အနက်ရောင် ရေနဂါးက ရှေ့သို့ တိုးဝင်လာသောအခါ ရန်ချီက စကားပြော၍ အချိန်ဖြုန်းမနေတော့ပေ။
သူက အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားသွားရာ အနက်ရောင် ရေနဂါးမှာ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ၎င်း၏ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရသည်။ ထိုခန္ဓာကိုယ်မှ သွေးများ မစီးထွက်လာသေးမီမှာပင် ကြီးမားသည့် အစစ်အမှန်စွမ်းအင်က ၎င်းကို ပင်လယ်ကြမ်းပြင်ထက် ဆွဲချသွားကာ မြှုပ်နှံလိုက်လေပြီ။
ကြီးမားသော အနက်ရောင် ရေနဂါးမှာ မပေါ်ထွက်လာဖူးသကဲ့သို့ပင် အရာအားလုံးက ပြီးဆုံးသွားသည်။
တစ်ချိန်တည်းမှာပင် လုံးဝန်းသော မိစ္ဆာအမြုတေက ရန်ချီလက်ပေါ် ရောက်ရှိလာ၏။ ထိုအရာက ကြီးမားသော်လည်း မာကျောခြင်း မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် အလွန်နူးညံ့ကာ ကိုယ်တွင်းအင်္ဂါတစ်ခုနှင့် ဆင်တူနေသည်။ သို့သော်လည်း ၎င်း၏ အတွင်းပိုင်း၌ အသက်ဓာတ် စွမ်းအင်များက နက်ရှိုင်းစွာ ပါဝင်နေပြီး မွေးကင်းစ ကလေးတစ်ယောက်ကဲ့သို့ ဖြစ်ပေါ်နေ၏။
အချို့သော မကောင်းဆိုးဝါးများက မြင့်မားသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိသောအခါ သူတို့က သံသရာစက်ဝန်းကို ချိုးဖောက်ကာ သူတို့၏ မိစ္ဆာအမြုတေထဲ၌ မွေးကင်းစ ကလေးတစ်ယောက်ကို ဖန်တီးနိုင်ကြသည်။ နောက်ဆုံး၌ သူတို့က မကောင်းဆိုးဝါး ခန္ဓာကိုယ်ကို စွန့်ခွာကာ ပြီးပြည့်စုံသည့် လူသားတစ်ယောက် ဖြစ်လာနိုင်ပေသည်။
အနက်ရောင်ရေနဂါးက ထိုအဆင့်ကို မရောက်သေးသော်လည်း သူ့ အမြုတေ၌ အသက်ဓာတ် စွမ်းအင်များက နှလုံးခုန်သံကဲ့သို့ ထွက်ပေါ်နေရာ မွေးကင်းစ ကလေးပုံစံ ဖြစ်လာဖို့ အလွန် နီးကပ်နေလေပြီ။
‘လရောင်ခြည် စက်ဝန်း၊ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုး...’
ရန်ချီက မည်သည့်အရာမှ သတိထားမနေဘဲ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား နည်းစနစ်၏ ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်ရာ သူ့ အနီးမှ ရေများမှာ ဆူပွက်လာတော့သည်။
မီးတောက်ဓားက မိစ္ဆာအမြုတေကို ထိမိသွားသောအခါ ရေနှင့်မီးတို့၏ ဆန့်ကျင်ဘက် စွမ်းအားများက ထိုက်ကျိသင်္ကေတကဲ့သို့ ဖြစ်ပေါ်လာကာ နေနှင့်လတို့အကြား မျှတမှု ထွက်ပေါ်လာသည်။
အနက်ရောင် ရေနဂါးက အထက်ဘက်ရှိ လမင်းအနှစ်သာရပါဝင်သည့် လရောင်ခြည် စားသုံးခြင်းကို ကြိုက်နှစ်သက်သည်။ ဆန့်ကျင်ဘက်အားဖြင့် စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားက လောင်ကျွမ်းနေသော နေမင်း၏ ပင်ကိုယ်သဘာ၀စွမ်းအင်ကို စားသောက်ကာ ပြီးပြည့်စုံအောင် ပြုလုပ်ပေးပေသည်။
ရန်ချီက အမြုတေကို သူ့ ငရဲမီးတောက် မီးပြင်းဖိုအတွင်း ထည့်သွင်းလိုက်ရာ ၎င်းက ချက်ချင်း အရည်ပျော်သွားသည်။
သူ့ မျက်လုံးများက အရောင်တစ်ချက် လက်သွားကာ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
‘ဒီနေရာက အနက်ရောင် ရေနဂါးရဲ့ အသိုက်လား ဒါမှမဟုတ် တစ်ခုခုလား... အနက်ရောင် ရေနဂါးလိုဏ်ဂူက ဒီနေရာမှာရှိမှာ သေချာပေါက်ပဲ... ဒီလိုဏ်ဂူက သွေးမိစ္ဆာလိုဏ်ဂူထက် အဆင့်မြင့်မှတော့ အရမ်းအန္တရာယ်များတဲ့ နေရာဆိုတာ သေချာပေါက်ပဲ...’
