ဖုန်းဖြင့် အစီရင်ခံစာကို နားထောင်ပြီးနောက် ရှောင်းယီ မျက်မှောင်ကျုံ့သွားခဲ့သည်။ ထို့နောက် သူသည် မြို့ပြန် ကျောက်ကို အသုံးပြုပြီး မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းသို့ ချက်ချင်း သွားလိုက်၏။
အရှေ့ဘက်ကျွန်း၏ တာဝန်ခံ ဖန်မင်လုံက ရှေ့သို့ထွက်၍ ကြိုဆိုလာခဲ့သည်။
“ကျွန်းပိုင်ရှင် ဒီတစ်ခါ ဧရာမသားရဲကြီးက ကျွန်းရဲ့ မြောက်ဘက်ခြမ်းမှာ ပေါ်လာတာပါ။”
“အရင်သွားကြည့်ရအောင်။”
ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောပြီး ဖန်မင်လုံနောက်မှ လိုက်ကာ ကျွန်း၏ မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။
ထိုနေရာမှ ဆယ်ကီလိုမီတာခန့် အကွာတွင် ဧရာမ လှိုင်းလုံးဖြူကြီးတစ်ခုသည် အရှေ့ဘက်ကျွန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။
“လေကြောင်းခံတပ်ကို အမိန့်ပေးလိုက်။ ရေပြင်နဲ့ နီးနီးကပ်ကပ် ချဉ်းကပ်ပြီး အမြောက်ကျည်တွေ ကြဲချဖို့ ပြင်ထား။ ပြီးတော့ ဘယ်အချိန်မဆို အပေါ်ကို ပြန်တက်နိုင်အောင် အသင့်ပြင်ထားကြ။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။ အနည်းဆုံးတော့ သူ့ကို လာရောက်တိုက်ခိုက်နေသည့် သားရဲမှာ မည်သည့်အကောင်မျိုး ဖြစ်သည်ကို သိရန် လိုအပ်ပေသည်။
လေကြောင်းခံတပ်သည် အမြင့်ကို ဂရုတစိုက် လျှော့ချလိုက်ပြီးနောက် ရေအောက်ရှိ ဧရာမအရိပ်မည်းကြီးဆီသို့ အမြောက်ကျည်တစ်လုံး ကြဲချလိုက်လေသည်။
ဘုန်း
အမြောက်ကျည် ပေါက်ကွဲသွားပြီးနောက် ထိုအရိပ်မည်းကြီးသည် သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရုန်းကန်လိုက်ရာ သုံးမီတာ၊ လေးမီတာခန့် မြင့်သော လှိုင်းလုံးကြီးများ ထကြွလာခဲ့၏။
ခဏအကြာတွင် မိကျောင်းနှင့် အလွန်ဆင်တူသော ခေါင်းကြီးတစ်ခု ရေပေါ်သို့ ထွက်ပေါ်လာတော့သည်။
“နောက်ထပ် ဧရာမမိကျောင်းကြီးတစ်ကောင်လား။”
ဖန်မင်လုံက ထိုခေါင်းကြီးကို ကြည့်ပြီး ထိတ်လန့်တကြား ရေရွတ်လိုက်၏။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။
[ဧရာမ စပိုင်နိုဆောရပ်စ် (SSS အဆင့်): အလျား မီတာ ၄၀ ကျော်၊ အလေးချိန် ၃၉.၆ တန်။ ရေကူးခြင်းတွင် သိပ်မကျွမ်းကျင်သဖြင့် ရေထဲမှ ခုန်ထွက်လာမည်ကို စိုးရိမ်စရာမလိုပါ။]
