ရှောင်းယီက လက်ကာပြလိုက်သည်။
“အဲဒါက အရေးမကြီးပါဘူး။ ကျုပ်သိချင်တာက ဒီလိုသစ်သားမျိုးကို အများအပြား ထောက်ပံ့ပေးနိုင်မလားဆိုတာပဲ။ ကျုပ်တို့မဟာမိတ်အဖွဲ့က အခု ဒီသစ်သားနဲ့လုပ်တဲ့ မြှားတွေကို အရေးတကြီး လိုအပ်နေတယ်။”
ထိုအခါ အလင်းနတ်သူငယ်ဘုရင်မ ဟေးလ်က ပြုံးလိုက်သည်။
“အကယ်၍ နတ်သူငယ်တိုက်ကြီးမှာဆိုရင်တော့ မသေချာဘူး။ ဒါပေမဲ့ အခု ဒီမှာတော့ သေချာပေါက် ထောက်ပံ့ပေးနိုင်တယ်။”
“သိပ်ကောင်းတယ်။ ခင်ဗျားတို့နတ်သူငယ်မျိုးနွယ်စုအနေနဲ့ ဒီအနက်ရောင်ရွှေသစ်သားတွေကို မဟာမိတ်အဖွဲ့ကို ပေးလှူဖို့ ဆန္ဒရှိလား။ အလဲအလှယ်အနေနဲ့ မဟာမိတ်အဖွဲ့က နတ်သူငယ်မျိုးနွယ်စုကို ထိုက်တန်တဲ့ ဆုလာဘ်တွေ ပေးမှာပါ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။ ထိုအခါ ဟေးလ်က ချက်ချင်းပင် ပြန်ဖြေလာခဲ့သည်။
“ဟုတ်ကဲ့ ဆန္ဒရှိပါတယ်။ အခုဆိုရင် ကျွန်မတို့ကလည်း မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီပဲ။ မဟာမိတ်အဖွဲ့အတွက် ကိုယ်တတ်နိုင်တာကို လုပ်ပေးချင်ပါတယ်။”
“အင်း... ကောင်းပြီ။ ဒီအနက်ရောင်ရွှေသစ်ပင်တွေကို ဝယ်ယူတဲ့ငွေကို ပေါက်ဈေးအတိုင်း ခင်ဗျားတို့နတ်သူငယ်မျိုးနွယ်စုရဲ့ ကတ်တွေထဲကို ကျုပ်ထည့်ပေးပါ့မယ်။”
ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။
“လိုအပ်တာရှိရင် အဲဒီကတ်ထဲက ပိုက်ဆံနဲ့ ဝယ်လို့ရတာပေါ့။”
“ကျွန်းပိုင်ရှင် တကယ်တော့ အဲဒါတွေ မလိုပါဘူး။ ရှင်က ကျွန်မတို့အတွက် သီးသန့်နယ်မြေ သတ်မှတ်ပေးပြီး မဟာမိတ်အဖွဲ့ထဲမှာ နေထိုင်ခွင့်ပေးထားတာကိုက ကျွန်မတို့အတွက် ကျေးဇူးတင်မဆုံး ဖြစ်နေရပါပြီ။”
ဟေးလ်က အလျင်အမြန်ပင် ဆို၏။
“ခင်ဗျားတို့ ဒီမှာရှိနေတာက ကျွန်းရဲ့ ပတ်ဝန်းကျင်အခြေအနေကို ကောင်းမွန်စေတယ်လေ။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ကိစ္စပဲ။ ဒါက နတ်သူငယ်မျိုးနွယ်စုက ထွက်ကုန်ကို ရောင်းတာနဲ့ မဆိုင်ပါဘူး။”
ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။ ထိုအခါ ဟေးလ်သည်လည်း ထပ်မံ၍ ငြင်းဆန်ခြင်းမပြုတော့ပေ။
“ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိသေးတယ်။ ဒီအနက်ရောင်ရွှေသစ်ပင်တွေကို ခုတ်လှဲပြီး ၂ နာရီအတွင်းမှာ အချောကိုင်ရမယ်။ မဟုတ်ရင် သစ်သားက ပြန်မာသွားလိမ့်မယ်။ အဲဒီအခါကျရင် ပုံဖော်ဖို့ တော်တော်ခက်ခဲသွားလိမ့်မယ်။”
