ပြင်းထန်လွန်းသည့် တိုက်ပွဲအဆုံးသတ်၌ ရန်ချီက ကျောင်းဝူဖန်ကို ထိုးဖောက်ကာ မြေပြင်ပေါ်မကျခင်မှာပင် သတ်ဖြတ်နိုင်ခဲ့သည်။
လှံတံ၏ အဖျားက သူ့ ပါးစပ်မှ ဝင်၍ အမြီးမှ ပြန်လည် ဖောက်ထွက်သွားရာ သူ့ ပုံစံမှာ တံစို့ ထိုးထားသော နွားနှင့် တူညီနေသည် မဟုတ်ပါလား။
အဆင့် (၅) လောက အုပ်ချုပ်သူ တစ်ယောက် အနေဖြင့် အဆင့် (၃) လောက အုပ်ချုပ်သူ တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရခြင်းက လူအများ ယုံကြည်လက်ခံဖို့ အတွက်ပင် ခက်ခဲသည်။
အသက်ရှင် ကျန်ရစ်နေသည့် အနက်ရောင် ရေနဂါးများအနေဖြင့် ရိုးတွင်းခြင်ဆီ ထဲမှပင် ကြောက်လန့်ချောက်ချား ကုန်ကြသည်။
ယခုအချိန်မှာ သူတို့၏ ခေါင်းဆောင်က သူတို့ရှေ့မှာပင် ဖျက်ဆီး ခံလိုက်ရသဖြင့် သူတို့ အားလုံး မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။ ထို့ပြင် ပင်လယ်နတ်ဘုရားကျောင်းတော်မှ ကျွင့်ထျန်းချုံက သူတို့ကို တစ်ယောက်ချင်းစီ လိုက်လံ သတ်ဖြတ်နေသည်။
သူ့ မိန်းက လေကဲ့သို့ ရွေ့လျားကာ ရေနဂါးများကို အလွယ်တကူ ရင်ဆိုင်နိုင်နေသည်။ တစ်ခဏအတွင်းမှာပင် သူတို့က ကောင်းကင်ထက်မှ ပြုတ်ကျလာကြကာ သူတို့ထံမှ ထူထပ် များပြားသည့် စစ်မှန်သော စွမ်းအင်များ ထွက်ပေါ်လာသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အပြာရောင် ကျောက်မျက် ဘူးသီးခြောက် ပုလင်းလေးကို ထုတ်ဖော်ကာ စစ်မှန်သော စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။ အမှန်စင်စစ် ထိုဘူးသီးခြောက် ပုလင်းလေးက ပင်လယ် နှလုံးသား လက်စွပ်နှင့် တော်တော်လေး တူညီသည်။
ထိုအချိန် အတွင်းမှာပင် ရန်ချီက အောက်သို့ ဆင်းသက်လာကာ ငရဲနတ်ဆိုးလှံတံက ကျောင်းဝူဖန်၏ စစ်မှန်သော စွမ်းအင်အားလုံးကို စုပ်ယူကာ ငရဲမီးတောက် မီးပြင်းဖိုအတွင်း သန့်စင်ပစ်လိုက်သည်။
ပုံမှန်အားဖြင့်ဆိုပါက သူက ထိုစစ်မှန်သော စွမ်းအင်များကို သန့်စင်နိုင်မည် မဟုတ်ဘဲ လွင့်ပါးပျောက်ကွယ် သွားပေလိမ့်မည်။ သို့သော် ယခုအချိန်မှာ သူက တတိယအဆင့် လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
ထို့ကြောင့်ပင် သူ့ ငရဲချေမှုန်း နတ်ဆင်စွမ်းအားက ကြီးမားသော ပြောင်းလဲခြင်းကို ကြုံတွေ့နေရသည်။ ဥပမာ ငရဲမီးတောက် မီးပြင်းဖိုအတွင်းရှိ ချော်ရည်များက အရောင်ပြောင်းလဲလာသည်။ ယခုအချိန်မှာ ၎င်းတို့က ရွှေဖြူရောင်များအဖြစ် ပြောင်းလဲနေကာ ၎င်းတို့၏ မျက်နှာပြင်ထက်၌ မြင့်မြတ်သော မီးလျှံများ ကခုန်နေပြီး သူတော်စင် မီးလျှံများပင် ဖြစ်နေသည်။
ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ အချို့သော ဆန်းကြယ်သည့် ပြောင်းလဲမှုများနှင့် ပတ်သက်၍ ရန်ချီကိုယ်တိုင်ပင် မသိရှိသေးချေ။ သို့သော် သူ့ ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ ထိုအရာများက ပေါ်ထွက်လာကာ သူ့အတွက် အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းပေလိမ့်မည်။
ထိုအရာက နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်၏ ကွဲပြားခြားနားသည့် အခြေခံများပင်။
အကယ်၍ နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်များက သာမန်စွမ်းအင် ပညာရပ်များနှင့် တူညီနေပါက နတ်ဘုရားများက အဘယ်ကြောင့် ထိုနည်းစနစ်များကို ကျင့်ကြံနေဦးမည်နည်း။
သာမန်လူသားများနှင့် နတ်ဘုရားများက တူညီသည့်အဆင့်မျိုး မဟုတ်ကြချေ။ တစ်ခုက ကောင်းကင် အမြင့်ဆုံးအဆင့်မှာ ရှိကြပြီး အခြားတစ်ခုက မြေပေါ်၌ သာ တည်ရှိကြသည်။
ရန်ချီက လက်ကို ဆန့်တန်းလိုက်ရာ ကျောင်းဝူဖန်၏ မိစ္ဆာအမြူတေမှ ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာက စစ်မှန်သော လမင်းနှင့် တူညီကာ များပြားလွန်းသည့် အသက်ဓာတ်များ ရှိနေပြီး သက်ရှိတစ်ဦး ဖြစ်တည်လာတော့မည့် ပုံစံ ဖြစ်နေသည်။
လောကအုပ်ချုပ်သူ အဆင့် (၅) မိစ္ဆာသားရဲများမှ မိစ္ဆာအမြူတေများက အင်မော်တယ် ခြေနင်း ကျောင်းတော်မှာပင် ရတနာတစ်ခုအဖြစ် သတ်မှတ်ကြကာ တပည့်ရင်းများသာ အသုံးပြုနိုင်ကြသည်။
ယခုအချိန်မှာတော့ သူကိုယ်တိုင် ထိုအမြူတေကို မသန့်စင်နိုင်သေးချေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ငရဲမီးတောက် မီးပြင်းဖိုကို အသုံးပြုကာ ၎င်းကို ဖြည်းဖြည်းချင်း ချေဖျက်၍ အသက်ဓာတ် အနှစ်သာရ ရရှိအောင် ပြုလုပ်နိုင်ဖို့ပဲ ဖြစ်သည်။
ယခုအချိန်မှာတော့ သူက လောက အုပ်ချုပ်ခြင်း အဆင့် (၃) သို့ ရောက်ရှိနေသော်လည်း သူ့ ပြိုင်ဘက်ကင်းစွမ်းအားများနှင့် လွှမ်းမိုးနိုင်စွမ်းတို့ကြောင့် ကျွင့်ထျန်းချုံပင် သူ့ကို အကူအညီ မပေးနိုင်သော်လည်း လေးစား အားကျနေသည်။
"ညီအစ်ကို... မင်းရဲ့ အရည်အချင်းက အရမ်းဆန်းကြယ်လွန်းတာပဲ... ဘယ်တုန်းက အင်မော်တယ် ခြေနင်း ကျောင်းတော်မှာ မင်းလိုလူမျိုး ပေါ်လာရတာလဲ"
"အာ... ဘယ်သူက အင်မော်တယ် ခြေနင်းကျောင်းတော်၊ ပင်လယ်နတ်ဘုရား ကျောင်းတော် ဆိုပြီး ဂရုစိုက်နေမှာလဲ... ငါတို့အားလုံးက လူသားတွေပဲ မဟုတ်လား... မင်းနဲ့ အတူတူ ဒီမကောင်းဆိုးဝါးတွေကို ရင်ဆိုင်ရတာကိုက ဂုဏ်ယူစရာပါပဲ... အတူတူ ပူးပေါင်းပြီး ကမ္ဘာကြီးပေါ်က မိစ္ဆာတွေ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်ရတာက အကောင်းဆုံးပဲလေ... ငါတို့ အခုလို စည်းလုံးနေပုံနဲ့ဆိုရင် ငါတို့ သွေးသောက်ညီအစ်ကို ဖွဲ့လိုက်ရင် မကောင်းဘူးလား"
ရန်ချီက လောကအုပ်ချုပ်သူ အဆင့် (၃) သို့ ရောက်ရှိခြင်းကြောင့် မဟုတ်ဘဲ ကျွင့်ထျန်းချုံလို လူကောင်းတစ်ယောက်နှင့် ကြုံတွေ့ရခြင်းကြောင့် အလွန်ကျေနပ်နေသည်။
