တပ်စုခေါင်းဆောင်၏ အစီရင်ခံစာကို ကြားလိုက်ရပြီးနောက် ရှောင်းယီမှာ ခဏတာ မှင်တက်သွားခဲ့ပြီး ချက်ချင်း အမိန့်ပေးလိုက်၏။
“ပြတ်ထွက်သွားတဲ့ နှာတံပိုင်းကိုလည်း သိမ်းဆည်းလာခဲ့။”
ထိုအချိန်တွင် ကျန်းယွင်ထျန်းမှာလည်း နိုးနေပြီ ဖြစ်သည်။ မဟာမိတ် အရှေ့ဘက်ကျွန်း၏ အခြေအနေကို ကြားသိရပြီးနောက် သူသည် ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ကျွန်းပိုင်ရှင် အခြေအနေ ဘယ်လိုလဲ။”
ကျန်းယွင်ထျန်းသည် ရှောင်းယီကို ရှာတွေ့သည်နှင့် ရှေ့တက်ကာ မေးလိုက်၏။
“ကံကောင်းတာက ဒီသားရဲကြီးတွေက သိပ်ပြီး ဉာဏ်မကောင်းကြဘူး။ အဲ့ဒါကြောင့် အားလုံးကို ရှင်းလင်းပြီးပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုအခါမှ ကျန်းယွင်ထျန်းလည်း သက်ပြင်းချနိုင်သွားတော့သည်။
ယခုအခါ မသေမျိုးမျိုးနွယ်စုများမှာ မဟာမိတ်အဖွဲ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်တော့သော်လည်း ဤကဲ့သို့သော ဧရာမသားရဲကြီးများကို သေချာမကိုင်တွယ်နိုင်ပါက အမှန်တကယ်ပင် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။
“ဘာလို့ ဒီသားရဲကြီးတွေ ထပ်ပေါ်လာရတာလဲ။”
ကျန်းယွင်ထျန်းက သံသယဖြင့် မေးလိုက်သည်။
“ငါတို့ မဟာမိတ်အဖွဲ့ထဲက တစ်ယောက်ယောက် SSS အဆင့်ကို တက်လှမ်းသွားလို့များလား။”
“မဖြစ်နိုင်ဘူး။ ဒါက ငါ့ကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။”
ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဘာလဲ... မင်းပြောချင်တာက မဟာမိတ်အဖွဲ့ထဲမှာ SSS အဆင့် တစ်ယောက်ရှိနေသရွေ့ ဒီသားရဲကြီးတွေက အချိန်မှန်မှန် ရောက်လာနေဦးမှာလား။”
ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“အဲဒီလို ဖြစ်နိုင်ခြေ အများကြီးရှိတယ်။”
ရှောင်းယီက သက်ပြင်းရှည်ကြီး ချရင်း ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ တော်တော် ဒုက္ခများတော့မှာပဲ။”
ကျန်းယွင်ထျန်း ခေါင်းခဲသွားခဲ့သည်။ မသေမျိုးများ၏ကိစ္စပင် မပြီးသေးပေ။ ယခု ဤသားရဲကြီးများကပါ လာရှုပ်နေကြပြန်ပြီ။
ထိုအချိန်တွင် လေကြောင်းခံတပ်သည် အရှေ့ဘက်ကျွန်းသို့ ပြန်လည် ဆိုက်ကပ်လာခဲ့၏။ သင်္ဘောပေါ်မှ တပ်စုခေါင်းဆောင်သည် သူတို့နားသို့ ချက်ချင်း လျှောက်လာပြီး ပြောလာခဲ့သည်။
“အစီရင်ခံပါတယ် နည်းပြ...။ ကျုပ် စောစောက အထက်ကို မတင်ပြဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်ခဲ့မိပါတယ်။ ကျုပ်ကို အပြစ်ပေးပါ။”
ကျန်းယွင်ထျန်းမှာ အနည်ငယ် ကြောင်အသွားခဲ့ပြီး ရှောင်းယီကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။ ရှောင်းယီက စောစောက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံးကာ ရှင်းပြလိုက်၏။
“အပြစ်ပေးဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်စာ ရေးပြီး တင်လိုက်ရင် ရပြီ။”
