ရှေးအခါတုန်းက မဟာသူတော်စင်အများစုက ဖခင်မဲ့စွာ မွေးဖွားခဲ့ကြသည်။
အချို့ပုံပြင်တွေအရ မိခင်တွေက ကောင်းကင်ဘုံမှ နတ်ဘုရား စိတ်ဝိညာဉ်များကို အိပ်မက်မက်တာ ဖြစ်ဖြစ်၊ ဘီလူးကြီးများ၏ ခြေရာကို နင်းမိခြင်းဖြစ်ဖြစ်၊ မြင်မက်ကာ ကိုယ်ဝန် ရှိလာကြသည်။ အချို့ကတော့ ကြယ်များ ကြွေကျခြင်းကို အိပ်မက်မက်ကာ ကိုယ်ဝန် ရှိလာကြသည်။
ထိုကဲ့သို့ ပုံပြင်များကို သမိုင်းက လက်ခံထားခဲ့ကာ ထိုကဲ့သို့ မိခင်မျိုးမှ မွေးဖွားလာသည့် ကလေးများက ကောင်းကင်နှင့်မြေပြင်အကြား၌ ထူးခြားသည့် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းက ဘယ်တော့မှ ရပ်တန့်သွားခြင်းမရှိကာ နောက်ဆုံး၌ မဟာသူတော်စင်များ ဖြစ်လာကြသည် မဟုတ်ပါလား။
သူတို့ တစ်ယောက်ချင်းစီက ကောင်းကင်ဘုံမှ နတ်ဘုရားများ သေမျိုးကမ္ဘာသို့ ဆင်းသက်လာခြင်း ဖြစ်သည်။
ယခုအချိန်၌ တော်ဝင်အိမ်ရှေ့စံ၏မိခင်က ကြယ်များကြွေကျခြင်းကို အိပ်မက်မက်ပြီးနောက် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ထိတွေ့ကာ သားတော်တစ်ယောက် မွေးဖွားခဲ့သည်။ အခြားတစ်မျိုးပြောရလျှင် တော်ဝင်အိမ်ရှေ့စံက သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးသာ ဖြစ်ပေသည်။
ထိုအရာက ကိစ္စသေးသေးလေး မဟုတ်ချေ။ ထို့ကြောင့်ပင် သူက မဟာသူတော်စင် အဆင့်သို့ ရောက်ရှိပေလိမ့်မည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ သူ့ကို ဘယ်သူမှ မထိရဲတာ အံ့ဩစရာ မဟုတ်တော့ပါဘူး...
ရန်ချီက တွေးတောလိုက်သည်။
တစ်နေ့ကျရင် သူနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်မိတယ်... ငါက အဆင့် (၃) လောက အုပ်ချုပ်သူ တစ်ယောက် ဖြစ်ပြီးတော့ အဆင့် (၅) လောက အုပ်ချုပ်သူ တစ်ယောက်ကို သတ်နိုင်ပေမယ့် တော်ဝင်အိမ်ရှေ့စံက ဒဏ္ဍာရီအဆင့်မှာရောက်နေပြီ... အခုချိန်မှာ ငါ့အဆင့်နဲ့ အဲဒါက ဝေးလွန်းသေးတယ်...
