လောလောဆယ်တွင် အချက်အလက်များမှာ အလွန်နည်းပါးနေသေးသဖြင့် အတည်မပြုနိုင်သေးသော်လည်း ရှောင်းယီသည် တစ်စုံတစ်ယောက်က မကြာမီ အခြားအချက်အလက်များကို ပေးပို့လာလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
ရှောင်းယီအပြင် နောက်ထပ် SSS အဆင့် အသက်ရှင်ကျန်ရစ်သူတစ်ဦးမှာ ကျိကျိယင်း ဖြစ်သည်။ ရှောင်းယီအနေဖြင့် ကျိမိသားစုထံမှ အချက်အလက်များကိုသာ စောင့်ကြည့်ရန် လိုအပ်ပြီး ၎င်းမှာ ကျိမိသားစုက မည်သည့်အချိန်တွင် အကူအညီတောင်းခံလာမည်နည်းဆိုသည့် အပေါ်တွင် မူတည်နေပေသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုကို ကြည့်လိုက်လျှင် လောက်လွှဲများ၊ မြှားပစ်လှည်းများနှင့် လက်ကိုင်ဒူးလေးများမှာ အခုရေ ၅ သိန်းကျော် ရောင်းချပြီးဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ ထိုမျှမရှိသော်လည်း အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းပေါ်တွင် ဒေသခံအများအပြား ရှိနေခြင်းဖြစ်သည်။ ယခုအခါ အဖွဲ့ဝင်အများစုမှာ ဒေသခံများဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
ထို့အပြင် ဤလက်နက်အေးများမှာ ဈေးမကြီးသလို မဟာမိတ်အဖွဲ့၏ ဘေးကင်းလုံခြုံရေးနှင့်လည်း သက်ဆိုင်နေသဖြင့် မည်သူမျှ တွန့်တိုနေကြမည်မဟုတ်ပေ။
“မနေ့ကသာ ဒီလိုရောင်းရရင် တော်တော်ကောင်းမှာပဲ။”
ရှောင်းယီ သက်ပြင်းချလိုက်မိ၏။ မနေ့က ဆုလာဘ် နှစ်ဆရသောနေ့ဖြစ်ပြီး ယနေ့ အရောင်းအဝယ်များမှာမူ ပုံမှန်ဆုလာဘ်သာ ရရှိမည်ဖြစ်သည်။
“နောက်ဆုံးတော့ ငါတို့တပ်မတော်ကို S အဆင့် လက်ကိုင်ဒူးလေးတွေ အပြည့်အစုံ တပ်ဆင်နိုင်ခဲ့ပြီ။ အခုမှပဲ အေးအေးဆေးဆေး အိပ်နိုင်တော့တယ်။”
“ဟုတ်တယ်။ အဲဒီမြှားပစ်လှည်းတွေရှိရင် တစ်ဖက်က အလုံးအရင်းနဲ့ တက်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
“အင်း... ငါ့မှာ မေးခွန်းတစ်ခုရှိတယ်။ ငါတို့လက်နက်တွေက S အဆင့်ဖြစ်ပေမဲ့ သုံးနေတဲ့မြှားတွေကတော့ သာမန်အဆင့်တွေချည်းပဲ။ အဲဒါတွေက တကယ်ပဲ အသုံးဝင်မှာ သေချာလို့လား။”
“အမ်... မင်းမပြောရင် ငါတောင် မေ့တော့မလို့။ ဟုတ်သားပဲ...ဒါဆို ဘယ်လိုလုပ်ကြမလဲ။”
