အချိန်တိုလေး အတွင်းမှာပင် အရာရာက ပြောင်းလဲသွားတော့သည်။
လွန်ခဲ့သည့်အချိန်က တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများက ရန်ချီကို အင်အားအပြည့်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြ၏။ သို့သော်လည်း လက်ရှိအချိန်၌ ဂူဖန်းရှန်းက အဖမ်းခံရကာ ကျန်းဖန်က မြေပြင်ထက်၌ အနင်းခံထားရပြီး ဆောင်ဟေရှမ်းက ဒဏ်ရာရရှိထားသည်။
တော်ဝင်အိမ်ရှေ့စံ အဖွဲ့၏ တိုက်ပွဲ အစီအရင်က လုံး၀ ရှုံးနိမ့်သွားခဲ့လေပြီ။
အဖွဲ့သားအချို့က ထွက်ပြေးချင်ကြသော်လည်း ရန်ချီ၏စကားကို ကြားသောအခါ ထွက်မပြေးရဲကြတော့ဘဲ နေရာမှာပင် ရပ်တန့်နေကြသည်။ ပို၍ဆိုးဝါးသည်မှာ ရန်ချီက သတ်ဖြတ်နိုင်သည့် လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်ကို ထုတ်ဖော်လိုက်ကာ သူတို့၏ အရှိန်အဝါကို ဖိနှိပ်ထားလိုက်ခြင်းပင်။
ချက်ချင်းဆိုသလို ထိုလူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်က သူတို့ တိုက်ခိုက် ဆန့်ကျင်နိုင်သည့် အရာ တစ်ခုမဟုတ်ကြောင်း နားလည်သွားကြသည်။
သို့သော်လည်း ထိုနေရာရှိ ကျောင်းသားတစ်ယောက်က အယုံအကြည် ရှိပုံမပေါ်ချေ။
"ငါ ထွက်သွားချင်ရင် ဘယ်သူမှ ငါ့ကို တားမရဘူး"
သူက ပြောကာ လေထဲ ပျံတက်လိုက်သည်။ တစ်ခဏအကြာ၌ လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်က သူ့အထက်၌ ပေါ်လာကာ လက်ဝါးနှင့် ရိုက်ချလိုက်လေရာ လေထဲမှ ပြုတ်ကျပြီး သေလုဆဲဆဲ ဖြစ်သွားလေတော့သည်။
ထိုလူက တတိယအဆင့် လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်သော်လည်း လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်က အင်အား သိပ်ထုတ်လိုက်ပုံ မရဘဲ မြေပေါ် ပြုတ်ကျသွားခဲ့သည်။
ရန်ချီက အဆင့် ၅ လောကအုပ်ချုပ်သူ ဖြစ်သည့် ကျောင်းဝူဖန်ကို သတ်ကာ မိစ္ဆာအမြုတေကို စုပ်ယူနိုင်ခဲ့သောကြောင့် ကမ္ဘာကြီးဆင်ရိုင်း အကောင် ၆၀ စွမ်းအားထိ တိုးတက်လာခဲ့သည်။ ထို့ကြောင့် အဆင့် ၄ လောကအုပ်ချုပ်သူ တစ်ယောက်ဖြစ်သည့် ကျန်းဖန်ပင် သူ့ပြိုင်ဘက် မဖြစ်လေရာ အခြား အားနည်းသည့် ကျောင်းသားအတွက်ကတော့ ဆိုဖွယ်မရှိချေ။
"အသုံးမကျတဲ့ ခွေးတွေကြက်တွေ"
ရန်ချီက ကြုံးဝါးလိုက်သည်။
"မင်းတို့က ငါ့ကို တကယ်ပဲ တွန်းအား ပေးချင်နေတာလား"
ရန်ချီက ကြောက်လန့်နေသည့် ကျောင်းသားများကိုကြည့်ကာ ထိုနေရာရှိ အခြေအနေ တစ်ရပ်လုံးကို ထိန်းချုပ်ထားနိုင်ကြောင်း နားလည်လိုက်သည်။
ထိုအရာက စွမ်းအား (ခွန်အား) ဖြစ်သည်။
ထိုအရာက ရိုသေလေးစားမှု ဖြစ်သည်။
သူ နေထိုင်သည့် ကမ္ဘာကြီး၌ လေးစားမှုက လုံလောက်သော ခွန်အားမှသာ ရရှိနိုင်သည်။
သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကျန်းဖန်ပေါ်မှ ခြေထောက်ကို ဖယ်လိုက်သည်။ ကျန်းဖန်က သူ့ကိုသူ မြေပြင်မှ ကုန်းရုန်းထနေကာ ခုနကနှင့် လုံးဝ ကွဲပြားနေသည်။ ယခုအခါ သူက အမှိုက်သရိုက် အညစ်အကြေးများ ပေကျံနေသဖြင့် အစွမ်းထက်သည့် လောကအုပ်ချုပ်သူ တစ်ယောက်ထက် သူတောင်းစားနှင့် ပိုတူနေသည်။
