“ဒါက အဲ့ဒီလိုတော့ မဟုတ်လောက်ဘူးမလား။ ဗိုင်းရပ်စ်သာ ပျံ့နှံ့သွားရင် မင်းကျွန်းပေါ်က အခုရှိနေတဲ့ အခြေအနေတွေနဲ့ တားဆီးနိုင်မယ် ထင်လို့လား။”
“မဖြစ်ပါစေနဲ့လို့ပဲ ငါမျှော်လင့်ပါတယ်။”
“မျှော်လင့်နေရုံနဲ့ မရဘူး။ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ။ မင်း သေချာအောင် စစ်ဆေးသင့်တယ်။ တကယ်လို့ မသေချာရင် သူဌေးဆီက ဟိုဆေးဘက်ဆိုင်ရာ စက်ရုပ်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်။ မဟုတ်လို့ ကပ်ရောဂါသာ တကယ်ပေါက်ကွဲသွားရင် မင်းတို့ မဟာမိတ်အဖွဲ့တော့ သေချာပေါက် သွားပြီပဲ။”
“ချီးပဲ... ငါ တကယ် စိတ်လှုပ်ရှားသွားပြီ။ သူဌေးဆီ အမြန်ဆုံး သီးသန့်စာပို့ပြီး အကူအညီ တောင်းရမယ်။”
ရှောင်းယီသည် ထိုသူ၏ တောင်းဆိုချက်ကို လက်ခံရရှိသောအခါ နာ့နာကို သူတို့ထံ ချက်ချင်း ငှားရမ်းပေးလိုက်၏။ ငှားရမ်းခမှာ တစ်နာရီလျှင် အုတ်မြစ်ကျောက်တစ်ထောင် ဖြစ်သည်။ စျေးကြီးသော်လည်း အခြားနည်းလမ်းမရှိသဖြင့် သူတို့ အသုံးသာပြု လိုက်ကြရတော့သည်။
နာ့နာသည် ထိုသူ၏ ကျွန်းသို့ ရောက်ရှိသွားပြီးနောက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် နေရာတွင် အခြေခံ ဗိုင်းရပ်စ် စစ်ဆေးမှုများကို ချက်ချင်း ပြုလုပ်ခဲ့၏။ မကြာမီမှာပင် စမ်းသပ်ခန်းအတွင်းရှိ လေထုထဲတွင် ဗိုင်းရပ်စ်များ အမှန်တကယ် ရှိနေကြောင်းနှင့် ယုန်တွင် ဗိုင်းရပ်စ် ပမာဏ အလွန်မြင့်မားနေကြောင်း သူမ တွေ့ရှိခဲ့ရသည်။
နာ့နာ၏ လမ်းညွှန်မှုဖြင့် တစ်ဖက်လူသည် စမ်းသပ်ခန်းအတွင်းရှိ အရာအားလုံးကို ရုပ်ပိုင်းဆိုင်ရာ ပိုးသတ်ခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့လေသည်။ ထိုစမ်းသပ်ခန်းထဲသို့ ယခင်က ဝင်ထွက်သွားလာခဲ့သူ အားလုံးကိုလည်း ဗိုင်းရပ်စ် စစ်ဆေးရန်အတွက် ခေါ်ဆောင်လာခဲ့သည်။
စစ်ဆေးမှုများအပြီးတွင် လူတစ်ဦး၌ ဗိုင်းရပ်စ်ပိုး အမှန်တကယ် ကူးစက်ခံထားရကြောင်း တွေ့ရှိလိုက်ရတော့လေသည်။ အခြားလူများအားလုံး ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားကြသည်။
“ဒီအတောအတွင်းမှာ မင်း တခြားဘယ်သူတွေနဲ့ ထိတွေ့ခဲ့သေးလဲ။ အကုန်လုံးကို ရှာလိုက်။”
