ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက နောက်မှအသံများကြားသော်လည်း မငြင်း။ သက်ပြင်းသာချလိုက်သည်။
အမှန်အတိုင်းပြောရရင် အထမ်းသမားတွေကိုစော်ကားခြင်းမဟုတ်။ ဘာပဲဖြစ်ဖြစ် အထမ်းသမားတွေရှိနေမှတော့ ထမ်းဖို့ပဲပေါ့။
ဒါကလည်း ဝန်ဆောင်မှုပေးသူနဲ့ယူသူကြား ဆက်ဆံရေးသာ။
တောင်မတက်ချင်သောကြောင့် သူတို့ကဝန်ဆောင်ခပေးသည်။ မိသားစုကိုထောက်ပံ့ရန်အလုပ်ကြမ်းလုပ်နေသူများအတွက်မျှတသည်။
"ယွမ်ယွမ် သူတို့ကိုဂရုမစိုက်နဲ့... တို့ဘာသာလည်ကြစို့''
ဝမ်လီလီက စိတ်ကြည်ကြည်နှင့် ကျူးယွမ်ယွမ်ကိုပြောသည်။
"အင်း!''
ကျူးယွမ်ယွမ်ခေါင်းညိမ့်လိုက်သည်။
အထမ်းသမားများသယ်ရင်း တောင်ပေါ်ရောက်လာသည်နှင့် ပတ်ဝန်းကျင်ရှုခင်းကိုစချီးကျူးရသည်။
တောင်တက်လမ်းတွင် စိမ်းစိမ်းစိုစိုအပင်များစွာရှိပြီး အတော်များများကတန်ဖိုးရှိပုံရသည်။ ထင်သာမြင်သာရှိသည်။
သို့ရာတွင် ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက မျက်မှောင်ကြုတ်လိုက်သည်။
သူတို့လာတာ နတ်သမီးပုံပြင်တောင်၊ ဒီမှာ တခြားနေရာတွေလိုစိမ်းစိမ်းစိုစိုအပင်များသာရှိသောကြောင့်ပင်။
ဒီတောင်တက်လမ်းက ဗီဒီယိုထဲမှာပြထားသလိုလှပတဲ့ရှုခင်းမျိုးမဟုတ်။
ညမရောက်သေးမှန်း သူတို့လည်းသိသည်။ နတ်သမီးပုံပြင်တောင်မိတ်ဆက်တွင် နေ့နှင့်ညက ကမ္ဘာခြားသည်ဟုဆိုထားသည်။
နေ့တွင် သာမန်စိမ်းစိမ်းစိုစိုရှုမျှော်ခင်းနေရာဟုသာယူဆနိုင်သည်။ ညပိုင်းတွင်မူ တောင်က နတ်သမီးပုံပြင်ကမ္ဘာပြောင်းသွားမည်။
ဒါကြောင့်လည်း ညရောက်ရန်မျှော်လင့်စောင့်စားမိသည်။
အချိန်လွန်သည်နှင့် အနောက်ဘက်တွင်နေလုံးလုံးဝင်သွားပြီး အထမ်းသမားများတင်လာသောကျူးယွမ်ယွမ်နှင့်ဝမ်လီလီမှာ တောင်ထိပ်ရှိပန်းအိမ်အစုအဝေးသို့ရောက်လာသည်။
နှစ်ယောက်သားဆင်းပြီးနောက် ငွေရှင်း၍ စာရင်းသွင်းကောင်တာအပြေးသွားကာ လက်မှတ်နှင့် ID ကတ်များပြသည်။
စာရင်းသွင်းသူက အခန်းစစ်ဆေးပြီးနောက် သူတို့နှစ်ဦးကိုစာရင်းသွင်းကာ အခန်းကတ်ပေးသည်။ သူတို့ကကံကောင်းပြီး နှစ်မဲဆက်တိုက်ရခဲ့သူများပင်။
နောက်အစောင့်တစ်ယောက်က ချက်ချင်းရောက်လာပြီး လမ်းပြသည်_
"ဧည့်သည်တို့.. ကျွန်တော့်နောက်လိုက်ခဲ့ပါ''
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက သူ့နောက်လိုက်ပြီး ပန်းအိမ်အစုအဝေးဆီရောက်လာသည်။
