တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှ ကျောင်းသားအားလုံး တုန်လှုပ်သွားကြသည်။
လီဟီ၊ ဟွာရင်းဟူ၊ ဟီဂျီလီနှင့် လျန့်တုန်တို့ သူတော်စင်သင်ကြားရေး အကယ်ဒမီကို ဦးတည်သွားနေကြသည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။
လျန့်တုန်က လက်ရွေးစင်ကျောင်းသားတစ်ယောက်ဖြစ်၍ ထိုနေရာသို့ ပြန်သွားဖို့က အကြောင်းပြချက် မရှိချေ။ ကျန်သုံးယောက်က အပြင်စည်း ကျောင်းသားများသာ ဖြစ်လေရာ မည်သည့်အတွက်ကြောင့် သူတို့ သွားကြမည်နည်း။
အဓိကအကြောင်းတစ်ခုသာ ရှိပေတော့သည်။ ထိုအရာက သူတို့အားလုံး လောက အုပ်ချုပ်သူများ ဖြစ်ကာ လက်ရွေးစင်ကျောင်းသား ဖြစ်လာဖို့ပင် ဖြစ်ပေသည်။
"မြန်မြန်... သူတို့နောက် လိုက်ပြီး ဘာတွေလုပ်နေလဲ ကြည့်ရမယ်"
သူတို့က သူတို့ အဖွဲ့နောက်သို့ အမြန်ဆုံး ပြေးလိုက်သွားကြသည်။
ကျောင်းသား လေးယောက်က သူတော်စင် သင်ကြားရေး အကယ်ဒမီသို့ ဦးတည်နေကာ သူတို့နောက်မှ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများ လိုက်နေခြင်းက ချက်ချင်းပင် လူတိုင်းကို ဆွဲဆောင်သွားသည်။
သူတို့ ရောက်သွားကြသောအခါ အကြီးအကဲချေမှုန်းရေး တပ်သားက အံ့အားသင့်စွာ ကြည့်နေသည်။
"ဘာ... မင်းတို့ သုံးယောက်လုံး လောကအုပ်ချုပ်သူ အဆင့်ကို ရောက်သွားပြီ... မင်းတို့ရဲ့ နည်းစနစ်တွေကို စစ်ဆေးဖို့ ထုတ်ပြပါ"
ဝှစ်...
နေမင်းကဲ့သို့ လောင်ကျွမ်းနေသော ဓားစွမ်းအင်များ ထွက်ပေါ်လာသောအခါ သူတော်စင် သင်ကြားရေး အကယ်ဒမီ၌ လေပြင်းများ တိုက်ခတ်လာလေတော့သည်။
အကြီးအကဲ ချေမှုန်းရေး တပ်သားက ပြောလိုက်သည်။
"ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုးဓား နည်းစနစ်လဲ... ဒီလို သန့်စင်ဖို့အတွက် နေကျောက်မြတ်နဲ့ အနက်ရောင် ရေနဂါးရဲ့ လရောင်ခြည်ကို သုံးဖို့ လိုအပ်ပြီးတော့ မီးနှင့်ရေကို မျှတအောင် ပေါင်းစပ်နိုင်ဖို့ လိုအပ်တယ်... တိုက်ပွဲမှာသာ ဒီလိုဓား စွမ်းအင်နဲ့ဆိုရင် မင်းတို့သုံးယောက်က လောကအုပ်ချုပ်သူတွေကြားမှာ အကောင်းတကာ အကောင်းဆုံးလူတွေ ဖြစ်မှာပဲ... မင်းတို့ရဲ့ အနာဂတ်ကတော့ ကြောက်မခန်း တလိလိပါပဲကွာ"
"အကြီးအကဲထင်တာ မှန်ပါတယ်... ငါတို့ ကလန်တွေရဲ့ အကူအညီနဲ့ နေကျောက်မြတ်နဲ့ အနက်ရောင် ရေနဂါး အမြူတေက လရောင်ခြည် အချို့ကို ရရှိခဲ့တယ်... အဲဒါက စကြဝဠာ တစ်ခွင် နေရောင်ခြည် လွှမ်းမိုး ဓားပညာကို ကျင့်ကြံရာမှာ နောက်တစ်ဆင့်ကို ရောက်ရှိစေပြီး လောကအုပ်ချုပ်သူ အဆင့်ကို ချိုးဖောက် တက်လှမ်းသွားနိုင်တာပဲ"
