ကလန်....
ပိုင်ချီ၏ ဓားကြီးသည် အရိုးစုများကို ရိုက်ခတ်မိသွားခဲ့ရာ သတ္တုအချင်းချင်း ထိမှန်သကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့သည်။
“မာလှချည်လား။”
ပိုင်ချီ အံ့အားသင့်သွားပြီး နောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်၏။
သူ မြေပြင်ပေါ် မနင်းမိခင်မှာပင် ရှောင်းယီ၏ အော်ဟစ်သတိပေးသံကို ကြားလိုက်ရပြန်သည်။
“မင်းနောက်ကိုကြည့်...မင်းခြေထောက်အောက်မှာ။”
ပိုင်ချီသည် ခေါင်းကို နောက်သို့လှည့်မကြည့်ဘဲ လက်ထဲရှိ ဓားကြီးကို နောက်သို့ ဝှေ့ယမ်းလိုက်၏။
ကလန်...
ဓားကြီးထံမှ ခံစားလိုက်ရသော တန်ပြန်မှုကို အသုံးချကာ ပိုင်ချီ ဘေးသို့ လိမ့်ထွက်လိုက်သည်။ သို့သော် သူလိမ့်ဝင်သွားသော နေရာ၌ပင် ဖြူဖွေးသော အရိုးလက်များစွာသည် မြေပြင်ထဲမှ ထိုးထွက်လာခဲ့သည်။
အခြားနည်းလမ်းမရှိတော့သဖြင့် ပိုင်ချီသည် သူ၏ခါးကြားမှ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်လိုက်ရတော့လေသည်။
ဒိုင်း ဒိုင်း ဒိုင်း
သူ့အနားသို့ ချဉ်းကပ်လာသော အရိုးစုသုံးခု၏ ဦးခေါင်းများကို ပစ်ခတ်ခြေမှုန်းလိုက်၏။ သို့သော် အံ့သြစရာကောင်းသည်မှာ ပတ်ဝန်းကျင်ရှိ အရိုးစုများသည် ပို၍ပင် မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခြင်းပင်။
ပိုင်ချီနှင့် အခြားသူများသည် လုံးဝ ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရပြီဖြစ်သည်။
“အများကြီးပါလား...။”
ပိုင်ချီ အံ့ဩမှင်တက်သွားခဲ့၏။ သူ့တွင် ကျည်ဆန်များစွာ ရှိနေလျှင်ပင် အဆုံးမရှိသော ဤအရိုးစုများကို ကုန်အောင်သတ်ပစ်နိုင်မည် မဟုတ်ပေ။ သူသာ မောဟိုက်ပြီး သေဆုံးသွားနိုင်ပေသည်။
ထိုအချိန်တွင် ကမ်းခြေ၌ ထိုမြင်ကွင်းကို ကြည့်နေသော ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ပစ်...။”
ကမ်းခြေရှိ တပ်ဖွဲ့ဝင်များသည် ပိုင်ချီနှင့် အခြားသူများကို ဝိုင်းကူကာ မဟာမိတ်ကျွန်းသို့ ချဉ်းကပ်လာသော အရိုးစုအားလုံးကို ရှင်းလင်းပေးလိုက်ကြလေသည်။
ပိုင်ချီတို့အဖွဲ့သည် တိုက်ခိုက်ရင်း ဆုတ်ခွာလာခဲ့ကြသော်လည်း သူတို့အနောက်မှ အရိုးစုများက ဆက်တိုက် ထွက်ပေါ်လာနေဆဲပင်။ အကယ်၍ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ပစ်ခတ်အားသာ မလုံလောက်ပါက သူတို့ ထိုကျွန်းထဲ၌ ပိတ်မိသွားမည်မှာ အသေအချာပင်။
ပိုင်ချီတို့အဖွဲ့ မသေမျိုးကျွန်းမှ ဆုတ်ခွာလာသည်နှင့် မြေပြင်မှ အရိုးစုများ ထပ်ထွက်မလာတော့ပေ။ ထွက်လာပြီးသား အရိုးစုများသည်လည်း မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်းဆီသို့သာ ဦးတည်သွားကြတော့သည်။