ဟေးလ်က အသိပေးလိုက်သည်။
“စိတ်မပူပါနဲ့။ အဲဒါက ပြဿနာမဟုတ်ပါဘူး။”
၎င်းမှာ ထူးခြားသော သစ်ပင်တစ်မျိုးသာဖြစ်ပြီး သစ်သားအမျိုးအစား တစ်ခုသာဖြစ်ရာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သေချာပေါက် ကိုင်တွယ်နိုင်လိမ့်မည်ဟု ရှောင်းယီ ယုံကြည်ပေသည်။ ထို့အပြင် ဤမြှားများသည် အခြားပစ္စည်းများဖြင့် ရောစပ်စရာမလိုဘဲ ကုန်ကြမ်းတစ်ခုတည်း၏ ပုံသဏ္ဌာန်ကို ပြောင်းလဲရန်သာ ဖြစ်ပေသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အနည်းငယ် နှိပ်လိုက်ရုံဖြင့် ပြီးစီးနိုင်သည်ဖြစ်ရာ အလွန်အဆင်ပြေပေသည်။ အများဆုံးဖြစ်လာနိုင်သည်မှာ မြှားအမြီးတွင် လေထဲ၌ ငြိမ်သက်စွာ ပျံသန်းနိုင်ရန် ငှက်မွှေးအချို့ ထည့်သွင်းရခြင်းသာ ဖြစ်ပေလိမ့်မည်။
ဟေးလ်က ရှောင်းယီကို နားမလည်ဟန်ဖြင့် ကြည့်လိုက်၏။ ရှောင်းယီ၏ တုံ့ပြန်ပုံအရ သူသည် ယခင်က ဤသစ်သားကို အချောကိုင်ဖူးပုံမရဘဲ အဘယ်ကြောင့် ဤမျှ ယုံကြည်မှုရှိနေရသနည်း။
“ကျုပ်တို့ အပြင်လူတွေမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုတာ ရှိတယ်။ အဲဒါက အရမ်းကို အံ့သြဖို့ကောင်းတဲ့ အရာပဲ။ ခဏနေရင် ကျုပ်နဲ့အတူ လိုက်ကြည့်လို့ရတယ်။”
ဟေးလ်၏ သိချင်စိတ်ကို ရိပ်မိလိုက်သည့်အတွက် ရှောင်းယီက ရှင်းပြလိုက်သည်။
ဟေးလ်က ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ မျိုးနွယ်စုဝင်များအား ထိုအနက်ရောင်ရွှေသစ်ပင်များကို ခုတ်လှဲရန် ချက်ချင်းခေါ်ယူလိုက်တော့သည်။ သူတို့သည် တစ်ပင်မျှမကျန် အကုန်ခုတ်လှဲလိုက်ကြ၏။ သူတို့သည် အုတ်မြစ်ကျောက်ကျွန်းပေါ်တွင် ရှိနေသည်ဖြစ်ရာ တစ်ညအတွင်း ပြန်လည်ပေါက်ရောက်လာပေလိမ့်မည်။ နတ်သူငယ်တိုက်ကြီးပေါ်တွင်မူ ဤသစ်ပင်တစ်ပင် ကြီးထွားရန် အချိန်အတော်ကြာအောင် စောင့်ရလေ့ရှိသည်။
သစ်ပင်များ ခုတ်လှဲပြီးနောက် ဟေးလ်သည် လူအများအား ထိုအနက်ရောင်ရွှေသစ်များကို နတ်သူငယ်စခန်း၏ အဝင်ဝသို့ သယ်ဆောင်သွားခိုင်းလိုက်၏။ ရှောင်းယီသည် ထိုသစ်သားကို ကိုင်ကြည့်ပြီး ခေါက်ကြည့်လိုက်ကာ တီးတိုးပြောလိုက်သည်။
