“အပေါ်က ညီအစ်ကိုပြောတာ မှန်တယ်။ အရင်က အသက်ရှင်ကျန်ရစ်သူတွေ ဒီမသေမျိုး သတ္တဝါတွေကို ဘယ်လိုရင်ဆိုင်ခဲ့ကြလဲဆိုတာ ငါတကယ် သိချင်မိတယ်။ အခုလို ထိပ်သီးပုဂ္ဂိုလ်မျိုးတွေသာ မရှိခဲ့ရင် အဲဒီအချိန်က အကောင်းဆုံးလက်နက်က မီးခတ်သေနတ်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီသေနတ်တွေက အဆုံးမရှိတဲ့ ဒီမသေမျိုးတွေကိုယှဉ်ဖို့ မလုံလောက်ဘူးဆိုတာ သေချာသလောက်ပဲ။”
“သေချာသလောက်ပဲ မဟုတ်ဘူး။ လုံးဝကို မလုံလောက်တာ။ မီးခတ်သေနတ်တွေက ပင်ဖိုင်းယားရိုင်ဖယ်တွေလို အားမကောင်းသလို တိကျမှုလည်း မရှိဘူး။ ပစ်ခတ်မှုနှုန်းဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။”
“ဒါဆိုရင် အရင်က အသက်ရှင်ကျန်ရစ်သူတွေ ဒီနေရာမှာ အသေအပျောက် အများကြီး ရှိခဲ့မှာပေါ့နော်။”
“သေချာတာပေါ့။ သူတို့မျိုးဆက်မှာ ယီရန်ပင်းလို ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ပေါ်မလာခဲ့ရင် သေချာပေါက် အထိနာမှာပဲ။”
“သူတို့ဆီမှာလည်း ယီရန်ပင်းနဲ့ အဆင့်တူတဲ့ ထိပ်သီးတွေ ရှိခဲ့မှာပါ။”
“မျိုးဆက်တိုင်းမှာ ထူးချွန်တဲ့သူ တစ်ယောက်တော့ ရှိသင့်တာပဲလေ။”
“ငါတော့ သံသယရှိနေတုန်းပဲ။ အဲ့တုန်းက ထူးချွန်တဲ့သူတွေ ရှိနိုင်ပေမဲ့ သူဌေးယီလို လူမျိုးကတော့ ထူးချွန်ရုံတင်မကဘူး၊ ငါတို့နဲ့ လုံးဝကို အဆင့်အတန်းချင်း ကွာခြားနေတာပဲ။”
“ဟုတ်တယ်။ သူဌေးက ကံကောင်းရုံဆိုရင်တောင် ငါတို့အများကြီးထဲမှာ ကံကောင်းတဲ့သူ အနည်းငယ်တော့ ရှိသင့်တာပေါ့။ ဒါပေမဲ့ ဘယ်သူမှ သူဌေးရဲ့ အဆင့်အတန်းနဲ့တူတဲ့ လက်နက်မျိုးကို မဖွင့်ဖူးကြသေးဘူး။ ကန့်ကွက်ချင်တဲ့သူရှိရင် သူဌေးထက်သာတဲ့ အဆင့်မြင့်လက်နက်တစ်ခုလောက် ထုတ်ပြကြည့်လေ။”
“အဲဒါကိုတော့ ငြင်းစရာ နည်းလမ်းမရှိဘူး ထင်တယ်။”
“တခြားဟာတွေ ထားလိုက်ပါဦး။ သူဌေးရဲ့ ရွက်သင်္ဘောကိုပဲ ကြည့်။ အခုထိ ဘယ်သူမှ အဲဒီလိုမျိုး မဖွင့်ရသေးဘူး ဟုတ်တယ်မလား။ သူဌေးက အဲဒါကို ရှင်သန်ရေး အစောကြီးကတည်းက ရထားပုံပဲ။”
“ခြုံပြောရရင်တော့ သူဌေးက ‘Cheat’ သုံးနေတာပဲ။ အဲဒါကလည်း ပြိုင်ဘက်ကင်းတဲ့ Cheat မျိုးပဲ။ အရင်က အသက်ရှင်ကျန်ရစ်သူတွေဆီမှာ ဒီလိုဟာမျိုးရှိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ မဟုတ်လား။”
“ကောင်းကင်ဘုံပဲ သိမှာပေါ့။ အကယ်၍ သူတို့မှာသာ မရှိခဲ့ရင် ဒီစစ်မြေပြင်မှာ ကျွန်းဧရိယာတွေနဲ့ လူဦးရေတွေ အများကြီး ဆုံးရှုံးခဲ့မှာ သေချာတယ်။”
“အဲ့ဒါကြောင့် ငါတို့က ယီရန်ပင်းလို Cheat သုံးနေတဲ့လူနဲ့ တွေ့ရတာ ကံကောင်းတယ်လို့ ပြောရမယ်။”