တပ်စုခေါင်းဆောင်က ကျန်းယွင်ထျန်းကို ကြည့်လိုက်ရာ ကျန်းယွင်ထျန်းက အလွန်တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ဒီကိစ္စက အရမ်းအရေးကြီးတယ်။ မင်းရဲ့ အမှားကို မင်းသိလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ သွားတော့။ ပြန်လည်သုံးသပ်စာ ရေးလိုက်။”
“ဟုတ်ကဲ့။”
တပ်စုခေါင်းဆောင်က ပြန်ဖြေပြီး ချက်ချင်း ထွက်ခွာသွားခဲ့သည်။
“သူ အဲဒီစာ ရေးပြီးရင်တော့ သူ့ကို ဂုဏ်ပြုချီးကျူးပေးလိုက်ပါ။ သူက ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့တယ် ဆိုပေမဲ့ အခြေအနေပေါ် မူတည်ပြီး လိုက်လျောညီထွေ လုပ်ဆောင်တတ်တာက မဆိုးဘူးလို့ ပြောလို့ရတယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“အင်း ငါ နားလည်ပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ပြတ်ထွက်နေသော နှာတံပိုင်းကို ကမ်းခြေသို့ ယူဆောင်လာခဲ့ရာ ၎င်းမှာ အရိုးများသာ ကျန်တော့သည်ကို တွေ့လိုက်ရလေသည်။ စပိုင်နိုဆောရပ်စ်၏ ခန္ဓာကိုယ်ကြီးမှာလည်း တဖြည်းဖြည်း ပိန်လိမ်ခြောက်ကပ်လာခဲ့သည်။
“ဒါက မသေမျိုးတွေ ယူလာတဲ့ ဘက်တီးရီးယားများလား။”
ရှောင်းယီ သံသယဝင်သွားမိ၏။
“သေခြင်းတရားစွမ်းအင်တွေ ကျူးကျော်ခံထားရသလိုပဲ။ ဒါပေမဲ့ ဒီဘက်တီးရီးယားက အပင်တွေကိုပဲ ကူးစက်တာ မဟုတ်ဘူးလား။ တိရစ္ဆာန်တွေကို မကူးစက်ဘူး ထင်တာပဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ငါ အရင်က ပြောတာ မတိကျတာ ဖြစ်လိမ့်မယ်။ ဒီဘက်တီးရီးယားက အသက်ရှင်နေတဲ့ တိရစ္ဆာန်တွေကို မကူးစက်နိုင်ဘူးလို့ ပြောရင် ပိုမှန်မယ် ထင်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲဒါဆိုရင် တိရစ္ဆာန်တွေ သေသွားတာနဲ့ ဒီဘက်တီးရီးယားတွေက အလောင်းထဲက အာဟာရဓာတ်တွေကို စုပ်ယူနိုင်တာပေါ့။”
ကျန်းယွင်ထျန်းက ဆိုသည်။
“အဲဒီလို ဖြစ်ဖို့ များတယ်။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။
“ဒါပေမဲ့ အခု ဘာလုပ်ကြမလဲ။ စပိုင်နိုဆောရပ်စ်ရဲ့ အလောင်းက အဲ့ဒီဘက်တီးရီးယားတွေ ကူးစက်ခံနေရပြီ။”
အသားစိုင်များ တဖြည်းဖြည်း သေးသိမ်သွားသည်ကို ကြည့်ပြီး ကျန်းယွင်ထျန်းက စိုးရိမ်တကြား အော်ဟစ်လိုက်သည်။
“လူတိုင်း မီးတုတ်တွေထွန်းပြီး စပိုင်နိုဆောရပ်စ်ကို မီးရှို့ကြစမ်း။ ဘက်တီးရီးယား ကူးစက်တဲ့ လက္ခဏာ ရှိနေသရွေ့ ဆက်ပြီး ရှို့ထား။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
စပိုင်နိုဆောရပ်စ်ကို ဝိုင်းရံထားသော စစ်သည်များသည် ခြောက်ကပ်သွားသော နေရာများကို မီးတုတ်များဖြင့် ချက်ချင်း မီးရှို့ကြတော့သည်။
“အစီရင်ခံပါတယ်။ စပိုင်နိုဆောရပ်စ် တစ်ကိုယ်လုံးမှာ အဲဒီဘက်တီးရီးယားတွေ ပျံ့နှံ့နေပါပြီ။ တချို့က ခန္ဓာကိုယ်ထဲအထိ ရောက်နေပါပြီ။ ကျွန်တော်တို့ မီးရှို့တာက အသုံးမဝင်တော့ပါဘူး။”
စစ်သည်တစ်ဦးက ပြေးလာပြီး အစီရင်ခံလာခဲ့သည်။
