"ကောင်းပြီ ကောင်းပြီ"
ဆောင်ဟေရှမ်းက အနည်းငယ် တည်ငြိမ်စွာ ပြောလိုက်သည်။
"အစ်ကိုကြီး ကျန်းဖန်... အစ်ကိုကြီးက ရန်ချီကို ချေမှုန်းနိုင်ရင်တောင် ကျွန်တော် လုပ်ခဲ့တာ မဟုတ်တဲ့အတွက် ဒေါသထွက်နေမိဦးမှာပဲ"
သူက ကျန်းဖန် ဘယ်လိုလူစားလဲဆိုတာကို သေချာသိသည်။ သူက အဆင့် (၄) လောက အုပ်ချုပ်သူဖြစ်ကာ အဆင့် (၅) လောကအုပ်ချုပ်သူဖြစ်လာဖို့ တော်တော်လေးကို နီးစပ်နေသည်။
အကယ်၍ ထိုကဲ့သို့သော လူတစ်ယောက်က ရန်ချီကို တစ်ခုခုလုပ်ချင်နေပါက ရန်ချီ ပိုမို သန်မာလာလျှင်ပင် နောက်ဆုံးမှာ ချေမှုန်းခံရပေလိမ့်မည်။
သို့သော် ရန်ချီ အရှက်တကွဲဖြစ်မှာကို တွေးမိရင်း ဆောင်ဟေရှမ်း၏ နှလုံးသားထဲ၌ ပျော်မြူးနေသည်။
"ငါ့ရဲ့ ပုံရိပ်အရ ငါ ရန်ချီကို ပုံမှန်ဆိုရင် ဘာမှလုပ်နေစရာ မလိုဘူး"
ကျန်းဖန်က ပြောလိုက်သည်။
"ဒါပေမဲ့ သူက သူ့သူငယ်ချင်းတွေကို လောကအုပ်ချုပ်သူဖြစ်လာအောင် ကူညီနိုင်မှတော့ အံ့ဩဖို့ကောင်းတဲ့ လျှို့ဝှက်ချက်အချို့ သူ့မှာရှိရမယ်... သာမန်အခြေအနေမှာ ဒီလူတွေ လောကအုပ်ချုပ်ခြင်းအဆင့်ကို ဒီလောက်မြန်မြန် ရောက်ဖို့က မဖြစ်နိုင်ဘူး... ငါသာ သူ့မှာရှိတဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်နိုင်ပြီးတော့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့အတွက်သာ အသုံးချနိုင်ရင် အဲဒါက တော်တော်လေးကို အကျိုးရှိလာမှာပဲ"
"ကောင်းပြီ အားလုံးပဲ ငါတို့ ပြီးခဲ့တဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ပြောကြတာပေါ့... ငါတို့ အားလုံး ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ဉာဏ်အလင်းတွေနဲ့ ပတ်သက်ပြီးတော့ တိုင်ပင် ဆွေးနွေးကြတာပေါ့... မနက်ဖြန် ငါတို့ ရန်ချီကို ခေါ်ထုတ်ပြီး ငါတို့ မေးခွန်းတွေအတွက် အဖြေရှာကြတာပေါ့"
"ကောင်းပါပြီ အစ်ကိုကြီးကျန်း"
ဂူဖန်းရှန်းက ပြောလိုက်သည်။
"ငါတို့အားလုံး အစ်ကိုကြီးဆီက ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ ထောက်ပြမှုအချို့ လိုချင်ပါတယ်... အဆင့်ချိုးဖောက် တက်လှမ်းနိုင်ဖို့ကိုပဲ မျှော်လင့်မိတယ်။ အဲဒါဆို ရန်ချီကို ငါ့ရဲ့ ဒေါသတွေအတွက် ထွက်ပေါက်အဖြစ် အသုံးချပစ်ရမယ်"
ကျန်းဖန်က မျက်လုံးမှိတ်လိုက်သည်။
"ငါ ကျင့်ကြံတော့မယ်လို့ ပြောနေတယ်"
ရန်ချီက လက်ရွေးစင်ကျောင်းသားနယ်မြေရှိ သူ့ ရေကန်ဘေးမှ ဘုရားကျောင်းလေးမှာ ကြက်ခြေခတ် ထိုင်ကာ စစ်မှန်သော စွမ်းအင်များကို လှည့်ပတ်နေသည်။
