ကို လောင်းကြေးထပ်သူများ များပြားလာမည် ဆိုပါက သိသာစွာပင် အခွင့်အရေး ယူမည့်သူများ ရှိလာပေလိမ့်မည်။ ဇယားက လုံလောက်အောင် မကြီးသွားခဲ့လျှင် ဂျင်ချန်အတွက်လည်း ယုံကြည်မှု မခိုင်မာနိုင်ပေ။
" ကြည့်ရတာ ငါ ထိပ်ဆုံး ၃ ယောက်ထဲကို ဝင်ဖို့ ကြိုးစားတဲ့အချိန်မှာ နည်းနည်းလေး အခြေအနေ ဆိုးအောင် လုပ်ရတော့မယ် ထင်တယ်။ ရှုံးတော့မယ့် ပုံစံမျိုး လုပ်ပြရမယ်။ အဲဒါမှပဲ ငါ့အပေါ် မျှော်လင့်ချက် မထားကြမှာ။ "
ဂျင်ချန်၏ အပြုံးက နက်ရှိုင်းသွားသည်။ ၅ ရောင်ခြယ် အမတ သလင်းတုံး ၂ သန်းကို ရရှိရန်အလို့ငှာ သူဟာ သရုပ်ဆောင်ရန် လိုအပ်သည်။
၅ ရောင်ခြယ် အမတ သလင်းတုံး ၂ သန်းဆိုသော ပမာဏက မည်သည့် ထာဝရ ရှင်သန်ခြင်း မဟာဘုရင်များ အတွက်ပင်မဆို လွယ်လွယ်ကူကူ မထုတ်နိုင်သော ပမာဏ ဖြစ်နေခဲ့သည်။ သူကသာ သရုပ်ဆောင်ရုံနဲ့ ခပ်အေးအေး ရမည်ဆိုပါက သရုပ်ဆောင်ရန်သာ လိုအပ်ပေသည်။
သိပ်မကြာခင်မှာပင် တစ်လက ကုန်ဆုံးသွားသည်။ ထိပ်ဆုံး ၃ ယောက်၏ တိုက်ပွဲက စတင်လေတော့သည်။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ အထက်တွင် တိုက်ပွဲစဉ်ကြီး၏ ပုံရိပ်ယောင်များကိုလည်း ခင်းကျင်းပြသထားသည်။ ယခင်က ၅ ခုမှ ယခု ၃ ခု ဖြစ်သွားသည်။ ရွေးချယ်ခံရသော အမတပေါင်းများစွာကလည်း ထိုပြိုင်ပွဲကိုသာ အာရုံစိုက်နေကြ၏။ မဲနှိုက်သည့် အလှည့်တွင် ဂျင်ချန်၏ ပြိုင်ဘက်က ကံကြမ္မာ အပြောင်းအလဲ အမတဂိုဏ်းမှ ကျိုးတန် ဖြစ်သည်။
ဂျင်ချန်နှင့် ကျိုးတန်တို့ နှစ်ယောက်လုံးက ရှေးဟောင်း တိုက်ပွဲနယ်မြေ အထက် လေ ထဲတွင် ဝဲပျံနေကြသည်။ လေပြင်းက တိုက်ခတ်လာသောအခါ နှစ်ယောက်လုံး၏ အဝတ်က လွင့်နေသည်။ ကျိုးတန်က သက်လတ်ပိုင်း လူကြီးဖြစ်သည်။ သူက အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီး ကြည်လင်သော ရုပ်ရည်မျိုး ဖြစ်သည်။
ထိုနေရာတွင် ထိုအတိုင်း ရပ်နေရုံနှင့် ရှည်လျားသော အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ ကျိုးတန်၏ အင်အားက အထင်သေး၍ မရချေ။ မည်သို့ပင်ဆိုစေ သူသည် အဆင့်တူသူများ အားလုံးကိုလည်း အနိုင်ရရှိပြီး ဒီနေရာသို့ တက်လာခဲ့ခြင်းက သာမန် မဟုတ်နိုင်ချေ။ ကျင့်ကြံခြင်း အဆင့်တူသူများထဲမှ လူနည်းစုကသာ သူ့ကို ယှဉ်နိုင်လောက်သည်။
ဂျင်ချန်ကလည်း ကျိုးတန်နှင့် ပတ်သက်သော အကြောင်းအရာများ ကြားဖူးထားသည်။ သူကိုယ်တိုင်ကလည်း တစ်ဖက်သူ၏ တိုက်ပွဲကို ကြည့်ဖူးထားသည်။ သူသည်လည်း ထိုဂိုဏ်းမှ အင်အားအကြီးဆုံး မဟာ အကြီးအကဲဖြစ်ကြောင်း ကြားထားသည်။