"ဒါနဲ့ ညီအစ်ကို... ကြိုးပေးတောင်တန်း တမန်တော်က ဘာကိစ္စနဲ့ ရောက်လာရတာလဲ"
"ကြိုးပေးတောင်တန်းက ချမ်းသာ ကြွယ်ဝတိုက်ကြီးမှာ ရှိတဲ့ နတ်ဆိုးမျိုးနွယ်စုတွေကို လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ အင်အားစုကြီးပဲ... သူတို့က ဒီမှာ စစ်ဆင်ရေးအချို့ရှိတဲ့ပုံပဲ... မကြာသေးခင်ကမှ သူတို့က အချို့ တိုးတက်မှုတွေ ရှိလာပြီးတော့ ရှေးဟောင်း လျှို့ဝှက်ချက် အချို့ ရှိနေမယ်လို့ ထင်တယ်... ဒါကြောင့်ပဲ ရှေးဟောင်း နတ်ဆိုးမျိုးနွယ်စုက သူတို့ ဒိုင်းမေးရှင်းကနေ တမန်တော် တစ်ယောက်ကို စေလွှတ်ပြီးတော့ လိုဏ်ဂူ ခုနစ်ဆယ့်နှစ်ဂူက မိစ္ဆာဘုရင်တွေနဲ့ လျှိုမြောင် သုံးဆယ့်ခြောက်ခုက မိစ္ဆာအရှင်သခင်တွေကို ဆင့်ခေါ်စေပြီး အစီအစဉ်တစ်ခုခု ဆွဲနေကြတာနေမယ်... ဒါကြောင့်ပဲ သူတို့ရဲ့ အစီအစဉ်တွေ သိရအောင်လို့ ဒီကို လာပြီး သတင်းအချက်အလက် လာရှာရတာပဲ"
"ကြိုးပေးတောင်တန်းက တကယ်တော့ အင်အားကြီးမားတဲ့ အုပ်စုတစ်စုပဲ... ဒါပေမဲ့ သဘာဝအားဖြင့်တော့ သူတို့က ငါတို့ ကျောင်းတော်တွေလို လမ်းမှန်ဂိုဏ်းသားတွေရဲ့ ရန်သူပဲလေ... နောက်ဆုံးကျရင် သူတို့နဲ့ စစ်ပွဲ ဆင်နွှဲရမှာပဲ... ညီအစ်ကို မင်း ပိုအစွမ်းထက်လာအောင် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး ကျင့်ကြံမှုအခြေခံကိုတိုးမြှင့်ဖို့ အရေးကြီးတယ်... ကောင်းပြီ ငါလည်း အရေးကြီး ကိစ္စတွေ ရှိနေသေးလို့ သွားတော့မယ်... လာမည့် ကျောင်းတော်များအကြား သိုင်းပညာ ယှဉ်ပြိုင်ပွဲမှာ မင်းရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို တွေ့ရဖို့ မျှော်လင့်တယ်ကွာ"
"ကောင်းပြီလေ... ငါလည်း သွားတော့မယ်... မိစ္ဆာအမြူတေတွေကို အင်မော်တယ်ခြေနင်း ကျောင်းတော်ကို တတ်နိုင်သမျှ မြန်မြန်ယူသွားပြီးတော့ ငါရဲ့ ညီအစ်ကိုတွေကို လောကအုပ်ချုပ်သူ အဆင့်ရောက်အောင် လုပ်ပေးရမယ်"
ထို့နောက် ရန်ချီက လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သည်။
ကျွင့်ထျန်းချုံက ပြန်လည် နှုတ်ဆက်လိုက်သည်။
"ဂရုစိုက်ပါ ညီအစ်ကို... အနာဂတ်မှာ ကမ္ဘာပေါ်က မကောင်းဆိုးဝါးတွေနဲ့ မိစ္ဆာတွေကို ပခုံးချင်း ယှဉ်ပြီးတိုက်ဖို့ မျှော်လင့်ပါတယ်... အိုး... ကိစ္စတစ်ခုရှိသေးတယ်... ဒီမှာ ငါကိုယ်တိုင် ပြုလုပ်ထားတဲ့ စိတ်ဝိညာဉ် အဆောင်ပဲ၊ အဲဒါကို ကမ္ဘာကြီးရဲ့ ထောင့်လေးထောင့်လို့ ခေါ်တယ်... မင်းပြဿနာ တစ်ခုခု ဖြစ်ရင် ဒါကို ဆုတ်ဖြဲပစ်လိုက်ပါ... အဲဒါဆို ဘယ်လောက်ဝေးဝေး ငါသတိပြုမိပြီး အမြန်ဆုံး လာခဲ့မယ်... ဒါကို ငါ့ရဲ့ နှလုံးသွေးနဲ့ သွန်းလုပ်ထားတာပဲလေ... ဒါကြောင့် ဘယ်လောက် ဝေးနေပါစေ ကိစ္စမရှိဘူး... ငါ အဲဒီ အဆောင်နဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဆက်သွယ်နိုင်သေးတယ်"
