ဘာပဲဖြစ်ဖြစ် ပျက်သွားသောဗီဒီယိုအတော်များများ ရေပန်းစားခဲ့သည်။ မပျက်ခင်က ကြည့်ရှုသူတချို့ရခဲ့လိမ့်မည်။ အခုအားလုံးပျောက်သွား၍ ထူးဆန်းနေ၏။
သို့သော် မကြာခင် Tiktok မှတရားဝင်ကြေညာချက်ဗီဒီယိုကြောင့် အားလုံးအံ့ဩသွားသည်။
Tiktok မှလှုပ်ရှားခြင်းဖြစ်၍ အသုံးပြုသူတိုင်း ထိုကြေညာချက်ဗီဒီယိုကိုတွေ့ရသည်:
တချို့အကောင့်များသည် မမှန်မကန်ဗီဒီယိုများတင်ပြီး ကြော်ငြာပလက်ဖောင်း၏စည်းမျဉ်းများကိုဖောက်ဖျက်သောကြောင့် ဗီဒီယိုများအဖျက်ခံရမည်။ အမုန်းပွားစေသောဗီဒီယိုတင်သည့်အကောင့်များ တားမြစ်ခံရမည်!
တိုတိုတုတ်တုတ်ကြေညာချက်ဖြစ်သော်လည်း ကြေညာချက်ဗီဒီယိုတွေ့သူတိုင်းက မျက်စိတစ်မှိတ်အတွင်းဗီဒီယိုပျောက်သွားသောဖြစ်ရပ်ကိုအမှတ်တမဲ့တွေးမိကြသည်။
ပလက်ဖောင်းကုမ္ပဏီ၏တရားဝင်လှုပ်ရှားချက်ဖြစ်သည်။
အားလုံးအတွက်ထိချက်ပြင်းသည်။
တချို့ပလက်ဖောင်းများက ဒီလိုလုပ်ခဲသည်။ အထူးသဖြင့် ရေပန်းစားခေါင်းစဉ်ရှိသောအခါပင်။
Tiktok က ဒီလိုလှုပ်ရှားရင် ရေပန်းစားသတင်းက စည်းကမ်းနဲ့မညီတဲ့သဘော၊ အကောင်းမြင်အကြောင်းအရာမဟုတ်တဲ့သဘောရှိသည်။
အင်တာနက်ဆယ်လီများကိုအသုံးချပြီး ဝင်ငွေဖန်တီးသည်မှလွဲ၍ Tiktok က ဒိအပိုင်းမှာစိတ်ချရသေးသည်။ အထက်လူများစောင့်ကြည့်နေသောကြောင့် အမှားတစ်ခုဖြစ်ရင် Tiktok ဒုက္ခရောက်လိမ့်မည်။
ချင်းလင်မွေးမြူရေးခြံ_
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီလည်း ရွက်ဖျင်တဲထဲရွှေ့လာသည်။
သူတို့နှစ်ယောက် တကယ်ကံထူးသည်။ ချင်းလင်မွေးမြူရေးခြံရွက်ဖျင်တဲနှင့်ချင်းလင်စံအိမ်သတို့သမီးခန်းရော နတ်သမီးပုံပြင်တောင်ပန်းအိမ်ပါ လက်မှတ်ရရန်အလွန်ခက်သောကြောင့်ပင်။
ခရီးအများစုက လက်မှတ်မရကြ။
သို့သော် သူတို့ကကံကောင်းပြီး သုံးနေရာလုံးယူနိုင်ခဲ့သည်။
သို့ဆိုရင်တောင် သူတို့စိတ်အခြေအနေမကောင်း။
ဘာပဲဖြစ်ဖြစ် သူတို့ကိုလိုင်းပေါ်အတင်ခံထားရသည်။
ဒီလိုအပြောခံရလို့ သူတို့မှားသည်မထင်။ မတရားခံရသလိုဖြစ်နေသည်။
ထို့ကြောင့် ဝမ်လီလီက ခရီးဆောင်အိတ်ထုပ်ပိုးပြီးနောက် ဖုန်းထုတ်ကာ လိုင်းပေါ်နောက်ဆုံးအခြေအနေကိုတစ်ချက်ကြည့်လိုက်သည်။ လိုင်းပေါ်တွင်အပြောခံရသောဗီဒီယိုများပျောက်သွားသောကြောင့် သူမအံ့ဩမိသည်။
ခဏအကြာ သူမကအားရဝမ်းသာနှင့်_
"ယွမ်ယွမ် လာကြည့်... ငါတို့ကိုပြောထားတဲ့ဗီဒီယိုတွေမရှိတော့ဘုး... ပြီးတော့ ဗီဒီယိုတွေကမဟုတ်မမှန်တွေ.. အကောင့်အတော်များများအပိတ်ခံရတယ်လို့လည်း တရားဝင်ကြေညာထားတယ်''
ကျူးယွမ်ယွမ်ကအံ့ဩသွားပြီး မယုံနိုင်ပုံနှင့်_
"ဘာတွေဖြစ်နေတာလဲ?''