ကျန်းယွင်ထျန်းတို့အဖွဲ့က နောက်ထပ်တစ်ကြိမ် ပစ်ခတ်နှိမ်နင်းလိုက်ရာ ထွက်ပေါ်လာသမျှ အရိုးစုအားလုံး အသတ်ခံလိုက်ရပြီး တစ်ဖက်ကျွန်းသည်လည်း ပြန်လည် တိတ်ဆိတ်သွားခဲ့ပြန်သည်။
“ကျွန်းပိုင်ရှင် အရိုးစုတွေရဲ့ အရိုးတွေက အရမ်းမာလွန်းတယ်။ လုံးဝ ခုတ်ဖြတ်လို့မရဘူး။”
ပိုင်ချီသည် ခြစ်ရာများ ထင်ကျန်နေသော သူ၏ဓားကြီးကို ထုတ်ပြလိုက်၏။ ရှောင်းယီက ခေါင်းညိတ်ကာ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အစ်ကိုကျန်း အဆင့်အမျိုးမျိုးရှိတဲ့ လက်နက်အေးတွေကို သွားရှာပြီး စမ်းသပ်ဖို့ ယူလာခဲ့ပါ။”
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ကျွန်းဆီသို့ လျှောက်သွားလိုက်၏။ သူ ကျွန်းပေါ် ခြေချလိုက်သည်နှင့် အရိုးစုများ ချက်ချင်း ထွက်ပေါ်လာခဲ့ပြန်သည်။
ရှောင်းယီ သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ အရိုးစုတစ်ခု၏ ဦးခေါင်းကို အလွယ်တကူ နှစ်ခြမ်းခွဲလိုက်နိုင်၏။ ထိုစဉ် ဖြတ်ခနဲ လင်းလက်သွားသော အလင်းရောင်တစ်ခုက ရှောင်းယီ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
ရှောင်းယီသည် ပတ်ဝန်းကျင်ရှိ အရိုးစုများကို ရှင်းလင်းလိုက်ပြီးနောက် မြေပြင်ပေါ်မှ ကျိုးကြေသွားသော ဦးခေါင်းခွံတစ်ခုကို ကောက်ယူကာ မဟာမိတ် အနောက်ဘက်ကျွန်းဆီသို့ အလျင်အမြန်ပြန်လာခဲ့လိုက်သည်။ အရိုးစုများသည် ရှောင်းယီကို အမီမလိုက်နိုင်ခဲ့ကြဘဲ ကျွန်းပေါ်သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။
“သူတို့ကို ရှင်းပစ်လိုက်တော့။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
သေနတ်သံများအပြီးတွင် အရိုးစုအားလုံး အသတ်ခံလိုက်ရ၏။ ထို့နောက် ကျန်းယွင်ထျန်းက ရှောင်းယီလက်ထဲမှ ဦးခေါင်းခွံကို ကြည့်ကာ မေးလိုက်သည်။
“ဒါကို ဘာလို့ယူလာတာလဲ။ နောက်ထပ် စမ်းသပ်ဖို့လား။”
“စမ်းသပ်ဖို့တင် မဟုတ်ဘူး။ ဒီဟာကြောင့်လည်း ပါတယ်။”
ရှောင်းယီသည် ဦးခေါင်းခွံအတွင်းရှိ တလက်လက်တောက်ပနေသော ပုံဆောင်ခဲတစ်ခုကို ညွှန်ပြလိုက်၏။
ကျန်းယွင်ထျန်း သေချာကြည့်လိုက်ရာ အမှန်တကယ်ပင် နက်မှောင်သော စိမ်းပြာရောင် ပုံဆောင်ခဲတစ်ခု ရှိနေခဲ့လေသည်။
“ဒါက ဘာလဲ။”
ကျန်းယွင်ထျန်း စပ်စုလိုက်မိ၏။
ရှောင်းယီ ခေါင်းမခါမီမှာပင် စနစ်ဆီမှ အသိပေးချက် ထွက်ပေါ်လာခဲ့လေသည်။
“ရရှိသော အရင်းအမြစ် - ဝိညာဉ်ပုံဆောင်ခဲ ( S အဆင့်) ၁။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်- ဝိညာဉ်ပုံဆောင်ခဲ (S အဆင့်) ၂။”
“ဝိညာဉ်ပုံဆောင်ခဲ (S အဆင့်): နက်မှောင်သော စိမ်းပြာရောင်ဖြစ်ပြီး မသေမျိုးတို့၏ စွမ်းအင်များ ပါဝင်သည်။ အသက်ရှင်ကျန်ရစ်သူများ စုပ်ယူနိုင်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလိမ့်မည်။ သတိထား၍ အသုံးပြုပါ။”