ပန်းအိမ်တစ်ခုနှင့်တစ်ခုဆက်စပ်နေသောအစုအဝေးမှာ ပြောမပြတတ်အောင်ခမ်းနားသည်။
"လှလိုက်တာ''
ကျူးယွမ်ယွမ် ကြည်နူးအံ့ဩသွားသည်။
"အင်း.. ပန်းအိမ်က အရမ်းဆွဲဆောင်မှုရှိတာပဲ''
ဝမ်လီလီ ခေါင်းညိမ့်လိုက်သည်။
တစ်ချက်ကြည့်ရုံနှင့် ပန်းအိမ်၏ အလှ +၂၊ ဆွဲဆောင်မှု +၂ က အကြည့်မခွာနိုင်အောင်ဖြစ်စေသည်။
သူတို့တင်မဟုတ်၊ တခြားခရီးသည်များလည်း စိတ်ဝင်စားနေသည်။
"အရင်က လိုင်းပေါ်မှာပဲမြင်ဖူးတာ... ကိုယ်တိုင်မြင်ရမယ်မထင်ထားဘူး''
"အင်း.. လှလိုက်တာ.. ညကျ အထဲမှာနေလို့ရတယ်''
"ပန်းအိမ်တွေအများကြီးဆိုပေမဲ့ တစ်အိမ်တည်းမှာပဲနေရမှာ... အကုန်လုံးလိုက်နေချင်တယ်''
"အချစ် သတိထားဦး.. ကိုယ်တို့မှာ အဲလောက်ပိုက်ဆံမရှိဘူး''
ပန်းအိမ်ထဲတွင် အင်းဆက်ပိုးမွှားဘာမှမတွေ့သောကြောင့် ခရီးသည်များပိုအံ့ဩရသည်။
ထူးဆန်းလိုက်တာ။
တောင်ထိပ်မှာ ခြင်အပေါဆုံးနေရာဖြစ်သည်။
ခြင်ဆေးဘယ်လောက်ကောင်းကောင်း ခြင်လုံးဝကင်းစင်ဖို့မဖြစ်နိုင်။
ချင်းလင်စံအိမ်က ဘယ်လိုလုပ်ထားလဲ?
ရွက်ဖျင်တဲနှင့်တည်းခိုဆောင်များအပါအဝင် နတ်သမီးပုံပြင်တောင်တခြားနေရာများတွင် ခြင်ဆေး၊ပိုးသတ်ဆေးများသုံးရပြီး ပန်းအိမ်တွင်မသုံးရကြောင်း ထိုခရီးသည်များမသိကြ။
ပန်းအိမ်တွင် အင်းဆက်ပိုးသတ်အာနိသင် +၂ ရှိသောကြောင့်ပင်။
ပန်းအိမ်ကိုစိတ်ဝင်စားပြီး ခရီးသည်များဖုန်းထုတ်ကာဓာတ်ပုံရိုက်ကြသည်။ ဒီအချိန်ကို မဖြစ်မနေမှတ်တမ်းတင်ရမည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီလည်း အတူတူပင်။
အရင်ဆုံး သူတို့ဖုန်းနှင့်မြင်ကွင်းကိုဓာတ်ပုံရိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်တွဲပုံနှင့် သူများကိုဓာတ်ပုံရိုက်ခိုင်းသည်။
ပြီးလျှင် Wechat အခိုက်အတန့်များတွင်တင်သည်။ ခေါင်းစဉ်မှာ:
'ချင်းလင်နတ်သမီးပုံပြင်တောင်သို့ ပထမဆုံးခရီးသွားအဖွဲ့'
ခေါင်းစဉ်မှာ ဂုဏ်ဆာမှုအပြည့်နှင့်။ ပို့စ်တင်ပြီးမကြာမီ လူတွေက Like ပေးကြသည်။ အားကျသောမှတ်ချက်များရေးကြသည်။ သူတို့မပြုံးဘဲမနေနိုင်။
နတ်သမီးပုံပြင်တောင်ပေါ်ပထမဆုံးတက်ခွင့်ရတဲ့အခွင့်အရေးက တစ်ခါတည်း။
"ညအိပ်မယ့်ပန်းအိမ်ကိုတစ်ချက်သွားကြည့်ရအောင်''
ဝမ်လီလီကပြောသည်။
"အင်း.. သွားစို့!''