ဝမ်လီလီက တန်းရှင်းပြသည်_
"ရှောင်ချင်နဲ့ပါမောက္ခလီခိုင်က ထမ်းစင်စီးတယ်လို့ ဗီဒီယိုတစ်ပုဒ်မှာပြောထားတယ်... ဒီနည်းနဲ့ ငါတို့မှန်ကြောင်းသက်သေပြတာပဲ... သူတို့က လွှမ်းမိုးနိုင်စွမ်းရှိတယ်... မီဒီယာဌာနကတောင် ရှေ့ထွက်လာတယ်''
"တကယ်လား?''
ကျူးယွမ်ယွမ်ကနားထောင်ရင်း မျက်နှာဝင်းပသွားသည်။
ရှောင်ချင်နဲ့ပါမောက္ခလီခိုင်တဲ့။
ဒီနှစ်ယောက်ကိုမသိတဲ့သူရှိလို့လား? သူတို့အောင်မြင်မှုတင်မဟုတ်၊ ရှောင်ချင်ရဲ့ယောက်ျားပီသပုံ၊ အရည်အချင်း၊ ဘက်စုံကျွမ်းကျင်မှုတွေက မိန်းကလေးများအတွက်စိတ်ကူးယဉ်လက်တွဲဖော်ပုံစံမျိုးဖြစ်သည်။
ပါမောက္ခလီခိုင်လည်းရှိသေးသည်။ သူ့ဂျူနီယာညီမအပေါ်အချစ်ကြောင့် SMA ရောဂါအတွက်ပါဝင်ပစ္စည်းပျိုးထောင်လိုက်ကတည်းက 'အမျိုးသမီးများစွာ၏နိုင်ငံ့ယောက်ျား'အဖြစ်သိလာကြသည်။
အမှန်တရားကိုသိပြီး ကျူးယွမ်ယွမ်နှင့်ဝမ်လီလီဝမ်းသာသွားသည်။
သူတို့နှစ်ယောက်က ထမ်းစင်စီးပေးတယ်ပေါ့။ အရမ်းသဘောကောင်းတာပဲ။
သူတို့တင်မဟုတ်။ အချိန်တိုအတွင်း လိုင်းပေါ်တွင်စကားလမ်းကြောင်းဦးတည်ချက်လည်း လုံးဝပြောင်းသွားသည်။
ချင်လင်ရည်ရွယ်ချက်အထမြောက်ပြီ။
ဒီလိုအခြေအနေမျိုးမှာ ပြည်သူများက အရင်အွန်လိုင်းဗီဒီယိုကိုမဖြစ်မနေပြန်လည်ဆန်းစစ်ကြမည်။
ထိုအချိန်တွင် ချင်းလင်စံအိမ်တရားဝင်အကောင့်မှ အင်တာဗျူးဗီဒီယိုတစ်ပုဒ်တက်လာသည်။
ထိုဗီဒီယိုကို တခဏချင်း အားလုံးစိတ်ဝင်စားသွားသည်။ ဗီဒီယိုထွက်ထွက်ချင်း အရင်ကလိုင်းပေါ်ပေါက်နေသောနေရာအားလုံးယူလိုက်သည်ဟုဆိုနိုင်သည်။