“ကျုပ်ရဲ့ ခန့်မှန်းချက်အရတော့ သာမန်မြှားတွေကို သုံးမယ်ဆိုရင် ဟိုအရိုးစုတွေကို ထိတာနဲ့ တန်းပြီး ကြေမွသွားလိမ့်မယ်။”
“ဒုက္ခပဲ...ဘယ်လိုလုပ်ကြမလဲ။ ဒါက သေနတ်ရှိပြီး ကျည်ဆန်မရှိသလိုပဲ။ ငါတို့တော့ သွားပြီ။”
“သူဌေး ကျေးဇူးပြုပြီး ကူညီပါဦး။ ကျုပ်တို့ အဆင့်မြင့်မြှားတွေ လိုချင်ပါတယ်။”
အုပ်စုထဲမှလူများက သူ့ကို မန်းရှင်းခေါ်ကာ အဆင့်မြင့်မြှားများ ဝယ်ယူလိုကြောင်း ပြောနေကြသည်ကို မြင်သောအခါ ရှောင်းယီလည်း ကြက်သေသေသွားခဲ့သည်။ သူ၏ ထုတ်လုပ်မှု အင်တာဖေ့စ်ကို ပြန်လည်စစ်ဆေးကြည့်ရာတွင် သူထံ၌ B အဆင့် ဝါးမြှားတစ်ခုသာ ရှိသည်ကို တွေ့လိုက်ရလေသည်။
အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် ဝါးမြှား ၄ စင်း ပြုလုပ်လိုက်ပြီး စူပါပေါင်းစပ်စက်ကို ထုတ်၍ ပေါင်းစပ်ကြည့်လိုက်သည်။
“ပေါင်းစပ်မှု အောင်မြင်ပါသည်။ ရရှိသောပစ္စည်းများ - ဝါးမြှား (A အဆင့်) ၂။”
နောက်တစ်ကြိမ် ထပ်မံကြိုးစားလိုက်၏။
“ပေါင်းစပ်၍ မရနိုင်ပါ။ ဤဝါးမြှား၏ ကုန်ကြမ်းပစ္စည်းမှာ A အဆင့်အထိသာ အမြင့်ဆုံး ရရှိနိုင်ပါသည်။”
ရှောင်းယီသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်လိုက်မိပြီး အုပ်စုထဲတွင် ပြောလိုက်သည်။
“လောလောဆယ် ကျုပ်ဆီမှာ A အဆင့် ဝါးမြှားတွေကိုပဲ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီအဆင့်မြှားတွေနဲ့ဆိုရင်တော့ လုံလောက်သင့်ပါပြီ။”
“သူဌေးကမှ တကယ့်ကို အချိန်ကိုက် ကယ်တင်ရှင်ပဲ။ လိုအပ်တာမှန်သမျှ အကုန် ထုတ်ပေးနိုင်တယ်။”
“ကျုပ်ကတော့ သူဌေးက ဒိုရေမွန်နဲ့ ပိုတူတယ်လို့ ခံစားရတယ်။ သူ့မှာ ရတနာအိတ်ကြီးရှိပြီး လိုချင်တာမှန်သမျှ အချိန်မရွေး ထုတ်ပေးနိုင်သလိုပဲ။”
“ကျေးဇူးတင်ပါတယ် သူဌေး။ ဒီအဆင့်ဆိုရင် သေချာပေါက် လုံလောက်ပါတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲက မသေမျိုးတွေက B အဆင့်လောက်ပဲ ရှိတာပါ။”
“ငါတို့ မဟာမိတ်အဖွဲ့ကတော့ A အဆင့်ပဲ။ ဒါက အမြင့်ဆုံး ဖြစ်လိမ့်မယ် ထင်တယ်။”
“အမြင့်ဆုံးဟုတ်လား။ သူဌေးတစ်ယောက်လုံး ရှိနေတာကို မင်းက အမြင့်ဆုံးလို့ ပြောရဲသေးတယ်ပေါ့။”
“အဟမ်း... ငါပြောတာက သူဌေးကို ဖယ်ပြီး ပြောထားတာပါ။”