ထိပ်သီးကျွမ်းကျင်သူများဖြစ်သည့် လောကအုပ်ချုပ်သူများပင် အေးခဲနေသော အနက်ရောင် ပင်လယ်အောက် အနက်ပိုင်းသို့ သွားလာနိုင်ဖို့အတွက် အစစ်အမှန်စွမ်းအင်များစွာ သုံးစွဲရသည်။ သိသာစွာပင် လူသားများက ရေအောက်၌ အသက်မရှူနိုင်လေရာ ရေအောက်ထဲ၌ သွားလာနိုင်ဖို့ အတွက် အစစ်အမှန် စွမ်းအင်များကို အသုံးပြုဖို့ လိုအပ်ပေသည်။ ထိုကန့်သတ်ချက်ကြောင့်ပင် ဆရာသခင် အဆင့်အများစုမှာ ရေအောက်ထဲ၌ အချိန်တစ်ခဏလောက်သာ နေနိုင်ကြသည်။
လောကအုပ်ချုပ်သူများက အချိန်ကြာမြင့်စွာ နေထိုင်နိုင်သော်လည်း သူတို့သာ အကယ်၍ မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ရပါက အစစ်အမှန်စွမ်းအင်များ ပိုမို ကုန်ဆုံးစေနိုင်သည်။ တစ်ခါတစ်ရံ လောကအုပ်ချုပ်သူများက အနက်ရောင် ပင်လယ်အတွင်းဝင်ရောက်ကာ မိစ္ဆာမကောင်းဆိုးဝါးကို သတ်ဖြတ်ဖယ်ရှားပစ်ဖို့ ဝင်ရောက်ကြသော်လည်း အနက်ရောင် ရေနဂါးလိုဏ်ဂူနှင့် နီးကပ်အောင် မသွားနိုင်ကြပေ။ သူတို့က မိစ္ဆာသားရဲအမျိုးမျိုးနှင့် တိုက်ခိုက်ကြရကာ အစစ်အမှန်စွမ်းအင် ကုန်ဆုံးပါက ပြန်လည် ထွက်ပြေးကြရသည်။ ထိုသို့မှ မဟုတ်ပါက အသတ်ခံရနိုင်ပေ၏။
သို့သော် ရန်ချီအတွက်မူ ထိုသတ်မှတ်ချက်များထဲမှ ခြွင်းချက်တစ်ခုသာဖြစ်သည်။ သူ့ အစစ်အမှန် စွမ်းအင်များက လျော့နည်းသွားဖို့ပင် မနီးစပ်ချေ။ ထို့ပြင် သူက မိစ္ဆာသားရဲများကို သတ်ကာ မိစ္ဆာအမြုတေများပင် စားသောက်ခဲ့သည်။ ထို့ကြောင့်လည်း သူ့ အစစ်အမှန် စွမ်းအင်များက တိုးတက်လာစေကာ အချို့ ပင်လယ်မျိုးနွယ်စုများထက်ပင် ဤနေရာ၌ ပိုမိုကောင်းမွန်စွာ သွားလာနိုင်သည်။