ကျွင့်ထျန်းချုံက ရန်ချီကို ပင်လယ်ပြာရောင် အဆောင်တစ်ခု ပေးလိုက်သည်။ ထို့နောက် သူက တိမ်ပင်လယ်ထဲသို့ နတ်နဂါးတစ်ကောင်အလား ပျံသန်းသွားကာ ပျောက်ကွယ်သွားခဲ့သည်။
သူ့ စွမ်းအင်ပညာရပ် ကျွမ်းကျင်မှုက ထိတ်လန့်စရာ ကောင်းလွန်းပေစွ။
ရန်ချီလည်း ကမ္ဘာကြီး၏ ထောင့်လေးထောင့် အဆောင်ကိုယူကာ လေထဲမှ တစ်ဆင့် အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ပျံသွားခဲ့သည်။
တိမ်ပင်လယ်များအကြား၌ ကျွင့်ထျန်းချုံက ခေတ္တရပ်တန့်ကာ ရန်ချီ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ သူ့ မျက်လုံးများက ရှုပ်ထွေးမှုများဖြင့် အရောင်တောက်ပနေကာ ရေရွတ်လိုက်သည်။
ငါ ကျွင့်ထျန်းချုံက သူ့လိုလူမျိုးနဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာမယ်လို့ ဘယ်သူက ထင်မိမှာလဲ... ရန်ချီ... သူက အဆင့် (၃) လောက အုပ်ချုပ်သူတစ်ယောက်ပဲ ရှိသေးတာတောင် ကျောင်းဝူဖန်လို အဆင့် (၅) လောကအုပ်ချုပ်သူတစ်ယောက်ကို သတ်နိုင်တယ်... အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြန်ပြီပဲ... ဒါပေမဲ့လည်း သူက အာဏာနဲ့ နေရာကို မတပ်မက်ဘူးလေ... သူက ပျော်ရွှင်တဲ့ ဘဝတစ်ခုကိုပဲ လိုချင်တာ... တစ်နေ့ကျရင် သူက အံ့မခန်း ကိစ္စကြီးတွေ လုပ်ပြနိုင်မယ်လို့ ငါ ခံစားနေရတယ်...
သူက သက်ပြင်းချလိုက်ကာ အရိပ်တစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်နေ့...
အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ပြန်ရောက်သောအခါ ရန်ချီ၊ ဟွာရင်းဟူ၊ ဟီဂျီလီ၊ လျန့်တုန်နှင့် လီဟီတို့က အတူတကွ ရှိနေကြသည်။
လျန့်တုန်က ယခုအခါ လက်ရွေးစင်ကျောင်းသားဝတ်စုံကို ဝတ်ဆင်ထားကာ သူက လက်ရှိအချိန်၌ ကလန်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလေပြီ။
လူတိုင်းက ရန်ချီ အမြန်ဆုံး ပြန်ရောက်လာသည်ကိုတွေ့သောအခါ အံ့ဩကုန်ကြပြီး အနက်ရောင် ရေနဂါးမိစ္ဆာ အမြူတေများကို မြင်တွေ့သောအခါ သူတို့က အလွန် ဝမ်းသာသွားကြသည်။
စုစုပေါင်း သူက အမြူတေ (၁၄) ခု ရရှိထားခဲ့ကာ (၅) ခုက သူကိုယ်တိုင် အမဲလိုက်ရာမှ ရရှိခဲ့ပြီး (၉) ခုက အခြားမှ ရရှိခဲ့ခြင်းဖြစ်သည်။ အမှန်တော့ အမြူတေတစ်ခုက ဟွာရင်းဟူ၊ ဟီဂျီလီနှင့် လီဟီတို့အတွက် လိုအပ်တာထက်ပင် ပိုသေးသည်။ သူတို့က သူတို့ လိုအပ်တာထက် ပိုသုံးစရာ မလိုချေ။ သူတို့က စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာအတွက် ယင်နှင့်ယန် မျှတမှု ရှိစေရုံလောက်သာ လိုအပ်သည် မဟုတ်လော။