"ကောင်းတယ် ကောင်းတယ်"
သူတော်စင်သင်ကြားရေး အကယ်ဒမီမှ အခြားအကြီးအကဲများကလည်း ချီးကျူးလိုက်ကြ သည်။
"မင်းတို့ရဲ့ သွေးကြောတွေက သာမန် လက်ရွေးစင်ကျောင်းသားတွေထက် အများကြီး သန်မာလွန်းတယ်"
"မင်းတို့ရဲ့ စွမ်းအားပင်လယ်ကလည်း အများကြီး ပိုကျယ်ပြန့်လာတယ်... မင်းတို့က အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာသူတွေလို့တောင် သတ်မှတ်နိုင်တယ်... အခုချိန်မှာတော့ ငါတို့ သူတော်စင် သင်ကြားရေး အကယ်ဒမီက အကြီးအကဲတွေက မင်းတို့ကို လောကအုပ်ချုပ်ခြင်းအဆင့်ဖြစ်ကြောင်း အတည်ပြုပေးပြီးတော့ လက်ရွေးစင်ကျောင်းသားအဖြစ် အဆင့်မြှင့်ပေးမယ်... ဟေ့လူတွေ လက်ရွေးစင် ကျောင်းသားဝတ်စုံတွေနဲ့ တံဆိပ်တွေ ယူလာခဲ့ကြ... ပြီးတော့ သူတို့ကို လက်ရွေးစင်ကျောင်းသား နယ်မြေမှာ ကိုယ်ပိုင်နေထိုင်စရာ နေရာစီစဉ် ပေးလိုက်ပါ"
ထိုလက်ရွေးစင် ကျောင်းသား ခန့်အပ်ပွဲကြောင့် တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများက လုံးဝ အံ့ဩကုန်သည်။
ထိုအုပ်စု၏ လုပ်ဆောင်ချက်များကို ချောင်းမြောင်းနားထောင်သည့်အဖွဲ့ကို အဆင့် (၉) အတွင်းကျောင်းသားတစ်ယောက်က ဦးဆောင်ထားခြင်းဖြစ်သည်။ အချိန်တော်တော်လေး ကြာပြီးနောက် သူက စိတ်ကို တည်ငြိမ်စွာ ထားကာ ပြောလိုက်သည်။
"ကဲ သွားကြရအောင်... ငါတို့ရဲ့ အကြီးအကဲတွေကို ဘာတွေဖြစ်နေလဲ သွားပြောရမယ်... ဒါက ကိစ္စကြီးပဲ"
"သွားကြမယ်"
ကျောင်းသား အားလုံး ပျံသန်းသွားကြသည်။
မကြာမီမှာပင် လောကအုပ်ချုပ်သူ သုံးယောက်အကြောင်းက သတင်းပြန့်သွားလေတော့သည်။
"သူတို့က ရန်ချီနဲ့ အနီးစပ်ဆုံး သူငယ်ချင်းတွေပဲ... သူတို့က တစ်ချိန်တည်း အဆင့်ချိုးဖောက် တက်လှမ်းသွားနိုင်ကြတယ်လား... သူတို့က အလားအလာကောင်းတာ အသေအချာပဲ... သူတို့ကို သိမ်းသွင်းနိုင်တဲ့ အဖွဲ့ကတော့ ချက်ချင်း ပိုသန်မာလာမှာပဲ... လက်ရွေးစင် ကျောင်းသားတွေ ဆိုတာ ကျောင်းတော်မှာ အရမ်း အရေးပါတယ်လေ"
"အမှန်ပဲ... သူတို့က အခု လက်ရွေးစင် ကျောင်းသားတွေ ဖြစ်လာပြီဆိုမှတော့ သူတို့ကလည်း ထည့်တွက်ရမယ့် အင်အားစုတစ်စုပဲ... သူတို့က သူတို့ လိုချင်တာကို ဖြစ်အောင်လုပ်ကြတဲ့ လူစားတွေ ဆိုတော့ အခုချိန်မှာ သူတို့ကို ဘယ်သူမှ မထိရဲကြတော့ဘူး"