ရှောင်းယီသည် မြှားများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းကို အန်းရန်နှင့် ဆုဝမ်တို့အား တာဝန်ပေးထားလိုက်၏။ ယနေ့သည် ဆုလာဘ်နှစ်ဆရသောနေ့ မဟုတ်သဖြင့် သူကိုယ်တိုင် လုပ်နေရန် မလိုတော့ပေ။
လက်ကိုင်ဒူးလေး၊ မြှားပစ်လှည်းနှင့် မြှားများ ရရှိလာသောအခါ ဂရုထဲမှလူများ ပြန်လည် စိတ်အေးသွားခဲ့ကြသည်။
“ဒီကမ္ဘာ့စစ်မြေပြင်က မဆိုးပါဘူး။ စိန်ခေါ်မှု ရှိတယ်ဆိုပေမဲ့ ရင်ဆိုင်လို့ ရပါသေးတယ်။”
“ကြွားတာ ရပ်လိုက်စမ်းပါ။ သူဌေးသာ မရှိရင် ငါတို့ကျွန်းတွေ တော်တော်များများ လက်လွှတ်လိုက်ရပြီးလောက်ပြီ။”
“ဟုတ်တယ်။ ဒါက စိန်ခေါ်မှု အနည်းငယ် မဟုတ်ဘူး။ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုကြီးပဲ။”
“အားလုံးပဲ ငြင်းခုံမနေကြနဲ့ဦး။ ငါတို့ကျွန်းဆီကို သင်္ဘောတွေ ချဉ်းကပ်လာနေတာကို ငါဘာလို့ မြင်နေရတာလဲ။”
“သင်္ဘောတွေ ချဉ်းကပ်လာတာလား။ မသေမျိုးတွေ ထပ်လာပြန်တာလား။”
“မသေမျိုးတွေမှာ သင်္ဘောရှိလို့လား။”
“ဘာလို့ မရှိရမှာလဲ။ ‘Pirates of the Caribbean’ ရုပ်ရှင်ကို မင်း မကြည့်ဖူးဘူးလား။”
ရှောင်းယီသည်လည်း ထိုသတင်းစကားကို မြင်သောအခါ အလွန်အံ့သြသွားခဲ့သည်။ ကမ္ဘာ့စစ်မြေပြင်တွင် ထိုဒေသခံများသည် အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းကို တိုက်ခိုက်ရန် အားလပ်နေကြသေးသည်လော။ သို့မဟုတ် မသေမျိုးများက အသက်ရှင်ကျန်ရစ်သူများကိုသာ တိုက်ခိုက်နေကြခြင်းလော။
ထိုဒေသခံများသည် ယခင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို လုယူခဲ့သော ကမ္ဘာသစ်ကြီး၏ ဒေသခံများလော၊ သို့မဟုတ် အရင်းအမြစ်ပင်လယ်မှ ဒေသခံများလော။
ရှောင်းယီတွင် မေးခွန်းများစွာ ရှိနေသော်လည်း လောလောဆယ် အဖြေမရနိုင်သေးပေ။ သူသည် ဖုန်းကိုကောက်ကိုင်ပြီး အဖွဲ့ထဲသို့ မက်ဆေ့ချ် ပို့လိုက်သည်။
“အားလုံး သတိထားကြ။ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်တစ်ခုက ထူးဆန်းတဲ့ သင်္ဘောတွေနဲ့ ကြုံတွေ့နေရတယ်။ ငါတို့ မဟာမိတ်အဖွဲ့လည်း ပင်လယ်ပြင် အခြေအနေကို သတိထားစောင့်ကြည့်ထား။”
“ဟုတ်ကဲ့”
ထို့နောက် ရှောင်းယီသည် ဖုန်းကို ချထားလိုက်ပြီး ခေါင်းကို ပွတ်သပ်လိုက်မိသည်။
မသေမျိုးများ၊ ဧရာမသားရဲများ၊ ဒေသခံများ...