ရန်ချီက ကျောင်းဝူဖန်၏ အမြူတေအပါအဝင် အခြားအမြူတေများကို ငရဲမီးတောက် မီးပြင်းဖိုအတွင်းထည့်ကာ အသက်ဓာတ်စွမ်းအား အနှစ်သာရအဖြစ် သန့်စင်ကာ အသုံးပြုနိုင်သည်။
ယခုအချိန်မှာ သူက လောကအုပ်ချုပ်ခြင်း တတိယအဆင့်သို့ ရောက်ရှိနေသဖြင့် တိုးတက်လာဖို့က ခက်သထက် ပိုခက်လာသည်။ သူ စုစည်း တည်ဆောက်ထားသည့် သက်စောင့်စွမ်းအင်များက မလုံလောက်တော့ချေ။ လောကအုပ်ချုပ်သူ အဆင့် (၄) သို့ ရောက်ရှိဖို့အတွက် သူက မိစ္ဆာအမြူတေများစွာနှင့် စိတ်ဝိညာဉ်ဆေးများစွာ သုံးစွဲဖို့ လိုအပ်နေသည်။
သူ့ ညီအစ်ကိုများ အဆင့်ချိုးဖောက် တက်လှမ်းဖို့အတွက် ကူညီပြီးပါက မိစ္ဆာအမြူတေများကို စုပ်ယူဖို့အတွက် အချိန်တစ်ခုထိ တံခါးပိတ် ကျင့်ကြံဖို့ လိုအပ်နေသည်။
လောကအုပ်ချုပ်သူ အဆင့် (၅) ရေနဂါး အမြူတေ၌ အသက်ဓာတ် စွမ်းအား ဘယ်လောက် ပါဝင်လဲ မှန်းဆကြည့်ဖို့က မဖြစ်နိုင်ချေ။ ၎င်းကို အပြည့်အဝ စုပ်ယူနိုင်ပါက အကျိုးအမြတ် အကြီးကြီး ဖြစ်လာနိုင်သည်။
"အားလုံး အဆင်သင့် ဖြစ်ပြီလား"
သူက မေးလိုက်ကာ ဟွာရင်းဟူ၊ လီဟီနှင့် ဟီဂျီလီတို့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
"အဆင်သင့်ပဲ"
ဟွာရင်းဟူက ပြောလိုက်သည်။
"ငါတို့ ဒီအချိန်ကို စောင့်နေတာ ကြာလွန်းမက ကြာခဲ့ပြီ"
သူက သူ့ လက်အတွင်း အလင်းရောင်များ ဖြာထွက်နေသည့် အနက်ရောင် ရေနဂါး အမြူတေကို ငုံ့ကြည့်လိုက်သည်။
"ကောင်းပြီ"
ရန်ချီက လက်ကို ရှေ့ထုတ်ကာ သုံးကြိမ်ဝှေ့ယမ်းလိုက်သည်နှင့် အမြူတေ သုံးခုက ပေါက်ကွဲသွားပြီး ရေကဲ့သို့ အလင်းရောင်များက နေရာအနှံ့ လွှမ်းခြုံသွားခဲ့သည်။
"ကောင်းပြီ... မင်းတို့ရဲ့ စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုးဓား နည်းစနစ်ကို အသက်သွင်းလိုက်တော့... မင်းတို့ရဲ့ ရောနှော စစ်မှန်သော စွမ်းအင်တွေကို ငါကူညီ ဖြေရှင်းပေးမယ်"
သူတို့ သုံးယောက်လုံးလည်း ချက်ချင်း ပူပြင်းလွန်းသည့် ဓားစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
သူတို့၏ ရည်မှန်းချက်က မီးနှင့်ရေကို အပြန်အလှန် ပေါင်းစပ်ဖို့ဖြစ်ပြီး ထိုအရာက ပြုလုပ်ဖို့ ခက်ခဲသည်။ ကျေးဇူးတင်စရာက သူတို့ကို ကူညီဖို့အတွက် ရန်ချီ ရှိနေခြင်းပင်။
မကြာခင်မှာပင် ဓားသဏ္ဌာန် အမြူတေက ငွေရောင် လရောင်ခြည်များကို စုပ်ယူကာ သူတို့၏ အရှိန်အဝါက တည်ငြိမ်လာခဲ့သည်။
သူတို့၏ ခန္ဓာကိုယ်၌ ဓားပုံသဏ္ဌာန် အသက်ဓာတ်စွမ်းအင်များ ထွက်ပေါ်လာလေတော့သည်။ သူတို့ သုံးယောက်၏ အမြူတေစစ်မှန်သော စွမ်းအင်များက သိသိသာသာ ပြောင်းလဲလာတာကို ကြုံတွေ့နေကြရသည်။
သက်စောင့်စွမ်းအင်များက အင်အားကောင်းသော လေမုန်တိုင်းကဲ့သို့ ဖြစ်လာကြသည်။ သို့သော် ထိုအရာက လုံလောက်မှု မရှိချေ။