“ဒါက တော်တော်မာတာပဲ။ သစ်သားနဲ့တောင် မတူတော့ဘူး။”
“ဒါက မမာသေးပါဘူး။”
ဟေးလ်က ပြောလိုက်သည်။
ထို့နောက် ရှောင်းယီသည် လူအများအပြားကိုခေါ်ယူ၍ သစ်သားများကို အနီးရှိ ဂိုဒေါင်တစ်ခုသို့ ပို့ခိုင်းလိုက်ပြီး ဟေးလ်အား အပန်းဖြေစခန်းဆီသို့ ခေါ်ဆောင်သွားလိုက်၏။ အနီးဆုံး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထိုနေရာ၌ ရှိနေပေသည်။
ကမ်းခြေတွင် ဆိုက်ကပ်ထားသော ရွက်လှေပေါ်သို့ ရောက်သောအခါ ဟေးလ်သည် ရှောင်းယီပြောနေသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အနက်ရောင် ကျောက်ပြားကြီး တစ်ခုသာဖြစ်ပြီး အခြားထူးခြားမှု မရှိပေ။ ဟေးလ်၏ သိချင်စိတ်မှာ ပို၍ပင် ပြင်းပြလာခဲ့၏။ သူမက အလင်းရောင်များ ဖြာထွက်နေသော ကျောက်ပြားမျိုးဟု ထင်မှတ်ထားခဲ့ခြင်းပင်။
ထိုစဉ် ရှောင်းယီသည် ရှေ့တက်ပြီး ကျောက်ပြားကို နှိပ်လိုက်ရာ ချက်ချင်းပင် ဖန်သားပြင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ထုတ်လုပ်မှုစာမျက်နှာသို့ ပြောင်းလိုက်ပြီး ဂိုဒေါင်ထဲရှိ အနက်ရောင်ရွှေသစ်သားများကို ရွေးချယ်ကာ မြှားများအဖြစ် ထုတ်လုပ်လိုက်တော့သည်။
လုပ်ဆောင်မှုများ ပြီးဆုံးသွားသောအခါ ရှောင်းယီက ဟေးလ်ကို လှည့်ကြည့်လိုက်လေသည်။
“ကဲ... ပြီးသွားပြီ။”
“ဒါပဲလား။”
ဟေးလ်သည် မျက်လုံးအဝိုင်းသားဖြင့် ရှောင်းယီကို ကြည့်နေမိ၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါပဲပေါ့။ ခင်ဗျားက တခြား ဘာမြင်ချင်သေးလို့လဲ။”
“ဒါပေမဲ့ သစ်သားတွေကို ဒီကို သယ်မလာရသေးဘူးလေ။”
ဟေးလ်က မမေးဘဲ မနေနိုင်တော့ပေ။
“ကျုပ်တို့က အဲဒါတွေကို သိမ်းဆည်းထားပြီး ဘယ်နေရာမှာရှိလဲဆိုတာ သိနေသရွေ့ အသုံးပြုလို့ရတယ်။ ကျုပ်တို့လက်ထဲမှာ ရှိနေစရာ မလိုဘူး။”
ရှောင်းယီက ပြုံးကာ ရှင်းပြလိုက်သည်။
ဟေးလ်၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားခဲ့ပြီး သူမ၏ ချွန်ထက်သော နားရွက်လေးများပင် အံ့သြမှုကြောင့် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
“လာ... သွားကြည့်ရအောင်။”
ရှောင်းယီသည် သူမကို ခေါ်ဆောင်ကာ အနီးရှိ ဂိုဒေါင်ဆီသို့ ဦးတည်သွားလိုက်၏။ ဟေးလ်မှာ အပြေးအလွှား လိုက်ပါသွားခဲ့သည်။ ဂိုဒေါင်ထဲသို့ ရောက်သောအခါ မူလက ရှိနေသော သစ်သားများမှာ ပျောက်ကွယ်သွားပြီး အသစ်စက်စက် မြှားအစည်းများဖြင့် အစားထိုးထားသည်ကို တွေ့လိုက်ရလေသည်။