သူ့ ဦးခေါင်းထက်၌ ငရဲမီးတောက်မီးပြင်းဖိုက ပျံဝဲနေကာ လက်ရှိအချိန်မှာ ရွှေဖြူရောင် ပြောင်းလဲနေပြီး မြင့်မြတ်ကာ ဘုန်းကျက်သရေကြီးမားပုံ ပေါ်နေသည်။ ၎င်း၏ အတွင်းပိုင်း၌ ရွှေဖြူရောင် သူတော်စင်မီးလျှံများ လောင်ကျွမ်းနေကာ ထိုမီးလျှံများက အရာအားလုံးကို အရည်ဖျော်ပြီး လောင်ကျွမ်းနိုင်ပုံ ပေါ်နေသည်။
မူလအစက ထိုမီးလျှံများက ချော်ရည်ပူများနှင့် တူညီသည်။ ယခုအခါမှာတော့ ၎င်းက ပြောင်းလဲသွားခဲ့ကာ နတ်ဆိုးစွမ်းအင်များက သန့်စင်ကာ မြင့်မြတ်သည့်အရာများအဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုအရာက ငရဲပြည်မှ မီးလျှံများ မဟုတ်တော့ဘဲ သူတော်စင် မီးလျှံများ အဖြစ်ပြောင်းလဲသွားပြီး သာမန်ထက် ပိုမို သန့်စင်နေသည် မဟုတ်ပါလား။
ထို့ပြင် ရန်ချီ၏ ကိုယ်ပိုင်သွေးများကလည်း ပြောင်းလဲလာကာ ရွှေဖြူရောင် ဖြစ်လာသည်။
ငရဲမီးတောက် မီးပြင်းဖို ဒီမိစ္ဆာ အမြူတေတွေကို အရည်ဖျော်လိုက်စမ်း...
အဆင့် (၅) လောက အုပ်ချုပ်သူ ကျောင်းဝူဖန်၏ အမြူတေက လက်ရှိအချိန်၌ မီးပြင်းဖိုအတွင်း မျောလွင့်နေကာ တဖြည်းဖြည်း ဖဲ့စားခြင်းကို ခံနေရသည်။ ရန်ချီက အခြားအမြူတေများကို သန့်စင်ကာ အသက်ဓာတ် အနှစ်သာရအဖြစ် ပြောင်းလဲလိုက်ပြီး သူ့ ကိုယ်တွင်းမှ နောက်ထပ် အစိတ်အပိုင်းလေးကို ကျွေးမွေးလိုက်သည်။
ယခုအချိန်မှာ သူက ကမ္ဘာဦးဆင်ရိုင်းအကောင် ငါးဆယ်ကျော်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။
လောကအုပ်ချုပ်သူ အဆင့် (၃) သို့ ရောက်ရှိသည့် အချိန်က သူက (၅၁) ခုမြောက် အစိတ်အပိုင်းကို နိုးထနိုင်ခဲ့သည်။ ထို့နောက် ကောင်းကင်နှင့် မြေပြင်မှ သက်စောင့်စွမ်းအင်များ (ပင်ကိုယ်သဘာဝ စွမ်းအင်များ)နှင့် ကောင်းချီးပေးခြင်း ခံရပြီးနောက် နောက်ထပ် အစိတ်အပိုင်း များစွာကို ထပ်မံ နှိုးထနိုင်ခဲ့သည်။ ထို့နောက် သူက ကျောင်းဝူဖန်ကို သတ်ဖြတ်ကာ သူ့ စစ်မှန်သော စွမ်းအင်များနှင့် မိစ္ဆာအမြူတေကိုပါ ရရှိခဲ့သည်။
လက်ရှိအချိန်မှာ သူက မျက်လုံးများကိုမှိတ်ကာ အတွင်းအမြင်ဖြင့် ကြည့်လိုက်ပါက သူ့ စွမ်းအားပင်လယ်အတွင်း အစိတ်အပိုင်း (၅၅) ခု နိုးထနေတာကို မြင်တွေ့နိုင်သည်။ သူက လောကအုပ်ချုပ်သူ အဆင့် (၃) သို့ ရောက်ရှိပြီးနောက် အစိတ်အပိုင်း (၅) ခုကို နိုးထနိုင်ခဲ့သည်။
ဆင်ရိုင်း (၅၅) ကောင်... ဒါက မြစ်ချောင်းတွေနဲ့ ပင်လယ်ကြီးကို ခြောက်သွေ့နိုင်ဖို့တော့ မလုံလောက်သေးဘူး... ဒါပေမဲ့ တောင်ပူစာငယ်လေး တစ်ခုကိုတော့ အလွယ်လေး ဖြိုပစ်နိုင်နေပြီ...