"ဒီစွမ်းအင် စုစည်းဆေးတွေ သုံးလိုက်ကြ"
လျန့်တုန်က ပြောလိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သေတ္တာတစ်လုံး ထွက်လာပြီး ထိုသေတ္တာထဲ၌ ထောင်နှင့်ချီသော စွမ်းအင် စုစည်းဆေးများ ပါဝင်နေသည်။ ထိုစွမ်းအင် ဆေးလုံးများက အလယ်အလတ်အဆင့် ဆေးလုံးများဖြစ်ကာ သက်စောင့်စွမ်းအင်များကို အားဖြည့်ပေးဖို့အတွက် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဆေးလုံးများ ပေါက်ကွဲသွားပြီးနောက် အသက်ဓာတ် စွမ်းအင်များအဖြစ် သူတို့ သုံးယောက် ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
လောကအုပ်ချုပ်သူ အဆင့်သို့ ချိုးဖောက် တက်လှမ်းနိုင်ဖို့အတွက် သက်စောင့်စွမ်းအင် (ပင်ကိုသဘာဝ စွမ်းအင်) များစွာလိုအပ်ပြီး သုံးယောက်လုံး တစ်ပြိုင်နက် အဆင့်ချိုးဖောက် တက်လှမ်းဖို့အတွက် ပုံမှန်ထက် ပိုမို လိုအပ်နေသည်။ ထို့ကြောင့်လည်း သူတို့က အဆင်သင့် ပြင်ဆင်ထားကြသည်။
ရန်ချီလည်း အေးအေးဆေးဆေး မထိုင်နေနိုင်ခဲ့ချေ။
သူ့ နောက်ဘက်၌ ကြီးမားသော လက်ကြီး သုံးဖက်ပေါ်လာကာ သူ့သူငယ်ချင်းများထံ စစ်မှန်သော စွမ်းအင်များ ထည့်သွင်းပေးနေသည်။ သူ့ လက်ရှိအဆင့်ဖြင့် ထိုစွမ်းအင်များက ဘာမှ မဟုတ်တော့ချေ။
ဘန်း... ဘုန်း... ဘုန်း...
ပေါက်ကွဲသံ သုံးခုနှင့်အတူ သူ့ သူငယ်ချင်း သုံးယောက်က လောကအုပ်ချုပ်သူ အဆင့်သို့ ချိုးဖောက် တက်လှမ်းသွားနိုင်သဖြင့် ကောင်းကင်ပင် လှုပ်ခတ်ကာ မြေပြင်ပင် တုန်လှုပ်သွားပြီး သူတို့၏ သွေးကြောများက ပြောင်းလဲကာ စွမ်းအင်ပင်လယ်လည်း ယခင်ကထက် ပိုမိုကြီးမားလာခဲ့သည်။ သူတို့၏ သွေးသားများက ပိုမို ကျစ်လျစ်လာကာ အရေပြားများကလည်း အသွင်ပြောင်းလာခဲ့သည်။
ရန်ချီက သူတို့ကို ကြည့်လိုက်ကာ စစ်မှန်သောစွမ်းအင်များ ပိုမို ပို့လွှတ်ပေးပြီး ပြောင်းလဲနေသည့် အဆင့်များမှ ခက်ခဲမှုများကို ကျော်လွှားနိုင်ဖို့အတွက် ကူညီပေးလိုက်သည်။
သိပ်မကြာခင်မှာပင် သူတို့က မျက်လုံးများ ဖွင့်လာကာ အရှိန်အဝါများကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထိုအချိန်မှာပင် သူတို့ အမြဲ အိပ်မက်မက်နေသည့် လောကအုပ်ချုပ်သူ အဆင့်သို့ ရောက်ရှိသွားကြလေတော့သည်။
လျန့်တုန်က ပြောကာ လက်နှစ်ဖက်ကို လက်သီးဆုပ်လိုက်သည်။
"ငါတို့ အားလုံး လောက အုပ်ချုပ်သူတွေ ဖြစ်သွားကြပြီ... အခု ဘယ်သူက ငါတို့ကို အထင် သေးရဲမှာလဲ... ဟွာရင်းဟူ၊ ဟီဂျီလီ၊ လီဟီ မင်းတို့ ကလန်အကြီးအကဲတွေကို အသိပေးလိုက်ပါတော့လား... သူတို့သာ သိသွားရင် သူတို့ ဖြစ်လာမည့် မျက်နှာ အမူအရာကို ငါသိချင်မိတယ်"
"အင်း အမှန်ပဲ..."
