လီဟောင်၏ မယုံနိုင်လောက်သော ပါရမီကို တွေးမိသောအခါ သူတော်စင်များ၏ ရင်ထဲတွင် မျှော်လင့်ချက် အရိပ်အယောင်ကလေးတစ်ခု နိုးထလာခဲ့သည်။ သေးငယ်သော်လည်း ၎င်းမှာ မျှော်လင့်ချက်ပင် ဖြစ်သည်။
“ဒီမြင့်မြတ်နယ်မြေရဲ့ အပြင်ဘက်မှာ အတားအဆီးတွေ အများကြီးပဲ၊ ဒါက...”
ထိုအခိုက်အတန့်တွင် လီဟောင်သည် မြင့်မြတ်နယ်မြေကို လွှမ်းခြုံထားသော အတားအဆီးများကို သတိပြုမိသွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။
“အချိန်တွေ အများကြီး ကြာသွားပြီဆိုတော့ အင်မော်တယ်နတ်ဘုရား အမွေအနှစ်မှာ ချို့ယွင်းချက်တွေ ရှိနေပြီ။ နတ်ဘုရားနေလုံးကြီးဆီက ဖျက်ဆီးခြင်းစွမ်းအငါတွေ စိမ့်ဝင်လာနေတာမို့လို့ ဒါကို တားဆီးဖို့ အတားအဆီးတွေကို အသုံးပြုထားရတာ။ ငါတို့ သူတော်စင်တွေအားလုံးရဲ့ စွမ်းအားကို ပေါင်းစပ်လိုက်ရင်တောင် ဆယ်နှစ်ပဲ ခံနိုင်ရည်ရှိလိမ့်မယ်”
မြေခွေးသခင်မသည် လီဟောင်ကို ရှင်းပြလိုက်သည်။ သူမ၏ အကြည့်များမှာ ရှုပ်ထွေးနေသည်။ သေမျိုးလောကတွင် ရှိစဉ်က ‘မြေခွေးဖြူလေး’ ဘဝမှ မှတ်ဉာဏ်များသည် သူမ၏ မူလမှတ်ဉာဏ်များနှင့် ပေါင်းစပ်သွားကာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သို့သော် ယခုအခါ ထိုအိပ်မက်ထဲမှ ပုံရိပ်များသည် ပို၍ ပီပြင်လာပြီး ရင်းနှီးလာခဲ့သည်။
သေမျိုးလောကတွင် ထိုလူငယ်သည် မြို့တစ်မြို့တည်းကိုသာ စောင့်ကြပ်ခဲ့သော်လည်း ယခုမူ ကောင်းကင်ဘုံအသီးသီးအတွက် အသက်ပေးရန်ပင် ဝန်မလေးခဲ့ပေ။
“ချို့ယွင်းချက်တွေ ရှိနေတာလား”
လီဟောင်မှာ အံ့အားသင့်သွားပြီး အတားအဆီး အပြင်ဘက်ရှိ အင်မော်တယ်နတ်ဘုရား အမွေအနှစ်ထံသို့ စူးစိုက်ကြည့်လိုက်ရာ ဖျက်ဆီးခြင်းစွမ်းအင်များမှာ စီးဆင်းနေပြီး အတားအဆီးကို လာရောက် ရိုက်ခတ်နေသည်ကို ချက်ချင်း မြင်လိုက်ရသည်။
ထိုအခါမှသာ အဘယ်ကြောင့် သူတို့က ‘ဆယ်နှစ်’ ဟု ပြောခဲ့သည်ကို လီဟောင် နားလည်သွားခဲ့သည်။ ဤခိုလှုံရာနေရာမှာ နောက်ထပ် ဆယ်နှစ်သာ ခံပေလိမ့်မည်။
သို့သော် သူ့အတွက်မူ ဆယ်နှစ်မှာ လုံလောက်သည်။
“ဒီဆယ်နှစ်အတွင်းမှာ ဟောင်ထျန်းသူတော်စင် ကျင့်ကြံဖို့အတွက် ဘာပဲလိုလို ငါတို့ အစွမ်းကုန် ထောက်ပံ့ပေးသွားမှာပါ”
အမည်နာမသူတော်စင်က လီဟောင်ကို လေးနက်စွာ ပြောလိုက်သည်။ “မိုးမြေရတနာတွေဖြစ်ဖြစ်၊ အခြား နတ်ဘုရားဆေးဝါးတွေဖြစ်ဖြစ် ငါတို့ဆီမှာ ရှိသရွေ့ အားလုံး ပေးပါ့မယ်”