“ဒါက ဧရာမ စပိုင်နိုဆောရပ်စ်ပဲ။ ဒိုင်နိုဆော အမျိုးအစားပေါ့။ နောက်ထပ် ခေါင်းခဲစရာ တစ်ခုပဲ။”
ရှောင်းယီက မျက်မှောင်ကျုံ့ရင်း ပြောလိုက်သည်။ ထို့နောက် သူ၏ဖုန်းကို ထုတ်ကာ လေကြောင်းခံတပ်ပေါ်ရှိ စစ်သည်များကို ဖုန်းခေါ်လိုက်လေသည်။
“ဒီအမြင့်ကိုပဲ ထိန်းထားပြီး မင်းတို့ အားရှိသမျှ အဲဒီအကောင်ကို ဗုံးကြဲလိုက်စမ်း။”
“ဟုတ်ကဲ့။”
လေကြောင်းခံတပ်ပေါ်ရှိ စစ်သည်များသည် စပိုင်နိုဆောရပ်စ်ပေါ်သို့ ဗုံးများ အဆက်မပြတ် ကြဲချတော့၏။ ရေမျက်နှာပြင်တွင် လှိုင်းလုံးများ ထကြွနေသော်လည်း စပိုင်နိုဆောရပ်စ်သည် အစပိုင်းတွင်သာ တုံ့ပြန်မှုပြပြီး နောက်ပိုင်းတွင် ဘာမှမဖြစ်သကဲ့သို့ ကျွန်းဆီသို့ ဆက်လက် ကူးခတ်လာခဲ့သည်။
ထိုအရာကိုမြင်သောအခါ ဖန်မင်လုံ စိုးရိမ်သွားခဲ့သည်။
“ကျွန်းပိုင်ရှင် စပိုင်နိုဆောရပ်စ်က ဘာလို့ ဘာမှမဖြစ်သလို တုံ့ပြန်မှု မပြတော့တာလဲ။”
ထိုအခါ ရှောင်းယီက တင်းမာနေသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
“အစက သူ ဒီလို အမြောက်ကျည် တိုက်ခိုက်မှုကို မကြုံဖူးလို့ အသံကြောင့် လန့်သွားခဲ့တာပဲ။ နောက်ပိုင်းကျတော့ ငါတို့ရဲ့ ကျည်ဆံတွေက သူ့ကို ထိခိုက်မှု အများကြီး မပေးနိုင်ဘူးဆိုတာ သိသွားလို့ သူ ဂရုမစိုက်တော့တာ။”
“ဒါဆို ဒီကောင်ရဲ့ ခံစစ်က တော်တော်ပြင်းထန်တာပဲ။ ဒီလောက် ဗုံးကြဲတာတောင် ဘာမှမဖြစ်ဘူးလား။”
ဖန်မင်လုံ အံ့သြသွားခဲ့သည်။
“သူ့ရဲ့ ခံစစ်အားကောင်းတာကလည်း တစ်ကြောင်းပေါ့။ နောက်တစ်ချက်က ငါတို့ရဲ့ အမြောက်ကျည်တွေက ရေထဲမှာ ပေါက်ကွဲရင် စွမ်းအားက အများကြီး လျော့ကျသွားလို့ပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။ ဖန်မင်လုံ ခေါင်းငြိမ့်လိုက်မိသည်။
“ဒါဆို တော်ပီဒိုတွေ သုံးလိုက်ရတော့မလား။”
“ဒါပေါ့”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အခွင့်အရေးကောင်းကို စောင့်ရမယ်။ အသားစိမ်းတွေ ပြင်ထားပြီးပြီလား။”
“ပြင်ထားတာ ကြာပါပြီ။ အခု ပင်လယ်ထဲ တိုက်ရိုက် ပစ်ချလိုက်ရတော့မလား။”
“မလုပ်နဲ့ဦး။ လေကြောင်းခံတပ်ကနေ အရင်ပစ်ချခိုင်းလိုက်။”
ရှောင်းယီက ခေါင်းခါရင်း ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
