ဒီကိစ္စဆုံးဖြတ်ပြီးမှတော့ သူလိုရာထူးနှင့်လူက မျက်စိဒေါက်ထောက်ကြည့်နေဖို့မဖြစ်နိုင်။ အစီအစဉ်သာဆွဲရမည်။
မနက်ပိုင်း ထိုကိစ္စစီစဉ်ပြီးနောက် စွန်းရှန်ကအစည်းအဝေးခန်းထဲဖုန်းဆက်ခေါ်သည်။
အစည်းအဝေးခန်းထဲရောက်သောအခါ ယာဉ်လမ်းကြောင်းတာဝန်ခံတချို့ကိုတွေ့ရသည်။
ထို့ကြောင့် သူကအမှတ်တမဲ့မေးလိုက်၏_
"ယာဉ်လမ်းကြောပျက်ပြန်ပြီလား?''
အရာရှိတစ်ဦးက ချက်ချင်းခေါင်းညိမ့်ပြီး_
"ဟုတ်တယ်.. လမ်းစပိတ်နေပြီ... တတိယပတ်လမ်းပါ စပိတ်နေတာ''
စွန်းရှန်က သက်ပြင်းချကာ_
"ထင်တဲ့အတိုင်းပဲ.. ရာသီဥတုကပြောင်းနေပြီ... ခရီးသည်တွေအပန်းဖြေထွက်ဖို့အကောင်းဆုံးအချိန်ပဲ... ချင်းလင်စံအိမ်မှာ ဒီလောက်ကြီးတဲ့ပရောဂျက်ရှိတာ မပိတ်ဘဲမနေဘူး''
"ဒီတစ်ခါယာဉ်လမ်းကြောကိုကြိုးစားထိန်းပါ... သယ်ယူပို့ဆောင်ရေးအတွက် ခင်ဗျားတို့အပြင်းအထန်လုပ်ပါ... စတုတ္ထနဲ့ပဥ္စမမြောက်ပတ်လမ်းကိုအမြန်ဆောက်ရမယ့်ပုံရှိတယ်''
ထို့နောက် စွန်းရှန်က ချန်လီကိုခေါ်ပြီးဆွေးနွေးသည်။
အနောက်ဘက်တွင်နေဝင်ပြီးချိန် နတ်သမီးပုံပြင်တောင်က ပိုစည်ကားလာသည်။ နတ်သမီးပုံပြင်တောင်ဖွင့်ပြီးနောက် လက်မှတ်ရခရီးသည်များအစောကြီးရောက်လာကာ တောင်ပေါ်အမြန်ဆုံးတက်ပြီးအတွေ့အကြုံခံစားချင်ကြသည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီလည်း အတူတူပင်။
သူတို့လည်းဝတ်စားပြင်ဆင်လာသည်။ လှလှပပနှင့်ကိုယ်လုံးကိုယ်ပေါက်ကောင်းသောကြောင့် အမျိုးသားခရီးသည်များစိတ်ဝင်စားကြသည်။
အထူးသဖြင့် တဏှာရူးများက အကြည့်မခွာနိုင်ကြ။
ထိုတဏှာရူးများဘေးတွင် မကျေမနပ်ဖြစ်နေသောအမျိုးသမီးအဖော်များပါသည်။
အဆီတဝင်းဝင်း၊ဗိုက်ရွှဲရွှဲနှင့်အမျိုးသမီးက သူမဘေးမှတဏှာရူးကိုကန်လိုက်ပြီး_
"ဘာကြည့်စရာရှိလို့လဲ? အလည်လာတာကို ကလက်တက်တက်ဝတ်စားထားတာ လူကောင်းနဲ့လုံးဝမတူဘူး... အကြွေးတင်နေရင်တင်တယ်ပြော... ဒီလာပြီး *** ရောင်းစားစရာမလိုဘူး''
ဗိုက်ရွှဲရွှဲနှင့်အမျိူးသမီးကပြောရင်းပြောရင်း စိတ်အနှောင့်အယှက်ဖြစ်လာပြီးဆဲရေးကာ သူမဘေးမှအမျိုးသမီးများကိုတောင်မြှောက်ပေးသည်။
ထိုအမျိုးသမီးများကိုလည်း ပတ်ဝန်းကျင်မှခရီးသည်များအာရုံစိုက်မိပြီး ခေါင်းခါလိုက်ကြသည်။ ဒီအပြုအမူကို စကားလုံးနည်းနည်းနှင့်ရှင်းပြရခက်သည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက ထိုအမျိုးသမီးများဆူပူသံကိုကြားပြီး အမှတ်တမဲ့ခြေလှမ်းသွက်သွက်ထွက်လာသည်။ တစ်ခါတလေ အတော်စိတ်ပျက်စရာကောင်းသည်။
သူတို့ဘာမှမလုပ်တာအမှန်။ ခပ်မိုက်မိုက်ဝတ်စားတာ သူတို့အပြစ်မဟုတ်။
"လီလီ.. အခုကေဘယ်ကားစီးကြမလား?''
ကျူးယွမ်ယွမ်က ဝင်ဝင်ချင်းမေးသည်။
ဝမ်လီလီက ချက်ချင်းဘေးကိုညွှန်ပြပြီး_
"ယွမ်ယွမ်.. ဟိုမှာထမ်းစင်ရှိတယ်ထင်တယ်... တောင်ပေါ်ထမ်းစင်နဲ့တက်လို့ရမလားပဲ... သွားစီးရအောင်''
"ဟုတ်ပြီ!''