နာ့နာသည် ကူးစက်မှု လမ်းကြောင်း ရှာဖွေရေး အရာရှိတစ်ဦးကဲ့သို့ပင် ဆောင်ရွက်နေခဲ့သည်။
မကြာမီမှာပင် ထိတွေ့ခဲ့သူ အားလုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ဆေးပြီးနောက် အားလုံးမှာ Negative အဖြေသာ ထွက်ပေါ်လာခဲ့သည်။ ထိုရလဒ်ကြောင့် မဟာမိတ်ခေါင်းဆောင်မှာ သက်ပြင်းချနိုင်သွားခဲ့သော်လည်း စိုးရိမ်တကြီးဖြင့် ထပ်မေးလိုက်သည်။
“သူတို့ကို သီးသန့်ခွဲထားပြီး နောက်ရက်အနည်းငယ်မှာ ထပ်ပြီးစစ်ဆေးသင့်သလား။”
“မလိုအပ်ပါဘူး။ ကျွန်မက လူ့ခန္ဓာကိုယ်ထဲကို နာနိုစက်ရုပ်တွေ ထည့်ပြီး စစ်ဆေးတာမို့ တိကျမှုက တစ်ရာရာခိုင်နှုန်း သေချာတယ်။ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ် ရှိနေသရွေ့ ကျွန်မ သေချာပေါက် ရှာဖွေနိုင်တယ်။”
နာ့နာက အလွန်ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ဒါပေမဲ့ ကူးစက်ခံရသူက သူထိတွေ့ခဲ့တဲ့လူကို ဖုံးကွယ်မထားဖို့တော့ လိုတယ်။”
ထိုအခါ မဟာမိတ်ခေါင်းဆောင်က ကူးစက်ခံရသူကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက ငါတို့ မဟာမိတ်အဖွဲ့တစ်ခုလုံး အသက်ရှင်ရပ်တည်ရေးနဲ့ ဆိုင်တယ်။ မင်း တခြားထိတွေ့ခဲ့တဲ့လူရှိရင် သေသေချာချာ ပြန်စဉ်းစားပါဦး။”
“မရှိပါဘူး ခေါင်းဆောင်။ ကျွန်တော် ကျိန်ဆိုကျိိန်ရဲပါတယ်။”
ကူးစက်ခံရသူမှာ ငိုချမိလုနီးပါး ဖြစ်နေပြီဖြစ်သည်။
“ကျွန်တော် သေရတော့မှာလား။ ဖုတ်ကောင် ဖြစ်သွားမှာလား။”
“ကျွန်မ ရှိနေသရွေ့ ရှင် မသေပါဘူး။ ဖုတ်ကောင်လည်း ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ ပြန်လည်ကျန်းမာလာဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်လိမ့်မယ်။”
နာ့နာ ပြန်ဖြေလိုက်သည်။
“တော်သေးတာပေါ့။ တော်သေးတာပေါ့။”
ထိုသူသည် သူ မသေဘူးဟု ကြားလိုက်ရသဖြင့် ဝမ်းသာအားရ မျက်ရည်များပင် ကျလာခဲ့၏။
အခြေအနေကို ကိုင်တွယ်ပြီးနောက် နာ့နာ ပြန်ရောက်လာခဲ့သည်။ ရှောင်းယီသည် ထိုကိစ္စနှင့် ပတ်သက်၍ မိုဘိုင်းဖုန်းဂရုထဲတွင် ချက်ချင်း အသိပေးချက်တစ်ခု ပေးပို့လိုက်လေသည်။