လူများက သူ့အကြောင်း ဆွေးနွေးနေကြသည်ကို ရှောင်းယီသည် ခေါင်းခါရင်းသာ ကြည့်နေပြီး လက်နက်များ ဆက်လက် ထုတ်လုပ်ရောင်းချနေခဲ့သည်။
မကြာမီ ညသန်းခေါင်သို့ နီးကပ်လာခဲ့ပြီး ရှောင်းယီ၏ ကုန်သွယ်မှုများမှာလည်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အရောင်းအဝယ် အားလုံးကို သူ သဘောတူလိုက်သောအခါ သာယာသော အသိပေးသံတစ်ခု ထွက်ပေါ်လာခဲ့တော့လေသည်။
“လဲလှယ်မှု အောင်မြင်ပါသည်။ ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၂ ဘီလီယံ။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်လိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၄ ဘီလီယံ။”
ထိုအလွန်များပြားလှသော အုတ်မြစ်ကျောက်များကို ကြည့်ရင်း ရှောင်းယီ ဘာမှမခံစားရပေ။ အကြောင်းမှာ သူသည် လူပုများက တစ်ကြိမ်တည်းနှင့် ထရီလီယံချီ ပေးခဲ့ဖူးသလို ရိတ်သိမ်းမှု အဆများစွာသုံးခဲ့သော ကုန်သွယ်မှုများတွင်လည်း ဘီလီယံ ရာနှင့်ချီ ရရှိခဲ့ဖူးသောကြောင့်ပင်။ ယနေ့ နှစ်ဆတိုးပြီး ၄ ဘီလီယံရသည်မှာ သူ့အတွက် တကယ်ပင် မများလှပေ။
“အုတ်မြစ်ကျောက်တွေ ဘီလီယံ ရာနဲ့ချီပြီး ရဖို့ဆိုတာ တကယ်ပဲ ခဲယဉ်းတာပဲ။”
ရှောင်းယီ ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထို့နောက် သူ ထိုအုတ်မြစ်ကျောက်များကို သိမ်းဆည်းလိုက်တော့သည်။ ယခုလောလောဆယ် ကျွန်းကို ချဲ့ထွင်ရန် မလိုအပ်သေးဘဲ ဤကမ္ဘာ့စစ်မြေပြင်၏ အခြေအနေကို အရင် စောင့်ကြည့်ရမည်ဖြစ်သည်။
ရှောင်းယီ အနားယူတော့မည့်အချိန်မှာပင် ကျန်းယွင်ထျန်းထံမှ ဖုန်းဝင်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ မဟာမိတ်ကျွန်းတွေနဲ့ ထိစပ်နေတဲ့ မသေမျိုးကျွန်းတွေ အကုန်လုံး လှုပ်ရှားလာပြီ။”
“လူတွေ ကျွန်းပေါ် တက်သွားလို့လား။”
ရှောင်းယီက မေးလိုက်သည်။
“မဟုတ်ဘူး။ သူတို့က အမိန့်တစ်ခုခု ရထားသလိုပဲ။ တစ်ကောင်ပြီးတစ်ကောင် မြေပေါ်တက်လာပြီး ကျုပ်တို့ရဲ့ ကာကွယ်ရေးတပ်တွေကို တိုက်ခိုက်နေကြတယ်။ ဖုတ်ကောင်ကျွန်းတွေမှာလည်း ဖုတ်ကောင်တွေက ကျွန်းရဲ့ ထောင့်ပေါင်းစုံကနေ ကျုပ်တို့ဆီကို စုပြုံပြီး တိုးဝင်လာနေကြတယ်။”
‘ထင်တဲ့အတိုင်းပဲ။ ငါတို့ သွားမနှောက်ယှက်ရင် ငြိမ်းငြိမ်းချမ်းချမ်း နေရမယ်ဆိုတာမျိုး မရှိဘူး။ ကမ္ဘာ့စည်းမျဉ်းတွေက အမြဲတမ်း စစ်ပွဲဖြစ်အောင် ဖန်တီးနေမှာပဲ။’
ရှောင်းယီက တွေးတောရင်း မေးလိုက်သည်။
“ခုခံနိုင်သေးလား။”
“ပြဿနာမရှိပါဘူး။ သေချာပေါက် ခုခံနိုင်တယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလာခဲ့သည်။