သူသာ လူကောင်းမဟုတ်ရင် အစောပိုင်းကတည်းက သူ့ကို ကာကွယ်ဖို့ ဘာလို့ ပြောဆိုနေမည်နည်း။
"သွေးသောက် ညီအစ်ကို"
ကျွင့်ထျန်းချုံ၏ မျက်လုံးများက အရောင်တောက်လာခဲ့သည်။ ရန်ချီ၏ စိတ်နေသဘောထားကို မြင်တွေ့ခဲ့သောကြောင့် သူက အထင်ကြီးနေခဲ့သည် မဟုတ်ပါလား။
"ကောင်းလိုက်တဲ့ စိတ်ကူးပဲ... ငါတို့တွေ တိုင်တည်ကြရအောင်... အနက်ရောင် ရေနဂါး အလောင်းတွေနဲ့ ကောင်းကင်ကို ယစ်ပူဇော်ပြီး သစ္စာဆိုကြတာပေါ့"
"အကောင်းဆုံးပဲ"
ရန်ချီက သူငယ်ချင်းအသစ်ဖွဲ့ခြင်းသည် အမြဲကောင်းမွန်သည့် အရာတစ်ခုလို ယုံကြည်ထားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်စီးကြောင်း သုံးခုက အမွှေးတိုင်အဖြစ် မြေပြင်ပေါ်မှာ စိုက်ဝင်သွားသည်။
ကျွင့်ထျန်းချုံကလည်း ပြုံးကာ စွမ်းအင်ပညာရပ်ကို သုံးပြီး အနက်ရောင် ရေနဂါးများကို အနီးရှိ သဲသောင်ပေါ် စုပြုံလိုက်ကာ ယစ်ပူဇော်ခြင်းကို စတင်လိုက်သည်။
ထို့နောက် သူတို့ နှစ်ယောက်လုံး ဒူးထောက်လိုက်ကာ...
"ကျွန်တော် ရန်ချီ..."
"ကျွန်တော် ကျွင့်ထျန်းချုံ..."
သူတို့ နှစ်ယောက်က အတူတကွဖြင့်...
"ကောင်းကင်ကို တိုင်တည်ပြီး သွေးသောက် ညီအစ်ကို ဖွဲ့ပါတယ်... ဂုဏ်ကျက်သရေတွေ ချမ်းသာပျော်ရွှင်မှုတွေ အတူတူ မျှဝေခံစားပြီး ဘယ်ရန်သူဖြစ်ဖြစ် အတူတကွ တိုက်ခိုက်ပါမယ်... တစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ခဲ့သော်လည်း အသေဆိုးနှင့် သေရပါစေ"
ထို့နောက် သူတို့က ဦးရှစ်ကြိမ် ချလိုက်ကြသည်။ ထို့နောက် သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည် ။
ဒါက နည်းနည်းတော့ မယုံနိုင်စရာပင်။
သူတို့ နှစ်ဦးက တစ်ယောက်အကြောင်းတစ်ယောက် မသိသော်လည်း တစ်ဖက်တည်း အတူတကွ တိုက်ခိုက်ခဲ့ပြီးနောက် သွေးသောက်ညီအစ်ကိုဖွဲ့ဖို့ ဆုံးဖြတ်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်လုံး ကျင့်ကြံခြင်း တိုးမြှင့်လာလျှင် သူတို့ ချစ်ခင်သည့် နောက်လူတစ်ယောက်နှင့် သွေးသောက် ညီအစ်ကို ထပ်ဖွဲ့ခြင်းက ပြဿနာ မဟုတ်ချေ။
ရန်ချီက သိသိသာသာပင် အံ့ဩနေမိသည်။ ကျောင်းဝူဖန်ကို ရင်ဆိုင်ပြီး ခဏအကြာမှာပင် ကျွင့်ထျန်းချုံကို သွေးသောက်ညီအစ်ကို ဖြစ်လာဖို့ အကြံပြုမိလိုက်သည်။ သူက လိုလိုလားလား လက်ခံလိမ့်မည်ဟု မည်သူ ထင်မိမည်နည်း။ ယခုတော့ ပင်လယ်နတ်ဘုရား ကျောင်းတော်မှာ သူ့ ညီအစ်ကိုတစ်ယောက် ရှိလာခဲ့လေပြီ။