“လူတိုင်း ဖုတ်ကောင်တွေဆီက ပါလာတဲ့ ဖုတ်ကောင်ဗိုင်းရပ်စ်ကို သတိထားကြပါ။ ရှေ့တန်းက စစ်သည်တွေ အားလုံး နှာခေါင်းစည်း တပ်ထားဖို့ ညွှန်ကြားပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“မဟာမိတ်အဖွဲ့တစ်ခုမှာ ဗိုင်းရပ်စ် ကူးစက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီးပြီ။”
“ဟုတ်ကဲ့။”
အရိုးစုများ၊ ဖုတ်ကောင်များ သို့မဟုတ် အခြား မည်သည့် မသေမျိုး သတ္တဝါများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ စစ်သည်အားလုံး နှာခေါင်းစည်း တပ်ရမည်ဖြစ်ပြီး အနီးကပ် တိုက်ခိုက်ရပါက မျက်နှာကာများပါ ဝတ်ဆင်ရမည်ဖြစ်သည်။
ရှောင်းယီ၊ ကျန်းယွင်ထျန်းနှင့် ယခင်က ကျွန်းထဲသို့ နက်နက်ရှိုင်းရှိုင်း သွားရောက်ခဲ့သူများ အားလုံးကိုလည်း နာ့နာက ကျန်းမာရေး စစ်ဆေးပေးခဲ့၏။
“နှာခေါင်းနှိုက်ပြီး စစ်စရာမလိုလို့ တော်သေးတာပေါ့။”
ကျန်းယွင်ထျန်းသည် ယခင်ကမ္ဘာ၌ ကပ်ရောဂါ ဖြစ်ပွားမှုကို ကြုံတွေ့ခဲ့ရဖူးသည်။ သူသည် နိုင်ငံခြားမှ မစ်ရှင်အပြီး ပြန်လာသောအခါ ရက်ပေါင်း (၃၀) တိတိ သီးသန့်ခွဲ၍ နေထိုင်ခဲ့ရပြီး နေ့တိုင်း နှာခေါင်းနှိုက်ကာ အစစ်ဆေးခံခဲ့ရသည်။ ကာကွယ်ရေးဝတ်စုံ ဝတ်ထားသော သူနာပြုဆရာမလေးမှာ စစ်ဆေးသည့် ဂွမ်းတံကို သူ၏ ဦးခေါင်းထိပ်အထိ ရောက်အောင် ထိုးထည့်ချင်နေသည့်ပုံပင်။ ထိုခံစားချက်မှာ အလွန်ပင် “လန်းဆန်း” လှသည်။
နာ့နာသည် ရှောင်းယီနှင့် အခြားသူများကို စစ်ဆေးခဲ့ရာ ပြဿနာမရှိပေ။ ရှောင်းယီက စိုးရိမ်သေးသဖြင့် ရှေ့တန်းရှိ စစ်သည်များ အားလုံးကိုပါ စစ်ဆေးခိုင်းလိုက်၏။ နာ့နာ၏ စစ်ဆေးမှုမှာ အလွန်မြန်ဆန်ပြီး ရလဒ်များကို ချက်ချင်း ရရှိခဲ့လေသည်။ ရလဒ်အားလုံး ကောင်းမွန်နေသည်ကို တွေ့ရမှသာ ရှောင်းယီ စိတ်အေးလက်အေးဖြင့် လက်နက်များ ဆက်လက် ရောင်းချနိုင်တော့သည်။
“လက်ပစ်ဗုံးက သုံးရတာ ပိုအားရဖို့ကောင်းတယ်။ သေနတ်နဲ့ ပစ်နေရတာက အရမ်းနှေးလွန်းတယ်။ လက်ပစ်ဗုံးတစ်လုံးဆိုရင် ဖုတ်ကောင်တွေ တစ်ပုံကြီး လေထဲကို လွင့်သွားရောပဲ။”
“ညီအစ်ကို မလိုအပ်ဘဲ လက်ပစ်ဗုံးတွေ မသုံးဖို့ ငါအကြံပေးချင်တယ်။”
“ဘာလို့လဲ။”
