ချင်လင်နှင့်လီခိုင်လည်း သီးသန့်ထားသောပန်းအိမ်များဆီရောက်လာသည်။
သီးသန့်နေရာဟုဆိုရမည်။
အပြင်ကအပိုင်းကိုရပ်ကွက်ဟုဆိုလျှင် ဒီနေရာကိုအပန်းဖြေစံအိမ်ဟုဆိုနိုင်သည်။ သီးသန့်ဒန်း၊ စားပွဲ၊ ကုလားထိုင်များ၊ မျှော်စင်များအပြင် နေထွက်ရှုခင်းကြည့်ပလက်ဖောင်းလည်းသီးသန့်ရှိသည်။
အစ်ကိုလီကိုဒီနေရာခေါ်လာမှတော့ နေထွက်ရှုခင်းကြည့်မည်ဟုစီစဉ်ထားသော်လည်း အစ်ကိုလီလိုလူနှင့်ကြည့်ရမှာထူးဆန်းနေသည်။
ဒါပေမဲ့ ရောက်ပဲရောက်နေပြီ။
ပန်းအိမ်အစုအဝေးတွင်နေထွက်ရှုခင်းကြည့်ရန်အကြံပြုသူက သူဖြစ်သော်လည်း နေထွက်ရှုခင်းကိုမကြည့်ဖူးသောကြောင့် နတ်ဘုရားမတောင်နေထွက်ရှုခင်းနှင့်ယှဉ်ရင် ဘယ်လိုနေမည်မသိပေ။
တဖက်တွင် လီခိုင်ကစိတ်မဝင်စား။
သုတေသနသမားက ဘယ်လိုလုပ်နေထွက်တာကြည့်ချင်မလဲ? စားစရာကောင်းကောင်းမရမချင်းမထဟုတောင် ဆန္ဒပြလိုက်သည်။
ဒီအတွက် ချင်လင်မတတ်နိုင်။
ဒီအစ်ကိုလီက သူ့ကိုမိန်းမလှလေးထင်နေပေမဲ့ သူကနေထွက်ရှုခင်းကြည့်ဖို့သာပြောရမည်။
အစားကောင်း?
သူက ချက်ချင်းပင်_
"အစ်ကိုလီ.. ဒီတောင်ထိပ်မှာ ကျွန်တော်ဘာအစားကောင်းမှမချက်ချင်ဘူး... ဒီမှာကကြည့်ရုံသက်သက်ပဲလေ? အဲဒါရူးတာမလား?''
ချင်လင်ကပြောပြီးပြီးချင်း သူ့စိတ်ထဲမှဖန်သားပြင်ကိုတအံ့တဩကြည့်လိုက်သည်။
ရင်းနှီးနေသောပုံရိပ်တစ်ခုက စိုက်ပျိုးရေးခြံပေါက်တွင်ရုတ်တရက်ပေါ်လာသည်။
အစားတလိုင်းစားဖိုမှူးပင်။
အခုတလော ဒီလူခဏခဏရောက်လာသည်။
အစားတလိုင်းဇာတ်ကွက်နှင့်ကြုံစဉ်က လျှို့ဝှက်အမဲသားချက်နည်းရပြီး အရည်အသွေး ၄ အမဲသားဟင်းကိုချက်နိုင်ခဲ့သည်။
ဒီလူ ဒီတစ်ခါ ဘာပေးမလဲ?
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပေါက်သွားပြီး အစားတလိုင်းပေါ်နှိပ်စေသည်။
အစားတလိုင်းအသံထွက်လာ၏။
(မင်းနဲ့တွေ့ရတာကောင်းလိုက်တာ... မင်းကိုတောင်းဆိုစရာရှိတယ်... တန်ရာတန်ကြေးပေးပါမယ်!)
အစားတလိုင်းစကားက တဲ့တိုးဆန်သည်။ သူလောနေပုံရသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်အားနှိပ်စေရာ စကားပြောပေါ်လာပြန်သည်။
(သတ္တုမြို့တော်မှာ အထူးပါဝင်ပစ္စည်းဆိုင်အသစ်ရှိတယ်... ရှားပါးအရည်အသွေးမြင့်ပါဝင်ပစ္စည်းတွေ အချိန်နဲ့အမျှပေါ်လာလိမ့်မယ်... ဒါပေမဲ့ ငါ့မှာရံပုံငွေမလောက်ဘူး... ဒီအတွက်ပိုက်ဆံသုံးရင် နောက်ခရီးထွက်ဖို့လက်မှတ်ဝယ်နိုင်မှာမဟုတ်တော့ဘူး... ရှားပါးပါဝင်ပစ္စည်းတချို့ဝယ်ပေးနိုင်မလား?)