ရှောင်းယီ မျက်မှောင်ကျုံ့သွားပြီး စာချုပ်စွမ်းအားကို အသုံးပြုကာ ရွှမ်းဝူတို့ကို လှမ်းခေါ်လိုက်၏။
“သားရဲဘုရင်၊ ရွှမ်းဝူ မင်းတို့ အားလုံး မြန်မြန် လာခဲ့ကြ။ မဟုတ်ရင် စားစရာ ဘာမှကျန်တော့မှာ မဟုတ်ဘူး။”
ချက်ချင်းပင် ရှောင်းယီ၏ အိမ်မွေးတိရစ္ဆာန် အားလုံးသည် အရှေ့ဘက်ကျွန်းသို့ တည်နေရာကူးပြောင်းကာ ရောက်ရှိလာခဲ့ကြလေသည်။ ဧရာမ စပိုင်နိုဆောရပ်စ်၏ အလောင်းကြီးကို မြင်သည်နှင့် အားလုံးက ဝိုင်းအုံကာ စားသောက်ကြတော့သည်။
ထိုထဲ၌ ပင်လယ်ထဲမှ တက်လာသော ဧရာမ လိပ်နဂါးကြီး ရွှမ်းဝူလည်း ပါဝင်ပေသည်။ မဟာမိတ်အဖွဲ့မှ စစ်သည်များသည် ရွှမ်းဝူ၏ ပုံပန်းသဏ္ဍာန် အပြည့်အစုံကို မြင်တွေ့ရခဲ၏။ ယခုမှသာ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့ကြရခြင်း ဖြစ်သည်။
“ကျွန်းပိုင်ရှင်ရဲ့ အိမ်မွေးတိရစ္ဆာန်က တကယ့်ကို အကြီးကြီးတွေပဲ။”
“ဟုတ်တယ်။ သူ့နာမည်က ရွှမ်းဝူတဲ့။ ကျွန်းပိုင်ရှင်ရဲ့ အရင်ကမ္ဘာက ဒဏ္ဍာရီလာ သားရဲတစ်ကောင်လို့ ပြောကြတယ်။”
“တကယ်ကို ထူးခြားတာပဲ။ ချင်းလုံလည်း အတူတူပဲလို့ ပြောတယ်။ ဟိုမှာကြည့်... အကောင်သေးသေးလေးက ကင်မီးရား (Chimera) နဲ့တောင် တူသလိုပဲ။”
“အဲဒီတစ်ကောင်ကို ချီလင်လို့ ခေါ်တယ်လို့ ကြားတယ်။ အဲဒါလည်း ကျွန်းပိုင်ရှင်ရဲ့ အရင်ကမ္ဘာက ဒဏ္ဍာရီလာ သားရဲပဲတဲ့။”
ရှောင်လင်သည် အရသာအရှိဆုံး အသားနေရာကို ရှာဖွေစားသောက်နေပြီး အခြားသော တိရစ္ဆာန်များမှာမူ သူနှင့် ယှဉ်ပြိုင်ရန် မဝံ့ရဲကြပေ။ ခဏကြာအောင် စားသောက်ပြီးနောက် ရှောင်လင်မှာ ထရပ်လိုက်၏။ သူက သေးငယ်လွန်းသဖြင့် အများကြီး စားနိုင်ပုံမရပေ။ ကိုယ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ရှောင်းယီထံသို့ လျှောက်သွားလိုက်လေသည်။
“ဗိုက်ဝသွားပြီလား။”
ရှောင်းယီက ပြုံးကာ မေးလိုက်၏။ရှောင်လင်သည် လှပသော ခြေလှမ်းများဖြင့် လျှောက်လာပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“ဝသွားပါပြီ။ ဒါပေမဲ့ ဒီအသားက အရင်တစ်ခါကလောက် အရသာမရှိဘူး။”
ဂုဏ်ယူပါတယ်။ အရသာကွာတာကိုတောင် သူက သိနေသေးတယ်။
“တကယ့်ကို အစားကြူးတဲ့ကောင်လေးပဲ။”
ရှောင်းယီ ခေါင်းခါရင်း ရေရွတ်လိုက်မိသည်။ ထို့နောက် သူသည် ယနေ့အတွက် လက်မှတ်ထိုးဝင်ရသေးသည်ကို ရုတ်တရက် သတိရသွားပြီး စိတ်ထဲမှ လက်မှတ်ထိုးဝင်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အလိုအလျောက် ပေါက်ကွဲသော ရေအောက်မိုင်း ပုံစံခွက် (SS အဆင့်) ၁။”
“နောက်ဆုံးတော့ ရေအောက်မိုင်း ပုံစံခွက် ရခဲ့ပြီကွ။”
ရှောင်းယီ အော်ဟစ်လိုက်မိသည်။
ယခင်က အသက်ရှင်ကျန်ရစ်သူ တစ်ဦးသာ ရေအောက်မိုင်း ပုံစံခွက်ကို ရရှိခဲ့ပြီး ၎င်းမှာ ရွှမ်းယွမ်ဝူဝေ့ထံသို့ ရောက်ရှိသွားခဲ့၏။ နောက်ပိုင်းတွင် ရွှမ်းယွမ် မဟာမိတ်အဖွဲ့ကို ရှောင်းယီ သိမ်းပိုက်လိုက်သောအခါ ထိုမိုင်းပုံစံခွက်မှာ သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ထိုပုံစံခွက်မှာ အဆင့်နိမ့်လွန်းသဖြင့် ယခုကဲ့သို့ အဆင့်မြင့်လာသော သင်္ဘောများကို ရင်ဆိုင်ရာတွင် ထိရောက်မှု မရှိသလောက် ဖြစ်နေပြီဖြစ်သည်။