မည်သည့်အရာမှ ကိုင်တွယ်ရ မလွယ်ကူပေ။
“ဟုတ်သားပဲ။ ငါက တခြားအသက်ရှင်ကျန်ရစ်သူတွေကိုပဲ အဆင့်မြင့်မြှားတွေ ရောင်းပေးနေတာ။ ငါတို့ မဟာမိတ်အဖွဲ့အတွက်ကရော...။”
ရှောင်းယီ ရုတ်တရက် ထိုမေးခွန်းကို သတိရသွားခဲ့၏။
ယီရန်ပင်း မဟာမိတ်အဖွဲ့ ရင်ဆိုင်နေရသော မသေမျိုးများမှာ S အဆင့်များ ဖြစ်ကြသည်။ A အဆင့်မြှားများက ၎င်းတို့ကို ဒဏ်ရာအချို့ ပေးနိုင်သော်လည်း အကန့်အသတ်ရှိသဖြင့် S အဆင့် သို့မဟုတ် ထို့ထက်အဆင့်မြင့်သော မြှားများကို ရှာဖွေရန် လိုအပ်ပေသည်။ မသေမျိုး အရေအတွက် မည်မျှရှိသည်ကိုလည်း မသိရသေးသဖြင့် လက်နက်ခဲယမ်းများကို အကန့်အသတ်မရှိ သုံးစွဲ၍ မရပေ။ ထို့ကြောင့် အဆင့်မြင့်မြှားများကို ရှာဖွေရပေလိမ့်မည်။
“နတ်သူငယ်တွေဆီမှာ ရှိလောက်တယ်။”
ရှောင်းယီသည် နတ်သူငယ်မျိုးနွယ်စုကို ချက်ချင်း သတိရသွားခဲ့ပြီး အလင်းနတ်သူငယ်ဘုရင်မ ဟေးလ်ထံသို့ ဖုန်းခေါ်လိုက်သည်။
ဟေးလ်က ချက်ချင်း ဖုန်းကိုင်လာခဲ့၏။ သူမမှာ ဖုန်းဖြင့် ဆော့ကစားနေပုံပင်။
“ကျွန်းပိုင်ရှင် ကျွန်မ ဘာကူညီပေးရမလဲ။”
ဟေးလ်က ရိုသေစွာ မေးလိုက်သည်။
“ခင်ဗျားတို့ရဲ့ မြှားတွေကို ဘာနဲ့လုပ်သလဲဆိုတာ ကျုပ် သိချင်တယ်။”
ရှောင်းယီက တိုက်ရိုက် မေးလိုက်သည်။
“အနက်ရောင်ရွှေသစ်နဲ့ပါ။”
ဟေးလ်က ချက်ချင်းပြန်ဖြေလာခဲ့သည်။
“အဲဒါက ဘာလဲ။ သစ်သားလား။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ ဤအမည်ကို သူပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
“ဟုတ်ပါတယ်။ အနက်ရောင်ရွှေသစ်က နတ်သူငယ်သစ်ပင်ရဲ့ ပတ်ပတ်လည်မှာ ပေါက်ရောက်တတ်တဲ့ ကျွန်မတို့ နတ်သူငယ်တွေရဲ့ အထူးထုတ်ကုန်ပါ။ ကျွန်မတို့ နတ်သူငယ်လက်နက်တွေရဲ့ ကုန်ကြမ်းပစ္စည်းလည်း ဖြစ်ပါတယ်။”
ဟေးလ်က ဆက်လက်ရှင်းပြလိုက်၏။ ထိုစကားကိုကြားသောခါ ရှောင်းယီက ချက်ချင်းမေးလိုက်သည်။
“အခု ခင်ဗျားတို့ စခန်းမှာ အဲ့ဒီအနက်ရောင်ရွှေသစ်တွေ ရှိသေးလား။”
“ရှိတာပေါ့။”
ဟေးလ်က ပြုံးကာ ပြန်ဖြေလိုက်သည်။
“နတ်သူငယ်တိုက်ကြီးမှာ ရှိခဲ့တာထက်တောင် ပိုများသေးတယ်။”