ဟေးလ်သည် ရှေ့တိုးသွားပြီး တစ်စင်းကို ကောက်ယူကာ အနံ့ခံ၍ သေချာစစ်ဆေးပြီးနောက် ထိတ်လန့်တကြား ပြောလိုက်သည်။
“ဒါက တကယ်ကို အနက်ရောင်ရွှေသစ်သားမြှားတွေပဲ။”
ရှောင်းယီက မြှားများကို ကြည့်ရင်း ပြုံးလိုက်သည်။
[အနက်ရောင်ရွှေသစ်သားမြှား (SSS အဆင့်): SSS အဆင့် အနက်ရောင်ရွှေသစ်သားကို အသုံးပြု၍ ထုတ်လုပ်ထားသည်။ အလွန်ထက်မြက်ပြီး ထိုးဖောက်နိုင်စွမ်း မြင့်မားသည်။ ပျံသန်းမှု တည်ငြိမ်ပြီး စွမ်းအား အလွန်ကြီးမားသည်။]
“ကျွန်မတို့ဆိုရင် ဒီသစ်ပင်တွေအကုန်လုံးကို တစ်ပြိုင်နက်တည်း မခုတ်ရဲဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ ထုတ်လုပ်မှုနှုန်းနဲ့ဆိုရင် ၂ နာရီအတွင်းမှာ အကုန်လုံးကို မြှားဖြစ်အောင် မလုပ်နိုင်လို့ပဲ။”
ဟေးလ်က စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
“ဒါဆို အခုတော့ အဲဒီအတွက် စိတ်ပူစရာ မလိုတော့ဘူး။ အနက်ရောင်ရွှေသစ်ပင်တွေ ပေါ်လာတာနဲ့ ချက်ချင်းခုတ်လိုက်ရုံပဲ။ ခင်ဗျားတို့လိုအပ်တဲ့ မြှားတွေကိုလည်း ဒီဂိုဒေါင်ကနေပဲ တိုက်ရိုက် လာယူလို့ရတယ်။”
ရှောင်းယီက ပြောလိုက်သည်။ ဟေးလ်က ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ။ အမှောင်နတ်သူငယ်တွေဆီမှာလည်း ဒီသစ်ပင်တွေ ရှိမှာပဲ။ ဆာရာနဲ့ ဆက်သွယ်ကြည့်လိုက်ပါ။ အဲဒါဆိုရင် နေ့တိုင်း မြှားတွေ အများကြီး ပိုထုတ်လုပ်နိုင်လိမ့်မယ်။”
ဟေးလ်က အကြံပြုလိုက်သည်။
“အင်း... ကျုပ် အခု သူတို့ဆီ သွားလိုက်မယ်။”
ထို့နောက် ရှောင်းယီသည် မြှားအစည်းအချို့ကို ကောက်ယူပြီး မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။
ခဏအကြာတွင် ရှောင်းယီသည် စစ်စခန်းသို့ ရောက်ရှိသွားခဲ့၏။ ထို့နောက် သူသည် လေ့ကျင့်ရေးကွင်းထဲတွင် အထူးစစ်ရေး သိုင်းပညာများကို လေ့ကျင့်နေသော နတ်သူငယ်မျိုးနွယ်ဝင်များကို တွေ့လိုက်ရလေသည်။ ရှောင်းယီကို မြင်သည်နှင့် ကျန်းရွှဲ့ကရှေ့သို့ထွက်လာပြီး မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဘာကိစ္စရှိလို့လဲ။”
“ကျုပ် ဆာရာနဲ့ ပြောစရာလေး ရှိလို့။”