ဗီဒီယိုကို ရုံချန်းစီရင်စုကရိုက်ထားခြင်းပင်။ ဗီဒီယိုထဲတွင်အရင်ဆုံးပေါ်လာသူက လက်ထောက်ချန်ဖြစ်ပြီး အင်တာဗျူးထားသည်။
လိုင်းပေါ်ကအတော်များများ ချန်လီကိုသိကြသည်။ ဌာနအကြီးအကဲအဖြစ် Live လွှင့်ပြီးကတည်းက အင်တာနက်ဆယ်လီတပိုင်းဖြစ်နေပြီဟုပြောရမည်။
ချန်လီလည်း ကင်မရာနှင့်လိုက်လျောညီထွေရှိပြီး သဘာဝကျကျပြောထားသည်_
"ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း ရုံချန်းကကောင်းကောင်းဖွံ့ဖြိုးခဲ့တယ်... ရုံချန်းသားအများစုကချမ်းသာတယ်လို့ပြောရမယ်... ဒါပေမဲ့ ရုံချန်းကကျယ်တဲ့အတွက် ဆင်းရဲသားအိမ်တွေရှိနေပါသေးတယ်... အကြောင်းရင်းတချို့ကြောင့် ဆင်းရဲတဲ့သူတွေရှိနေတယ်''
"အလုပ်မလုပ်လို့မဟုတ်ဘူး... ပျင်းလို့လည်းမဟုတ်ဘူး... သဘာဝအကြောင်းရင်းတချို့ ဒါမှမဟုတ် မထိန်းချုပ်နိုင်တဲ့အကြောင်းတချို့ကြောင့် ဆင်းရဲရတာ''
"အဲဒါကြောင့် နတ်သမီးပုံပြင်တောင်ပရောဂျက်ဖွင့်တဲ့အချိန်မှာ ကျုပ်တို့စီရင်စုကလည်း ဆင်းရဲသားပပျောက်ရေးပရောဂျက်လုပ်ခဲ့တယ်... အဲဒါကတော့ အလုပ်ကြမ်းပဲလုပ်နိုင်တဲ့သူတွေကို နတ်သမီးပုံပြင်တောင်မှာအထမ်းသမားလုပ်စေဖို့ပဲ... သူတို့မိသားစုကိုထောက်ပံ့ဖို့အတွက်ဝင်ငွေရမယ်''
နတ်သမီးပုံပြင်တောင်ပေါ် အထမ်းသမားတွေရှိနေရသောအကြောင်းရင်းကို သူရှင်းပြသွားသည်။
ထိုအခိုက်_
ဗီဒီယိုထဲမှလင်းလန်ဇီအသံထွက်လာပြန်သည်_
"လက်ထောက်ချန်.. အခုအထမ်းသမားနှစ်ယောက်ရဲ့မိသားစုကို အင်တာဗျူးလို့ရမလား?''