"ငါ... ငါတို့ မိုးကြိုးငါးခုအဖွဲ့က အမြင့်ပိုင်းလူတွေကို ပြောရမယ်... ငါတို့ ရန်ချီနဲ့ သူ့သူငယ်ချင်းတွေကို မြန်နိုင်သမျှ မြန်အောင် ငါတို့ အဖွဲ့ထဲ ဆွဲသွင်းရမယ်... အထူးသဖြင့် ရန်ချီပဲ... သူက တကယ်ကို ပါရမီရှင်ပဲ"
"တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ယွမ်ဟိုက်လန်က သူမနဲ့ ပြဿနာ ဖြစ်ထားတယ် မဟုတ်လား... သူတို့ ဘာဆက်ဖြစ်မလဲ မြင်ချင်နေမိတယ်"
"ဒါက သတင်းဟောင်း တစ်ခုပဲလေ... ငါကြားတာတော့ သူမက အတိတ်တုန်းက သူ့ကို သစ္စာဖောက်ခဲ့တယ် ဆိုလားပဲ"
"ရှူး... မင်းအသံကို ထိန်းဦးဟ... ယွမ်ဟိုက်လန်က ယခုအချိန် ကျောင်းတော်မှာ ထင်ရှားတဲ့ သူတစ်ယောက် ဖြစ်နေပြီ... သူမက တော်ဝင်အိမ်ရှေ့စံရဲ့ ခွင့်ပြုချက်ကို ရရှိခဲ့ပြီးတော့ ဂိုဏ်းအုပ် တိမ်တိုက်နဲ့ လေပြေထံမှာ ပညာသင်တပည့်ဖြစ်နေပြီ... မင်း သူမအကြောင်း ပြောနေတာသာ တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ကြားသွားရင် မင်း အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မယ်"
"လာ လာ... ဒီက သွားကြရအောင်"
ကျောင်းသားများက သူတို့ အချင်းချင်း တိုးတိုးတိတ်တိတ်ပြောကာ ဖြည်းဖြည်းချင်း ထွက်သွားကြသည်။
ထိုအချိန်အတွင်း အင်မော်တယ်ခြေနင်း ကျောင်းတော်၏ အဆောက်အဦများ အနောက်ဘက်ရှိ ကောင်းကင်လျှိုမြောင်တောင်တန်းများ၌ လက်ရွေးစင် ကျောင်းသားတစ်စုက တစ်ခုသော တောင်ထွတ်မှာ ဆွေးနွေးနေကြသည်။
သူတို့ထဲမှ တစ်ယောက်က တစ်ချိန်က ရန်ချီကို ရှုံးနိမ့်ခဲ့သော ဂူဖန်းရှန်းနှင့် တော်တော်လေး ဆင်တူသည်။ လက်ရှိအချိန်၌ သားမွှေးချပ်ဝတ်ကို ဝတ်ဆင်ထားကာ သူရဲကောင်းစစ်သည် တစ်ယောက်နှင့် တူညီနေသည့် ဆောင်ဟေရှမ်းလည်း ရှိနေသည်။ သို့သော် သူက အမူအရာက ခက်ထန်နေကာ မျက်လုံးများက အမုန်းမီးများ တောက်လောင်လျက် လမ်းဘေးတစ်နေရာ၌ ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေ တစ်ကောင်နှင့် တူညီနေသည်။
သူတို့ထဲမှ အချို့ ထိပ်သီး ကျွမ်းကျင်သူများက အဆင့် (၂)၊ အဆင့် (၃) လောက အုပ်ချုပ်သူများ ဖြစ်ကြကာ အဆင့် (၄) လောက အုပ်ချုပ်သူတစ်ယောက်ပင် ပါရှိနေသေးသည်။
ဆောင်ဟေရှမ်းက ယခုအခါ လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်ကာ သူ့ထံမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများအရ သူက ရှားပါးသော နည်းစနစ် တစ်ခုကို ကျင့်ကြံထားပုံ ရသည်။