"အဲဒီ စွမ်းအင်ပညာရပ်က ဘာလဲ"
သူက သူရှုံးနိမ့်တာကို ယုံကြည်နိုင်ဖို့ ခက်ခဲနေသည်။
"ငါ့ရဲ့ ၁၂ရာသီခွင် ကြယ်မြစ်မုန်တိုင်းက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ စွမ်းအင်ပညာရပ်ပဲ။ အဆင့် ၅ လောကအုပ်ချုပ်သူတောင် ဒီပညာကို လွယ်လွယ်လေး မရင်ဆိုင်နိုင်ဘူး။ မင်းက ဘယ်သူလဲ... ဘာလို့ အဲလောက် သန်မာနေရတာလဲ။ မင်းက မိစ္ဆာမကောင်းဆိုးဝါး တစ်ကောင်ကောင် ပူးကပ်နေတာပဲဖြစ်ရမယ်။ ဒီကိစ္စကို ကျောင်းတော်ကို တင်ပြပြီး မင်းကို စစ်ဆေးစုံစမ်းဖို့ တောင်းဆိုရမယ်"
"မင်းကိုမင်း လှည့်စားပြီးတော့ ရုန်းကန်ချင်နေတာလား"
ရန်ချီက ပြောကာ သူ့ခြေထောက်ဖြင့် ကျန်းဖန်၏ ရင်ဘတ်ပေါ် နင်းချလိုက်သည်။
"မင်း ဘယ်လို အခြေအနေ ရောက်နေလဲ မင်း နားမလည်သေးဘူးပဲ"
သူက အစစ်အမှန် စွမ်းအင်များကို ကျန်းဖန်၏ သွေးကြောများထံ ပို့လွှတ်လိုက်ရာ နာကျင်မှုကြောင့် ဝက်သတ်ရာမှ ထွက်သည့် အသံကဲ့သို့ ကြောက်လန့်တကြား အော်ဟစ်နေလေတော့သည်။
"ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါလုပ်ချင်ရင် ငါ မင်းရဲ့ စွမ်းအင်ပညာရပ်ကို ဖျက်ဆီးပစ်နိုင်တယ်။ အဲဒါဆို မင်းတစ်ဘဝလုံး ကျင့်ကြံခဲ့သမျှ အကုန်အလကား ဖြစ်ပြီပဲ"
ထိုအချိန်မှာပင် ကျန်းဖန်၏ မျက်နှာအမူအရာက ကြောက်လန့်နေသည့်ပုံ ပေါ်လာသည်။
"ကောင်းပြီ... ငါ မင်းကို ယုံတယ်။ ငါတို့ စကားပြောရအောင်... ငါတို့က တော်ဝင်အိမ်ရှေ့စံ အဖွဲ့ကပဲ... မင်း တော်ဝင်အိမ်ရှေ့စံကို မကြောက်ဘူးလား"
"တော်ဝင်အိမ်ရှေ့စံ... ငါက သူ့ကို ကြောက်ရမယ်လား။ သူနဲ့ ငါနဲ့ကြား ပြဿနာလည်း မရှိဘူးလေ။ ငါက မင်းတို့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့နဲ့ ဘာပြဿနာမှ မရှိဘူး။ မင်းတို့ဘာသာ မင်းတို့ ငါ့ကို ပြဿနာ လာရှာနေတာ။ ငါ နည်းနည်းလောက် ပိုရက်စက်သင့်တယ်နဲ့ တူတယ်"
ရန်ချီက ကျန်းဖန်ကို ငုံ့ကြည့်ချိန်၌ သူ့ မျက်လုံးများက ရက်စက်သည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။
"ကောင်းပြီ ကောင်းပြီ... ငါ မင်းနဲ့ ပတ်သက်ပြီး ပြဿနာ မဖြစ်စေရဘူးလို့ ငါ ကတိပေးပါတယ်။ ဒါ ငါတို့ အမှားပါပဲ။ ငါတို့ အားလုံး အခုကိစ္စကို မသိချင်ယောင်ဆောင် ပေးပါ့မယ်"
ကျန်းဖန်က ပျာယီးပျာယာ ပြောလိုက်သည်။
"မင်း သူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး အစ်ကိုကြီးကျန်းဖန်"
ဆောင်ဟေရှမ်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
"သူ မင်းရဲ့ စွမ်းအင်ပညာရပ်ကို တကယ် ဖျက်ဆီးရဲမယ်လို့ ငါ မယုံဘူး။ ကျောင်းတော်က သူ့ကို အပြစ်ပေးမှာ သူ မကြောက်ဘူးလား။ တပည့်ချင်းချင်း ထိခိုက်အောင် လုပ်တာက အပြစ်ကြီးပဲ"
"ဘုန်း..."