"ရတာပေါ့''
ချန်လီက ချက်ချင်းပြန်ဖြေသည်။
ထို့နောက် ကင်မရာက စီရင်စုအပြင်ထွက်ပြီး ရုံချန်းထဲမှအိုဟောင်းသောအဆောက်အဦတစ်ခုဆီရောက်သွားသည်။
အဆောက်အဦးတွင်နေထိုင်သူအများစုမှာ ငှားရမ်းနေထိုင်သူများဖြစ်ကြောင်းသိနိုင်သည်။
မြန်မြန်ဆန်ဆန်ပင်_
ဗီဒီယိုထဲတွင် အထမ်းသမားတစ်ယောက်အိမ်ရောက်သွားသည်။ အိမ်ငှားနေသူဖြစ်၍ အခန်းကသိပ်မကျယ်။ ဧည့်ခန်းတွင် စုံစီနဖာပစ္စည်းများပြည့်နေသည်။ ထမင်းစားစားပွဲ၊ ကုလားထိုင်၊ ဆိုဖာများနှင့်ကြပ်ညှပ်သပ်နေသည်။
အိမ်စာအသည်းအသန်လုပ်နေသောကလေးတစ်ယောက်လည်းရှိပြီး သူ့အဝတ်အစားမှာ အကြိမ်ကြိမ်လျှော်ဖွတ်ခံထားရ၍ ဟောင်းနွမ်းနေသလိုပင်။
ဒီလိုအဝတ်အစားမျိုး သူများကိုပေးရင် လုံးဝဝတ်မှာမဟုတ်။
အထမ်းသမားမိသားစုက အလွန်ဆင်းရဲကြောင်းသိနိုင်သည်။
ချန်လီက စမိတ်ဆက်ပေး၏_
"ဒါကတော့ ဆရာဝူပါ... အရမ်းအလုပ်ကြိုးစားတဲ့အလုပ်သမားဖြစ်ပြီး သူပင်ပင်ပန်းပန်းရှာထားတဲ့ဝင်ငွေကို သူ့မိသားစုကိုထောက်ပံ့ပေးပါတယ်... ဒါပေမဲ့ မတော်တဆတစ်ခုကြောင့် သူ့မျက်လုံးထိခိုက်ပြီး အရောင်မခွဲခြားနိုင်တော့ပါဘူး... အဲဒါကြောင့် မူလအလုပ်ကိုဆက်မလုပ်နိုင်တော့လို့ အချိန်ပိုင်းပဲလုပ်ပါတယ်... ဒီတော့ နတ်သမီးပုံပြင်တောင်ပရောဂျက်က ဆရာဝူလိုလူအတွက်သင့်တော်ပါတယ်''
ဆရာဝူက နတ်သမီးပုံပြင်တောင်ဟူသောစကားကြောင့် နည်းနည်းစိတ်လှုပ်ရှားသွားပြီး_
"လက်ထောက်ချန်.. ဒါအင်တာဗျူးလား?''
"ဟုတ်ပါတယ် ဆရာဝူ.. အထမ်းသမားတစ်ယောက်အနေနဲ့ ဘာများပြောစရာရှိလဲ?''
ချန်လီ ခေါင်းညိမ့်သည်။
"ရှိပါတယ်.. ကျွန်တော်ပြောချင်တာရှိပါတယ်''
ဆရာဝူကချက်ချင်းကင်မရာဘက်လှည့်ပြီး လောလောနှင့်_
"ကျွန်တော်ဒီအလုပ်ကို တကယ်လိုအပ်ပါတယ်... ကျွန်တော့်မိသားစုကိုထောက်ပံ့ပေးရမှာပါ... နောက်လ ကျွန်တော့်သမီးလေးအတွက် အင်္ကျီနှစ်စုံဝယ်ပေးချင်ပါတယ်... အရင်ဆုံး နေရာကောင်းကောင်းလည်းငှားချင်တယ်... အဲဒါမှ ကျွန်တော့်မိန်းမနဲ့သမီး ကောင်းကောင်းနေရမှာ''
"ဟုတ်ပါတယ်.. ကျွန်တော်ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ပါတယ်... ဒီအလုပ်ကိုတကယ်လိုအပ်လို့ပါ... ကျွန်တော်တို့သိက္ခာကျတယ်မထင်ပါဘူး... အလုပ်မရှိရင် သိက္ခာမရှိနိုင်ပါဘူး... ကျွန်တော်တို့အလုပ်ကိုမဖျက်ဆီးလိုက်ပါနဲ့... ခရီးသည်တွေထမ်းစင်လာစီးပေးကြပါခင်ဗျာ''