ကျွင့်ထျန်းချုံ၏ အတွင်းစိတ်ထားက နူးညံ့သည်။ သူက ပင်လယ်နတ်ဘုရား ကျောင်းတော်မှ လက်ရင်းတပည့်တစ်ယောက်ဖြစ်ကာ အခြားကျောင်းသားများက သူ့ကို ဂိုဏ်းတူ အစ်ကိုကြီးဟု လေးလေးစားစား ခေါ်ကြရသည်။ အခြားကျောင်းတော်မှ ကျောင်းသားများပင် သူ့ကို လေးလေးစားစား ဆက်ဆံကြရသည်။ သို့သော် သူက လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်သောကြောင့် ရန်ချီ ထုတ်ဖော် ပြသသည့် အရည်အချင်းများက ရန်ချီက ထူးခြားထက်မြက်သော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သိခဲ့ရသည်။ သူက အခြားကျောင်းတော်မှဖြစ်သော်လည်း ထိုအရာက အရေးမပါချေ။ သူ့မှာ တောက်ပနိုင်သည့် အလားအလာများစွာရှိကာ တစ်နေရာ၌ အင်မော်တယ်ခြေနင်း ကျောင်းတော်၏ အဆင့်မြင့်နေရာတစ်ခုသို့ ရောက်ရှိမှာက အသေအချာပင်။ ထိုကဲ့သို့ သွေးသောက်ညီအစ်ကို တစ်ယောက် ရှိခြင်းက အကျိုးအမြတ် များစွာရှိသည်။
ပုံမှန်အားဖြင့် သူစိမ်းတစ်ယောက်က ထိုကဲ့သို့ အလားအလာများရှိပါက သတိထားရပေလိမ့်မည်။ သို့သော် ထိုအစား သူက သွေးသောက်ညီအစ်ကိုဖြစ်ဖို့ပင် အကြံပေးခဲ့သည်။ ထိုသည်ကပင် သူသည် ကျောင်းတော်အတွင်း သူ့ စွမ်းအား ကြီးမားလာသည်ထက် သူလုပ်ချင်တာ လုပ်ကာ သူများ အတွေးကို ဂရုမစိုက်တတ်သည့် လူစားဖြစ်ကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေ သူ့ အရည်အချင်းကို ကျွင့်ထျန်းချုံက အသိအမှတ် ပြုခဲ့သည်။
"ညီအစ်ကို... ငါက ပင်လယ်နတ်ဘုရားကျောင်းတော်က လက်ရွေးစင် ကျောင်းသားတစ်ယောက်ပဲ... ငါ့ရဲ့ အဆင့်အတန်းအရဆိုရင် တကယ်လို့ အင်မော်တယ်ခြေနင်း ကျောင်းတော်က လူတွေသာ မင်းနဲ့ငါ ပတ်သက်နေတာသိရင် မင်းအတွက် အန္တရာယ်များလိမ့်မယ် ထင်တယ်"
ရန်ချီက ရယ်မောလိုက်သည်။
"ဒါက ကိစ္စ မရှိပါဘူး... ငါက အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ ကျင့်ကြံဖို့အတွက် ခဏ နားခိုရုံပါပဲ... ကျောင်းတော်အတွင်း အာဏာကြီးမားလာဖို့ကို စိတ်မဝင်စားပါဘူးကွာ... ကျောင်းတော်တွေက ယာယီအတွက်ပဲလေ... ညီအစ်ကိုဆိုတာကမှ တစ်ဘဝလုံးအတွက်ပဲ... ဒါနဲ့ ဒီအနက်ရောင် ရေနဂါးတွေကို ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ"
"သူတို့က ရတနာတွေပဲလေ... သူတို့ကို ငါယူသွားလိုက်မယ်"
သူ့ မျက်လုံးများက တွေဝေနေသည်။
"ညီအစ်ကို သိလား... ဒီကျောင်းဝူဖန်ရဲ့ အလောင်းအပြည့်အစုံက မှော်ရတနာ ပြုလုပ်တာမှာ သုံးလို့ရတယ်... ဒါကိုသာ ပင်လယ်နတ်ဘုရား ကျောင်းတော်ဆီ ငါအပ်နိုင်ရင် လုပ်ဆောင်ချက် အမှတ်တွေ အများကြီး ရရှိလာမှာပဲ... နားထောင်ဦး ညီအစ်ကို၊ ငါက အနက်ရောင် ရေနဂါးတွေကို သတ်ခဲ့ပြီး ညီလေးက ကျောင်းဝူဖန်ကို သတ်ခဲ့ပေမဲ့လည်း ညီလေးမှာ သိုလှောင်ပစ္စည်း မရှိဘူး မဟုတ်လား... ငါ့ဆီမှာတော့ ပင်လယ် နှလုံးသား ဘူးသီးခြောက် ပုလင်း ရှိနေတော့ အလောင်းတွေ အားလုံးကို သိမ်းသွားနိုင်တယ်လေ... ငါက အလောင်းတွေ ယူလိုက်ပြီး ညီလေးက အမြူတေတွေ ယူလိုက်ရင်ကော ဘယ်လို သဘောရလဲ"
ရန်ချီက ခေါင်းညိတ်လိုက်သည်။