"ကျွတ် ကျွတ်''
တာဝန်ကိုမြင်ပြီး ချင်လင်အတွန့်တက်လိုက်ချင်သည်။
အစားတလိုင်းက ဘာလို့လက်မှတ်ဝယ်ဖို့ပိုက်ဆံမရှိရတာလဲ?
နောက်နေတာလား?
ချင်းလင်မွေးမြူရေးခြံစားသောက်ပွဲကိုလာတဲ့အစားအသောက်အကဲဖြတ်သူတွေကိုစဉ်းစားကြည့်စမ်းပါ၊ မချမ်းသာတဲ့သူရှိလား?
အကဲဖြတ်သူအများစုကိုယ်တိုင်က သူဌေးကြီးတွေ။
ဂိမ်းထုတ်သူက အစားအသောက်ဒိုင်တွေကိုအထင်လွဲနေတာလား?
အစားတလိုင်းစားဖိုမှူးက ဒီအခြေအနေ ဘယ်လိုလုပ်ရောက်မလဲ? အံ့ဖွယ်ချက်နည်းမျိုးစုံသိတဲ့အစားကြမ်းပိုးလေ။
ချင်လင် ပြိုင်မငြင်းချင်တော့။
ဘာပဲဖြစ်ဖြစ် ဇာတ်ကွက်တာဝန်ရှိတာကောင်းသည်။
အနုတ်စုတ်ဂုတ်စုတ်ဂိမ်းထုတ်သူက အစားတလိုင်းကိုအထင်လွဲတာ ဂရုစိုက်နေရမလား?
တာဝန်ဆိုမှတော့ ဆုကြေးကဘာဖြစ်ဖြစ် သူ့အတွက်ကောင်းသည်။
သူကတာဝန်ကိုလက်ခံလိုက်ရာ အစားတလိုင်းကကျေးဇူးတင်စကားပြောသည်။
(ကျေးဇူးအများကြီးတင်ပါတယ်... သတ္တုမြို့တော်မှာ မင်းလိုမိတ်ဆွေမျိုးရှိတာ တကယ်ဝမ်းသာတယ်!)
စကားပြောပြီးနောက် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားစေသည်။
သတ္တုမြို့တော်ထဲလျှောက်သွားပြီး နောက်ဆုံးမျိုးစေ့ဆိုင်ဘေးတွင် အစားတလိုင်းပြောသောအသစ်ဖွင့်ထားသည့်အစားအစာဆိုင်ကိုတွေ့ရသည်။
သူ့ဂိမ်းဇာတ်ကောင်အား ဆိုင်ထဲဝင်ပြီးဝန်ထမ်းပေါ်နှိပ်စေရာ စာပေါ်လာသည်:
(သတ္တုမြို့တော်စီးပွားရေးဖွံ့ဖြိုးမှုကြောင့် သတ္တုမြို့တော်မှာဆိုင်ခွဲဖွင့်လိုက်ပါပြီ... ထုတ်ကုန်မျိုးစုံဝယ်ရုံသာမက ရှားပါးအစားအစာပါဝင်ပစ္စည်းတွေလည်း ရံဖန်ရံခါရောင်းပါမယ်!)
စာအောက်တွင်ပါသောအသေးစိတ်မှတ်ချက်များမှတဆင့် ဒုက္ခသိပ်မများကြောင်း၊ အသစ်ဖွင့်ထားသောဆိုင်တွင် ခြံထွက်ပစ္စည်းတစ်မျိုးပြီးတစ်မျိုးတိုက်ရိုက်ရောင်းချနိုင်ကြောင်း ချင်လင်သိလိုက်သည်။ ဒီလိုဆိုရင် ခြံမှာရောင်းတာထက်စျေးပိုရမည်။
သို့သော် ချင်လင်မှာဒီလိုလုပ်ချိန်မရှိသောကြောင့် အချိန်မဖြုန်းလို။
ဂိမ်းထဲမှာနေ့တိုင်းငါးရောင်း၊တောင်တန်းထွက်ကုန်များရောင်းပြီး ရွှေပြားအများကြီးရသည်။
အစားတလိုင်းပြောတဲ့ရှားပါးပစ္စည်းကိုသာ သိချင်သည်။
ထို့ကြောင့် ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်အား စျေးရောင်းသူပေါ်နှိပ်ပြီး အရောင်းစာရင်းကြည့်စေသည်။
(မုန်လာဥဖြူ: အရည်အသွေး ၂)
(ပန်းပွင့်: အရည်အသွေး ၂)
(ငါးကြင်းနက်: အရည်အသွေး ၂)
(သခွားသီး: အရည်အသွေး ၂)
(ဂဏန်းလက်မ: အရည်အသွေး ၂)