သူ့ နက်မှောင်နေသော ငရဲနတ်ဆိုး ချပ်ဝတ်ကြောင့် ရန်ချီက ငရဲပြည်မှ နတ်ဆိုးတစ္ဆေနှင့်ပင် ဆင်တူနေသည်။
သူ့ ငရဲနတ်ဆိုး လှံတံ၏ မျက်နှာပြင်ပေါ်၌ ရွှေဖြူရောင် သင်္ကေတများ တောက်ပနေရာ ထိုအရာက နတ်ဘုရားကုန်းမြေမှ ခမ်းနားကြီးကျယ်သော ကောင်းချီးပေးခြင်း ခံရသည့် လက်နက်တစ်ခုအဖြစ် ထင်မြင်စေသည်။
ထို့ပြင် ငရဲနတ်ဆိုး ချပ်ဝတ်၏ ခေါင်းဆောင်း၌ အစစ်အမှန် စွမ်းအင်မျက်လုံးများ ပါရှိလေရာ ထိုမျက်လုံးများကြောင့် ရန်ချီက အရာရာတိုင်းကို ရှင်းလင်းစွာမြင်နိုင်သည်။ သူက ရန်သူ့ သွေးကြောများကို သာမက ၎င်းတို့၏ အစစ်အမှန် စွမ်းအင် စီးဆင်းမှုများပါ မြင်တွေ့နိုင်ပေသည်။
ထို့ကြောင့် သူက ရေအောက်မြေပြင်တစ်ခုလုံးကို မြင်တွေ့နိုင်သည်။ ထိုရေအောက်ထဲ၌ လျှိုမြောင်များ၊ တောင်တန်းများ၊ ချိုင့်ဝှမ်းများနှင့် မြေပြန့်များပင် တည်ရှိနေကြ၏။ ထိုမြေပြန့်နေရာ၏ အလယ်ဗဟို၌ ဗိမာန်များစွာ၊ သလင်းကျောက် နန်းတော်များစွာ ရှိနေကာ ထိုနေရာက အနက်ရောင် ရေနဂါး လိုဏ်ဂူပင်။
သူက ထိုတောင်တန်းများမှ မရေမတွက်နိုင်သော အရှိန်အဝါများကို ခံစားမိလေရာ ကြက်သီးများပင် ထလာသည်။ အကယ်၍ သူသာ မျက်ကန်းတောတိုး တိုးဝင်သွားပါက အသတ်ပါ ခံရနိုင်ပေလိမ့်မည်။
‘အခု ငါလုပ်ဖို့လိုတာက လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ပြီးပြည့်စုံအောင် လုပ်ဖို့ပဲ... အနက်ရောင် ရေနဂါးတွေက လိုဏ်ဂူတွေမှာ ကျင့်ကြံခြင်းလုပ်နေကြမှာပဲ... တကယ်လို့ သူတို့သာ ငါ့ကိုတွေ့ပြီး အံ့အားသင့်နေရင် အဲဒီအချိန်ကျမှ သူတို့ကို အမြန်သတ်ပစ်နိုင်လိမ့်မယ်... အဲဒါဆို ငါ့ကို ဘယ်သူမှ အာရုံစိုက်မိလာမှာ မဟုတ်ဘူး...’