ထိုသို့ပြောရင်း သူသည် သူတော်စင်များကို ကြည့်ကာ “ကဲ... ခင်ဗျားတို့ထဲမှာ ကျင့်ကြံခြင်းအတွက် အကျိုးရှိမယ့် နတ်ဘုရားဆေးဝါးတွေ ရှိရင် ကျေးဇူးပြုပြီး ပံ့ပိုးပေးကြပါ။ ဒီကပ်ဘေးဒုက္ခကို ကျော်လွန်သွားနိုင်ခဲ့ရင် ခင်ဗျားတို့ရဲ့ စေတနာကို ငါ ရင်ထဲမှာ မှတ်ထားမှာဖြစ်သလို နောင်တစ်ချိန်မှာလည်း သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်”
“အမည်နာမသူတော်စင်... ခင်ဗျား သိပ်ပြီး အားနာမနေပါနဲ့၊ ပြန်ပေးဆပ်ဖို့လည်း မလိုပါဘူး။ ဟောင်ထျန်းသူတော်စင်သာ မရှိရင် ငါတို့တွေ အခုချိန် သေနေလောက်ပြီ။ ဒါဟာ အသက်ကယ်ကျေးဇူးမို့လို့ ငါတို့ မေ့မှာ မဟုတ်ပါဘူး” ဟု ကပ်ဘေး၃ပါးအဆင့်ရှိသော သူတော်စင်အိုကြီးတစ်ဦးက ပြောလိုက်သည်။
“ဟုတ်တယ်... ငါ့ဆီမှာ နတ်ဝိညာဉ်စွမ်းအင်ကို ခေတ္တမြှင့်တင်ပေးနိုင်တဲ့ နတ်ဘုရားဆေး တစ်မျိုး ရှိတယ်။ အာနိသင်က အရမ်းကောင်းပြီး လောကဦးနတ်ဝိညာဉ်ရဲ့ အကန့်အသတ်အဆင့်အတွက်တောင် အသုံးဝင်ပါတယ်”
“ငါ့ဆီမှာတော့ ‘ယင်ယန်ရွှမ်ကျီ’ ဆေးလုံး သုံးလုံး ရှိတယ်။ အသည်းအသန် ဒဏ်ရာရပြီး သေလုနီးပါး ဖြစ်နေရင်တောင် ပြန်လည် ရှင်သန်စေနိုင်သလို အဖက်ဖက်ကလည်း သန်မာစေပါတယ်”
“ငါ့ဆီမှာလည်း...”
သူတော်စင်အသီးသီးမှာ သူတို့၏ နတ်ဘုရားဆေးဝါးများကို ကမ်းလှမ်းကြသည်။
လီဟောင်သည် လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး သူတို့ကို တားဆီးလိုက်သည်။ ဤနတ်ဘုရားဆေးဝါးများမှာ သူ့အတွက် သိပ်ပြီး အဓိပ္ပာယ် မရှိပေ။ ကျင့်ကြံခြင်းအတွက် ဆေးဝါးများမှာ ကျင့်ကြံသူများကို ‘အကန့်အသတ်အဆင့်’ သို့ ရောက်ရှိစေရန်သာ ကူညီပေးနိုင်ခြင်း ဖြစ်သည်။ သို့သော် သူသည် အဖက်ဖက်တွင် အကန့်အသတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ထိုဆေးလုံးများ၏ အာနိသင်မှာ သူ့အတွက် မပြောပလောက်တော့ဘဲ အကန့်အသတ်အဆင့်၏ ကန့်သတ်ချက်ကို ကျော်လွန်ရန်လည်း မစွမ်းဆောင်နိုင်ပေ။
“ငါ လိုအပ်တဲ့အခါမှ ပြောပါ့မယ်” ဟု လီဟောင်က သူတော်စင်များကို ပြောလိုက်သည်။
များပြားသော နတ်ဘုရားဆေးဝါးများကို မြင်တွေ့ရသော်လည်း လီဟောင်၏ မျက်နှာတွင် မက်မောသည့် အရိပ်အယောင်မျှပင် မရှိသည်ကို မြင်သောအခါ သူတော်စင်များမှာ အံ့အားသင့်သွားကြသည်။ အရင်းအမြစ် ဘိုးဘေးနှင့် နတ်ဘုရားဘုရင်တို့ပင်လျှင် ဤမျှ များပြားသော ဆေးများရှေ့တွင် တည်ငြိမ်ရန် ခက်ခဲပေလိမ့်မည်။
“ဟောင်ထျန်းသူတော်စင်... အားနာမနေပါနဲ့။ ဒီအရာတွေက ခင်ဗျားအတွက် အနည်းငယ်ပဲ အထောက်အကူ ဖြစ်ရင်တောင် ဒါက တန်ပါတယ်။ ခင်ဗျားဟာ ကောင်းကင်ဘုံအသီးသီးရဲ့ မျှော်လင့်ချက်ပဲ မဟုတ်လား” ဟု သူတော်စင်တစ်ဦးက ထက်ထက်သန်သန် ပြောလိုက်သည်။