"အကြံကောင်းပဲ... ငါသာ အမြူတေတွေရရင် စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုး ဓားပညာကို ကျင့်ကြံနေတဲ့ ငါရဲ့ ညီအစ်ကိုတွေကို ကူညီပေးနိုင်မှာပဲ... အစ်ကို သေချာတယ် ဆိုလည်း အဲဒါတွေ ယူလိုက်တော့မယ်"
အတွင်းစိတ်ထဲမှာတော့ သူ့ရဲ့ ညီအစ်ကိုအသစ်က လူကောင်းတစ်ယောက် ဖြစ်တယ်လို့ တွေးထင်နေမိသည်။ အမှန်စင်စစ် အလောင်းတွေက အဖိုးတန်သော်လည်း အမြူတေများက ရတနာများပင်။ သို့သော် သူက ဆန့်ကျင်ဘက်အနေဖြင့်ပြောကာ ရန်ချီဘက်မှ မျက်နှာ မနာစေဖို့ အနစ်နာခံခဲ့သည် မဟုတ်ပါလား။
"ကောင်းပြီလေ... ဒါဆိုလည်း အမြူတေ ရှစ်ခု ညီလေး ယူလိုက်တော့"
ချူထန်းကောက လက်ကို ဝှေ့ယမ်းရင်း အမြူတေများကို ထုတ်ပေးလိုက်သည်။ အမြူတေ တစ်ခုချင်းစီက လောကအုပ်ချုပ်ခြင်းအဆင့် ရေနဂါးများမှ ဖြစ်ကြသည်။
"စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားနဲ့ အနက်ရောင် ရေနဂါး အမြူတေက ရေနဲ့ မီးလို အချင်းချင်း အားဖြည့်ပေးကြတယ်... မင်းရဲ့ သူငယ်ချင်းတွေ အဆင့်ပို မြှင့်လာမှာ အသေအချာပဲ"
ရန်ချီကို အမြူတေများ ပေးပြီးနောက် ကျွင့်ထျန်းချုံက အလောင်းများကို သူ့ ဘူးသီးခြောက် ပုလင်းထဲသို့ စုပ်ယူလိုက်သည်။
ထိုဘူးသီးခြောက်က သူ့ လက်စွပ်ထက် နေရာ ပိုဆံ့တာကို သူနားလည်လိုက်သည်။
"ငါထင်သလောက်တော့ ရေနဂါးဘုရင်က ကြိုးပေးတောင်တန်းက တမန်တော်နဲ့ ပင်လယ်နက်ထဲမှာ တွေ့ဆုံနေပုံပဲ... သူသာ အနက်ရောင် ရေနဂါး လိုဏ်ဂူမှာ ရှိနေရင် ငါတို့ ထွက်ပြေးဖို့ တော်တော် ခက်ခဲလိမ့်မယ်"
ထို့နောက် ကျွင့်ထျန်းချုံက အဝေးကို ကြည့်လိုက်သည်။
"ငါတို့ ဒီမှာ ကြာကြာ မနေသင့်ဘူး... သွားကြရအောင်"
ထို့နောက် သူတို့က လေပေါ် ပျံသန်းသွားကြသည်။ နှစ်နာရီခန့် ပျံသန်းပြီးနောက် သူတို့က သဲကန္တာရထဲမှ လှပသော တောင်တန်းတစ်ခုပေါ် ဆင်းသက်လိုက်ကြသည်။
"ဒါနဲ့ ညီအစ်ကို... ပင်လယ်နတ်ဘုရား ကျောင်းတော်မှာ ယွမ်ဟိုက်လန်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ကြားဖူးလား မသိဘူး"
ရန်ချီက မေးလိုက်သည်။
"ယွမ်ဟိုက်လန်... အိုး ငါတို့ ပင်လယ်မျိုးနွယ်စုထဲက ပင်လယ်နတ်ဘုရား သွေးပါတဲ့ ကောင်မလေးလား"
သူ့ မျက်လုံးများက အရောင်တောက်ပသွားသည်။
"သူမက အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ ကျင့်ကြံနေတာပဲလေ"
"ဟုတ်တယ်... သူမက သူ့ကိုယ်သူ နာမည်ရဖို့ လုပ်နေတာပဲလေ... သူမက လောကအုပ်ချုပ်သူ အဆင့်မှာ ရရှိနေပြီးတော့ မှတ်မှတ်ရရ တော်ဝင်အိမ်ရှေ့စံ အဖွဲ့ခေါင်းဆောင်က သူမကို နှစ်သက်နေတယ်တဲ့... ဒါကြောင့်ပဲ သူမက ဂိုဏ်းအုပ် တိမ်တိုက်နဲ့ လေပြေထံမှာ ဆရာအဖြစ် သတ်မှတ်ပြီး သင်ကြား ပေးခံနေရတယ်တဲ့လေ"
"တော်ဝင်အိမ်ရှေ့စံရဲ့ နှစ်သက်မှုကို ခံရတယ်..."
