သူကအမြန်ငွေရှင်းလိုက်သည်။ သူမဲပေါက်ရင် အလှလေးတွေနဲ့အတူတူဖြစ်သွားပြီမလား?
ဒီအလှလေးတွေနဲ့ နတ်သမီးပုံပြင်တောင်ပေါ်ခရီးသွားရရင် သူအခွင့်အရေးရနိုင်တယ်ဟုတ်?
ထိုအတွေးနှင့် ငွေရှင်းရန်အပြေးသွားသည်။
"လူကြီးမင်း.. စုစုပေါင်း ယွမ် ၂၃၀၀ ပါ... ၂၃ ကြိမ်မဲနှိုက်လို့ရပါတယ်''
ကောင်တာမှတွက်ချက်ပေးသည်။
လူငယ်ကအမြန်စကင်န်ဖတ်ပြီး မဲနှိုက်သည်။
အချစ်နတ်ဘုရားက မဲပေါက်ခွင့်ပေးပါစေ၊ အချစ်ရှာဖို့အခွင့်အရေးပေးပါစေ!
"ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်!''
ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်!'ဟု ၂၃ ကြိမ်ဆက်တိုက်ကြားပြီးနောက် လူငယ်ပါးစပ်အဟောင်းသားနှင့်ကြောင်သွားသည်။
အခွင့်အရေးက သူ့ရှေ့မှာ၊ ဒါပေမဲ့ ကံကြမ္မာက သူ့ကိုအခွင့်အရေးမပေး။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီထွက်သွားပြီးနောက် စျေးဝယ်စင်တာထဲချက်ချင်းပြေးဝင်ကာ ပစ္စည်းများဝယ်ပြီးမဲထပ်နှိုက်သည်။
အလှလေးတွေက ပန်းအိမ်ထဲဝင်ချင်တယ်တဲ့။ သူမဲပေါက်ရင် ပန်းအိမ်မှာဆုံလို့ရပြီမလား?
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက စျေးဝယ်စင်တာမှထွက်သွားကြပြီ။ ဒီလူငယ်အရူးတပိုင်းဖြစ်နေသည်ကို သူတို့မသိ။
သူတို့နှစ်ဦးက နတ်သမီးပုံပြင်တောင်လက်မှတ်ယူရန် ဧည့်ကြိုခန်းမတန်းသွားကြသည်။
ပေါက်မဲတွင် ကေဘယ်ကား၊ တောင်တက်လက်မှတ်၊ တောင်ပေါ်ပရောဂျက်တချို့နှင့် ပန်းအိမ်တစ်ညအိပ်ခွင့်ပါသည်။
သို့သော် လက်မှတ်ရပြီး ချက်ချင်းတောင်ပေါ်တက်မရသေး။ မနက်ဖြန်နေ့လယ်၊ညနေရောက်အောင် စောင့်ရဦးမည်။ နောက်ပြီး တောင်ပေါ်သို့အုပ်စုလိုက်ခွဲတက်ရမည်။
ချင်းလင်ရှုမျှော်ခင်းနေရာက သတ်မှတ်ထားခြင်းပင်။ ဘာပဲဖြစ်ဖြစ် တောင်ပေါ်ကို ခရီးသည်အကုန်လုံးတက်ခွင့်မပေးနိုင်။
ပထမဆုံးအကြိမ်လုပ်ငန်းလည်ပတ်ခြင်းဖြစ်၍ အတွေ့အကြုံမရှိသေးသောကြောင့် ပြဿနာရှိနိုင်သည်။
အသုတ်လိုက်ခွဲဝင်မှ ဝန်ထမ်းများအသားကျသွားမည်။
ထို့ကြောင့် ကျူးယွမ်ယွမ်နှင့်ဝမ်လီလီစောင့်ရုံသာရှိသည်။
ချင်းလင်အပန်းဖြေစံအိမ်၊ ချင်လင်ရုံးခန်း_
ရုတ်တရက် လင်းလန်ဇီနှင့်ချန်လီအတူတူရောက်လာသည်။
