ထိုအချိန်တွင် အလံဝါတောင်၏ တောင်တက်လမ်းပေါ်၌ ထွမ်မုထောင်နှင့် စူးချန်ခုန်းတို့ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ ပေါ်လာသည်။ ကြမ်းတမ်းသော ရုပ်သွင်ရှိသည့် လျန်ထျန်းလုသည် လေထဲတွင် ရနေသော သွေးညှီနံ့ကြောင့် ဒေါသရိပ်များ လှစ်ကနဲ။
စူးချန်ခုန်းသည် သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေမိသည်။ "ဒါက တော်တော်ထူးဆန်းတာပဲ။ အလံဝါတောင်ထဲက သဘာဝစွမ်းအင်တွေက မြူခိုးတွေလိုပဲ ပရမ်းပတာ ဖြစ်နေတယ်။ ငါ့ရဲ့ ထက်မြက်တဲ့ စွမ်းအင်အာရုံနဲ့တောင် အချို့အရာတွေကို ခွဲခြားရခက်နေတယ်..."
ထို 'ဂိုဏ်းချုပ်' ဆိုသူသည် အလံဝါတောင်ကို ရွေးချယ်ခဲ့ခြင်းမှာ သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် ဖြစ်သည်။ ဤနေရာကို ခြေချလိုက်သည်နှင့် စူးချန်ခုန်းသည် စွမ်းအင်များ ပရမ်းပတာဖြစ်နေသည်ကို ခံစားလိုက်ရသည်။ ထွမ်မုထောင်၏ မျက်နှာမှာလည်း လေးနက်သွားပြီး သူသည်လည်း သတိကြီးစွာ ထားနေပြီ ဖြစ်သည်။
အလံဝါတောင်အတွင်းရှိ အလံဝါရွာလေး၏ အထက်တွင် စုတ်ပြဲပြီး သွေးများစွန်းထင်းနေသော အဝါရောင် ချည်အလံတစ်ခုမှာ လေထဲတွင် တလူလူနှင့်။
အိမ်အချို့၏ အပေါ်တွင် မတူညီသော အရပ်အမောင်းနှင့် အရှိန်အဝါရှိသော ဝတ်စုံနက်ဝတ် အမျိုးသားသုံးဦးသည် မတ်တပ်ရပ်လိုက်ကြပြီး ရောက်လာကြသော ထွမ်မုထောင်နှင့် အခြားသူများကို ငုံ့ကြည့်လိုက်ကြသည်။
"ကျွန်တော် ကတိအတိုင်း ရောက်လာပါပြီ။ ဒါပေမဲ့ လူကြီးမင်းတွေကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ"
ထွမ်မုထောင်သည် ခေါင်းမော့ကာ ဝတ်စုံနက်နှင့် အမျိုးသားတို့ကို ကြည့်လိုက်သည်။ သူ၏ ရင့်ကျက်သော မျက်နှာတွင် တည်ကြည်မှုများ လွှမ်းမိုးနေပြီး ထိုသုံးဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုသဖြင့် အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"ငါက ရှဲ့ခွေပဲ" သန်မာထွားကြိုင်သော ဝတ်စုံနက်နှင့် အမျိုးသားက မတ်တပ်ရပ်ရင်း ကြေညာလိုက်သည်။ သူ၏ မြင့်မားသော ကိုယ်လုံးကိုယ်ပေါက်မှာ ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ ရှိနေပြီး ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေသည်။
"ရှဲ့ခွေလား။ ရုပ်သေးကြယ်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"
ထိုနာမည်ကြောင့် လူတိုင်း တောင့်တင်းသွားကြသည်။ ရှဲ့ခွေ၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုမှာ သူတို့အားလုံး ကောင်းစွာ သိထားကြသည်။