သူတို့ အုပ်စုကို လူငယ်တစ်ယောက်ဖြစ်သည့် ကျန်းဖန်က ခေါင်းဆောင်ခြင်း ဖြစ်သည်။
သူက လောကအုပ်ချုပ်သူ အဆင့် (၄) ကျင့်ကြံမှု အခြေခံရှိကာ လက်ရှိလူစုထဲ၌ အဆင့်အတန်း အမြင့်ဆုံးဖြစ်သည်။
ဆက်ပြောရလျှင် သူတို့ ရောက်ရှိနေသည့် တောင်ထွတ်က သူ ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှ လောကအုပ်ချုပ်သူ အဆင့် (၅)ကို ရောက်ရှိကာ လက်ရင်းတပည့် ဖြစ်လာသည့် ကျောင်းသားတစ်ယောက်၏ နေရာပင်။ သို့သော် သူက အကျိုးအမြတ် ကိစ္စအတွက် ခရီးထွက်နေလေရာ သူ ထွက်သွားပြီးနောက် အဖွဲ့အစည်းမှ ကျောင်းသားများ သူ့တောင်ကုန်းကို အသုံးပြုဖို့ ခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ကျောင်းသားအဖွဲ့၌ လက်ရင်းတပည့် တစ်ယောက် မပါရှိဘဲ ကောင်းကင်လျှိုမြောင်တောင်တန်းကို သွားခွင့်မရှိချေ။ သို့သော် သူတို့က တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများ ဖြစ်ကြရာ ကွဲပြားခြားနားသည်။
ကျန်းဖန်က အေးစက်စက် နှာတစ်ချက်ရှုံ့လိုက်ကာ ပြောလိုက်သည်။
"ချူထျန်းကောတစ်ယောက် ဘယ်ရောက်နေတာလဲ... သူ ပြန်မလာတာ တစ်လကျော်ပြီ... တော်ဝင်အိမ်ရှေ့စံ အဖွဲ့သား တစ်ယောက်အနေနဲ့ ငါတို့ ကူညီရမည့် အရေးကြီး အလုပ်တွေ အများကြီးရှိတယ်... သူက ထုတ်ပယ်ခံရတာလား ဘာတွေ ဖြစ်သွားတာလဲ"
"အစ်ကိုကြီးကျန်း"
ဂူဖန်းရှန်းက ပြောလိုက်သည်။
"ငါကြားတာတော့ ချူထျန်းကောက သုခမိန် အဖွဲ့သားတွေနဲ့ မကောင်းဆိုးဝါး တောင်တန်းမှာ တာဝန်တစ်ခု သွားလုပ်တယ်တဲ့... အဲဒီထဲက သူ့ကို မတွေ့တော့တာပဲ... သုခမိန် အဖွဲ့က ကျောင်းသားတွေ ပြန်ရောက်လာပေမဲ့လည်း သူက ပြန်မရောက်လာဘူး... သူသေသွားတာ ဖြစ်နိုင်ဖို့က ဖြစ်နိုင်ခြေ များတယ်"
"သူသေသွားလည်း ကောင်းတာပဲ"
အဆင့် (၂) လောက အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။
"သူက မာနကြီးနေတာပဲလေ... အခြားအဖွဲ့က လူတွေနဲ့ ပူးပေါင်းနေတာ ယုံတောင် မယုံနိုင်ဘူး... တကယ်လို့ သူသာ သေသွားတာဆိုရင် ကျောင်းတော်က သုခမိန် အဖွဲ့အစည်းကို စစ်ဆေးလိမ့်မယ်"
"ခဏလေး"
ဆောင်ဟေရှမ်းက ပြောလိုက်သည်။
"တကယ်လို့ ချူထျန်းကောသာ ကျောင်းတော်များအကြား သိုင်းပညာ ယှဉ်ပြိုင်ပွဲမှာသာ ပေါ်မလာရင် ကျောင်းတော်က သူတို့ဘာသာ စုံစမ်းကြလိမ့်မယ်... အခုချိန် အဲဒါက အရေးမကြီးဘူး... အခုချိန်မှာ ရန်ချီရဲ့ ကိစ္စကိုပဲ ပြောကြရအောင်"