ကျူးယွမ်ယွမ် ခေါင်းညိမ့်လိုက်သည်။
သူတို့နှစ်ယောက်ပန်းအိမ်က ကပ်လျက်ဖြစ်သည်။
ကျူးယွမ်ယွမ်က သူမပန်းအိမ်ဆီသွားပြီး အခန်းကတ်ဖြတ်ကာတံခါးဖွင့်လိုက်သည်။ အထဲဝင်လိုက်သောအခါ ထူးထူးခြားခြားပန်းရနံ့ရသည်။
ပန်းရနံ့မှာ အနံ့သင်းသင်းနှင့်နှစ်လိုဖွယ်ကောင်းသည်။
အထူးသဖြင့် အတွင်းပိုင်းအပြင်အဆင်ကြောင့် မျက်လုံးကျယ်သွားသည်။ ပန်းရောင်အပြင်အဆင်နှင့်မူလစိမ်းစိမ်းစိုစိုအလှကြောင့် နတ်သမီးအိပ်ခန်းနှင့်တူသည်။
သူမကမနေနိုင်ဘဲ ပိုက်ဆံအိတ်ပစ်ချကာ ကုတင်ကြီးပေါ်တက်လိုက်သည်။ လှဲချလိုက်သောအခါ ထူးထူးခြားခြားအားပြည့်သလိုခံစားရသည်။ စိတ်တည်ငြိမ်ပြီး အပူအပင်အားလုံးပျောက်သွားသလိုပင်။
ပန်းအိမ်၏လန်းဆန်းခြင်း +၂ အာနိသင်ကြောင့်ဖြစ်သည်။
ကျူးယွမ်ယွမ်မှာ အံ့ဩနေသည်။
ခရီးသွားရတာသဘောကျသူဖြစ်၍ ဟိုတယ်မျိုးစုံတွင်နေဖူးသော်လည်း ဘယ်ဟိုတယ်မှာမှဒီလိုခံစားချက်မျိုးမရဖူး။
ဒီလိုခံစားချက်အားလုံးရသောကြောင့် ပြန်ရမှာနည်းနည်းတွန့်ဆုတ်မိသည်။
ထို့နောက် ယွမ် ၁၀ သန်းပေးရသောပန်းအိမ်မျိုးစေ့ကိုသတိရသည်။
ဒီတော့ အခုယွမ် ၁၀ သန်းတန်အခန်းထဲမှာနေရတာပေါ့။ ဒါကြောင့် သက်သောင့်သက်သာရှိတာမထူးဆန်း။
ကျူးယွမ်ယွမ်က ပန်းအိမ်ထဲမှအမြန်ထွက်ပြီး ဝမ်လီလီအိမ်သွားသည်။
ဝမ်လီလီမှာ အိပ်ရာပေါ်လှဲနေပြီဖြစ်ပြီး မထချင်တော့။
ဝမ်လီလီပန်းအိမ်ဒီဇိုင်းက သူမအိမ်နှင့်မတူ။ အပြာရောင်နတ်သမီးပုံပြင်အိမ်ပုံစံဖြစ်သည်။
ဝမ်လီလီအိပ်ရာပေါ်လှဲနေပုံကိုကြည့်ရင်း ကျူးယွမ်ယွမ်ကခုန်တက်လိုက်သည်။
ဒီကောင်မလေး ဒီလောက်သက်သောင့်သက်သာအိပ်နေတာ၊ သူ့ကိုအနိုင်ကျင့်ရမည်။
***