ယခုရရှိလာသော SS အဆင့် ရေအောက်မိုင်းမှာမူ အချိန်ကိုက် ရရှိလာသော အဖိုးတန် လက်နက်တစ်ခု ဖြစ်ပေလိမ့်မည်။
ရှောင်းယီသည် အနီးဆုံးရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားကာ မိုင်းနှစ်လုံးကို ပြုလုပ်လိုက်၏။ ထို့နောက် အဆင့်မြင့် စူပါပေါင်းစပ်ခြင်းစက်ကို အသုံးပြု၍ SSS အဆင့်သို့ ပေါင်းစပ်ရန် ကြိုးစားကြည့်လိုက်သည်။
ထိုအခါ စနစ်မှ အကြောင်းကြားစာ တက်လာခဲ့လေသည်။
“ပေါင်းစပ်၍ မရနိုင်ပါ။ ဤမိုင်းအမျိုးအစားသည် SS အဆင့်အထိသာ ရရှိနိုင်ပါသည်။”
ရှောင်းယီ အနည်းငယ် စိတ်ပျက်သွားသော်လည်း လက်လျှော့လိုက်ရသည်။
“ဒီ SS အဆင့်ရဲ့ စွမ်းအားက ဟိုသားရဲကြီးတွေကို အထိနာအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။”
သူစိတ်ထဲမှ ရေရွတ်လိုက်မိ၏။ ယခုအခါ ရှောင်းယီ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ဧရာမသားရဲကြီးများ ဖြစ်သည်။ အခြားသော ဒေသခံ အင်အားစုများအတွက်မူ သူ စိုးရိမ်ခြင်း မရှိတော့ပေ။ အင်ပါယာကြီးလေးခု ပူးပေါင်းလျှင်ပင် ယခင်က သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။ ယခုအခါ ကမ္ဘာ့စစ်မြေပြင်သို့ ရောက်ရှိနေသဖြင့် ထိုဒေသခံများမှာလည်း မသေမျိုးများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ရှောင်းယီကို လာရောက်တိုက်ခိုက်ရန် အချိန်ရှိလိမ့်မည် မဟုတ်ပေ။
ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းကို ခေါ်ကာ ပြောလိုက်သည်။
“အခု ငါတို့ဆီမှာ SS အဆင့် ရေအောက်မိုင်းတွေ ရှိနေပြီ။ ငါတို့ကျွန်းရဲ့ ပတ်ပတ်လည်မှာ အဲဒါတွေကို ချထားဖို့ စီစဉ်လိုက်ပါ။ သင်္ဘောတွေအားလုံးကိုလည်း သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ သွားဖို့ သေချာ သတိပေးထားလိုက်ဦး။ ဒီမိုင်းတွေရဲ့ စွမ်းအားက အရမ်းကြီးတယ်။”
ကျန်းယွင်ထျန်း၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့သည်။
ဤအဆင့်မြင့် ရေအောက်မိုင်းများရှိပါက ပင်လယ်ပြင်မှ လာရောက် ကျူးကျော်သူများကို ကာကွယ်ရာ၌ ပို၍ လွယ်ကူသွားပေလိမ့်မည်။ ကျန်းယွင်ထျန်းသည် လူအင်အား စုဆောင်း၍ မိုင်းများအား စတင်ကာ နေရာချတော့သည်။
ရှောင်းယီသည် စပိုင်နိုဆောရပ်စ်၏ ပြတ်ထွက်နေသော နှာတံပိုင်းကို ဗီလာသို့ ပြန်ယူလာကာ ဓာတ်ခွဲခန်းထဲသို့ ထည့်ပေးလိုက်ပြီး အခြေအနေကို စစ်ဆေးခိုင်းလိုက်သည်။ ထို့နောက် သူ၏ အိပ်ခန်းသို့ ပြန်လာကာ စဉ်းစားခန်း ဝင်သွားခဲ့လေသည်။
နောက်ဆုံးတစ်ခေါက် ဧရာမသားရဲကြီး ရောက်လာခဲ့သည်မှာ ၈၇ ရက်မြောက်နေ့တွင် ဖြစ်သည်။ ယနေ့မှာ ၉၄ ရက်မြောက်နေ့ ဖြစ်၍ အတိအကျ တစ်ပတ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဒါက သားရဲတွေ ရောက်လာတတ်တဲ့ ကြားကာလများ ဖြစ်နေမလား။
***