လီဟီက ပြောလိုက်ကာ သူ့လက်သူ ငုံ့ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
"ငါ တစ်ဘဝလုံး လောကအုပ်ချုပ်ခြင်းအဆင့်ကို ရောက်ဖို့အတွက် အိပ်မက်မက်နေခဲ့တယ်... ညီလေး ရန်ချီကြောင့်သာ မဟုတ်ရင် နောက်ထပ် နှစ်ငါးဆယ်လောက် ကျင့်ကြံရင်တောင် အောင်မြင်ပါ့မလား မသိဘူး... လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ငါက အဆင့် (၈) မှာပဲ ရှိသေးတယ်လေ"
"ဂုဏ်ယူပါတယ် ညီအစ်ကိုတို့"
ရန်ချီက ပြောလိုက်သည်။
"ငါတို့ အားလုံး အတူတူကြိုးစားခဲ့တာပဲလေ... မင်းတို့ သုံးယောက် ဘာလို့ သူတော်စင် သင်ကြားရေး အကယ်ဒမီကို သွားပြီးတော့ အဆင့်မြှင့်ဖို့ မလုပ်ကြတာလဲ... မင်းတို့ သုံးယောက် အတူတူ သွားရင် တော်တော်ကြည့်ကောင်းမှာပဲ... အခုချိန်မှာ ဘယ်သူမှ မင်းတို့ကို ပြဿနာရှာမှာ မဟုတ်တော့ဘူး... ငါကတော့ အနက်ရောင် ရေနဂါးတွေဆီက ရရှိခဲ့တဲ့ ပစ္စည်းတွေကို အပြည့်အဝ စုပ်ယူနိုင်ဖို့အတွက် အခန်းအောင်းပြီး ကျင့်ကြံလိုက်ဦးမယ်"
"ကောင်းပြီလေ... ငါတို့ဘာသာ ဂရုစိုက် သွားလိုက်ပါ့မယ်"
လီဟီက ပြောလိုက်သည်။
"မင်းက ငါတို့ရဲ့ အဓိကကျောရိုးပဲ... မင်းပို သန်မာလာလေ ငါတို့ ပိုသန်မာလာလေပဲလေ... ပထမဆုံးအနေနဲ့ ငါတို့ လက်ရွေးစင် ကျောင်းသားအဖြစ် အဆင့်မြှင့်ရမယ်... ပြီးရင် ငါတို့ ကလန်တွေကို အသိပေးရမယ်... ငါတို့သာ သူတော်စင်သင်ကြားရေး အကယ်ဒမီမှာ လက်ရွေးစင်ကျောင်းသား ဖြစ်သွားကြောင်းသာ ကလန်ကသိသွားရင် ငါတို့တွေ ဆုလာဘ်တွေ ရဦးမှာပဲ... ပြီးတော့ မင်းဆက်ပြည်ထောင်က ငါတို့ကို ကာကွယ်ပေးထားရင် ငါတို့ ကလန်တွေကို အခြားကလန်တွေက ပြဿနာရှာမှာ ကြောက်စရာ မလိုတော့ဘူး"
ထို့နောက် သူတို့ လေးယောက် သူတော်စင် သင်ကြားရေး အကယ်ဒမီကို ထွက်သွားကြသည်။
ရန်ချီကတော့ လက်ရွေးစင် ကျောင်းသားနယ်မြေမှာရှိသည့် သူ့ ရေကန်ဘေးမှ ဘုရားကျောင်းလေးကို ပြန်သွားသည်။
သူက သူ့ကိုသူ စမ်းစစ်ပြီးနောက် သူ့ နည်းစနစ်များနှင့် အမျိုးမျိုးသော ပြောင်းလဲမှုများကို ပြုပြင်နိုင်ခဲ့သည်။ သူက သူ့ အတွင်းနတ်ဆိုး (စိတ်ရိုင်း)ကို အနိုင်ရရှိကာ လုပ်ကြံသတ်ဖြတ်ခြင်း တာအိုနှင့်ပတ်သက်၍ ဉာဏ်အလင်းများစွာ ရရှိခဲ့ပြီး ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ပြောင်းလဲ အသုံးပြုနိုင်ခဲ့သည် မဟုတ်ပါလား။
"ဟေ့လူတွေ တွေ့လား... ရန်ချီ သူငယ်ချင်းတွေ ထွက်သွားကြပြီ"