သူတို့အတူတူရောက်လာသောကြောင့် နတ်သမီးပုံပြင်တောင်ကိစ္စဖြစ်မည်ဟု ချင်လင်သိလိုက်သည်။
မဟုတ်ရင် ချန်လီနှင့်လင်းလန်ဇီ ဆက်သွယ်စရာအကြောင်းမရှိ။
"သူဌေးချင်.. ထပ်အနှောင့်အယှက်ပေးရတာ အားနာပါတယ်''
ချန်လီကတွေ့တွေ့ချင်းပြောသည်။
ချင်လင်ကပြုံးပြီး_
"လက်ထောက်ချန်က ကျွန်တော့်ကိုသူစိမ်းလိုသဘောထားနေတာပဲ... အစ်မလင်း အားလုံးထိုင်ရအောင်... ခင်ဗျားတို့အတူတူလာတယ်ဆိုတော့ တစ်ခုခုဖြစ်နေပြီပေါ့''
နှစ်ယောက်သားထိုင်ပြီးသည်နှင့် လင်းလန်ဇီကလိုရင်းတန်းပြောသည်_
"ဥက္ကဌချင်.. နတ်သမီးပုံပြင်တောင်က ဖွင့်ပြီမလား? ကေဘယ်ကားအပြင် တောင်တက်လမ်းမှာမြင်းစီးလို့လည်းရတယ်''
"ဒီတော့ တောင်ပေါ်ခြေလျင်တက်တဲ့လမ်းကြောင်းအတွက် စီရင်စုက ဆင်းရဲသားသက်သာချောင်ချိရေးပရောဂျက်ဖော်ဆောင်ချင်တယ်တဲ့... ဥပမာ ပစ္စည်းတင်တာပေါ့''
"ပစ္စည်းသယ်တဲ့သူတွေက ထမ်းစင်နဲ့ ခရီးသည်တွေကိုတောင်ပေါ်ပို့နိုင်တယ်... ခရီးသည်တွေက သယ်ပို့ခပေးရမယ်''
"နတ်သမီးပုံပြင်တောင်ထိပ်က အရမ်းမြင့်တယ်... ကိုယ့်အင်ကိုယ့်အားသက်သက်ဆိုရင် ခရီးသည်တွေခဏခဏနားပြီးလျှောက်ရမယ်''
"ဒီတော့ ဒီပရောဂျက်ရှိရင် ခရီးသည်တွေကထမ်းစင်ပေါ်ထိုင်ပြီး ရှုခင်းကြည့်ချင်မှာပဲ... ဝိုင်လုပ်ငန်းအတွက်လည်း အခွင့်အရေးအများကြီးရမယ်''
"သူဌေးချင်.. ဒီကိစ္စ မင်းကိုဒုက္ခပေးရဦးမယ်''
ချန်လီကပြောရင်းဆိုရင်း ချင်လင်ကိုစာဖိုင်ပေးသည်။
ချင်လင်လည်း ယူဖတ်လိုက်၏။
ဆင်းရဲသားပပျောက်ရေးမှာ အစိုးရတာဝန်တစ်ရပ်ဖြစ်သည်။ နောက်ပြီး မြို့တစ်မြို့ဘယ်လောက်ဖွံ့ဖြိုးသည်ဖြစ်စေ ဆင်းရဲသားကရှိစမြဲ။
ရုံချန်းလည်းအတူတူပင်။
ရုံချန်းတွင် အလုပ်အကိုင်အခွင့်အလမ်းများသည်။ ကျေးလက်တွင် ချင်းလင်ဓာတ်ခွဲခန်းမှသီးနှံစိုက်ပြီး စီရင်စုထဲတွင်မူ စက်ရုံမှာအလုပ်လုပ်နိုင်သည်။
သို့ရာတွင် အလုပ်မရှိ၊ဝင်ငွေမရသူက ရှိနေသေးသည်။
အပျင်းကြီးသူများမှာ ဆင်းရဲထိုက်သည်။
သို့သော် တချို့က ဒီလိုမဟုတ်။ သီးနှံစိုက်ချင်သော်လည်း ကျေးရွာမှာမြေမရှိ။ စက်ရုံမှာလုပ်ချင်သော်လည်း စာမတတ်၍စက်အကြောင်းနားမလည်။ အနုစိတ်အလုပ်ကိုအဆင်ပြေအောင်မလုပ်နိုင်ပေ။
တချို့က မွေးရာပါနားမကြားသူတောင်ရှိသည်။