ခဏတာ အစီအစဉ်ဆွဲပြီးနောက် သူက လျှိုမြောင်တစ်ခုအတွင်း ဆင်းသွားကာ ရှုပ်ထွေးနေသည့် နန်းတော်တစ်ခုထံ ဦးတည်သွားလိုက်သည်။
နောက်ဆုံးတော့ သူက လျှိုမြောင် အနက်ပိုင်းတစ်ခု၌ ငြိမ်သက်စွာ လဲလျောင်းနေသည့် အနက်ရောင် ရေနဂါးတစ်ကောင်ကို တွေ့လိုက်ရ၏။ ၎င်းက အစစ်အမှန်စွမ်းအင်များကို သူ့ ဦးခေါင်းထက်ရှိ လူပုံသဏ္ဍာန်၌ အာရုံစိုက်ထားကာ လက်ထဲ၌ လည်ပတ်နေသော ပုလဲလုံးကို ကိုင်ထားသည်။
ထိုပုလဲက ရန်ချီ မကြာသေးမီက သတ်ဖြတ်ခဲ့သည့် အနက်ရောင် ရေနဂါး၏ အမြုတေလောက် ကြီးမားကာ အရည်အသွေးကောင်းမွန်လွန်းပုံ ပေါ်နေသည်။ တုန်လှုပ်စရာကောင်းသည်မှာ ထိုရေနဂါးက လောကအုပ်ချုပ်ခြင်းအဆင့်ဖြစ်ကာ ကျင့်ကြံခြင်းကို အာရုံအပြည့်အ၀ စူးစိုက်ထားခြင်းပင်။
‘ကောင်းတယ်... သိပ်ကောင်းတယ်...’
ရန်ချီနှလုံးသားက ချက်ချင်း ခုန်လှုပ်သွားသည်။ နောက်ဆုံး၌ လောကအုပ်ချုပ်သူ အဆင့် မိစ္ဆာအမြုတေများကို လီဟယ်၊ ဟွာရင်းဟူနှင့် ဟယ်ဂျီလီတို့ အဆင့်ချိုးဖောက် တက်လှမ်းခြင်း အောင်မြင်အောင် ပြုလုပ်နိုင်ဖို့အတွက် လိုအပ်နေသည် မဟုတ်ပါလား။
‘လောကအုပ်ချုပ်သူတစ်ယောက်ကို သတ်တာက ကွဲပြားသွားပြီ... ငါနိုင်မှာက သေချာပေမယ့် သူ အကူအညီ အော်ခေါ်နိုင်အောင် မလုပ်နိုင်ဖို့က အာမမခံနိုင်ဘူး... တကယ်လို့ သူသာ အကူအညီ တောင်းနိုင်ပြီး အနက်ရောင် ရေနဂါး လိုဏ်ဂူက ကျွမ်းကျင်သူတွေသာ ရောက်လာရင် ငါ့အတွက် ပြဿနာ အကြီးကြီး ဖြစ်စေမှာပဲ...’
သူက လှုပ်ရှားချင်နေသော်လည်း တွေဝေနေခဲ့သည်။
အကယ်၍ သူသာ တိုက်ခိုက်မည်ဆိုပါက အလျင်မြန်ဆုံး သတ်ဖြတ်ကာ ရှင်းလင်းပစ်နိုင်ဖို့ လိုအပ်ပေသည်။
အားအနည်းဆုံး လောကအုပ်ချုပ်သူပင်လျှင် သေစေနိုင်သည့် တိုက်ကွက်နှင့် ရင်ဆိုင်ရပါက အစွမ်းကုန်ထုတ်သုံးကာ ကာကွယ်ခြင်းကို အထွတ်အထိပ်သို့ ထုတ်ဖော်ပေလိမ့်မည်။ အနည်းဆုံးတော့ သူတို့၏ စွမ်းအင်များကို အသုံးပြုကာ အော်ဟစ် အကူအညီ တောင်းကြပေလိမ့်မည်။
လောကအုပ်ချုပ်သူများကို သူတို့ မသိခင် အလျင်အမြန် တိုက်ခိုက်ကာ သတ်ဖြတ်ဖို့က အလွန် ခက်ခဲလှသည်။
အကယ်၍ သူသာ မြေပေါ်မှာဆိုပါက ယုံကြည်ချက် ရှိပေသည်။ ယခုတော့ သူက အနက်ရောင် ပင်လယ်၏ အနက်ပိုင်းမှာ ဖြစ်လေရာ ရေထဲ၌ လှိုင်းများ ဖြစ်ပေါ်လာပါက အနီးနားရှိ ကျွမ်းကျင်သူများ အလွယ်တကူ အာရုံစိုက်လာနိုင်ပေသည်။