သူက တောင်တစ်တောင်လုံးကို အမြစ်မှ ဆွဲလှန်နိုင်သလို ခံစားမိသည်။
“ဆင်ရိုင်းကြီးတွေက တောင်တန်းတွေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်... မိစ္ဆာ အမြူတေကို သန့်စင်လိုက်စမ်း...”
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ စစ်မှန်သော စွမ်းအင်စီးကြောင်းများစွာကို ငရဲမီးတောက် မီးပြင်းဖိုအတွင်း ပို့လွှတ်လိုက်ရာ ၎င်းက ချက်ချင်း တုန်ခါသွားကာ သူ့အနီး ဝန်းကျင်ရှိ လေထုပါ ယိုယွင်း ပျက်စီးလာသည်။
သူ့အဝတ်အစားပေါ်ရှိ သတ္တုပစ္စည်း အချို့ပင် စတင် အရည်ပျော်လာသည်။
မီးလျှံကို ထိန်းမှ...
သူက စွမ်းအင်များကို ပြန်သိမ်းလိုက်ကာ မီးပြင်းဖိုအတွင်းမှ အပူချိန်ကိုသာ အာရုံစိုက် ထားလိုက်ကာ မိစ္ဆာ အမြူတေများ လောင်ကျွမ်းသွားစေလိုက်သည်။ ထို့ကြောင့် အခန်းထဲမှ လေများက ပြန်လည် အေးမြလာသည်။
ယခုအချိန်မှာ သူက အတွင်းနတ်ဆိုးကို အောင်နိုင်ထားပြီး လုပ်ကြံသတ်ဖြတ်ခြင်း တာအိုနှင့် ပတ်သက်၍ ဉာဏ်အလင်းများတိုးပွားလာကာ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကိုလည်း သူ့ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားနိုင်ခဲ့ခြင်းကြောင့် သူ လုပ်ချင်တာ မှန်သမျှ လုပ်ဆောင်နိုင်သည်။ သူက မာကျောသောအရာများကို လက်ကြီးသက်သက်ဖြင့် ဆုတ်ဖြဲနိုင်သလို နူးညံ့သည့်အရာတိုင်းကို ထိုးဖောက်နိုင်သည်။ သူက ကောင်းကင်နှင့် မြေကြီးမှ သက်စောင့်စွမ်းအင် (ပင်ကိုစွမ်းအင်) ရှိနေသည့် လူသားတစ်ယောက် ဖြစ်လာသည် မဟုတ်ပါလား။
အမြူတေများ လောင်ကျွမ်းပြီးနောက် ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော စာသားများ ပေါ်လာသော်လည်း ရန်ချီက ထိုစာသားများကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ထိုစာသားများက ကျောင်းဝူဖန် ကျင့်ကြံသည့် နည်းစနစ်ဖြစ်ကာ သူ့ စိတ်ဝိညာဉ်၌ မှတ်သားထားခြင်းဖြစ်ကြောင်း သူ သိသည်။ သို့သော် ထိုအရာက ယခုအချိန်မှာ ထိခိုက်ပျက်စီးနေသဖြင့် ရန်ချီအနေဖြင့် ထိုအရာ၏လျှို့ဝှက်ချက်များကို ထုတ်ဖော်ဖို့က မဖြစ်နိုင်တော့ချေ။
သူကိုယ်တိုင်လည်း နတ်ဆိုး မျိုးနွယ်စု၏ ကြုံရာကျပန်း နည်းစနစ်များကို လုံးဝ ဂရုမစိုက်ချေ။
အစက ငါထင်ထားတာ ဒီအမြူတေကို သန့်စင်ဖို့ ဆယ်ရက်လောက်တော့ ကြာမယ်ပေါ့... လဝက်လောက်တောင်ကြာမယ် ထင်ထားသေးမိတာ အခုတော့ ပိုတောင် မြန်နေသေးတယ်... ငါထင်တာတော့ အတွင်းနတ်ဆိုးကို အနိုင်ယူနိုင်ပြီး လုပ်ကြံတိုက်ခိုက်မှုမှာ ကျွမ်းကျင်လာတာကြောင့် အကူအညီ ဖြစ်လာတာနဲ့ တူတယ်... နောက်ဆုံးတော့လည်း ကျင့်ကြံခြင်းကသာ အကောင်းဆုံးပါပဲကွာ...