"ရန်ချီက လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်နေပြီ"
ကျောင်းဖန်က ပြောလိုက်သည်။
"ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက နက်ရှိုင်းလွန်းတယ်... ညီငယ်လေး ဂူဖန်းရှန်းတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး... တကယ်လို့ သူသာ ငါတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်နေရင် ငါတို့ သူ့ကို ချေမှုန်းပစ်ရမယ်... ဟိုက်လန်က လက်ရှိအချိန်မှာ တော်ဝင်အိမ်ရှေ့စံက ထောက်ပံ့ထားတာ ဖြစ်လို့ သူမ ဖြစ်ချင်တာ မှန်သမျှက သူဖြစ်တာလို့ပဲ မှတ်ယူရမယ်... ပထမဆုံးအနေနဲ့ ရန်ချီ သစ္စာခံဖို့ ကျိန်ဆိုလာအောင် ကြိုးစားရမယ်... အကယ်၍ သူသာ ငြင်းဆန်ရင်တော့ သူ့ကို အပြတ်ရှင်းရမှာပေါ့"
ဂူဖန်းရှန်းက ကျောင်းဖန်၏ ကောက်နုတ်ချက်ကြောင့် မကျေမနပ်ဖြစ်သွားသည်။ သူက အေးစက်စွာ နှာတစ်ချက် ရှုံ့လိုက်ရင်း ပြောလိုက်သည်။
"အဲဒီနေ့ ကိစ္စက ငါ ဂရုမစိုက်မိလို့ပါ အစ်ကိုကြီး ကျောင်းဖန်... တကယ်လို့ ငါသာ အင်မော်တယ် သတ်ဖြတ်ခြင်း ပန်းချီသာ သုံးလိုက်ရင် သူက အခုချိန်ဆို သေတောင် သေနေလောက်ပြီ"
"လာပါ အစ်ကိုကြီးဂူ"
အခြား ကျွမ်းကျင်သူ တစ်ယောက်က ပြောလိုက်သည်။
"ရန်ချီက လွယ်ကူတဲ့ ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူးလေ... သူ့နောက်မှာ ရန်စုစုနဲ့ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်လည်း ရှိသေးတယ်... သူတို့ နှစ်ယောက်ကမှ တကယ် ပြဿနာပဲ"
"ဘယ်သူက သူတို့ နှစ်ယောက်ကို ဂရုစိုက်နေမှာလဲ"
"ငါ့ဝမ်းကွဲက ဂိုဏ်းအုပ်တိမ်တိုက်နဲ့ လေပြေဆီမှာ သင်ယူနေတာ... ဂိုဏ်းအုပ် လေပြေနဲ့ တိမ်တိုက်တို့က ငါတို့ဘက်မှာ ရှိနေမှာတော့ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်နဲ့ ရန်စုစုသာ ငါတို့ကို ဆန့်ကျင်ဖို့ ကြိုးစားရင် သူတို့ပဲ သေသွားလိမ့်မယ်"
သူ့ အသံက တုန်ခါနေကာ ရန်ချီလက်ထဲ ရှုံးနိမ့်ခဲ့ခြင်းအတွက် အရှက်ကြီးရှက်ကာ ကလဲ့စား ချေချင်နေကြောင်း သိသာနေသည်။
သူတို့နှစ်ဦး တွေ့ဆုံခဲ့စဉ်က ရန်ချီက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုခဲ့ချေ။ ယခုအချိန်မှာတော့ သူက ထင်ရှားကျော်ကြားလာပြီး အင်မော်တယ်ခြေနင်း ကျောင်းတော်၌ ဆောင်ဟေရှမ်းထက်ပင် နေရာ ပိုမြင့်နေခဲ့သည် မဟုတ်ပါလား။ ထိုအရာများကို စဉ်းစားမိတိုင်း သူ ဘာမှမလုပ်ဘဲ ထိုင်နေနိုင်မည်နည်း။
"ကောင်းပြီလေ"