ထို့နောက် လေကြောင်းခံတပ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အသစ်စက်စက် သတ်ထားသော နွားတစ်ကောင်ကို လဲလှယ်ရယူလိုက်ပြီး အောက်သို့ တိုက်ရိုက် ပစ်ချလိုက်၏။
သွေးနံ့ရသည်နှင့် စပိုင်နိုဆောရပ်စ်သည် ကျွန်းဆီသို့ ဦးတည်လာရာမှ ချက်ချင်းရပ်တန့်သွားပြီး သွေးများ အဆက်မပြတ် ထွက်နေသော နွားဆီသို့ ကူးခတ်သွားတော့သည်။
“ကျွန်းပိုင်ရှင် ဒီနည်းလမ်းကို သုံးပြီး စပိုင်နိုဆောရပ်စ်ကို အဝေးကို မျှားခေါ်သွားလို့ ရတာပဲ။”
နည်းလမ်းက အလုပ်ဖြစ်သွားသည်ကို မြင်ပြီးနောက် ဖန်မင်လုံက ပြောလိုက်သည်။ရှောင်းယီက ထပ်မံ၍ ခေါင်းခါပြန်သည်။
“ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို ဒီလောက် အလွယ်တကူ လွှတ်ပေးပါ့မလား။ ဒီလောက်ကြီးတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် သူ့ကို မျှားခေါ်ဖို့ အသား ဘယ်လောက်တောင် လိုမလဲဆိုတာ မသိနိုင်ဘူး။ မျှားခေါ်သွားနိုင်ရင်တောင် သူက ပြန်လာဦးမှာပဲ။ ကမ္ဘာ့စည်းမျဉ်းတွေက သူ့ကို လမ်းညွှန်ပေးလိမ့်မယ်။”
ဖန်မင်လုံ ခေါင်းငြိမ့်လိုက်မိသည်။
“ဒါဆို ဒီနည်းလမ်းက ကျွန်းကို တိုက်ခိုက်မယ့်အချိန်ကို နှောင့်နှေးအောင်ပဲ လုပ်နိုင်တာပေါ့။”
“မှန်တယ်။ ဒါက ငါတို့အတွက် အချိန်ဆွဲပေးလိုက်တာပဲ။”
ထိုအချိန်တွင် လေကြောင်းခံတပ်ပေါ်ရှိ စစ်သည်များသည် စပိုင်နိုဆောရပ်စ်က သူတို့ပစ်ချပေးလိုက်သော နွားကို အရိုးပင် မကျန် တစ်လုတ်တည်း ဝါးမြိုလိုက်သည်ကို တွေ့လိုက်ရလေသည်။
လေကြောင်းခံတပ်မှ တပ်စုခေါင်းဆောင်က ချက်ချင်းပြောလိုက်သည်။
“နွားဗိုက်ထဲကို အမြောက်ကျည် ဒါဇင်ပေါင်းများစွာ ထည့်လိုက်စမ်း။”
စစ်သည်များသည် သူတို့တွင်ရှိသော အမြောက်ကျည်အားလုံးကို နောက်ထပ် နွားတစ်ကောင်၏ ဗိုက်ထဲသို့ ထိုးထည့်လိုက်ပြီး အောက်သို့ကျမည့် အချိန်ကို တွက်ဆကာ ယမ်းကြိုးများကို မီးရှို့လိုက်ကြတော့သည်။
“တစ်၊ နှစ်၊ သုံး...ပစ်ချလိုက်တော့။”
သူတို့သည် ဗိုက်ထဲတွင် အမြောက်ကျည် ၆၈ လုံး ပါဝင်သော နွားကို မချီ၍ လေကြောင်းခံတပ်ပေါ်မှ ပစ်ချလိုက်၏။
အောက်ဘက်ရှိ စပိုင်နိုဆောရပ်စ်မှာ အစာကျွေးသည်ကို ကျင့်သားရသွားပုံရသည်။ သူသည် ခေါင်းကိုမော့ကာ ပါးစပ်ကို ဟပေးလိုက်ပြီး နွားကို အမိအရ ဖမ်းစားလိုက်တော့သည်။