ဆိုင်မှအရောင်းစာရင်းကို ချင်လင်ကြည့်လိုက်သည်။ ပစ္စည်းများတစ်ခုချင်းထွက်လာပြီး အားလုံးအရည်အသွေး ၂ ပါဝင်ပစ္စည်းများဖြစ်သည်။
သူနည်းနည်းစိတ်ပျက်မိသည်။
ဒီပါဝင်ပစ္စည်းတွေက သူ့ခြံမှာလည်းရှိသည်။
နောက်တစ်မျက်နှာလှန်လိုက်သောအခါတွင်လည်း အရည်အသွေး ၂ ပါဝင်ပစ္စည်းများသာဖြစ်နေသည်။ သို့သော် ပါဝင်ပစ္စည်းတချို့က ကမ္ဘာ့နာမည်ကြီးဖြစ်ပြီး ဂိမ်းမျိုးစေ့ဆိုင်တွင်ဝယ်မရပေ။
သို့ရာတွင် နောက်ဆုံးစာမျက်နှာလှန်လိုက်သောအခါ သူအံ့ဩဝမ်းသာဖြစ်သွားသည်။
(အထူးပါဝင်ပစ္စည်း ကြက်သား: အရည်အသွေး ၃ (×၂))
ချင်လင် အံ့ဩသွားသည်။
ဒါအစားတလိုင်းပြောတဲ့ရှားပါးပစ္စည်းလား?
ရုတ်တရက် ချင်လင်သွားရည်ကျလာသည်။
အဆင့်မြင့်အစားအစာများစားနေကျဖြစ်၍ အစားအသောက်လိုအပ်ချက်မြင့်မားသည်။
သူ့အဖို့ အရည်အသွေး ၂ အစားအစာက သာမန်အစားအစာနှင့်မခြား။ အခုဒီဆိုင်မှာအရည်အသွေး ၃ ပါဝင်ပစ္စည်းဝယ်နိုင်တော့မည်ဖြစ်၍ သေချာပေါက်ကြီးမားသောကောင်းချီးပင်။
အရည်အသွေး ၃ အထူးကြက်သားနှစ်ပုံရှိသည်။
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား အရည်အသွေး ၃ ကြက်သားနှစ်ပုံဝယ်စေသည်။ ထိုစာမျက်နှာမှထွက်ပြီးနောက် ချက်ချင်းပြန်ဆွဲကြည့်လိုက်သည်။
ဒီတစ်ခါ အရည်အသွေး ၃ ဘာမှမတွေ့ရတော့။
သုံးလေးကြိမ်ဆက်တိုက်လုပ်ကြည့်သော်လည်း ဒီအတိုင်းပင်။
ဒီတော့ အရည်အသွေး ၃ ပါဝင်ပစ္စည်းက ကံကောင်းဖို့လိုတာပေါ့။
ထို့နောက် သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေရာ ခြံပေါက်တွင်အစားတလိုင်းကမတ်တပ်ရပ်နေဆဲပင်။
သူကခဏတွေးကြည့်ပြီး ဂိမ်းဇာတ်ကောင်အား သိုလှောင်ခန်းထဲတွင် ကြက်သားတစ်ပုံထားစေသည်။
တာဝန်အရပေးလိုက်သည်နှင့် အရည်အသွေး ၃ ကြက်သားနှစ်ပုံလုံးယူသွားမှာစိုးရသည်။
ရယ်စရာမကောင်းဘူးလား?
ချင်လင်က အရည်အသွေး ၃ ကြက်သားတစ်ပုံချပြီးနောက် ဂိမ်းဇာတ်ကောင်အား အစားတလိုင်းဆီတာဝန်အတိုင်းပေးစေသည်။
အစားတလိုင်းအသံပြန်ထွက်လာ၏။
(ဒီကြက်သားက ပြီးပြည့်စုံတယ်... မင်းတကယ်ဝယ်နိုင်ခဲ့တာပဲ... ကျေးဇူးအများကြီးတင်ပါတယ်... ကြက်သားဝယ်လာမှတော့ မင်းကိုကြက်သားနဲ့ဆိုင်တာပေးမယ် ဟုတ်လား? ဒါ မင်းအတွက်ပါ... ငါသေချာသုတေသနလုပ်ထားတယ်)
ထို့နောက် ဂိမ်းဇာတ်ကောင်လက်ထဲတွင် မှတ်ချက်နှင့်စာလိပ်ပေါ်လာသည်:
(ဂုဏ်ယူပါတယ်... အစားတလိုင်းသေချာသုတေသနလုပ်ထားတဲ့လျှို့ဝှက်သူတောင်းစားကြက်သားချက်နည်းရပါတယ်!)