သူက လက်နှစ်ဖက်ကို ရိုက်လိုက်ရာ မိစ္ဆာအမြူတေက အမှုန်အမွှားများအဖြစ် ကွဲကြေသွားပြီး လမင်းကဲ့သို့ ရောင်ခြည်များ တောက်ပလာသည်။ ထိုအမှုန်အမွှားများက ချက်ချင်းဆိုသလို သူ့ ရွှေဖြူရောင် သူတော်စင်မီးလျှံများကြောင့် လောင်ကျွမ်းသွားလေတော့သည်။
သူ့ကိုယ်တွင်းမှ အစိတ်အပိုင်းများစွာက တစ်ခုပြီးတစ်ခု နိုးထလာလေတော့သည်။
ဗွက်... ဗွက်... ဗွက်... ဗွက်...
အဆင့် (၅) လောကအုပ်ချုပ်သူတစ်ယောက်၏ မိစ္ဆာအမြူတေရှိ စွမ်းအားများက ကြောက်မခန်း တလိလိ များပြားကာ အစိတ်အပိုင်း (၅) ခုကို နိုးထလာစေသည်။ ယခုအချိန်မှာတော့ သူ့ထံ၌ ကမ္ဘာဦး ဆင်ရိုင်းအကောင် (၆၀) စွမ်းအားများ ရှိလာလေတော့သည်။
ငရဲမီးတောက်မီးပြင်းဖိုကြီးကို ပြန်သိမ်းလိုက်ပြီးနောက် သူက မျက်လုံးများမှိတ်ကာ လောကအုပ်ချုပ်သူ အဆင့်(၃)နှင့်ပတ်သက်၍ ဉာဏ်အလင်းများ ရရှိခြင်းထက် ပိုမိုရရှိအောင် ကြည့်ရှု စစ်ဆေးလိုက်သည်။ သူက လောကအုပ်ချုပ်သူ အဆင့်(၄)ကိုပါ ရောက်ရှိသွားနိုင်သလားလို့ မည်သူက သိနိုင်မှာလဲ။
သူက ထိုနေရာမှာ ထိုင်နေစဉ်မှာပင် နေဝင်သွားပြီးနောက် လပါ ထွက်လာလေတော့သည်။
သူက ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်မှ သက်စောင့်စွမ်းအင်များ (ပင်ကိုယသဘာဝ စွမ်းအင်များ) ကို စုပ်ယူကာ သူ့ခန္ဓာကိုယ်တွင်းမှ အညစ်အကြေး မသန့်စင်မှုများကို ဖယ်ရှားပစ်ခဲ့သည်။
တစ်ရက် ကုန်လွန်သွားခဲ့သော်လည်း သူက လက်ရှိအဆင့်မှ ဉာဏ်အလင်း ရှာဖွေခြင်းရန် ကြိုးစားခြင်းမှာသာ နစ်မြုပ်နေခဲ့သည်။ သူက သူ့ ကိုယ်ပိုင်အသက်၊ ကောင်းကင်နှင့်မြေပြင် အကြားမှ သက်စောင့်စွမ်းအင်များ (ပင်ကိုယ်သဘာဝ စွမ်းအင်များ)နှင့် လေဟာနယ်နှင့် စကြဝဠာ၏ ဆန်းကြယ်မှုများအကြောင်း လေ့လာနိုင်ခဲ့သည်။ သူက ဈာန်ဝင်စားလွန်းသွားလေရာ သူ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကိုပင် မေ့လျော့သွားခဲ့သည်။
ထိုအရာက ကျင့်ကြံခြင်းနှင့်ပတ်သက်၍ တစ်ခါတစ်ရံ၌သာ ဖြစ်ပေါ်တတ်ပြီး ရှာဖွေအားထုတ်၍ မရရှိချေ။
ဈာန်ဝင်စားသွားခြင်းမှာ သူ့ နတ်ဘုရားအဆင့် စွမ်းအင် ပညာရပ်၏ ဆန်းကြယ်မှုများကြောင့် ဖြစ်သလို သူကိုယ်တိုင်ကလည်း အတွင်းနတ်ဆိုးကို ဖယ်ရှားနိုင်ခဲ့ကာ သူ့ စိတ်ဝိညာဉ်က ပိုမို သန်မာလာသောကြောင့်ပင်။