တစ်ချက်မျှ ဝါးလိုက်သည်နှင့် နွားဗိုက်ထဲရှိ အမြောက်ကျည်များမှာ ဘုန်းခနဲ မြည်အောင် ပေါက်ကွဲသွားရာ ကောင်းကင်ယံတစ်ခုလုံး တုန်ဟီးသွားတော့သည်။
စပိုင်နိုဆောရပ်စ်၏ ရှည်လျားသော နှာတံကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွား၏။
ကံမကောင်းသည်မှာ ပေါက်ကွဲမှုသည် ဦးနှောက်ကို မထိမှန်ခဲ့သဖြင့် စပိုင်နိုဆောရပ်စ်မှာ မသေသေးပေ။ သူသည် ပင်လယ်ထဲတွင် နာကျင်စွာ အော်ဟစ်ရင်း ပြင်းထန်စွာ ရုန်းကန်နေတော့သည်။
ကမ်းခြေရှိ ရှောင်းယီမှာ အနည်းငယ် မှင်တက်သွားခဲ့၏။ ထို့နောက် လေကြောင်းခံတပ် တပ်စုခေါင်းဆောင်ကို ချက်ချင်း ဖုန်းဆက်ကာ ဆူပူတော့လေသည်။
“မင်းကို ဘယ်သူက ကိုယ့်သဘောနဲ့ကိုယ် လုပ်ခွင့်ပေးလို့လဲ။”
တပ်စုခေါင်းဆောင်မှာ ချက်ချင်း သတိဆွဲလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင် ကျုပ် မှားသွားပါတယ်။ စပိုင်နိုဆောရပ်စ်က ကျုပ်တို့ ချပေးတဲ့အစာကို မဆိုင်းမတွ ဝါးစားတာကို မြင်တော့ နွားဗိုက်ထဲ အမြောက်ကျည်တွေ ထည့်ပြီး ဖောက်ခွဲလိုက်ရင် ကောင်းမယ်လို့ ထင်မိလို့ပါ။”
“မင်း အမှားကို မင်းသိရင် ပြီးတာပဲ။”
ရှောင်းယီက ပြောသည်။
“ပြန်ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တဲ့စာရေးပြီး နည်းပြကျန်းဆီ အပ်လိုက်။ ဒီကိစ္စကို သေချာ ပြန်သုံးသပ်ပါ။”
တပ်စုခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့် တုံပြန်လိုက်သည်။
ဤတစ်ကြိမ်တွင် သူတို့၏ အစီအစဉ် အောင်မြင်ပြီး စပိုင်နိုဆောရပ်စ်အား ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့သော်လည်း ၎င်းမှာ မှန်ကန်သော လုပ်ရပ်ဟု မဆိုလိုပေ။ အကယ်၍သာ မအောင်မြင်ဘဲ စပိုင်နိုဆောရပ်စ်က သတိထားမိသွားလျှင် ရေအောက်ဒုံးကျည်ဖြင့်ပင် တစ်ချက်တည်း သတ်ပစ်ရန် ခက်ခဲသွားပေလိမ့်မည်။
ဤကဲ့သို့ ကိစ္စမျိုးကို အထက်သို့ အနည်းဆုံး တင်ပြသင့်ပြီး သို့မှသာ ရှောင်းယီတို့က အရံအစီအစဉ်များ ကြိုတင်ပြင်ဆင်ထားနိုင်မည် ဖြစ်သည်။ စစ်မြေပြင်တွင် အထက်၏ ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ချက်ချခြင်းမှာ အလွန် အန္တရာယ်များပေသည်။