“ကောင်းပြီ။ ဒါဆိုရင် အရင်ဆုံး ခုခံထားလိုက်ပါ။ အခြေအနေကို စောင့်ကြည့်ပြီး အလှည့်ကျ နားဖို့လည်း သတိရကြဦး။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
ထို့နောက် ရှောင်းယီသည် ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုကို ပြန်ကြည့်လိုက်ရာ ညသန်းခေါင် ဖြစ်သော်လည်း အလွန် စည်ကားနေသည်။
“ဘာတွေ ဖြစ်နေတာလဲ။ အရိုးစုကျွန်းပေါ်က အရိုးစုတွေက ဘာလို့ သူတို့ဘာသာသူတို့ ထွက်လာကြတာလဲ။”
“ငါတို့ဆီမှာလည်း အတူတူပဲ။ အဲဒီကျွန်းပေါ်မှာ အရိုးစုတွေ အပြည့်ပဲလို့ ခံစားနေရတယ်။”
“အဲ့လောက်တောင် များတာလား။ ကြောက်စရာကြီး။ သူတို့က ညသန်းခေါင်မှာ တိုက်ခိုက်ဖို့ တိုင်ပင်ထားကြတာလား။”
“ငါတို့ဘက်က ဖုတ်ကောင်ကျွန်းတွေလည်း အတူတူပဲ။ လက်ပစ်ဗုံး မသုံးလည်း ဖုတ်ကောင်တွေက ကျွန်းအနှံ့ကနေ ထွက်လာပြီး ငါတို့ရဲ့ ကာကွယ်ရေးတပ်တွေကို အတူတူ လာတိုက်နေကြတယ်။”
“ထင်တဲ့အတိုင်း သူတို့က ငါတို့ကို အေးအေးဆေးဆေး ပေးမနေဘူးပဲ။ ဘာတတ်နိုင်မှာလဲ။ တိုက်ကြတာပေါ့။”
ရှောင်းယီသည် ယနေ့ လက်နက်များစွာ ရောင်းချထားသဖြင့် မဟာမိတ်အဖွဲ့အသီးသီးတွင် လက်နက်ခဲယမ်းများ လုံလောက်စွာ ရှိနေကြ၏။ ဤမသေမျိုးများကို တားဆီးရန် ပြဿနာ မရှိသင့်ပေ။
ယနေ့ည မည်သူမျှ မအိပ်ကြသော်လည်း ရှောင်းယီသည်မူ ကျန်းယွင်ထျန်းကို ယုံကြည်သည်ဖြစ်ရာ သူ၏ ပုံမှန်အိပ်ချိန်အတိုင်း အိပ်စက်ခဲ့သည်။ မဟာမိတ်ကျွန်းခွဲများမှ အမြောက်သံနှင့် သေနတ်သံများသည် တစ်ညလုံး မစဲခဲ့ပေ။
ကျွန်းခွဲများ၌ နေထိုင်သူများသည် မဟာမိတ် လုံခြုံရေးတပ်ဖွဲ့များ အလွန်အစွမ်းထက်ကြောင်း သိသော်လည်း သေနတ်သံများမှာ အလွန်ကျယ်လောင်လွန်းနေသဖြင့် တစ်ညလုံး ကောင်းကောင်း မအိပ်နိုင်ခဲ့ကြပေ။
နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရှောင်းယီ နိုးလာခဲ့သည်။ မူလက တရားထိုင်ရန် ရည်ရွယ်ထားသော်လည်း ကျောက်တိုင်မှ အဆက်မပြတ် မြည်နေသော အချက်ပေးသံများကြောင့် ကျောက်တိုင်ကို အရင်စစ်ဆေးလိုက်ရသည်။
“သူဌေး ကူညီပါဦး။ ကျုပ်တို့ဆီမှာ ကျည်ဆန်တွေ ကုန်တော့မယ်။”
“ကျုပ်တို့လည်း အတူတူပဲ။ ဒီမသေမျိုး သတ္တဝါတွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ။”
“တစ်ညလုံး တိုက်နေရတာ ခဏလေးတောင် မနားကြရသေးဘူး။ အိပ်ချင်လှပြီ။”
“ကျုပ်တို့ရဲ့ ခဲယမ်းတွေလည်း ကုန်သလောက် ရှိနေပြီ။ သူဌေး ထပ်ရောင်းပေးပါဦး။”
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်ပြီး ကျန်းယွင်ထျန်းထံသို့ ဦးစွာ ဖုန်းဆက်လိုက်၏။
“ကျွန်းပိုင်ရှင် ဘာများ ညွှန်ကြားစရာ ရှိလို့လဲ။”