သူတောင်းစားကြက်သား?
သူအရမ်းရင်းနှီးတဲ့ဟင်းပဲ။
ရုပ်ရှင်၊ TV ရှိုးပွဲများတွင်တောင်ပါဖူးသည်။
အစားတလိုင်းက ဒီဟင်းချက်နည်းတကယ်ပေးတာလား!
အစားတလိုင်းကတွန့်တိုလာသလားဟု သူထင်မိသည်။
ဘာပဲဖြစ်ဖြစ် အရင်က ငါးအမျိုးမျိုးချက်နည်း ဒါမှမဟုတ် အခွံမာမျိုးစုံချက်နည်းများ သူရခဲ့သည်။
အခုနောက်ပိုင်းတွင်မူ အမဲသားဟင်း ဒါမှမဟုတ် သူတောင်းစားကြက်သားဟင်း၊ ချက်နည်းတစ်မျိုးသာရသည်။ ကန့်သတ်ချက်အတော်များသည်။
"ညီလေးချင်.. ရုတ်တရက်ဘာတွေတွေးနေတာလဲ?''
ချင်လင်နားထဲတွင် လီခိုင်အသံကြားရသည်။
လီခိုင်က ချင်လင်ကိုကြည့်ပြီးခေါင်းခါနေသည်။ ဒီချင်လင်ဘာတွေတွေးနေမှန်း သူမသိ၊ ငေးငိုင်နေမှန်းသာသိသည်။
ချင်လင်ကအသိပြန်ဝင်လာပြီး အောင့်သက်သက်ပြုံးကာ လီခိုင်အား_
"အစ်ကိုလီ.. အစားကောင်းစားချင်လား?''
"ညီလေးချင်.. မင်းပဲပြောတော့ တောင်ထိပ်မှာမချက်ချင်ဘူးဆို?''
လီခိုင်ကကြောင်တောင်တောင်နှင့်မေးသည်_
"အရူးပဲချက်မှာဆို?''
ချင်လင်ကနားထောင်ရင်း သူ့ခေါင်းထဲမှောင်မိုက်သွားပြီး လီခိုင်ကိုကြည့်ကာ_
"အစ်ကိုလီ.. စားချင်လားလို့?''
"စားမယ်!''
လီခိုင်က ခပ်ပြတ်ပြတ်ဖြေသည်။
"အဲဒါဆို ပန်းအိမ်အစုအဝေးမန်နေဂျာကိုသွားရှာပြီး ချက်ဖို့ပြင်ခိုင်းပေးပါ... ကျွန်တော် ကြက်သားယူလိုက်ဦးမယ်''
ချင်လင်က လီခိုင်ကိုပထုတ်ချင်သည်။
မဟုတ်ရင် သူဘယ်လိုလုပ်ဂိမ်းထဲဝင်ပြီးကြက်သားယူမလဲ?
လီခိုင်ကနှုတ်ခမ်းစူပြီး ချက်ချင်းပန်းအိမ်အစုအဝေးမန်နေဂျာကိုသွားရှာသည်။
လီခိုင်ထွက်သွားသည်နှင့် ချင်လင်ကပန်းအိမ်ထဲဝင်ပြီး အထဲမှတံခါးလော့ချလိုက်သည်။
ဝင်ပေါက်နှင့်ပတ်ဝန်းကျင်တွင် စောင့်ကြည့်ကင်မရာများထားသော်လည်း ပန်းအိမ်ထဲမှာကင်မရာမရှိသောကြောင့် သူများမြင်မှာပူစရာမလို။
အတွေးနှင့်သူကဂိမ်းထဲဝင်ပြီး သူတောင်းစားကြက်သားချက်နည်းမှတ်ချက်ကိုဖတ်လိုက်သည်:
(လျှို့ဝှက်သူတောင်းစားကြက်သားချက်နည်း: အထူးလက်ရာ!)
(အစားတလိုင်းဖန်တီးထားသောလက်ရာဖြစ်သည်။ အထူးသူတောင်းစားလက်ရာချက်နိုင်သည်။
စားကောင်းခြင်း +၁၊ အထိအတွေ့ +၁၊ အနံ့ +၁!
အထူးအာနိသင်: အရောင် +၁)
"အရောင်ထွက်ပြန်ပြီလား?''
ရုတ်တရက် အစားတလိုင်းတွန့်တိုနေတာမဟုတ်မှန်း ချင်လင်သိလိုက်သည်။
အစားတလိုင်းလျှို့ဝှက်နည်းက ကန့်သတ်ချက်များသော်လည်း အထူးအာနိသင်များလာပုံရသည်။
***