“ဟုတ်တယ်လေ...လက်ပစ်ဗုံး သုံးရတာ ဘယ်လောက် အားရစရာကောင်းလဲ။ အဝေးကနေ တစ်လုံး ပစ်ထည့်လိုက်ရင် ဘုန်းခနဲဆို အုပ်စုလိုက် သေသွားရော။”
“မင်းကတော့ အားရမှာပေါ့။ ဒါပေမဲ့ အဲဒီပေါက်ကွဲသံက အရမ်းကျယ်လွန်းတယ်။ ဒါက မသေမျိုးကျွန်းပေါ်က တခြားနေရာက ဖုတ်ကောင်တွေကိုပါ ဆွဲဆောင်လိုက်သလို ဖြစ်သွားလိမ့်မယ်။”
“မင်းတို့ ခဏတာ အားရမှုကိုပဲ ကြည့်မယ်ဆိုရင် နောက်ပိုင်းမှာ ဖုတ်ကောင်တပ်ဖွဲ့ကြီးကို ခုခံဖို့ လက်ပစ်ဗုံးတွေ အများကြီး ပိုပြီးလိုအပ်လာလိမ့်မယ်။”
“ချီးပဲ... ဟုတ်တယ်ဟေ့။ ဖုတ်ကောင်တွေက ပိုပိုများလာပြီ။ သွားပြီ...သူဌေး ကျုပ်ကို လက်ပစ်ဗုံး နောက်ထပ် တစ်ရာ၊ မဟုတ်ဘူး တစ်ထောင်လောက် ပေးပါဦး။”
“တွေ့လား...။ ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိသားပဲ။”
“ညီအစ်ကိုရာ...ဒီလိုဆိုလည်း အစောကြီးကတည်းက ပြောရောပေါ့။”
“မင်း အခုချက်ချင်း လက်ပစ်ဗုံးတွေ ပစ်ထုတ်လိုက်မယ်ဆိုတာ ငါက ဘယ်လိုသိမှာလဲ။ လက်ပစ်ဗုံးက ရန်သူတွေ အစုလိုက်အပြုံလိုက် ရှိနေတဲ့အချိန်မှာပဲ သုံးသင့်တာ။”
“ဟူး... တကယ်ဆိုရင် အဲဒီကျွန်းပေါ်က ဖုတ်ကောင်တွေကို ဖြည်းဖြည်းချင်း သတ်သွားလို့ ရတာကို။ အခုတော့ မင်း လက်ပစ်ဗုံးတွေ ဆက်သုံးပြီး အတင်းခုခံရတော့မှာပဲ။”
“ကျုပ်ကတော့ မသုံးဖို့ပဲ အကြံပေးချင်တယ်။ သေနတ်ပဲ သုံးကြည့်ပါ။ သေနတ်သံက ကျယ်ပေမဲ့ လက်ပစ်ဗုံးထက်စာရင်တော့ တော်ပါသေးတယ်။”
“ကောင်းပါပြီ။ ကျုပ် သူဌေး စကားကိုပဲ နားထောင်တော့မယ်။ ကျုပ်ကို ပင်ဖိုင်းယားရိုင်ဖယ် နောက်ထပ် နှစ်ရာလောက် ပေးပါဦး။”
“အပေါ်ကလူ မင်းမှာ အဲဒီလောက်တောင် အုတ်မြစ်ကျောက်တွေ အများကြီး ရှိတယ်ပေါ့။”
“ကျုပ် ကံကောင်းပြီး အုတ်မြစ်ကျောက် အပိုရထားတာတွေ ရှိလို့ပါ။ အဆင်ပြေပါတယ်။”
“ဒါက ‘အဆင်ပြေပါတယ်’ ဆိုတာထက်ကို ပိုနေပြီ။ ဒီနှစ်မိနစ်အတွင်းမှာတင် မင်း အုတ်မြစ်ကျောက် နှစ်သောင်းကျော် သုံးသွားတာပဲ။ လန်းလိုက်တာ။”
ရှောင်းယီသည် ယခုအချိန်အထိ အမြောက်ခြောက်သိန်းကျော်၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် တစ်သိန်းကျော်၊ ပင်ဖိုင်းယားရိုင်ဖယ် ဆယ်သန်းကျော်၊ လက်ပစ်ဗုံး သန်းသုံးဆယ်နီးပါး၊ မော်တော်ဆိုင်ကယ် တစ်သိန်းကျော်နှင့် ဘက်စုံသုံး စစ်သည်တင်ယာဉ် ရှစ်သောင်းကျော် ရောင်းချခဲ့ပြီးဖြစ်သည်။