လီဟောင်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး “ဒါကို ထပ်မပြောနဲ့တော့၊ ငါ ကျင့်ကြံဖို့ ပြင်ဆင်ရပါဦးမယ်”
ထိုသို့ ကြားသောအခါ သူတော်စင်များမှာ လီဟောင်၏ အချိန်ကို မဖြုန်းတီးရဲသဖြင့် ချက်ချင်းပင် စကားစဖြတ်လိုက်ကြသည်။ ယခုအချိန်မှာ အချိန်နှင့်အမျှ အပြိုင် ကျင့်ကြံရမည့် အခြေအနေ ဖြစ်သည်။
လီဟောင် ထွက်ခွာတော့မည့် အချိန်တွင် သူ၏ ယုံကြည်မှုစွမ်းအင်များ လျော့နည်းလာသည်ကို ရုတ်တရက် သတိထားမိလိုက်သဖြင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
ယုံကြည်မှုစွမ်းအင် လျော့နည်းသွားခြင်းမှာ ယုံကြည်သူများ၏ ယုံကြည်မှု ပြောင်းလဲသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ထိုစစ်မှန်သော အင်မော်တယ် ရှေးဟောင်းနတ်ဆိုးကို တွေးမိသောအခါ လီဟောင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“အဲဒီနတ်ဆိုးက သတ်ဖြတ်မှုတွေ စလုပ်နေပြီ ထင်တယ်”
လီဟောင်၏ မျက်နှာမှာ ပြန်လည် တည်ကြည်သွားခဲ့သည်။ ကောင်းကင်ဘုံအသီးသီးတွင် ရေတွက်မရနိုင်သော သက်ရှိပေါင်းများစွာ ရှိနေသည် မဟုတ်ပါလား။ ကုဋေပေါင်းများစွာထက်ပင် ပိုမိုများပြားသည်။
လောကငယ်လေး တစ်ခုတည်းမှာပင် လူသားမျိုးနွယ်မှာ ဘီလီယံနှင့်ချီ၍ ရှိနေပြီး နတ်ဘုရားမင်းဆက်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိသည်။
ကောင်းကင်ဘုံ ၃၃ ဘုံလုံးကိုသာ ပေါင်းလိုက်မည်ဆိုပါက...။
“ဘာဖြစ်လို့လဲ”
ဖုန်းပိုဖျင်သည် လီဟောင်၏ အမူအရာ ပျက်သွားသည်ကို မြင်သောအခါ မမေးဘဲ မနေနိုင်ခဲ့ပေ။
လီဟောင်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး “ကျွန်တော့်ရဲ့ ယုံကြည်မှုစွမ်းအင်တွေ လျော့နည်းနေတယ်။ အဲဒီနတ်ဆိုးက သတ်ဖြတ်မှုတွေ လုပ်နေပြီ ဖြစ်ရမယ်”
သူတော်စင်များမှာ မှင်တက်သွားကြပြီး ချက်ချင်းပင် အချို့သော သူတော်စင်များကလည်း သူတို့၏ ယုံကြည်မှုစွမ်းအင်များ လျော့နည်းနေသည်ကို သတိထားမိလိုက်ကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အခြားသူတော်စင်များကိုလည်း အလျင်အမြန် မေးမြန်းလိုက်ကြသည်။
သို့သော် အခြားသူတော်စင်များ၏ ယုံကြည်မှုစွမ်းအင်မှာမူ ပြောင်းလဲမှု မရှိပေ။ ထိုအမွှေးတိုင်မီး လျော့နည်းသွားသော သူတော်စင်အနည်းငယ်မှာမူ မျက်နှာပျက်သွားကြသည်။ သူတို့၏ ယုံကြည်သူ အများစုမှာ လောကငယ်လေး တစ်ခုတည်းတွင် စုဝေးနေကြပြီး ထိုနေရာမှာ သူတို့၏ အဓိက တရားဟောရာ နယ်မြေလည်း ဖြစ်သည်။ ယခုမူ ထိုလောကငယ်လေးမှာ ရှေးဟောင်းနတ်ဆိုး၏ ကျူးကျော်မှုကို ခံလိုက်ရပြီမှာ သိသာသည်။