ထိုအခိုက်အတန့်၌ သူ့ စိတ်ဝိညာဉ်က ကောင်းကင်နှင့် မြေပြင်အကြားမှ သက်စောင့်စွမ်းအင်များနှင့် ချိတ်ဆက်သွားကာ သူကိုယ်တိုင်က ကမ္ဘာကြီးတစ်ခုကဲ့သို့ ဖြစ်သွားသည်။ ယခုအချိန်မှာ သူက တိမ်များနှင့် လေများကို ထိန်းချုပ်နိုင်ကာ စစ်မှန်သော စွမ်းအင်များကို အသုံးပြုစရာ မလိုဘဲ မိုးရွာချစေနိုင်သလို ခံစားလိုက်ရသည်။ ကောလာဟလများအရ စစ်မှန်သော မြင့်မြတ်သူက မှော်စွမ်းအားကို စကားလုံး တစ်လုံးတည်းဖြင့် ထိန်းချုပ်နိုင်သည်။ ကောင်းကင်နှင့် မြေပြင်ကိုပါ လွှမ်းမိုး ချုပ်ကိုင်နိုင်ရာ သူတို့၏ အတွေးတစ်ခုတည်းဖြင့်ပင် စွမ်းအင်ပညာရပ်များထက် သာလွန်ကာ သဘာဝ စွမ်းအင်မျိုးစုံကို ထိန်းချုပ်နိုင်သည် မဟုတ်ပါလား။
သူက ထိုအဆင့်ကို ရောက်ရှိဖို့တော့ အဝေးကြီး လိုအပ်နေသေးသည်။
ရုတ်တရက် ရန်ချီက သူ့ရဲတိုက် အပြင်ဘက်၌ အင်အားကြီးမားသည့် သက်စောင့်စွမ်းအင် လှိုင်းများကို အာရုံခံမိလိုက်သည်။
သူက စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းကာ အတွေးများကို ရပ်တန့်လိုက်ကာ မတ်တတ်ရပ်လိုက်သည်။ အပြင်ဘက်သို့ ထွက်ကြည့်လိုက်သောအခါ သူ့ ဘုရားကျောင်း ပြင်ပ လေထဲ၌ မျောလွင့်နေသည့် လူအုပ်တစ်အုပ်ကို တွေ့လိုက်သည်။ သူတို့တွေက စုစုပေါင်း ခြောက်ယောက်ပါ ရှိကာ ထိုအဖွဲ့ထဲ၌ ဂူဖန်းရှန်းနှင့် ဆောင်ဟေရှမ်းတို့ ပါရှိနေသည်။
သို့သော် ထိုအဖွဲ့ကို ဦးဆောင်လာသည့် ခေါင်းဆောင်လာသည့် လူက နက်နဲသော ကျင့်ကြံခြင်း အခြေခံရှိကာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားကာ မည်သည့် လက်နက်မှ သယ်ဆောင်လာပုံ မပေါ်ချေ။ သို့သော် သူက အထက်မှနေကာ ငုံ့ကြည့်နေပုံက ကမ္ဘာကြီးရှိ လူများစွာ အထက်၌ ရပ်တည်နေသည့် ဗိုလ်ချုပ်တစ်ယောက်နှင့် တူညီနေသည်။
"ငါက တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ကျန်းဖန်ပဲ"
သူက သူ့ကိုသူ အရင်ဆုံး မိတ်ဆက်လိုက်သည်။
"မင်းက ရန်ချီ မဟုတ်လား... လာ ငါနဲ့ လိုက်ခဲ့ချေ... မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်"
"ငါက ဘာလို့ မင်းနဲ့ လိုက်ရမှာလဲ"
ရန်ချီက ပြန်ပြောလိုက်သည်။
"မင်းမှာ ပြောစရာ ရှိလို့ ရောက်လာတာ ဆိုရင် ဒီမှာ ပြောနိုင်တယ်"
"လာစမ်းပါ ရန်ချီရာ... ငါတို့ကို မျက်နှာသာ နည်းနည်းပေးပြီး လိုက်ခဲ့စမ်းပါ"
ဂူဖန်းရှန်းက တင်းမာစွာ ပြောလိုက်သည်။
"တကယ်လို့ မင်းက ခေါင်းမာနေမယ်ဆိုရင် မင်းရဲ့ ကျန်တဲ့ ညီအစ်ကိုလေးယောက် ဒုက္ခဖြစ်မှ ငါတို့ကို အပြစ်လာ မတင်နဲ့"