ဂူဖန်းရှန်း၏ အသံက အမုန်းများကြောင့် တုန်ခါနေသည်။
"ကောင်းပြီ... ရန်ချီနဲ့ ပတ်သက်ပြီး ငါတို့ အခုချိန် ဘာမှမလုပ်နိုင်ရင်တောင် သူ့ရဲ့ ကြံရာပါတွေနဲ့ ပတ်သက်ပြီးတော့ရော တစ်ခုခုမလုပ်နိုင်ဘူးလား... သူတို့ နာမည်က ဘာပါလိမ့်... လီဟီ၊ ဟွာရင်းဟူ... သူတို့ကို သတ်တာဖြစ်ဖြစ်၊ ကျင့်ကြံခြင်းကို ဖျက်ဆီးတာဖြစ်ဖြစ် လုပ်ကြရအောင်... သူတို့ ကလန်တွေကို လုပ်ကြံပြီးတော့ ငါတို့ကို သစ္စာခံဖို့ ဖိအားပေးနိုင်ရင် ပိုတောင် ကောင်းဦးမယ်... ရန်ချီ ဂရုစိုက်သမျှ အားလုံးကို တစ်ချိန်တည်း ဖျက်ဆီးကြတာပေါ့"
ထိုအချိန်မှာပင် တောင်ဘက်မှ အဖွဲ့တစ်ဖွဲ့၏ အသံများ ထွက်ပေါ်လာသည်။
"သတင်းဆိုး တကယ် သတင်းဆိုး"
ကျောင်းဖန်က လက်ကိုဝှေ့ယမ်းကာ တောင်အောက်ရှိ ကျောင်းသားများ ခြေထောက်အောက်သို့ စစ်မှန်သော စွမ်းအင်များ ရောက်ရှိသွားကာ သူတို့ကို တောင်ထွတ်သို့ သယ်ဆောင်လာကြသည်။
"သတင်းဆိုး အစ်ကိုကြီးကျောင်း"
ရန်ချီ သူငယ်ချင်းများကို စောင့်ကြည့်နေသည့် ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။
"ဘာဖြစ်ခဲ့တာလဲ ပြော... မြန်မြန်"
ကျောင်းဖန်၏ အမူအရာက တုန်ခါနေသည်။
"တို့တွေ ဟွာရင်းဟူ၊ ဟီဂျီလီနဲ့ လီဟီတို့ကို စောင့်ကြည့်နေခဲ့တာ... သူတို့တွေ သူတော်စင် သင်ကြားရေး အကယ်ဒမီကို သွားကြတယ်... ကြီးမြတ်တဲ့ အကြီးအကဲတွေက သူတို့ကို လက်ရွေးစင် ကျောင်းသားအဖြစ် အသိအမှတ်ပြုလိုက်ကြပြီ... သူတို့ အားလုံး လောကအုပ်ချုပ်ခြင်းအဆင့်ကို ရောက်သွားကြပြီ... သူတော်စင်သင်ကြားရေး အကယ်ဒမီက သူတော်စင် ဘိုးဘေးမင်းဆက်ကို သတင်းပို့လိုက်တာနဲ့ သူတို့ ကလန်တွေ ဆုတွေ ရကြမှာပဲ..."
"ဘာ..."
ဆောင်ဟေရှမ်း ပြောကာ မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် စကားပြောနေသော ကျောင်းသားလေး၏ လည်ကုပ်ကို ကိုင်ကာ...
"မင်း မျက်နှာလာမပြောင်နဲ့... မင်း ဘာပြောလိုက်လဲ မင်းသိလား"
ကျောင်းသားလေးက ဒေါသထွက်နေသည့် ပုံစံဖြင့် ပြန်ကြည့်လိုက်သည်။ တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှ ကျောင်းသားအများစုက ဆောင်ဟေရှမ်းသည် သူ့ဝမ်းကွဲကြောင့်သာ အဆင့်မြှင့်နေကြောင်း ခံယူထားကြသည်။ အကယ်၍ သူတို့သာ ပတ်သက်မှု မရှိပါက သူက တကယ့် အမှိုက်သာသာ တစ်ယောက်ပင် ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း သူတို့က ထိုစကားကို ထုတ်မပြောရဲကြချေ။
ဝုန်း...