သို့သော် သူဟာ ကံကောင်းမှုကြီး တစ်ခုနှင့် တွေ့ကြုံခဲ့ပြီးနောက်တွင် ထူးကဲသော အမွေအနှစ် တစ်ခုကို ရရှိခဲ့သေးသည်။ ထိုအမွေအနှစ်က အနည်းဆုံး အလယ်အလတ် အဆင့်ရှိသည့် ထာဝရရှင်သန်ခြင်း မဟာဘုရင်က ချန်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအမွေအနှစ်ကြောင့်လည်း ကျိုးတန်က ကျော်ကြားလာခဲ့ပြီး ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအားနှင့် အဆင့်လွန် ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ဖြစ်လာသည်။
" ငါ့ရဲ့ ပြိုင်ဘက်က မင်း ဖြစ်နေမယ်လို့ မထင်ဘူး " ကျိုးတန်က စိတ်လှုပ်ရှားစွာ ပြောသည်။
" ချင်းရန်၊ မင်း ထာဝရရှင်သန်ခြင်း ဧကရာဇ် လီရှန်းနဲ့ တာအို ဆရာကြီး ရှန်းချင်းကို ဘယ်လို နိုင်ခဲ့လဲ ငါ မသိဘူး။ ဒါပေမဲ့ ငါနဲ့ တွေ့တဲ့ အချိန်မှာတော့ မင်းရဲ့ ရလဒ်က တစ်ခုပဲ ရှိတယ်... အရှုံးပဲ။ "
" ကျေးဇူးပြုပြီး ညှာတာပေးပါ ညီနောင်ကျိုးတန်။ "
ဂျင်ချန်က အပြုံးလေးဖြင့်သာ ဂါရဝပြုသည်။
" ညှာတာပေးရမှာ မဟုတ်လား။ တောင်းပန်ပါတယ်၊ ငါ မလုပ်နိုင်လောက်ဘူး။ ကံကောင်းမှုက မင်းကို ဒီနေ့ ဒီအချိန်အထိ ရောက်ခဲ့စေတယ် ဆိုရင် မင်းကိုယ်တိုင်ကလည်း ထာဝရရှင်သန်ခြင်း ဧကရာဇ် လီရှန်းနဲ့ တာအို ဆရာသခင် ရှန်းချင်းကို နိုင်ခဲ့ကတည်းက မင်းမှာလည်း စွမ်းအားရှိတယ်ဆိုတာ အဓိပ္ပာယ်ရတယ်။ ရလဒ်အနေနဲ့ ငါက အင်အားအပြည့်ကို သုံးမယ်၊ ဘာကိုမှ မထိန်းချန်ထားဘူး "
ကျိုးသံ၏ မျက်နှာအမူအရာက တဖြည်းဖြည်း တင်းမာလာသည်။ ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ထဲမှ မည်းမှောင်သော လှံတစ်ချောင်းက ပေါ်လာသည်။ ကြောက်စရာကောင်းသော အနက်ရောင် အလင်းတန်းက ချက်ချင်းဆိုသလို မြောက်တက်လာကာ ဖိအားစွမ်းအားအပြည့်နှင့် ဖြာထွက်လာသည်။ သူဟာ အာကာသပြင်ကို ဆွဲဖြဲပြီး အရာအားလုံးကို ဆုတ်ချေတော့မည့် ပုံသဏ္ဌာန် ရှိသည်။ ထိုလှံသည် အဆင့်မြင့် အရည်အသွေးရှိသော နတ်ဘုရားစစ်လက်နက် ဖြစ်သည်။
ထို့နောက် တစ်စက္ကန့်အတွင်း ကျိုးတန် လက်ထဲမှ လှံက ရုတ်တရက် လှုပ်ခတ်သွားကာ စူးရှသော လေချွန်သံကို ထုတ်လွှတ်သည်။ ထိုအနက်ရောင် လှံကြီးကလည်း နဂါးတစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်တက်လိုက်ကာ ဂျင်ချန်ထံသို့ အာကာသပြင်ကို လှုပ်ခါ၍ ထိုးဖောက်ဝင်ရောက်လာလေသည်။ ဂျင်ချန်က အလယ်အလတ်အဆင့် အရည်အသွေးရှိသော နတ်ဘုရားစစ်လက်နက် ဓားကိုသာ ကိုင်ထားသည်။ သူဟာ အကန့်အသတ်မဲ့ စွမ်းအင်ဖြင့် ထိုဓားကို ဖြာထွက်နေစေသည်။