ထိုအခါ ကျန်းရွှဲ့က လေ့ကျင့်ရေးတပ်စုဘက်သို့ လှည့်ကာ အော်ခေါ်လိုက်၏။
“ဆာရာ။”
“ရှိပါတယ်။”
ဆာရာက ချက်ချင်း သတိဆွဲကာ ပြန်ထူးလိုက်သည်။
“တန်းက ထွက်ခဲ့ပါ။ ကျွန်းပိုင်ရှင်က မင်းနဲ့ တွေ့ချင်နေတယ်။”
“ဟုတ်ကဲ့။”
ဆာရာသည် ချက်ချင်း ပြေးလာပြီး ကျန်းရွှဲ့နှင့် ရှောင်းယီကို အလေးပြုလိုက်ကာ မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ။”
ဆာရာ၏ တပ်သားပီသသော အမူအရာကို ကြည့်ပြီး ရှောင်းယီ ကျေနပ်သွားခဲ့သည်။ အမှောင်နတ်သူငယ်များသည် အလွန်သန်မာသော်လည်း စည်းကမ်းမရှိပါက ရန်သူကိုသာမက မိမိကိုယ်ကိုပါ ဒုက္ခပေးနိုင်သည့် အချိန်ကိုက်ဗုံးကဲ့သို့ အန္တရာယ်ရှိနိုင်သည်။
“ဒါကို ကြည့်လိုက်။”
ရှောင်းယီက သူ့လက်ထဲရှိ အနက်ရောင်ရွှေသစ်သားမြှားကို ကမ်းပေးလိုက်၏။
ဆာရာက နားမလည်ဟန်ဖြင့် ၎င်းတို့ကို လှမ်းယူလိုက်ပြီး ခဏမျှ ကြည့်ပြီးနောက် ပြောလိုက်သည်။
“ဒါက အနက်ရောင်ရွှေသစ်သားမြှားတွေပဲ။ ဒါပေမဲ့ ကျွန်မတို့ လုပ်နေကျမြှားတွေနဲ့တော့ မတူဘူး။ တခြားမျိုးနွယ်စုမှာလည်း ဒီသစ်သားတွေ ရှိနေတာလား။”
“ဒါကို ငါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ လုပ်ထားတာဆိုတော့ မင်းတို့လက်နဲ့လုပ်တာနဲ့တော့ မတူဘူးပေါ့။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“အဲ့ဒါကြောင့် ပိုပြီး သေသပ်နေတာကိုး။”
ဆာရာက ခေါင်းငြိမ့်ရင်း ခဏတန့်သွားကာ မေးလိုက်သည်။
“နေပါဦး... ရှင့်ဆီမှာလည်း အနက်ရောင်ရွှေသစ်သားတွေ ရှိနေတာလား။”
“ဘုရင်မ ဟေးလ်ဆီက တောင်းထားတာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အခု ငါတို့အနေနဲ့ မသေမျိုးတွေကို ရင်ဆိုင်ဖို့ အဆင့်မြင့်မြှားတွေ ပိုပြီးလိုအပ်နေတယ်။ အဲ့ဒါကြောင့် မင်းတို့ နတ်သူငယ်မျိုးနွယ်ရဲ့ မြှားတွေကို ငါသတိရသွားတာ။”
ရှောင်းယီ၏ ရှင်းပြမှာကြောင့် ဆာရာ ချက်ချင်း နားလည်သွားပြီး ရှောင်းယီ သူမကို ဘာကြောင့် လာရှာသလဲဆိုသည့် အကြောင်းရင်းကိုလည်း ရိပ်မိသွားခဲ့သည်။
“ရှင်က ကျွန်မတို့ဆီက အနက်ရောင်ရွှေသစ်ပင်တွေကို သိမ်းယူချင်လို့လား။”
ဆာရာက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
“သိမ်းယူချင်တာ မဟုတ်ဘူး။ ဝယ်ချင်တာ။”
***