အကောင်းဆုံးမှာ မိုးကြိုးပစ်သလို လျှပ်တစ်ပြက် တိုက်ခိုက်ကာ အခြားသူများ သတိပြုနိုင်မလားဟု စောင့်ကြည့်ရန်သာ တတ်နိုင်တော့သည်။ အကယ်၍ သူတို့ သတိပြုမိသွားပါက အတတ်နိုင်ဆုံး မြန်အောင် ထွက်ပြေးရပေလိမ့်မည်။
ယခု သူလုပ်နေသည့် အရာကား သေစေနိုင်လောက်သည့် မိစ္ဆာကြီးတစ်ကောင်က အင်မော်တယ်ခြေနင်း ကျောင်းတော်ကို ဝင်တိုက်ကာ လက်ရွေးစင် ကျောင်းသားတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေသည်နှင့် တူညီနေသည်။ သူတို့သာ ထိုလုပ်ရပ်ကို သတိပြုမိသွားပါက ဘယ်လို တုံ့ပြန်မလဲ သိဖို့က လွယ်ကူလှ၏။
‘အိုး... ဘာပဲဖြစ်ဖြစ်ကွာ... ငါ ဒီထိတောင် ရောက်နေပြီပဲ ငါသတ်ဖို့ ပြင်ဆင်သင့်တယ်... တကယ်လို့ ပထမတစ်ကြိမ် အလုပ်မဖြစ်ရင်တောင် နောက်တစ်ခါ လာတိုက်ခိုက် နိုင်သေးတာပဲ...’
သူက အောက်သို့ဆင်းသက်ကာ ပင်လယ်ကြမ်းပြင်ရှိ များပြားလွန်းသော သန္တာကျောက်တန်းများထဲမှ တစ်ခုတွင် ပုန်းအောင်းလိုက်သည်။
သူ့ စိတ်ထဲ၌ လုပ်ကြံသတ်ဖြတ်ခြင်း တာအိုကို စဉ်းစားရင်း စွမ်းအင်ပင်လယ်ထဲရှိ ထွက်ပေါ်လာရန်စောင့်ဆိုင်းနေသည့် ကမ္ဘာဦး ဆင်ရိုင်းအကောင် (၄၉) ခုကို အာရုံစိုက်လိုက်သည်။
ထိုအရာက သူ့အတွက် အသစ်အဆန်းတစ်ခု ဖြစ်ပေသည်။ သူ့ စိတ်အတွင်း၌ တိုက်ပွဲဆင်နွှဲလိုသည့် စိတ်ဆန္ဒ ကြီးမားသန်မာလာခဲ့ပြီး သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာသည်။ သူက ထိုအရာကို တတ်နိုင်သမျှ ဆုပ်ကိုင်ကာ စွမ်းအားများကို ဆက်လက် ထုတ်ဖော်နေ၏။
သူ့ အစစ်အမှန် စွမ်းအင်ချပ်ဝတ်အောက်၌ သူက ချွေးလုံးလုံး ထွက်နေလေပြီ။
သူက ဤလုပ်ကြံသတ်ဖြတ်ခြင်းကို အစွမ်းကုန် အောင်မြင်အောင်လုပ်ဖို့ လိုအပ်သည်။
ဆိုးဝါးလွန်းသည်မှာ အနက်ရောင် ရေနဂါးများ၏ အသက်ဓာတ်က လူသားများထက် ဆယ်ဆလောက် ကြွယ်ဝသည်။ ထို့ကြောင့် သူတို့ကို မြန်မြန်ဆန်ဆန်သတ်ဖြတ်ဖို့က ခက်ခဲခြင်း ဖြစ်သည်။ ရန်ချီ၏ လုပ်ကြံသတ်ဖြတ်ခြင်းက ကောင်းကင်ဘုံကို ဆန့်ကျင်သကဲ့သို့ ခက်ခဲလှ၏။ အကယ်၍ သူသာ ဒီနေရာမှာ အောင်မြင်သွားခဲ့လျှင် ကမ္ဘာပေါ်မှာ ဘယ်သူက သူ့ကို ယှဉ်ပြိုင်နိုင်တော့မည်နည်း။
‘လုပ်ကြံသတ်ဖြတ်ခြင်း၏ အဆုံးအစမဲ့ တာအိုက လူတစ်ယောက်ကို သတ်ဖြတ်နိုင်တယ်... တိုက်ခိုက်မှုမှာပဲ အာရုံစိုက်ပြီး အခွင့်အရေး ရှားရှားပါးပါးရတာနဲ့ကို ကရုဏာကင်းမဲ့စွာနဲ့ တိုက်ခိုက်ရမယ်... ဒါက ငါ့ရဲ့ စိတ်စွမ်းအားနဲ့ ဆုံးဖြတ်နိုင်စွမ်းကို ပြုပြင်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ...’