မျက်စိတစ်မှိတ်အတွင်း တောက်ပသော အလင်းတန်းက ကျိုးတန်၏ တိုက်ကွက်ကို လက်ခံရရှိသည်။
" ဗုန်း။ "
ဗုန်း ခနဲ အသံ တစ်ချက်နှင့်အတူ ဂျင်ချန်၏ အလင်းတန်းက ကွဲကြေသွားသည်။ သူဟာ လှံ၏ တိုက်ကွက်ဖြင့် မြုပ်သွားလေပြီး အဝေးသို့ လွင့်ထွက်သွားသည်။ ထိုအချိန်မှ စတင်ပြီး ဂျင်ချန်က အသာစီး မရတော့ချေ။ အတိုင်းအဆ မရှိသော လူအပေါင်းများစွာက သူတို့၏ တိုက်ပွဲကို ကြည့်နေကြသည်။ အမတများကလည်း ဂျင်ချန်ဟာ ထိုတစ်ချက်ကို မခုခံနိုင်တော့သည်ကို မြင်လိုက်ရသည်နှင့် သူတို့၏ အတွေးများက အတည်ပြုနိုင်သွားသည်။
" ငါ ပြောသလိုပါပဲ။ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ချင်းရန်က ဒီအထိ ရောက်လာတာ ကံကောင်းလို့ပဲ။ သူက သုံးကြိမ်တောင် ကျော်တက်နိုင်ခဲ့တာကိုး။ အဲဒီလိုမှ မဟုတ်ရင် အစစ်အမှန် အင်အားနဲ့သာ ဆိုရင် ထာဝရရှင်သန်ခြင်း ဧကရာဇ် ချင်းရန်က ရှုံးနေတာ ကြာပြီ "
" ဒါလည်း အဓိပ္ပာယ်မရှိသလိုပါပဲ။ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ချင်းရန်က တော်တော်လေးကို ကံကောင်းလွန်းတာ။ ဒါပေမဲ့ သူက လီရှန်းနဲ့ တာအိုဆရာကြီး ရှန်းချင်းကို နိုင်ခဲ့သေးတယ်လေ။ ဆိုတော့ သူ ဒီလောက် အားမနည်းသင့်ဘူး "
" ထာဝရ ရှင်သန်ခြင်း ဧကရာဇ် လီရှန်းနဲ့ တာအိုဆရာကြီး ရှန်းချင်း ရှုံးသွားတယ် ဆိုတာက သူ့ကို အထင်သေးလို့ ဖြစ်မှာပေါ့။ တကယ့်တကယ် အင်အားချင်းဆိုရင် ထာဝရရှင်သန်ခြင်း ဧကရာဇ် ချင်းရန်က တော်တော်လေး အားနည်းတယ်။ နောက်ပြီး တခြား ထာဝရ ရှင်သန်ခြင်း ဧကရာဇ်တွေ အားလုံးကလည်း အဆင့်မြင့် အဆင့် နတ်ဘုရားစစ်လက်နက်တွေကို ပိုင်ဆိုင်ထားတဲ့ အချိန်မှာ သူက အလယ်အလတ်အဆင့်ကိုပဲ သုံးနေတာ မဟုတ်ဘူးလား။ အဲဒီတစ်ခုတည်းနဲ့တင် သူက ရှုံးမှာ သေချာနေပြီ "
တစ်ချိန်တည်းမှာပင် မြို့အတွင်းရှိ ခြံဝင်းတစ်ခုအတွင်း၌ လေထဲတွင် တင်ပျံချိတ်ထိုင်နေခဲ့သော သူတော်စင်အိုတစ်ပါး ပုံသဏ္ဌာန်ရှိသည့် လူကြီးတစ်ယောက် ရှိသည်။ သူ၏ အကြည့်က အာကာသပြင်ကို ထိုးဖောက်သွားပြီး ဂျင်ချန်နှင့် ကျိုးတန်တို့၏ တိုက်ပွဲဆီသို့ ရောက်သည်။ ထိုလူအိုကြီးအနားတွင် တာအို ဆရာကြီး ရှန်းချင်းက ယဉ်ကျေးစွာ ထိုင်နေသည်။ သူဟာ ထိုလူကြီး၏ ပုံရိပ်ကို မကြာခဏဆိုသလို လေးစားစွာ ကြည့်သည်။