ဒီလိုလူမျိုးတွေက ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးသာ ပိုက်ဆံရှာတတ်သည်။ အလုပ်ကြမ်းဆို သူများထက်ပိုလုပ်နိုင်သည်။
ဒီလိုလူမျိုးက စီရင်စုကကူညီပေးချင်သောဆင်းရဲသားမျိုးပင်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ရှုမျှော်ခင်းနေရာက စီရင်စုအတွက်ဘယ်လောက်အကျိုးရှိလဲ သူတို့သိသည်။ သူတို့အတွက်ခက်ခဲအောင်မလုပ်ချင်သလို ဒုက္ခလည်းမပေးချင်။
သူတို့ကူညီရန်ရွေးထားသောဆင်းရဲသားများမှာ သေချာပေါက်လူရိုးများဖြစ်သည်။
ချင်လင်က အချက်အလက်ဖတ်ပြီး ခေါင်းညိမ့်ကာ_
"ကိစ္စမရှိပါဘူး.. ဥက္ကဌလင်း စီရင်စုကိုသွားပြီးလက်ခံလိုက်ပါ... ပစ္စည်းသယ်တဲ့သူတွေကို ကျွန်တော်တို့ပိုက်ဆံမကောက်ဘူး... စာရင်းသွင်းဖို့ပဲလိုတယ်... တစ်ခုခုအမှားလုပ်မယ် ရှုမျှော်ခင်းနေရာကိုထိခိုက်မယ်ဆိုရင်တော့ သူတို့ကိုစည်းကမ်းအတိုင်းအပြစ်ပေးရပါမယ်''
လူအမျိုးမျိုးရှိမှန်း ချင်လင်လည်းသိသည်။ အတော်များများမှာ ပြင်မရသောမွေးရာပါအားနည်းချက်ရှိတတ်သည်။
နောက်ပြီး ဆင်းရဲသားအများစုက အလုပ်မလုပ်၍မဟုတ်၊ အခက်အခဲနှင့်ပင်ပန်းမှုကိုကြောက်၍လည်းမဟုတ်။ တစ်ခါတလေ နေရာမှန်မှာ အားစိုက်ထုတ်မှုမမှန်ခြင်းသာဖြစ်သည်။
လူတချို့ကိုအခွင့်အရေးပေးဖို့သာလိုသည်။
အခွင့်အရေးပေးချင်စိတ်ရှိရင်ပေါ့။
"ကောင်းပါပြီ ဥက္ကဌချင်''
လင်းလန်ဇီခေါင်းညိမ့်လိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် သူဌေးချင်''
ချန်လီလည်း ကျေးဇူးတင်စကားပြောသည်။
ထိုကိစ္စပြောပြီးသည်နှင့် ချန်လီနှင့်လင်းလန်ဇီလည်း စီရင်စုထဲသွားသည်။ ဒီကိစ္စသူတို့ချက်ချင်းဖြတ်မည်ဖြစ်သော်လည်း စီရင်စုက ထမ်းစင်ဖြစ်စေ၊ ဝါးကုလားထိုင်ဖြစ်စေ အားလုံးပြင်ဆင်ထားပြီးဖြစ်မည်ဟုမထင်မိချေ။
အချိန်ကုန်လွန်သွားပြီး ဒုတိယမြောက်နေ့ရောက်လာသည်။
ရုံချန်းမှာ စောစောစီးစီးစည်ကားနေသည်။ နတ်သမီးပုံပြင်တောင်လက်မှတ်ရသောခရီးသည်များမှာ ရထားနှင့်ဖြစ်စေ၊ကားနှင့်ဖြစ်စေ ရုံချန်းသို့အစောကြီးရောက်လာကြသည်။
ချန်လီလည်း စီရင်စုထဲအစောကြီးရောက်နေပြီး ဆင်းရဲပပျောက်ရေးပရောဂျက်ကိုစောင့်ကြည့်ရန် သီးသန့်လူတစ်ယောက်စီစဉ်သည်။
***