နှာတံပြတ်ထွက်သွားသော စပိုင်နိုဆောရပ်စ်ကို ကြည့်ရင်း ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်သည်။
“စပိုင်နိုဆောရပ်စ်ရဲ့ ဒဏ်ရာကို ရေအောက်ဒုံးကျည်တွေ အကုန်ပစ်စမ်း။ လေကြောင်းခံတပ်ကလည်း သူ့ခေါင်းပေါ်ကို အမြောက်ကျည်တွေ ဆက်ကြဲချပြီး ဒုံးကျည်ပစ်တဲ့အဖွဲ့ကို လမ်းညွှန်ပေးလိုက်။”
စပိုင်နိုဆောရပ်စ်မှာ ပြင်းထန်စွာ ရုန်းကန်နေ၏။ ကမ်းခြေမှဖြစ်စေ၊ သင်္ဘောပေါ်မှဖြစ်စေ ဒဏ်ရာ၏ တည်နေရာအတိအကျကို မြင်ရရန်မှာ မလွယ်ကူပေ။ သို့သော် လေပေါ်မှ လူများမှာမူ ပို၍ ရှင်းလင်းစွာ မြင်ရပေသည်။
လေကြောင်းခံတပ်၏ လမ်းညွှန်မှုအောက်တွင် ရေအောက်ဒုံးကျည် စုစုပေါင်း ၁၀ စင်းသည် စပိုင်နိုဆောရပ်စ်ဆီသို့ ဦးတည်လာခဲ့၏။ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော သားရဲကြီးမှာ ဒုံးကျည်များ ချဉ်းကပ်လာသည်ကိုပင် သတိမပြုမိခဲ့ပေ။
ဘုန်း...ဘုန်း...ဘုန်း
ဒုံကျည်သုံးစင်းမှာ စပိုင်နိုဆောရပ်စ်၏ ဒဏ်ရာကို တိုက်ရိုက် ထိမှန်သွားခဲ့၏။ ဤတစ်ကြိမ်တွင်မူ သူ၏ ဦးခေါင်းတစ်ခုလုံး အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။
စပိုင်နိုဆောရပ်စ်သည် ချက်ချင်း ငြိမ်သက်သွားသော်လည်း သူရုန်းကန်ခဲ့သော ပင်လယ်ပြင်မှာမူ အချိန်အတော်ကြာအောင် လှုပ်ခတ်နေဆဲပင်။
စနစ်ကို အသုံးပြု၍ စပိုင်နိုဆောရပ်စ် သေဆုံးသွားကြောင်း အတည်ပြုပြီးနောက် ရှောင်းယီက အမိန့်ပေးလိုက်သည်။
“စပိုင်နိုဆောရပ်စ်ရဲ့ အလောင်းကို ပြန်ဆွဲလာခဲ့။”
အားလုံးက ပြန်ဖြေလိုက်သည်။ သူတို့သည် တဖြည်းဖြည်း နစ်မြုပ်နေသော အလောင်းကို ဆယ်ယူရန် သင်္ဘောဖြင့် ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင် လေကြောင်းခံတပ်မှ တပ်စုခေါင်းဆောင်သည် ပြတ်ထွက်နေသော စပိုင်နိုဆောရပ်စ်၏ နှာတံမှာ မျက်စိနှင့် မြင်နိုင်သည့်အရှိန်ဖြင့် ပိန်လိမ်ခြောက်ကပ်သွားသည်ကို သတိပြုမိလိုက်၏။ အချို့နေရာများတွင် ဖြူဖွေးသော အရိုးများပင် ပေါ်ထွက်နေပြီ ဖြစ်သည်။
“ကျွန်းပိုင်ရှင် ရေထဲမှာ တစ်ခုခု မှားနေပုံရတယ်။ စပိုင်နိုဆောရပ်စ်ရဲ့ နှာတံက အရိုးအဖြစ် ပြောင်းလဲနေပြီ။”
တပ်စုခေါင်းဆောင်က ရှောင်းယီထံသို့ ချက်ချင်း အစီရင်ခံလိုက်လေသည်။
***