" ရှန်းချင်း၊ ဒီ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ချင်းရန်လို့ ခေါ်တဲ့ လူရဲ့ အင်အားကလည်း ထင်သလောက် မထူးခြားနေပါဘူး။ သူက အကန့်အသတ်မဲ့ ခန္ဓာကိုယ်ကို ကျင့်တာ အမှန်ပဲ။ ဒါပေမဲ့ မင်းကို ရှုံးနိုင်လောက်အောင်တော့ မလုံလောက်သေးဘူး "
ထိုလူအိုကြီးက ခပ်တိုးတိုး ပြောသည်။
" အဘိုး... ချင်းရန်က မြင်ရသလောက် မရိုးရှင်းဘူး "
တာအို ဆရာကြီး ရှန်းချင်းက ဂျင်ချန်နှင့် တွေ့ဆုံခဲ့ရသည့် အတွေ့အကြုံကို ပြန်လည် တွေးလိုက်သည်။ သူ၏ မျက်ဝန်းလေးထဲတွင် ကြောက်ရွံ့မှုများ ရှိနေသေးသည်။
" အစပိုင်းမှာတော့ ချင်းရန်က ထာဝရရှင်သန်ခြင်း ဧကရာဇ် လီရှန်းကို နိုင်ခဲ့တာက တစ်ဖက်သူ သူ့ကို အထင်သေးတာကြောင့်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ငါ သူနဲ့ တကယ် တိုက်ခိုက်လိုက်တဲ့ အချိန်မှာပဲ သူ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ ဆိုတာ သိလိုက်ရတယ် "
" အိုး... ကြောက်ဖို့ကောင်းတယ်တဲ့လား။ မင်းက သူ့ကို ကြောက်ဖို့ကောင်းတယ်လို့ ပြောရတာ ဘာထူးခြားနေလို့လဲ "
အဘိုးဖြစ်သူက တအံ့တသြ မေးသည်။
" ချင်းရန်မှာ ကြောက်စရာကောင်းတဲ့ ပစ္စည်းနှစ်ခုရှိတယ်။ လုပ်နိုင်စွမ်းရည် နှစ်ခုလို့ ပြောရမယ်။ ပထမတစ်ခုကတော့ သူက အရမ်းကို နက်နဲတဲ့ ဓားသိုင်းကို တတ်ထားတယ်။ အဲဒီ လျှို့ဝှက်သိုင်းက ခုခံမှုတွေ အားလုံးကို ကျော်ပြီး ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ဝင်ရောက်လို့ အတွင်းပိုင်းကနေ ခုတ်ပိုင်းပစ်နိုင်တယ်။ ချင်းရန်က အဲဒီလိုနဲ့ ငါ့ကို ချက်ချင်း ဒဏ်ရာရအောင် လုပ်လိုက်တာပဲ "
" ဒုတိယအချက်ကတော့ ချင်းရန်က ဘယ်လို လျှို့ဝှက်သိုင်း ပိုင်ဆိုင်ထားလဲ မသိဘူး။ ဒါပေမဲ့ ကြောက်စရာကောင်းလောက်တဲ့ နှုန်းနဲ့ ကုစားနိုင်တယ်။ ငါ သူနဲ့ တိုက်ခိုက်နေတဲ့ အချိန်အတောအတွင်းမှာ ချင်းရန်က ဘာဒဏ်ရာမှ မရသလောက်နီးပါးပါပဲ။ အဆင့်မြင့် အဆင့် နတ်ဘုရား ဆေးလုံးတွေကတောင်မှ ဒဏ်ရာကို အချိန်တိုအတွင်းမှာ ဒီလောက်အထိ ပျောက်ကင်းအောင် မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ သူ့မှာတော့ အားလုံးက ချက်ချင်းပျောက်တယ် "
တာအို ဆရာကြီး ရှန်းချင်းက ခပ်တည်တည် ပြောသည်။
" ချက်ချင်းပျောက်တယ် ဟုတ်လား။ တကယ်ပဲလား "
တာအို ဆရာကြီး ရှန်းချင်း၏ အဘိုးမျက်နှာပြင်တွင် အံ့သြမှုက ပေါ်ထွက်လာလေသည်။
အပိုင်း ၃၆၀၅ ပြီး၏။
***