လူသားနိုင်ငံများတွင် ထူးဆန်းပြီး အစွမ်းထက်သော တားမြစ်ထားသည့် အတတ်ပညာများကို အသုံးပြုသည့် မိစ္ဆာကျင့်စဉ် ကျင့်ကြံသူများ ရှိကြသည်။ ထိုအတတ်ပညာများမှာ သဘာဝတရား သို့မဟုတ် ကိုယ်ကျင့်တရားများကို ဆန့်ကျင်၍ ရရှိလာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အဆိပ်အတတ်များ ကျင့်ကြံခြင်း၊ လူသားတို့၏ သွေးကို သောက်ခြင်းနှင့် နှလုံးသားကို စားသုံးခြင်းကဲ့သို့သော ကိုယ်ကျင့်တရားပျက်ပြားသည့် လုပ်ရပ်များ ပါဝင်သည်။
ဤကဲ့သို့သော သိုင်းပညာဂိုဏ်းများကို မိစ္ဆာဂိုဏ်းများဟု ခေါ်ဆိုကြပြီး ၎င်းတို့အနက် မိစ္ဆာဂိုဏ်း တစ်ဆယ့်ရှစ်ဂိုဏ်းနှင့် မိစ္ဆာတံခါး သုံးဆယ့်ခြောက်ခုမှာ အင်အားအကြီးဆုံး ဖြစ်သည်။
ရုပ်သေးကြယ်စင်ဂိုဏ်းမှာ မိစ္ဆာဂိုဏ်း တစ်ဆယ့်ရှစ်ဂိုဏ်းအနက် တစ်ခုဖြစ်ပြီး ၎င်း၏ အင်အားမှာ မိစ္ဆာဂိုဏ်းများအကြား ထိပ်တန်း ဆယ်ခုအတွင်း ပါဝင်ကာ နက်ရှိုင်းသော အမွေအနှစ်များ ရှိသည်။ ရုပ်သေးကြယ်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်အဆက်ဆက်မှာ 'ရှဲ့ခွေ' ဟူသော အမည်ကိုသာ အသုံးပြုကြသည်။
ယခု မိမိကိုယ်ကိုယ် ရှဲ့ခွေဟု ဆိုသူမှာ ရုပ်သေးကြယ်စင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်နိုင်ခြေရှိပြီး သူ၏ အစွမ်းမှာ တိုင်းတာ၍မရနိုင်အောင် နက်ရှိုင်းပေလိမ့်မည်။
"ရုပ်သေးကြယ်စင်ဂိုဏ်း... ဒီဂိုဏ်းက 'ရုပ်သေးကြယ်စင် တိုက်ပွဲဝင်ခန္ဓာကိုယ်' လို့ခေါ်တဲ့ အဆင့်တစ်ဝက်မြင့်တဲ့ သိုင်းပညာကို ကျင့်ကြံတယ်လို့ သတင်းထွက်နေတာပဲ။ အဲ့ဒီအတတ်က သဘာဝစွမ်းအင်တွေ၊ နေ၊ လနဲ့ ကြယ်စင်တွေရဲ့ အားကိုယူပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးတာ။ အဲ့ဒါက ဝိဇ္ဇာဘုရားကျောင်းရဲ့ 'ကင်းကောင်ခန္ဓာကိုယ်' နဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောကြတယ်..."
"အရမ်းကို အစွမ်းထက်တယ်။ ဆံချည်မျှင်တစ်မျှင်ကတောင် နတ်ဘုရားလက်နက်တစ်ခုလို ဖြစ်နေပြီး ခြေရာလက်ရာမကျန်အောင် သတ်နိုင်တယ်။ ငါတို့ သတိထားရမယ်" ထွမ်မုထောင်က အသံပို့လွှတ်၍ အခြားသူများကို သတိပေးလိုက်သည်။ သူသည် ရှဲ့ခွေ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူကျွမ်းကျင် တတ်မြောက်ထားနိုင်သော သိုင်းပညာအကြောင်းကို ရှင်းပြနေခြင်း ဖြစ်သည်။
ထွမ်မုထောင်သည် တည်ငြိမ်စွာဖြင့် လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ရှဲ့ခွေ၊ ခင်ဗျားလို ရာထူးဂုဏ်သိန်ရှိတဲ့လူက ဘာကြောင့် ဂိုဏ်းငယ်လေးတွေကို လိုက်ပြီး တိုက်ခိုက်နေရတာလဲ။ ဝိညာဉ်ကြောတွေကို ဖျက်ဆီးတာက နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်စေတာပဲ မဟုတ်လား"
ရှဲ့ခွေ၏ အသံမှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံနေလျက် "ထွမ်မုထောင်၊ မင်းက မဟာမီးလျှံ တော်ဝင်မိသားစုရဲ့ ခွေးတစ်ကောင်လို လုပ်ပေးပြီး အကျိုးအမြတ်တွေ အများကြီး ရထားတယ်လို့ ငါကြားဖူးတယ်။ အဲ့ဒါကြောင့်လည်း မင်းက ဒီနေ့လို အခြေအနေကို ရောက်နေတာပေါ့။ ငါက မင်းကို သတ်ဖို့ သီးသန့်လာခဲ့တာ။ မင်းရဲ့ ခေါင်းကို... ငါ ယူသွားမယ်။"