ကျန်းယွင်ထျန်း ဖုန်းဖြေရာတွင် ဘေးနားမှ ပင်ဖိုင်းယားရိုင်ဖယ်နှင့် ခြောက်လုံးပြူး သေနတ်သံများကို အတိုင်းသား ကြားနေရလေသည်။
“မသေမျိုးတွေရဲ့ တိုက်ခိုက်မှုက မရပ်သေးဘူးလား။”
“ဟုတ်ကဲ့...ခဏလေးတောင် မရပ်ပါဘူး။”
“ငါတို့ရဲ့ ခဲယမ်းလက်ကျန်ကရော လုံလောက်သေးလား။”
“ဒီအတိုင်းသာ ဆက်တိုက်နေရမယ်ဆိုရင်တော့ နောက် ၃ ရက်လောက်ဆို ကုန်သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။”
ကျန်းယွင်ထျန်းက အကြမ်းဖျင်း တွက်ချက်ပြလိုက်သည်။
“မြန်လှချည်လား။”
ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။
“အဓိကကတော့ တစ်ဖက်လူက မောပန်းခြင်းမရှိသလို အဆုံးမရှိ ထွက်လာနေလို့ပဲ။”
ကျန်းယွင်ထျန်းသည်လည်း ကူကယ်ရာမဲ့နေခဲ့သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။
“ဦးလေးအန်းကို လက်နက်ခဲယမ်း ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ အကုန်ပို့ခိုင်းလိုက်မယ်။ ၃ ရက်ဆိုရင်တော့ ငါတို့ အဆင်ပြေအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တခြားမဟာမိတ်တွေကိုတော့ ငါ မကူညီနိုင်တော့ဘူး။”
ကုန်ကြမ်းများ ရှိနေသရွေ့ ကျောက်တိုင်ဖြင့် ထုတ်လုပ်ခြင်းမှာ ချက်ချင်း ပြီးစီးနိုင်သဖြင့် ထုတ်လုပ်မှု အချိန်အတွက် စိုးရိမ်စရာ မလိုပေ။
“ဟုတ်ကဲ့။”
သို့သော် ရှောင်းယီ ဖုန်းချခါနီးတွင် ရုတ်တရက် ကျန်းယွင်ထျန်း၏ အံ့သြတကြီး အော်ဟစ်သံကို ကြားလိုက်ရ၏။
“ဘာဖြစ်လို့လဲ။”
“တစ်ဖက်လူတွေ ဆုတ်ခွာသွားပုံရတယ်။”
ကျန်းယွင်ထျန်းက မသေချာသလို ပြောလိုက်သည်။ ထိုအချိန်တွင် ယီထျန်းဂရုထဲတွင်လည်း ထိုအကြောင်းကို ပြောနေကြပြီဖြစ်သည်။
“ငါတို့ဘက်က မသေမျိုးတွေ ဆုတ်သွားပြီ။”
“ဟုတ်တယ်...။ ငါတို့ဘက်မှာလည်း အတူတူပဲ။ အဲ့ဒီဖုတ်ကောင်တွေ လှည့်ပြန်သွားကြပြီ။”
“ငါတို့ဆီက အရိုးစုတွေလည်း မြေကြီးထဲ ပြန်ဝင်သွားပြီ။”
“တော်သေးတာပေါ့။”
ထိုအခါ ရှောင်းယီသည် သူ၏ဖုန်းကို ထုတ်ယူကာ ပြန်ပြောလိုက်သည်။
“သူတို့ ဆုတ်သွားပြီထင်တယ်။ ဂရုထဲက လူတွေလည်း အဲဒါကို ပြောနေကြတယ်။”
“ကောင်းလိုက်တာ။ အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။”
ကျန်းယွင်ထျန်းလည်း သက်ပြင်းချလိုက်မိသည်။
ထိုအရိုးစုများသည် ခြေမှုန်းရ လွယ်ကူသော်လည်း အရေအတွက်မှာ များလွန်းလှပြီး လူများမှာလည်း အချိန်ပြည့် တိုက်ပွဲဝင်နေရသဖြင့် အလွန်ပင် မောပန်းနေကြပြီဖြစ်သည်။
ရှောင်းယီ အပြင်ဘက်ကို ကြည့်လိုက်ရာ နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည်သည် ဗီလာ၏ ဝရံတာပေါ်သို့ ကျရောက်နေပြီဖြစ်သည်။
***