ကျွင့်ထျန်းချုံ၏ မျက်လုံးများက တုန်လှုပ်သွားသည်။ တော်ဝင်အိမ်ရှေ့စံက ဘယ်သူဖြစ်ကြောင်း သူသိထားပုံ ပေါ်သည်။
ကျွင့်ထျန်းချုံက တော်ဝင်အိမ်ရှေ့စံနှင့် ပတ်သက်ပြီး ခံစားချက် မကောင်းတာကို ရန်ချီ ခံစားမိသည်။
"ခဏလေး... ပင်လယ်နတ်ဘုရား ကျောင်းတော်က လက်ရင်းတပည့်တွေတောင် တော်ဝင်အိမ်ရှေ့စံနဲ့ ပတ်သက်ပြီး စိုးရိမ်နေရတာလား"
"ချမ်းသာကြွယ်ဝ တိုက်ကြီးမှာ ကျောင်းတော်ကြီး လေးခု ရှိပြီးတော့ ပါရမီရှင်တွေ အများကြီး ရှိကြတယ်လေ... ဒါပေမဲ့လည်း အင်မော်တယ်ခြေနင်း ကျောင်းတော်က တော်ဝင်အိမ်ရှေ့စံကတော့ ကြယ်ပွင့်တွေထဲက ကြယ်ပွင့်တစ်ပွင့်ပဲ... လူငယ်မျိုးဆက်တစ်ယောက်မှ သူ့ပြိုင်ဘက် မဟုတ်ဘူး... ပြောမည့်သာ ပြောတာပါ... ညီအစ်ကိုက ငါ့ထက် ပိုပြီး အလားအလာ ကောင်းပါတယ်... တကယ်လို့ မင်းသာ ကောင်းမွန်တဲ့ ကံတရားကို ကြုံတွေ့ခဲ့ရမယ်ဆိုရင် မင်းက တော်ဝင်အိမ်ရှေ့စံရဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာမှာပဲ"
"တော်ဝင်အိမ်ရှေ့စံက ဘယ်လို လူစားလဲ"
"ငါက ကျောင်းတော်ကိုရောက်တာ မကြာသေးတော့ သူနဲ့ ပတ်သက်ပြီး သိပ်မသိသေးဘူး"
"ငါကြားတာတော့ သူက ကောင်းကင်ဘုံကနေ သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ နတ်ဘုရား တစ်ပါးတဲ့... သူက လူသားတစ်ယောက်တောင်မဟုတ်ဘူး... သူက ကောင်းကင်ဘုံကပဲ... လူတွေ ပြောကြတာတော့ သူ့အမေက ကြယ်ကြွေတာကို အိပ်မက်မက်ပြီးနောက်မှာ ကိုယ်ဝန်ရှိလာတာတဲ့... ထူးဆန်းတာက သူ့အမေက အပျိုစင်စစ်စစ်ပဲ"
"ဘာ... သူ့အမေက ကြယ်ကြွေတာကို အိပ်မက်မက်ပြီး ကိုယ်ဝန် ရသွားတယ်..."
ရန်ချီက လုံးဝ တုန်လှုပ်သွားခဲ့သည်။
"ရှေးရှေးတုန်းက ပုံပြင်တွေအရတော့ မဟာသူတော်စင် တော်တော်များများက အဲဒီလိုပဲ မွေးဖွားကြတယ်လေ"
End
***