မိစ္ဆာနှိမ်နင်းရေးဌာန၏ အကြီးအကဲဖြစ်ပြီး မဟာမီးလျှံ တော်ဝင်မိသားစုအပေါ် သစ္စာရှိသော ထွမ်မုထောင်သည် မိစ္ဆာများနှင့် မိစ္ဆာဝါဒီများအတွက် မျက်စိထဲစူးဝင်နေသကဲ့သို့ပင်။ အကယ်၍ သူတို့က ထွမ်မုထောင်ကို သတ်နိုင်ပါက မိစ္ဆာဂိုဏ်းများ မဟာမိတ်အဖွဲ့အတွင်း သူတို့၏ သြဇာအာဏာမှာ အဆမတန် မြင့်တက်လာမည်ဖြစ်ပြီး မဟာမိတ်ခေါင်းဆောင် ရာထူးအတွက်ပါ ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
မကြာမီ ပရမ်းပတာ အခြေအနေများ စတင်တော့မည် ဖြစ်သဖြင့် ဤအခွင့်အရေးကို အသုံးချကာ အမြင့်ဆုံးနေရာသို့ တစ်ဟုန်ထိုး တက်လှမ်းရန် သူတို့ ကြိုးစားနေခြင်းပင်။
ရုပ်သေးကြယ်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် ရှဲ့ခွေသည် မိစ္ဆာဂိုဏ်းများအတွင်း သူ၏ စိုးမိုးမှုကို တည်ဆောက်ရန် ခြောက်လနီးပါး ပြင်ဆင်ခဲ့ပြီး ဤနေရာကို ထွမ်မုထောင်၏ သချိုင်းအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ထွမ်မုထောင်၏ မျက်နှာ အေးစက်သွားလေ၏။ မိစ္ဆာဂိုဏ်းများနှင့် မိစ္ဆာတံခါးများမှာ မကြာသေးမီကပင် စတင်လှုပ်ရှားလာကြပြီ ဖြစ်ရာ သူ၏ ထင်မြင်ချက်မှာ မှန်ကန်နေခဲ့ပြီ ဖြစ်သည်။
"ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့"
ထွမ်မုထောင်သည် စကားများများ မပြောတော့ပေ။ ရှဲ့ခွေက သူ့ကိုသတ်ပြီး မိစ္ဆာဂိုဏ်းများကြားတွင် သူ၏ အဆင့်အတန်းကို မြှင့်တင်လိုသကဲ့သို့ ထွမ်မုထောင်ကလည်း ရှဲ့ခွေ၏ ခေါင်းကို ဂုဏ်ပြုဆုတံဆိပ်တစ်ခုအဖြစ် အသုံးပြုလိုသည်။
"ဝုန်း"
ရှဲ့ခွေသည် အိမ်ခေါင်မိုးပေါ်မှ ပေါ့ပါးစွာ ခုန်ချလိုက်သော်လည်း သူ၏ ဧရာမခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ရောက်ရှိချိန်တွင် ကမ္ဘာမြေကြီးမှာ ကြယ်စင်တစ်ခု တိုက်မိသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထွက်ပေါ်လာသော လေပြင်းများမှာ အိမ်တော်၏ ကျောက်သားကြမ်းပြင်များကို အမှုန့်ဖြစ်သွားစေသည်။
ခုန်ချရုံမျှဖြင့် ရှဲ့ခွေသည် ဂိုဏ်းချုပ်တစ်ဦး၏ ခန့်ညားသော စွမ်းအားကို ပြသလိုက်ခြင်းပင် ဖြစ်သည်။
မည်သည့်အသံမျှ မထွက်ဘဲ မီးခိုးရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားကာ တိုးဝင်လာသော လေလှိုင်းများကို ပြန်လည် တွန်းထုတ်လိုက်သည်။ မီးခိုးရောင် ဝတ်စုံဝတ်ထားသော ထွမ်မုထောင်သည် ရှဲ့ခွေ၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထွားကျိုင်းသော ရှဲ့ခွေနှင့် နှိုင်းယှဉ်လျှင် ထွမ်မုထောင်မှာ သေးငယ်နေသကဲ့သို့ ရှိသော်လည်း သူ၏ ညာလက်မောင်းနှင့် လက်ချောင်းများကို စုစည်းကာ ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ထိုးစိုက်လိုက်သည်။
"ရွှီး..."