“ဒါကို ဝိညာဉ်ပုံဆောင်ခဲလို့ ခေါ်တယ်။ မသေမျိုးတိုင်းမှာ ရှိ၊ မရှိတော့ ငါ မသိဘူး။ ဒီထဲမှာ ငါတို့ စုပ်ယူနိုင်တဲ့ စွမ်းအင်တွေ ပါပေမဲ့ စုပ်ယူပြီးရင်တော့ ဆိုးကျိုးတွေ ရှိလိမ့်မယ်။”
ရှောင်းယီက ရှင်းပြလိုက်၏။ တစ်ချိန်တည်းမှာပင် သူ ပဟေဠိလည်း ဖြစ်နေခဲ့မိသည်။
“စုပ်ယူမိရင် ဆိုးကျိုးရှိတယ်ဆိုမှတော့ ဒါတွေက ဘာလို့ ထွက်လာတာလဲ။ ကမ္ဘာ့စည်းမျဉ်းတွေက လုံးဝ အသုံးမဝင်တဲ့အရာကိုတော့ စီစဉ်ထားမှာ မဟုတ်ဘူး မဟုတ်လား။”
“ဒီလိုဟာမျိုးလည် ရှိသေးတယ်လား။ ကိစ္စတွေက ပိုပိုပြီး ထူးဆန်းလာနေပြီ။ ကျွန်းပိုင်ရှင် ငါတို့ လက်နက်တွေ အကုန်ပြင်ထားပြီးပြီ။ စမ်းသပ်မှု စတော့မလား။”
ကျန်းယွင်ထျန်း မေးလိုက်သည်။
“အင်း စမ်းကြည့်ကြရအောင်။”
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်၏။
ထို့နောက် ကျန်းယွင်ထျန်းသည် လက်နက်များကို ယူဆောင်ကာ ကျွန်းထဲသို့ ဝင်သွားခဲ့ကြသည်။ အရိုးစုများ ထွက်ပေါ်လာသောအခါ ကျန်းယွင်ထျန်းသည် ဦးစွာ C အဆင့်ဓားကောက်ဖြင့် ခုတ်ကြည့်လိုက်သော်လည်း ၎င်းတို့ကို လုံးဝ မထိခိုက်စေခဲ့ပေ။
သူ့အနား ကပ်လာသော အရိုးစုကို သေနတ်ဖြင့် ပစ်သတ်လိုက်ပြီးနောက် B အဆင့် ဓားတစ်လက်ကို ဆွဲထုတ်ကာ နောက်ထပ် အရိုးစုတစ်ခုကို ခုတ်ဖြတ်လိုက်ပြန်သည်။ အကာအကွယ်ကို မထိုးဖောက်နိုင်သေးပေ။
ထို့နောက် A အဆင့်လှံဖြင့် အရိုးစု၏ မျက်လုံးတွင်းသို့ တိုက်ရိုက် ထိုးသွင်းလိုက်ရာ ဦးခေါင်းခွံအနောက်အထိ ဝင်ရောက်သွားခဲ့တော့လေသည်။
ခရက်...
အရိုးအက်သံ အနည်းငယ် ထွက်ပေါ်လာခဲ့ရာ A အဆင့်လက်နက်များသည် အရိုးစုများကို အနည်းငယ် ထိခိုက်စေနိုင်သော်လည်း ထိရောက်မှု သိပ်မရှိသေးကြောင်း ပြသနေခဲ့သည်။
နောက်ဆုံးတွင် သူသည် S အဆင့်လေးနှင့် မြားကို ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူသည် မြားတစ်ချက်တည်းဖြင့်ပင် အရိုးစု၏ ဦးခေါင်းကို အပိုင်းပိုင်းပြတ်သွားအောင် ပစ်ခတ်နိုင်ခဲ့သည်။
ထိုစမ်းသပ်မှုကို ကြည့်ရှုပြီးနောက် ရှောင်းယီက ပြောလိုက်သည်။
“ဒီအရိုးစုတွေကို လက်နက်အေးတွေနဲ့ တိုက်ခိုက်တဲ့အခါ အဆင့်ပေါ်မှာ မူတည်နေပုံရတယ်။ တစ်ဆင့်နိမ့်ရင် ဒဏ်ရာရစေနိုင်ပြီး အဆင့်တူ ဒါမှမဟုတ် ပိုမြင့်ရင်တော့ အလွယ်တကူ ထိခိုက်စေနိုင်တယ်။”
ကျန်းယွင်ထျန်းကလည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“စောစောက ငါ တိုက်ခိုက်နေရင်း သေချာကြည့်ခဲ့တယ်။ အရိုးစုတိုင်းမှာ ကျွန်းပိုင်ရှင်လက်ထဲကလို ဝိညာဉ်ပုံဆောင်ခဲတွေ မရှိဘူး။”