ကျူးယွမ်ယွမ်ကအကြံကောင်းဟုထင်ပြီး ခေါင်းညိမ့်သည်။ ကေဘယ်ကားလက်မှတ်ရှိသော်လည်း ရှုခင်းကြည့်ရင်း အထမ်းသမားများ၏စီးပွားရေးကိုဂရုစိုက်ပေးတာလည်း အကြံကောင်းပင်။
ဒီလိုပင်ပင်ပန်းပန်းလုပ်ပြီး ဘယ်သူကအသက်မွေးချင်မလဲ?
"ဦးလေး.. အထမ်းစီးရင် ဘယ်လောက်လဲ?''
ကျူးယွမ်ယွမ်က အထမ်းသမားတစ်ဦးကိုမေးသည်။
အထမ်းသမားများ တန်းစီနေသည်။ ခရီးသည်များကိုမြင်သောအခါ သူတို့မျက်နှာလင်းထိန်သွား၏။ သူတို့အားလုံးမှာ အလုပ်ကြိုးစားဖို့သာသိသူများပင်။ ရှုမျှော်ခင်းနေရာက အခွင့်အရေးပေးသောကြောင့် သူတို့တန်ဖိုးထားသည်။
"အလှလေး.. တစ်ခေါက် ယွမ် ၁၀၀ ပါ!''
အထမ်းသမားကချက်ချင်း ဝမ်းသာအားရပြောသည်။ ရှုမျှော်ခင်းနေရာကအခွန်မကောက်သောကြောင့် ထမ်းစင်ကိုလူနှစ်ယောက်သယ်သည်။ တစ်ခေါက်ကို တစ်ယောက်ယွမ် ၅၀ သာရသည်။
"ဒါဆို ထမ်းစင်နှစ်ခု''
ကျူးယွမ်ယွမ်ကတန်းပြောသည်။
"ဟုတ်ပြီ.. လူမစေ့ရင် ရှေ့ဆုံးကနှစ်ခုယူလိုက်... ငါတို့တန်းစီမယ်''
အထမ်းသမားတစ်ယောက်က ဝမ်းသာအားရပြောသည်။
အမှန်ပင်။ အထမ်းသမားများ ခရီးသည်မလုစေရန် တန်းစီရသည်။ တောင်ပေါ်မှဆင်းလာသောအထမ်းသမားက နောက်ဆုံးမှာတန်းစီရသည်။
ခန္ဓာကိုယ်သန်မာရင်သန်မာသလောက် တောင်ပေါ်နောက်မှတက်ပြီး သူများထက်အရင်ဆင်းကာ ရှေ့လည်းပြန်ရောက်နိုင်သည်။
အထမ်းသမားများမှာ ကျူးယွမ်ယွမ်နှင့်ဝမ်လီလီကြောင့် ဝမ်းသာနေသည်။ ခရီးသည်ရရုံသာမက ပေါင် ၉၀ လောက်သာရှိပြီးပေါ့လည်းပေါ့သောကြောင့် အသာလေးသယ်နိုင်သည်။
မကြာမီ နှစ်ယောက်သားထမ်းစင်နှင့်တောင်ပေါ်တက်သွားသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်၊ စောစောကဆဲရေးသောအမျိုးသမီးတချို့လည်းရောက်လာ၏။ ဗိုက်ရွှဲရွှဲအမျိုးသမီးက လှောင်တောင်လှောင်သည်_
"အားလုံး ကြည့်စမ်းပါဦး... ဒီလိုမိန်းမမျိုးက အရှက်မရှိဘူး... တောင်ပေါ်ကေဘယ်ကားရှိရဲ့သားနဲ့ ထမ်းစင်စီးတယ်... ပိုက်ဆံသုံးပြီး သူများကိုအရှက်ခွဲတာ''
ထိုစကားကို ပတ်ပတ်လည်မှအမျိုးသမီးများက တရားမျှတမှုရှိသလိုခံစားရသည်။
"ဟုတ်ပါ့.. လူတိုင်းမွေးလာတာ အတူတူပဲဟာ... သူတို့က ဘာကော*င်မမလို့လဲ? ကြည့်ရုံနဲ့ လူကောင်းမဟုတ်မှန်းသိသားပဲ''
"ဒီလိုလူမျိုး သေသွားအေးတာပဲ... အရှက်မရှိဘူး''
သူတို့ဖုန်းများနှင့်တောင် ကျူးယွမ်ယွမ်နှင့်ဝမ်လီလီကိုဓာတ်ပုံရိုက်ထားသည်။
ထိုမြင်ကွင်းကြောင့် တောင်ပေါ်ထမ်းစင်နှင့်တက်ချင်သောခရီးသည်များမှာ အလှလေးနှစ်ယောက်ကိုမြင်ပြီး နောက်ပြန်ဆုတ်သွားကြသည်။ ထိုသူတော်ကောင်းကြေညာချက်စကားကြောင့် ထမ်းစင်စျေးမေးသောခရီးသည်တချို့ ချက်ချင်းပြန်ထွက်သွား၏။
ထို့ကြောင့် အထမ်းသမားများက ဗီဒီယိုရိုက်နေသောအမျိုးသမီးများကို မကြည်ကြည့်နှင့်ကြည့်လိုက်ကြသည်။
သို့သော် ထိုအမျိုးသမီးများက သတိမထားမိဘဲ သူတို့စကားသူတို့ဂုဏ်ယူနေသည်။
"အဲဒီမိန်းမပျက်နှစ်ယောက်ကိုအလွတ်မပေးနိုင်ဘူး... ဖော်ထုတ်မယ်!''
"ဟုတ်တယ်.. သူတို့အကြောင်းဖော်မယ်''
"သူတို့သိက္ခာချမယ်... နာမည်ကြီးပါစေ''
***