ဤရိုးရှင်းသော လက်ဝါးဓားချက်မှာ စူးရှသော အသံနှင့်အတူ ထွက်ပေါ်လာပြီး ဓားအငွေ့အသက်များမှာ လက်ချောင်းထိပ်များတွင် ကပ်ပါနေသည်။ ပစ်မှတ်သို့ မရောက်မီမှာပင် ပြင်းထန်သော လေလှိုင်းများက လူတစ်ယောက်ကို အပိုင်းပိုင်း ပြတ်သွားစေနိုင်သည့် အစွမ်း ရှိနေသည်။
ရှဲ့ခွေကတော့ မတုန်မလှုပ် ရှိနေပြီး သံမဏိနံရံများကိုပင် ဖောက်ထွင်းနိုင်သော ထိုလက်ဝါးဓားချက်ကို သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်စေခဲ့သည်။
"ချွင်"
သတ္တုအချင်းချင်း ထိမှန်သွားသည့် အသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော ဓားအရှိန်အဝါများကြားတွင် ရှဲ့ခွေ၏ ရင်ဘတ်မှ အဝတ်အစားများမှာ စုတ်ပြဲသွားကာ အတွင်းမှ တောင့်တင်းသော ကြွက်သားများ ပေါ်ထွက်လာသည်။ သေချာကြည့်လျှင် သူ၏ အရေပြားမှာ ကြယ်စင်များကဲ့သို့ မှိန်ပျပျ တောက်ပနေပြီး အလွန်နက်ရှိုင်းသော အသွင်ရှိသည်။ ဤတိုက်ခိုက်မှုမှာ ရှဲ့ခွေ၏ အရေပြားကိုပင် ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ပေ။
ထွမ်မုထောင် ပြောခဲ့သကဲ့သို့ပင် ရှဲ့ခွေသည် 'ရုပ်သေးကြယ်စင် တိုက်ပွဲဝင်ခန္ဓာကိုယ်' ကို အဆင့်မြင့် သိုင်းပညာတစ်ဝက်အဆင့်အထိ ကျင့်ကြံထားခြင်း ဖြစ်သည်။ သူ၏ မြင့်မားသော ကိုယ်လုံးမှာ ကြယ်စင်ငယ်လေးတစ်ခုကဲ့သို့ ဖျက်ဆီး၍မရနိုင်ဘဲ သူ၏ လှုပ်ရှားမှုတိုင်းမှာ ကောင်းကင်ယံမှ ကြယ်စင်တစ်လုံး ပျံသန်းလာသကဲ့သို့ သေစေနိုင်သော စွမ်းအားများ ပါရှိနေကာ လူသားတို့ ခုခံနိုင်စွမ်းထက် ကျော်လွန်နေသည်။
အနှိုင်းမဲ့ သိုင်းကျင့်စဉ်ဆိုသည်မှာ သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦးကိုယ်တိုင် ကျင့်ကြံအသုံးပြုခဲ့သော သို့မဟုတ် ထိုသူတော်စင်ကိုယ်တိုင် လက်ဆင့်ကမ်းခဲ့သော ကျင့်စဉ်များ ဖြစ်ပြီး သိုင်းဝိဇ္ဇာသူတော်စင်များ ပေါ်ထွက်ခဲ့ဖူးသည့် မိသားစုများ သို့မဟုတ် ဂိုဏ်းများတွင်သာ ရှိတတ်သည်။
အဆင့်တစ်ဝက်မြင့် သိုင်းကျင့်စဉ်များမှာမူ အနှိုင်းမဲ့ သိုင်းကျင့်စဉ်များထက် နိမ့်ကျသော်လည်း ၎င်းတို့မှာ အလွန်ထူးခြားလှပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိချိန်တွင် သိုင်းဝိဇ္ဇာသူတော်စင် အဆင့်အောက်၌ မည်သူမျှ မယှဉ်နိုင်သော အစွမ်းများ ရှိကြသည်။
"ငါ့အလှည့်ပဲ"
ထွမ်မုထောင်ကို ငုံ့ကြည့်လိုက်ရင်း ရှဲ့ခွေ၏ ကြမ်းတမ်းသော မျက်နှာတွင် မာန်မာနနှင့် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ သူသည် ယပ်တောင်တစ်ချပ်ကဲ့သို့ ကျယ်ပြန့်သော လက်ဝါးဖြင့် မည်သည့် အပိုမပါဘဲ ရိုးရိုးရှင်းရှင်းပင် ပြန်လည် ရိုက်ထုတ်လိုက်သည်။
လေထုနှင့် ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားပြီး သူ၏လက်ဝါးတစ်ဝိုက်တွင် အဖြူရောင် လေလှိုင်းများနှင့် မီးပွင့်များ ထွက်ပေါ်လာခဲ့ရာ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။
***