ဆောင်ဟေရှမ်းက ကျောင်းသားလေးကို ဘေးဘက်သို့ တွန်းဖယ်လိုက်သည်။ သူ့ပုံစံက အလွန်အမင်း ဒေါသထွက်နေပုံ ပေါက်ကာ ပြောလိုက်သည်။
"သေစမ်းကွာ... ရန်ချီရဲ့ သူငယ်ချင်းတွေက ဘယ်လိုလုပ်ပြီး လက်ရွေးစင် ကျောင်းသားတွေ ဖြစ်လာရတာလဲ... ငါ့ဘဝ တစ်လျှောက်လုံး ကြိုးစားခဲ့တယ်... ငါ နတ်ဆိုးသုတ်သင်ခြင်း မျှော်စင်မှာ နေ့ရောညပါ ကျင့်ကြံခဲ့တယ်... မိစ္ဆာနတ်ဆိုးတွေနဲ့ အချိန်တိုင်း တိုက်ခိုက်နေပြီး ငါ့ကိုငါ တွန်းအားပေးခဲ့တယ်... ရန်ချီ... ငါ မင်းကို သတ်မယ်"
"စိတ်ငြိမ်ငြိမ်ထားပါ ဆောင်ဟေရှမ်း"
"ကိစ္စတွေက ပြောင်းလဲသွားပြီ... အရင် အစီအစဉ်တွေကို မေ့လိုက်တော့... သူတို့က လက်ရွေးစင်ကျောင်းသားဖြစ်ပြီးတော့ သူတော်စင်ဘိုးဘေးမင်းဆက်က ဆုတွေ ချီးမြှင့်ခံနေရပြီ... အခုချိန်မှာ သူတို့ကို တစ်ခုခုလုပ်ရင် သူတော်စင်ဘိုးဘေးမင်းဆက်ကို ပါးရိုက်လိုက်သလိုပဲ... ကျောင်းတော်က ဒါမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူး"
"ဘာဖြစ်လဲ... ကြောက်နေရမှာလား"
ဆောင်ဟေရှမ်း၏ မျက်လုံးများက လုံးဝ သွေးဆာနေသည်။
"ရန်ချီ သေကိုသေရမယ်... ဒါ ငါ့ဝမ်းကွဲ ဖြစ်ချင်နေတာပဲ... သူ့ကို ရင်ဆိုင်ဖို့ ငါတို့ တစ်ခုခု စဉ်းစားရမယ်"
"ကောင်းပြီ... ငါတို့ သူ့သူငယ်ချင်းတွေကို ဘာမှမလုပ်နိုင်မှတော့ သူ့ကို တိုက်ရိုက် ရှင်းကြတာပေါ့"
ကျောင်းဖန်က အေးစက်စွာ ရယ်မောလိုက်သည်။
"ဟွာရင်းဟူနဲ့ အခြားလူတွေက အရင်က အဆင့်နိမ့်ကျောင်းသားတွေပဲ... သူတို့က ရန်ချီနဲ့ တွေ့ပြီးမှ နှစ်ဝက်အတွင်း လက်ရွေးစင် ကျောင်းသားတွေ ဖြစ်လာကြတယ်... သေချာတာတော့ ရန်ချီကြောင့်ပဲ နေမယ်... သူ့မှာ လျှို့ဝှက်ချက်တွေ ရှိကိုရှိရမယ်... မနက်ဖြန်ကျမှ ငါ့ဘာသာ ကိုင်တွယ်လိုက်မယ်... ငါ နောက်နေ့ သူ့ကို လက်ရွေးစင်ကျောင်းသား နယ်မြေကနေ ခေါ်ထုတ်ပြီး သူ့လက်ထဲ ဘာတွေ ဝှက်ထားလဲ ရှာဖွေလိုက်မယ်"
End
***