ထိုအခိုက်အတန့်၌ သူ့ စိတ်နှလုံးက တုန်ခါနေကာ စိတ်ထဲ၌ အတွေးများစွာ ပြေးလွှားနေသည်။
‘ဒါက အကြံကောင်းတော့မဟုတ်ဘူး... တကယ်လို့ လုပ်ကြံတာသာ လွဲချော်သွားရင် အနက်ရောင် ရေနဂါးလိုဏ်ဂူက ကျွမ်းကျင်သူတွေ ပေါ်လာမယ်... အဲဒါဆို ငါလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... သူတို့တွေက ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆို ငါ့အတွက် မလွယ်ကူနိုင်ဘူး... ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ကျင့်ကြံဖို့ အချိန် အများကြီး ရှိပါသေးတယ်လေ... စကားပုံတွေ အရတော့ ဉာဏ်ပညာရှိသူက အန္တရာယ်တွေကို ကြိုမြင်ပြီးတော့ ရှောင်ရှားနိုင်တယ်တဲ့လေ...’
‘အမှန်ပဲ... ငါသာ အသတ်ခံလိုက်ရရင် အဖေ ဘယ်လိုလုပ်မလဲ... ငါ့ကလန် ငါ့အစ်ကိုတွေလည်း ရှိသေးတယ်…’
ရန်ချီ၏ စိတ်ထဲ၌ အတွင်းစိတ်နှစ်ခုက လွန်ဆွဲနေကြသည်။
စက္ကန့်တိုင်း ဖြတ်သန်းသွားပြီးနောက် သူ့အတွက် အကောင်းဆုံး လုပ်နိုင်တာကို စဉ်းစားမိလာ၏။
နောက်ဆုံး၌ သူက ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို မြင့်တင်နိုင်ဖို့အတွက် သူကိုယ်သူ အန္တရာယ်ရှိအောင် ပြုလုပ်စရာ မလိုအပ်ချေ။ သူက အဆင့်နိမ့် မိစ္ဆာသားရဲများကို သတ်ဖြတ်ကာ သူတို့၏ အမြုတေများကို အသုံးပြုပြီး ကျင့်ကြံခြင်း အခြေခံကို တိုးမြင့်နိုင်သေးသည် မဟုတ်ပါလား။
ထိုအချိန်မှာတော့ သူက ထိုရေနဂါးကို လုပ်ကြံသတ်ဖြတ်မည့်အတွေးကို လုံးဝ စွန့်လွှတ်လိုက်တော့သည်။ သလင်းကျောက် နန်းတော်က ရှုပ်ထွေးကာ အန္တရာယ် ကြီးမားလွန်းပုံ ပေါ်၏။ ပြီးတော့ ယခုအချိန်မှာ ထိုအရာက အချိန်မရွေး ထပေါက်နိုင်သည့် မီးတောင်တစ်ခုကဲ့သို့ အန္တရာယ် ကြီးမားကြောင်း သူ သိနေသည်။
‘မဖြစ်သေးပါဘူး…’
သူက အရှုံးပေးချင်နေသည့် အတွေးများကို ဖယ်ထုတ်ပစ်လိုက်သည်။