ရိုးရိုးစကား၊ရိုးရိုးတောင်းဆိုချက်ဖြစ်သော်လည်း ဆရာဝူအသံက ငိုသံပါနေသည်။ နောက်ဆုံး ကင်မရာရှေ့ဒူးထောက်ပြီးတောင်းဆို၏။
ထိုမြင်ကွင်းကြောင့် အားလုံးရင်ထဲထိသွားကြသည်။
ဗီဒီယိုကြည့်သူတိုင်း မွန်းကြပ်သလိုခံစားရသည်။ ဆရာဝူ၏အခက်အခဲ၊အကြပ်အတည်းကိုတောင်ခံစားမိသည်။
ထိုအချိန်တွင် အရင်ကလိုင်းပေါ်ဖွခဲ့သောပြစ်တင်ရှုတ်ချမှုကို ပြန်သတိရကြသည်။
သတိရရချင်း အထမ်းသမားများ၏အတွင်းရေးပြဿနာကို သေချာသဘောပေါက်သွားသည်။
သူတို့အမြင်မှာ ပိုက်ဆံရဖို့အလုပ်လုပ်တာ ရှက်စရာမဟုတ်။ ပင်ပင်ပန်းပန်းအလုပ်လုပ်မှ မိသားစုကိုထောက်ပံ့နိုင်မည်။ သူတို့မိသားစုဘဝ ပြောင်ပြောင်ရောင်ရောင်ရှိမည်။
ရုတ်ချည်းဆိုသလို အတွေးများသွားကြသည်။
တွေးတောပြီးနောက် ပုန်ကန်သည့်နည်းနှင့်ဆူပူကြသည်။ ဒီတစ်ခါ ကျူးယွမ်ယွမ်နှင့်ဝမ်လီလီကိုမဟုတ်၊ ချင်လင်နှင့်လီခိုင်လည်းမဟုတ်ဘဲ အရင်နာမည်ဖျက်သူများကိုအပြစ်ပြောကြသည်။
"တရားမျှတမှုတမန်တော်ဆိုတဲ့လူတွေက သူများကိုကူညီဖို့ကြိုးစားနေတာမဟုတ်ဘဲ သူတို့ကိုယ်သူတို့မြင့်မြတ်သူလိုလုပ်နေတာ အခုသိလိုက်ပြီ''
"အထမ်းသမား: စီးပွားပျက်အောင်လုပ်ပေးတဲ့ လိုင်းပေါ်ကသက်ရှိဗုဒ္ဓကို ကျေးဇူးပါ''
"ခရီးသည်တွေက ရတယ်.. အထမ်းသမားက ရတယ်... ဒါပေမဲ့ လိုင်းပေါ်ကကီးဘုတ်ဖိုက်တာတွေ တရားမျှတမှုတမန်တော်တွေက မရဘူးတဲ့''
"အပူဒဏ်ခံစားနေရတဲ့မီးသတ်သမားကို ရေတစ်ပုံးသုံးလို့အပြောခံရတယ်''
"နာရီပေါင်းများစွာခွဲစိတ်နေတဲ့ဆရာဝန်ကို အချိုရည်သောက်လို့အပြောခံရတယ်''
"သခင်ကြီးယွမ်ဇိမ်ခံကားစီးလို့အပြောခံရတယ်''
"သကြားရေကိုစျေးပေါပေါနဲ့ရောင်းလို့ အဘိုးအပြောခံရတယ်''
"ရဲခွေးကို သတ္တုရေသောက်လို့အပြောခံရတယ်''
"ရုတ်တရက် ဒီကမ္ဘာကြီးကဘာဖြစ်နေလဲမသိတော့ဘူး... ကမ္ဘာကြီးကမှားနေတာလား ဒါမှမဟုတ် လူတွေရဲ့စိတ်ကပဲမှားနေတာလား?''
ချင်လင်၏ထိန်းချုပ်မှုနှင့် လင်းလန်ဇီရိုက်ထားသောဗီဒီယိုကြောင့် အင်တာနက်တစ်ခုလုံးအတွေးများသွားသည်။
***