အင်မော်တယ်ခြေနင်း ကျောင်းတော်၏ ထောင့်တစ်ထောင့်၌ အတွင်းစည်း ကျောင်းသား အချို့က သူတို့ကို နောက်ယောင်ခံနေခဲ့ကြသည်။ သူတို့က တော်ဝင်အိမ်ရှေ့စံအဖွဲ့မှ အဖွဲ့သားများပင်။
"သူတို့က ပြီးခဲ့တဲ့ နှစ်ရက်လုံး ကျင့်ကြံနေခဲ့ကြတာလေ... ဟမ့် သူတို့ကိုသူတို့ လောကအုပ်ချုပ်သူ အဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်မယ်လို့ ထင်နေတာ ငါယုံတောင် မယုံနိုင်ဘူး... အဲဒါကို လွယ်တယ်များ ထင်နေသလားပဲ... လျန့်တုန်က လောကအုပ်ချုပ်သူဖြစ်လာတာက အံ့ဩစရာကြီးပဲ... အစ်ကိုကြီး ဂူဖန်းရှန်းက ငါတို့ကို လျန့်ကလန်မှာ ပြဿနာ သွားရှာစေချင်ခဲ့တာ... အခုတော့ သူတော်စင် ဘိုးဘေးမင်းဆက်က သူတို့ကို ကာကွယ်ပေးနေမှာတော့ ထင်သလောက် မလွယ်နိုင်တော့ဘူး"
"ဂိုဏ်းတူ အစ်ကိုကြီး ဂူဖန်းရှန်းက ဂိုဏ်းတူ အစ်မတော် ယွမ်ဟိုက်လန်ရဲ့ အမိန့်တွေကို နာခံနေတာပဲ... သူမကို တော်ဝင်အိမ်ရှေ့စံက ထောက်ပံ့ပေးပြီးတော့ ဂိုဏ်းအုပ်တိမ်တိုက်နဲ့ လေပြေဆီမှာတောင် သင်ကြားနေတာလေ... ကဲကဲ ပြောနေတာရပ်ပြီး လုပ်စရာရှိတာ လုပ်ကြရအောင်... တကယ်လို့ ငါတို့သာ သူမကို ပျော်အောင် လုပ်ပေးနိုင်ရင် ငါတို့အတွက် အများကြီး အကျိုးရှိစေလိမ့်မယ်"
"သူမက ငါတို့ထက် အဆင့်မြင့်တော့ သူမဆီက မျက်နှာသာရဖို့က ထင်သလောက် မလွယ်ဘူးလေ... ဒါပေမဲ့ သူမရဲ့ဝမ်းကွဲ ဆောင်ဟေရှမ်းကတော့ ကွဲပြားတယ်... သူ့ရဲ့ အဆင့်အတန်းအရ ကျောင်းသူတွေက သူ့ဆီကို ပစ်ဝင်ချင်နေကြတာလေ... သူက အတိတ်တုန်းက ရန်ချီကို ရှုံးနိမ့်ခဲ့လို့ သူ့ကိုသူ အပြစ်တင်နေခဲ့တယ်... အကယ်၍ သူသာ ရန်ချီကို အနိုင်ရလို့ကတော့ တော်တော်လေးကို ကျေနပ်နေမှာပဲ"
"လာလာ ငါတို့ သူတို့နောက် လိုက်ဖို့ လိုတယ်... သူတို့ ဘယ်လောက် တိုးတက်လာလဲ စုံစမ်းဖို့ သူက ငါတို့ကို အမိန့် ပေးထားတယ်လေ"
"ငါကြားတာတော့ ယွမ်ဟိုက်လန်က ဆောင်ဟေရှမ်းအတွက် တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ခေါင်းဆောင်ပိုင်းတွေကို အကူအညီ တောင်းထားတယ်တဲ့... သူက နှစ်လလောက် ကျင့်ကြံပြီးတဲ့နောက် လွန်ခဲ့တဲ့ အပတ်ကပဲ လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်သွားတယ်တဲ့လေ"
"အမှန်ပဲ... သူက လွန်ခဲ့တဲ့ သုံးရက်ကပဲ လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်သွားခဲ့တာ"
"ဟေ့လူတွေ ကြည့်ဦး... သူတို့တွေက သူတော်စင်သင်ကြားရေး အကယ်ဒမီကို သွားနေကြတာပဲ... သူတို့..."
ရုတ်တရက် တော်ဝင်အိမ်ရှေ့စံအဖွဲ့သား ကျောင်းသားများအားလုံး စိတ်မသက်မသာ ခံစားလိုက်ရတော့သည်။
End
***