ဆောင်ဟေရှမ်းကတော့ တစ်ခုခုဖြစ်မှာကို စောင့်ဆိုင်းနေသည့်အလား ဘာမှ ဝင်မပြောချေ။
"မင်းတို့တွေ ဘာလိုချင်လို့လဲ"
ရန်ချီက ပြောလိုက်သည်။ သူတို့ ရောက်လာတာ မကောင်းဘူးလို့ ခံစားမိသော်လည်း သူ့ကိုသူ ယုံကြည်မှုအပြည့်ရှိကာ သူတို့ကို ဒုက္ခ ပြန်ပေးနိုင်မည်ဟု ယုံကြည်နေသည်။
"အိုး... ဘာမှတော့ မဟုတ်ပါဘူး"
"ငါတို့ မင်းနဲ့ စကားပြောချင်လို့ပါ... မင်း ငြင်းမယ်ဆိုလည်း ရတယ် ငါတို့ ထွက်သွားရုံပဲ... မင်းသေတွင်း မင်းမတူးဘူးလို့တော့ မျှော်လင့်ရတာပဲ... ဘာလို့ မင်းသူငယ်ချင်းတွေနဲ့ မင်းကလန်ကို ပျက်စီးစေမှာလဲ... ငါက ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို လိုက်နာပေမဲ့ မင်းရော မလိုက်နာဘူးလား"
"ကောင်းပြီ"
ရန်ချီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ငါကလန်နဲ့ ငါ့သူငယ်ချင်းတွေအတွက် ပြဿနာ မဖြစ်စေဘူးဆိုရင် ငါ မင်းတို့နဲ့ လိုက်ပြီး စကားပြောပေးမယ်"
ကျန်းဖန်က နောက်လှည့်ကာ ပျံသန်းသွားလေရာ ရန်ချီကလည်း နောက်မှ လိုက်သွားသည်။
သိပ်မကြာခင်မှာပင် သူတို့က ကျောင်းတော်ထဲမှ ထွက်ကာ ကီလိုမီတာထောင်ချီ ကွာဝေးသော အရပ်ရှိ လွင်ပြင်တစ်ခုဆီသို့ ရောက်သွားကြသည်။ ယခုအခါ နွေရာသီအလယ် ရောက်နေသဖြင့် ပန်းများက အစွမ်းကုန် ပွင့်လန်းနေကြသည်။ အစိမ်းရောင် မြက်များကလည်း နေရာအနှံ့ ပေါက်ရောက်နေကာ တော်တော်လေးကို လှပနေသည်။ ထိုနေရာ၌ မြစ်များက စီးဆင်းနေကာ တစ်ခါတစ်ရံ ငါးများက ခုန်ထွက်လာတာကို မြင်တွေ့နိုင်သည်။
ကျန်းဖန်က မြေပေါ် ဆင်းသက်လိုက်လေရာ ရန်ချီကလည်း လိုက်ဆင်းလာသည်။
မကြာခင်မှာပင် တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှ အခြားလူများကလည်း ရောက်ရှိလာကာ ရန်ချီကို ဝန်းရံလိုက်ကြသည်။
"မင်းတို့လူတွေ ဘာလိုချင်လို့လဲ"
ရန်ချီက မေးလိုက်သည်။
"မင်းတို့ စကားပြောချင်တာ မဟုတ်ဘူးလား... ငါ့ကို ခြုံခို တိုက်ခိုက်ဖို့ ကြံနေတယ်တော့ မပြောနဲ့ပေါ့ကွာ"
"စကားပြောရမယ် ဟဟ"
ဆောင်ဟေရှမ်းက မြေပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်သည်။
"မင်းကို ဒီခေါ်လာတာက အကြီးအကဲတွေက အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ တိုက်ခိုက်ဖို့ ခွင့်မပြုထားလို့ပဲ... အဲဒီမှာ လှုပ်ရှားဖို့က ခက်ခဲတယ်လေ ဒါပေမဲ့ ဒီမှာတော့ ကိစ္စ မရှိတော့ဘူး... အခု ပါးစပ်ပိတ်ပြီး နားထောင်စမ်း... မင်းကိုမင်း ငါတို့နဲ့ စကားပြောဖို့ အရည်အချင်း ရှိတယ်ထင်နေလား... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ တောသားလဲ"