‘ငါ့ဘ၀ ပြောင်းလဲသွားပြီးကတည်းက ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံက အခက်အခဲ ကြီးကြီးမားမား မရှိဘဲ တိုးတက်လာခဲ့တယ်... ငါ ခက်ခဲတာတချို့တော့ လိုအပ်နေပြီ... ငါလေ့ကျင့်ဖို့ လိုအပ်နေပြီ... ငါ လိုဏ်ဂူထဲသွားပြီး ရေနဂါးကို သတ်ကို သတ်ရမယ်... ငါမသေချင်ရင် ငါအောင်မြင်ရမယ်... ငါ့ကိုငါ ဖိအားပေးပြီး ကြိုးစားအားထုတ်မှ ငါ့နှလုံးသားထဲမှာ ငြိမ်းချမ်းစေနိုင်လိမ့်မယ်... တိုက်ခိုက်မယ်... အရှုံးမပေးနိုင်ဘူး... ဒီလိုမှ မဟုတ်ရင် ဆင်ရိုင်းနတ်ဘုရားရဲ့ ဆက်ခံသူအနေနဲ့ ဘယ်လိုလုပ်ပြီး ကောင်းကင်နဲ့ မြေပြင်ကို ထမ်းပိုးပြီး မိစ္ဆာတွေကို ငါ့ခြေထောက်အောက်မှာ နင်းခြေနိုင်မှာလဲ... ငါသာ ထွက်သွားမယ်ဆိုရင် ငါ့နှလုံးသားက ယိမ်းယိုင်လာပြီးတော့ ငါဘယ်လိုလုပ် ဆက်လက် ကျင့်ကြံနိုင်မှာလဲ... ငါက အားမနည်းဘူး... ငါ့ရဲ့ နှလုံးသားထဲမှာ ငါက စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူပဲ... သေခြင်းနဲ့ ရှင်ခြင်းကြားလမ်းကို လျှောက်မှသာ သံသယစိတ် အခြေအနေကနေ ငါလွတ်မြောက်နိုင်မယ်...’
ထိုအခိုက်အတန့်မှာပင် သူက ဆုံးဖြတ်ချက် ချလိုက်တော့သည်။
သူ့ ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ စိတ်ဝိညာဉ်မှ ဟိန်းသံနှင့်အတူ သူ့ကိုသူ ယုံကြည်မှု ရှိလာသည်။ ရုတ်တရက် သူ့နဖူးထက်ရှိ ရွှေရောင် နတ်ဆိုးကလေးက သူ့ကို ထောက်ခံသလို ခံစားလိုက်ရ၏။ ထိုကဲ့သို့ပင် သူ့ စိတ်ဝိညာဉ်ကလည်း သူ့ကိုသူ ထောက်ခံလိုက်သည်။
ထိုအခိုက်အတန့်မှာပင် သူ့ စိတ်စွမ်းအားက အရင်ထက် ပိုမို အားကောင်းလာသည်။ သူ့ တိုက်ခိုက်ချင်သည့် စိတ်ဆန္ဒက နဂိုထက် စွမ်းအားပြည့်၀လာလေပြီ။
သူက သူ့ကိုသူ ထိန်းချုပ်ကာ အသံတိတ်လိုက်ပြီးနောက် လှံတံဖြင့် ရှေ့သို့ တိုးကာ ထိုးသွင်းလိုက်သည်။
ထိုအရာမှ အသံထွက်ပေါ်လာခြင်းမရှိသလို စွမ်းအားလှိုင်းများလည်း ထွက်ပေါ်မလာခဲ့ချေ။ သူက အခြားကမ္ဘာ၌ တည်ရှိသကဲ့သို့ အရိပ်တစ်ခုအသွင် ရေကို ထိုးခွဲသွားသည်။
သူ့ လှုပ်ရှားမှုက ပြောမပြတတ်လောက်အောင် မြန်ဆန်လှ၏။
ထို့နောက် သူ့ လှံတံက အနက်ရောင် ရေနဂါးကို ဖောက်ထွက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရေနဂါးဦးခေါင်းရှိ လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်က ပျောက်ကွယ်သွားသည်။ သူက ဘယ်လို တိုက်ခိုက်ခံလိုက်ရမှန်း မသိခင်မှာပင် သေဆုံးသွားသည်။
ရန်ချီ အောင်မြင်ခဲ့လေပြီ။
End
***