“ခဏစောင့်နေပေး။ ကျုပ် အခု လာကြည့်မယ်။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
အပန်းဖြေစခန်း၏ တည်နေရာကူးပြောင်းခြင်းအမှတ်သို့ ရောက်ရှိလာပြီးနောက် သူသည် ဟိုတယ်ကားကို စီးနင်းကာ နတ်သူကယ်စခန်းသို့ အပြေးအလွှား သွားလိုက်၏။ စခန်းအဝင်ဝတွင် စောင့်ကြပ်နေသော နတ်သူငယ်များသည်လည်း ရှောင်းယီ၏ ပုံပန်းသဏ္ဍာန်ကို မှတ်မိနေကြပြီ ဖြစ်သည်။ သူ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကြသည်။
“မင်္ဂလာပါ ကျွန်းပိုင်ရှင်။”
ရှောင်းယီသည် သူတို့ကို ခေါင်းငြိမ့်ပြပြီးနောက် အတွင်းသို့ ဝင်သွားလိုက်၏။ အလင်းနတ်သူငယ်စခန်းမှာ ဤနေရာနှင့် မဝေးသဖြင့် ရှောင်းယီသည် အလင်းနတ်သူငယ်သစ်ပင် အနီးသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ဟေးလ်သည်လည်း ထိုနေရာတွင် သူ့ကို စောင့်နေပြီဖြစ်သည်။
“ကျွန်းပိုင်ရှင် ကျွန်မနောက် လိုက်ခဲ့ပါ။”
ဟေးလ်က ရှောင်းယီကို ဘေးတစ်ဖက်သို့ ခေါ်ဆောင်သွားပြီး နှစ်ယောက်သား ချောမွတ်ကာ မည်းနက်နေသော သစ်ပင်တစ်ပင်ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
“ဒါက အနက်ရောင်ရွှေသစ်ပင်ပါပဲ။”
ရှောင်းယီသည် ထိုသစ်ပင်ကို အံ့အားတသင့် ကြည့်လိုက်ရာ စနစ်ဆီမှ အကြောင်းကြားစာ ထွက်ပေါ်လာခဲ့သည်။
[အနက်ရောင်ရွှေသစ်ပင် (SSS အဆင့်): နတ်သူငယ်မျိုးနွယ်စု၏ အထူးထွက်ကုန်ဖြစ်ပြီး အလွန်မာကျောသော အသားရှိသည်။ ခုတ်လှဲပြီး ၂ နာရီအကြာတွင် သစ်ပင်တစ်ပင်လုံးမှာ ပြန်လည် မာကျောသွားမည်ဖြစ်ပြီး ၎င်း၏ မာကျောမှုမှာ သံမဏိထက်ပင် သာလွန်သည်။]
“ခုတ်လှဲပြီးရင်တောင် ဆက်ပြီး မာကျောနိုင်တာလား။ ဒီလို ထူးဆန်းတဲ့ သစ်ပင်မျိုးလည်း ရှိနေသေးတယ်ပေါ့။”
ရှောင်းယီ အံ့သြတကြီး ပြောလိုက်မိ၏။ ထိုအခါ ဟေးလ်မှာ မှင်တက်သွားပြီး ထိတ်လန့်သွားခဲ့သည်။
“ရှင်... ရှင် ဘယ်လိုလုပ်ပြီး သိတာလဲ။”
ဤသစ်ပင်မှာ သူတို့နတ်သူငယ်များ၏ အထူးထွက်ကုန်ဖြစ်ပြီး အခြားမျိုးနွယ်စုများကို ဤသတင်းအား ဘယ်သောအခါမျှ ထုတ်မပြောခဲ့ဖူးပေ။ အပြင်လူများ မသိနိုင်သော်လည်း ရှောင်းယီက မည်သို့သိနေခဲ့သနည်း။
***