ရှောင်းယီကဲ့သို့ ကြီးမားသော ကျွန်း၊ များပြားသော ကျွန်းခွဲများနှင့် အဆင့်မြင့် စက်ကိရိယာများ ရှိမှသာ ဤမျှများပြားသော လူအုပ်ကြီးအတွက် လက်နက်များ ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ ရှောင်းယီထံမှ အုတ်မြစ်ကျောက်များ ဘီလီယံနှင့်ချီ၍ လဲလှယ်ထားသူများပင်လျှင် လက်နက်များ ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းများကို ဤမျှအထိ မပံ့ပိုးပေးနိုင်ကြပေ။
သူတို့တွင် အုတ်မြစ်ကျောက်များစွာ ရှိပြီး ကျွန်းဧရိယာ ကြီးမားသော်လည်း ရှောင်းယီ၏ ကျွန်းကို မမီကြသေးပေ။ ထို့အပြင် သူတို့တွင် အဆင့်မြင့် စက်ကိရိယာများ မရှိသဖြင့် သတ္တုတူးဖော်ခြင်းနှင့် အရည်ကျိုခြင်း လုပ်ငန်းများကို ထိရောက်စွာ မလုပ်ဆောင်နိုင်ကြပေ။
လူတိုင်းက ဤကမ္ဘာ့စစ်မြေပြင်စမ်းသပ်မှုသည် အလွန်ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း ယခုအခါတွင်မူ အတော်အတန် လွယ်ကူနေသည်ဟု ခံစားနေကြရလေသည်။ ရှောင်းယီ ပေးထားသော အဆင့်မြင့်လက်နက်များကို အားကိုးကာ သူတို့ အေးဆေးပင် ကိုင်တွယ်နိုင်နေခဲ့ကြသည်။
“ဒီကမ္ဘာ့စစ်မြေပြင်က သာမန်ပါပဲ။ ငါက အခက်အခဲတွေ တိုးလာမယ်လို့ ထင်နေတာ။”
“ဟုတ်တယ်။ ငါဆိုရင် နှစ်ရက်လောက် အလကားနေရင်း စိုးရိမ်နေခဲ့ရတာ။ ဒါက လုံးဝ မခက်ခဲဘူး။”
“အပေါ်က ညီအစ်ကိုတို့ ကြွားနေတာတွေ ခဏလောက်ရပ်ထားလို့ ရမလား။ စမ်းသပ်မှုက အခုမှ စတာလေ။ စကားကို အရမ်းစောစော မပြောနဲ့ဦး။ နောက်မှ အခက်အခဲတွေ တိုးလာရင် မငိုမိအောင်ပဲ သတိထားကြပါ။”
“အခက်အခဲတွေ တိုးလာတော့ရော ဘာဖြစ်လဲ။ ဒီလောက် အဆင့်မြင့်တဲ့ လက်နက်တွေ ရှိနေတာပဲ ကြောက်နေရဦးမှာလား။”
“အားလုံးပဲ အရမ်းကြီး အကောင်းမမြင်ကြပါနဲ့ဦး။ ဒီနေ့က ပထမဆုံးနေ့ပဲ ရှိသေးတယ်။ အခြေအနေတွေ အများကြီး ပေါ်လာပြီးပြီ။ သေမင်းအငွေ့အသက်တွေ၊ ဗိုင်းရပ်စ် စတာတွေပေါ့။ အကယ်၍ ဆရာကြီး ယီရန်ပင်းရဲ့ အထောက်အပံ့သာ မရှိရင် မင်းတို့ ခုခံနိုင်မယ်ဆိုတာ သေချာလို့လား။”
***