“ဟုတ်တယ်။ ဒါကို အရင်ဆုံး ဓာတ်ခွဲခန်းကို ပို့ထားလိုက်မယ်။ စက်ရုပ်တွေကို ဒါကို လေ့လာခိုင်းရမယ်။”
“ကောင်းပါပြီ။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်သွားခဲ့ပြီး ဦးခေါင်းခွံအစိတ်အပိုင်းကို ဓာတ်ခွဲခန်းသို့ ပို့ပေးလိုက်လေသည်။
အားလုံးပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ပြန်ထိုင်ကာ လက်နက်များ ရောင်းချရင်း ယီထျန်းဂရုထဲ၌ လူအများ ဘာတွေ ဆွေးနွေးနေသလဲဆိုသည်ကို ဆက်ကြည့်လိုက်လေသည်။
“ငါတို့ဆီမှာလည်း ဖုတ်ကောင်တွေနဲ့ တွေ့နေရပြီ။ အဲ့ဟာတွေက အရမ်းကြမ်းလွန်းတယ်။ ငါတို့ရဲ့ ရှေးဟောင်း သေနတ်တွေနဲ့ဆို အချက်ပေါင်းများစွာ ပစ်မှ သေတာ။ ဒါပေမဲ့ သူဌေးရဲ့ ပင်ဖိုင်းယားရိုင်ဖယ်နဲ့ဆိုရင်တော့ တစ်ချက်တည်းပဲ။”
“ဟုတ်တယ်။ တော်သေးတာပေါ့ သူဌေးက ပင်ဖိုင်းယားရိုင်ဖယ်တွေ ရောင်းပေးထားလို့။ မဟုတ်ရင် ငါတို့ ထိန်းထားနိုင်မှာ မဟုတ်ဘူး။”
“မတတ်နိုင်ဘူးလေ။ သူဌေးရဲ့ လက်နက်တွေက အဆင့်မြင့်လွန်းတော့ တိုက်ခိုက်ရေးစွမ်းအားကလည်း အလိုလို မြင့်နေတာပေါ့။ ငါတို့ရဲ့ သာမန်သေနတ်တွေက သူဌေးရဲ့ လက်နက်တွေကို မယှဉ်နိုင်ဘူး။”
“မင်းတို့က ဒီမှာ စကားပြောဖို့ အားနေသေးတာလား။ ပင်ဖိုင်းယားရိုင်ဖယ်တွေ မြန်မြန်ဝယ်ကြလေ။ ဒါမှမဟုတ်လည်း ဖုတ်ကောင်သွားသတ်ကြပါလား။”
“အဆင်ပြေပါတယ်။ ငါတို့မှာ ကာကွယ်ရေးအဖွဲ့ရှိတယ်။ ပြဿနာမရှိနိုင်ပါဘူး။”
“ဟားဟားဟား...ကြည့်ကြစမ်း ငါဘာရလာသလဲဆိုတာ။ [ဝိညာဉ်ပုံဆောင်ခဲ] (B အဆင့်) ၁”
“ချီး ဒါက ဘာကြီးလဲ။ တော်တော်အဆင့်မြင့်မယ့်ပုံပဲ။”
“ဒါကို ဖုတ်ကောင်ရဲ့ ဦးနှောက်ထဲမှာ တွေ့ခဲ့တာ။ ငါ အရင်က ဖုတ်ကောင် ဝတ္ထုတွေ၊ ရုပ်ရှင်တွေ ကြည့်ဖူးတော့ သူတို့မှာ ပုံဆောင်ခဲတွေ ရှိတတ်တာ သတိရသွားတယ်လေ။ အဲ့ဒါနဲ့ လူတွေကို ရှာခိုင်းလိုက်တာ။ တကယ်တွေ့လာတာပဲ။ ဟားဟားဟား...ငါက တကယ့်ဂျင်းနီးယပ်ပဲ။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာတော့ ရှင်းပြချက်တွေ သိပ်မရှိဘူး။ စွမ်းအင်ပါတဲ့ ပုံဆောင်ခဲတစ်မျိုးလို့ပဲ ပြောထားတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က လက်လွတ်စပယ် လုပ်နေသလားပဲ။”
အခြားသူများလည်း ဝိညာဉ်ပုံဆောင်ခဲများကို တွေ့ရှိနေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ဂရုထဲတွင် အလျင်အမြန်သတိပေးလိုက်သည်။
“အဲ့ဒါက စွမ်းအင်ရှိတယ်ဆိုပေမဲ့ မစုပ်ယူကြနဲ့ဦး။ ဒါက မသေမျိုးတွေရဲ့ ဝိညာဉ်ပုံဆောင်ခဲ ဖြစ်တဲ့အတွက် ငါတို့ စုပ်ယူလိုက်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်တယ်။”
“အာ... သူဌေးက စျေးရောင်းရင်း ကျောက်တိုင်က စကားဝိုင်းကိုပါ ဖတ်နေတာပဲ။ မိုက်လိုက်တာ။”
***