“တောက်”
“အဲဒီ သောက်နတ်ဆိုး”
သူတော်စင်အနည်းငယ်မှာ ဒေါသတကြီးဖြင့် အံကြိတ်ကာ ကျိန်ဆဲလိုက်ကြသည်။
“အပြင်က အခြေအနေကို ကြည့်ချင်တယ်ဆိုရင် ကျွန်တော့်မှာ ကောင်းကင်ဘုံရဲ့ ဘယ်နေရာကိုမဆို ပုံဖော်ကြည့်ရှုနိုင်တဲ့ ‘တာအိုကပ်ဘေး ဧကရာဇ်လက်နက်’တစ်ခု ရှိပါတယ်”
ထိုအချိန်တွင် လူငယ်ပုံသဏ္ဌာန်ရှိသော သူတော်စင်တစ်ဦးက ရုတ်တရက် ပြောလိုက်သည်။
အမည်နာမသူတော်စင်၊ မိုမိသားစုမှ မဟာသူတော်စင်နှင့် အခြားသော မဟာသူတော်စင်များမှာ ၎င်းကို မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။ အမည်နာမသူတော်စင်မှာ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး “အဲဒါ ကောင်းကင်ကြေးမုံလား” ဟု အမြန် မေးလိုက်သည်။
“မှန်ပါတယ်”
ထိုသူတော်စင်မှာ အမည်နာမသူတော်စင်က ဤလက်နက်အကြောင်း ကြားဖူးလိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။
“ဒါကို ကျွန်တော် ရှေးဟောင်း တားမြစ်နယ်မြေတစ်ခုမှာ ရခဲ့တာပါ။ ကောင်းကင်ဘုံရဲ့ ဘယ်နေရာကိုမဆို ကြည့်နိုင်သလို၊ အပြင်ဘက်က နတ်ဘုရားနေလုံးကြီးကတောင် ဒါကို မတားဆီးနိုင်ဘူး၊ ကျွန်တော် ခုနတင်ပဲ စမ်းကြည့်ပြီးပြီ” ဟု ထိုလူငယ်သူတော်စင်က ပြောလိုက်သည်။
သူတော်စင်အားလုံးမှာ သူ့ထံသို့ အကြည့်များ ရောက်သွားကြသည်။ သူတော်စင်တစ်ဦးက “ဒါဆို အပြင်ဘက်ကနေ ဒီမြင့်မြတ်နယ်မြေထဲကိုရော ချောင်းကြည့်လို့ ရတာလား” ဟု မေးလိုက်သည်။
ထိုလူငယ်၏ မျက်နှာတွင် စိတ်မသက်မသာ ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။ “ရပါတယ်”
သူတော်စင်အားလုံးမှာ မှင်တက်သွားပြီး တစ်ဦးကိုတစ်ဦး အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ဤဧကရာဇ်လက်နက်မှာ အမှန်တကယ်ပင် ကောင်းကင်ကို ဆန့်ကျင်သော လက်နက်ပင် ဖြစ်သည်။ ၎င်းက ပိုင်ရှင်သာ အလိုရှိပါက အခြားသူများ ကျင့်ကြံနေစဉ်မှာပင် ချောင်းကြည့်နိုင်သည်ဟု အဓိပ္ပာယ်ရနေသည် မဟုတ်ပါလား။
အဘယ်ကြောင့် သူသည် ဤမှန်အကြောင်းကို ယခင်က တစ်ခါမျှ မပြောခဲ့သည်မှာ မဆန်းတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော ရတနာမျိုး တစ်စုံတစ်ဦး၏ လက်ထဲတွင် ရှိနေခြင်းမှာ အခြားသူတော်စင်များကို စိတ်မသက်မသာ ဖြစ်စေပေသည်။ မည်သူကမှ မိမိတို့ ကျင့်ကြံနေစဉ် သို့မဟုတ် သီးသန့်ကိစ္စများ လုပ်ဆောင်နေစဉ် စောင့်ကြည့်ခံနေရသည်ကို မနှစ်သက်ကြပေ။
***