"လုံလောက်ပြီ"
ကျန်းဖန်က လက်ကို ဝှေ့ယမ်းကာ ဆောင်ဟေရှမ်းကို ဘာမှပြောခွင့် မပေးတော့ချေ။ ရန်ချီကို ကြည့်ကာ သူက ပြောလိုက်သည်။
"မင်းမှာ ဘယ်လို အထူးနည်းစနစ် ဒါမှမဟုတ် ရတနာရှိနေလဲ ငါ့ကို ပြောစမ်းပါ... မင်းရဲ့ သူငယ်ချင်းလေးယောက်လုံး ဘာမှ အားမထုတ်ရဘဲ လောကအုပ်ချုပ်ခြင်းအဆင့်ကို ရောက်သွားကြတယ်... သူတို့ ပြောတာက သူတို့ ကလန်က ကူညီပေးလို့တဲ့... လူတိုင်းကသာ သူတို့ရဲ့ အလိမ်အညာ စကားကို ယုံချင်ယုံမယ် အဲဒီထဲမှာတော့ ငါ မပါဘူး... မင်းသူငယ်ချင်း လေးယောက်ကို အဆင့်ချိုးဖောက် တက်လှမ်းနိုင်အောင် လုပ်ပေးနိုင်တာက တော်တော်လေးတော့ ဆွဲဆောင်မှု ရှိသားပဲ... မင်းသုံးတာ ရတနာဆိုရင် ငါ့လက်အပ်ပြီးတော့ နည်းစနစ်ဆိုရင် ငါ့ကို ပြောပြစမ်း... အဲဒါဆို မင်း တော်ဝင်အိမ်ရှေ့စံ အဖွဲ့ကို ဝင်ရောက်နိုင်မယ်... မင်းသာ ငါတို့အတွက် အလုပ်လုပ်ပေးရင် မင်းကို ငါတို့ အလွတ်ပေးမယ်... မင်းသူငယ်ချင်းတွေကိုပါ အလွတ်ပေးမယ်... မင်း ဘာပြောမလဲ"
"အစ်ကိုကြီးကျန်း"
ဆောင်ဟေရှမ်းက ဒေါသထွက်စွာ ပြောလိုက်သည်။
"ငါ့ဝမ်းကွဲက သူ့ကို အနည်းဆုံး ဒုက္ခိတ ဖြစ်စေချင်တာလေ"
"ငါက ဒီနေရာမှာ တာဝန်ရှိတဲ့သူပဲ"
ကျန်းဖန်က ပြောကာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ သူက မျက်လုံးများ တောက်ပစွာ ရန်ချီကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"မင်းမှာ ရွေးချယ်စရာ မရှိဘူး... ငါပြောသလိုပဲ လုပ်... မင်းသာ ငါပြောသလို မလုပ်ရင် မင်းကို ချုပ်နှောင်ပြီး မင်းဆီကနေ သတင်းတွေ ရသလိုယူဖို့ အကြမ်းနည်းကို သုံးရမှာပဲ... အဲဒီလိုသာ ဖြစ်လာရင် ငါပြောတာကို ယုံလိုက်... မင်း နောင်တ အကြီးကြီး ရလိမ့်မယ်... ငါ မင်းကို ဒီက ထွက်သွားဖို့ အခွင့်အရေး ပေးနေတာ မင်း ယူသင့်တယ်"
"မင်းတို့တွေ ကျောင်းတော်ရဲ့ စည်းမျဉ်းကို ချိုးဖောက်နေတာ မစိုးရိမ်ကြဘူးလား"
"စည်းမျဉ်း"
ကျန်းဖန်က ရယ်မောလိုက်သည်။
"စည်းမျဉ်းဆိုတာ လူကလုပ်တာပဲ... ပြီးတော့ လူသားတွေကသာ စည်းမျဉ်းတွေကို အဓိပ္ပာယ် ရှိစေတာ... အင်မော်တယ်ခြေနင်း ကျောင်းတော်မှာတော့ တော်ဝင်အိမ်ရှေ့စံအဖွဲ့က စည်းမျဉ်းတွေကို ချမှတ်တယ်... ငါတို့က စည်းမျဉ်းပဲကွ"
End
***