ရန်ချီက လက်ကို ဝှေ့ယမ်းပြီး စွမ်းအင်လှိုင်းတစ်ခု ပစ်လွှတ်လိုက်ရာ ဆောင်ဟေရှမ်း၏ မျက်နှာ ညာဘက်ခြမ်းကို ထိမှန်သွားကာ သွေးနှင့် သွားများ လွင့်ထွက်ကုန်သည်။
"မင်းက ဒီစကားဝိုင်းမှာ ဝင်ပြောဖို့ အဆင့်ရှိတယ် ထင်နေလား ဆောင်ဟေရှမ်း။ ငါ ကျန်းဖန်နဲ့ ကိစ္စပြီးရင် မင်းဆီ လာမှာပါ။ သူ့ရဲ့ ကျင့်ကြံမှုကို မဖျက်ဆီးရဲဘူးလို့ မင်း ထင်နေတာလား။ ကျောင်းတော်က မေးရင်တောင် ဒါက မင်းတို့ဘက်က အရင်စတာပဲလေ။ ငါက ငါ့ကိုငါ ကာကွယ်တာပဲ ရှိတာ။ အဲဒါအပြင် ကျောင်းတော်က ငါ့ကို မြင့်မားတဲ့ ကျင့်ကြံမှုအခြေခံရှိတဲ့ ပါရမီရှင်အဖြစ် သိသွားတာပဲ ရှိမယ်။ အဲဒါဆို သူတို့ ငါ့ကို တစ်ခုခု လုပ်မယ်လို့ မင်း ထင်နေလား။ မင်းတို့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့အတွက်တော့ ငါက အခြားအဖွဲ့ထဲ ဝင်လိုက်ရုံပဲ မင်းတို့ ဘာများ တတ်နိုင်မှာလဲ။ မင်းတို့ရဲ့ တော်ဝင်အိမ်ရှေ့စံကလည်း ကျောင်းတော်အလယ်မှာ ငါ့ကိုသတ်ပြီး အပြစ်ကျူးလွန်မယ့် ငပိန်းမှ မဟုတ်တာ"
ရန်ချီက လက်ကို ဝှေ့ယမ်းကာ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
"ခ... ခ... ခလွမ်..."
မီးပန်းများ ပေါက်ကွဲသံလို ထွက်ပေါ်လာကာ ကျန်းဖန်၏ သွေးကြောများ ဖျက်ဆီးခံလိုက်ရသည်။
ရန်ချီက သူ့ စွမ်းအင်ပညာရပ်များကို ဖျက်ဆီးဖို့ ပြင်နေမှန်း သိသွားသောအခါ ကျန်းဖန် မျက်လုံးပြူးသွားသည်။ သူသာ ဒုက္ခိတ ဖြစ်သွားပါက သေတာထက်ပင် ပိုဆိုးဝါးသွားပေလိမ့်မည်။
ထိုကဲ့သို့ မဖြစ်ခင် သူက ရုတ်တရက် အော်ပြောလိုက်သည်။
"ရန်ချီ... ရန်ချီ... ငါ ဘာလုပ်ပေးရင် မင်း ငါ့ကို လွှတ်ပေးမလဲ ပြောပါကွာ"
သွေးကြောများကို စိတ်ဝိညာဉ်ဆေးများ၊ အထူးကုသရေး နည်းစနစ်များသုံးကာ ပြန်လည် ကုသနိုင်သည်။ သို့သော်လည်း စွမ်းအားပင်လယ်သာ ဖျက်ဆီးခံလိုက်ရပါက ပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်ချက် မရှိတော့ချေ။
"အို..."
ရန်ချီက ပြောကာ အစစ်အမှန် စွမ်းအင်များကို တစ်နေရာ၌ ရပ်တန့်လိုက်သည်။
"မင်းကို ငါက လွှတ်ပေးတာ လိုချင်တာလား။ ကောင်းပြီလေ... လုပ်ပေးနိုင်တယ်"
"မင်း ဘာလိုချင်လို့လဲ"
ကျန်းဖန်က ရုတ်တရက် ရင်ထဲမှာ မျှော်လင့်ချက်များ တောက်လောင်လာကာ မေးမြန်းလိုက်သည်။
"ငါတို့ လက်စားချေဖို့ အတွေးကို စွန့်လွှတ်ဖို့ ကျိန်ဆိုပေးမယ်။ ပြီးတော့ ဒီနေ့ကိစ္စတွေကို လျှို့ဝှက်ထားပေးပါ့မယ်"
"မင်းပါးစပ်က စကားတွေကို ငါ မယုံနိုင်ဘူး"
ရန်ချီက ပြောလိုက်သည်။
"အခု အခြေအနေကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော လမ်းက မင်း သွေးကြွေး ဆပ်ပေးရမယ်"
"သွေးကြွေး..."
ကျန်းဖန်က တုန်လှုပ်စွာ ပြောလိုက်သည်။
"ဟုတ်တယ် သွေးကြွေးပဲ"
ရန်ချီ၏ မျက်လုံးများက တောက်ပလာသည်။
"ဒါကို မင်း ရွေးချယ်သင့်တယ်။ မဟုတ်ရင် မင်းရဲ့ စွမ်းအင်ပညာရပ်တွေ ဖျက်ဆီးခံရမယ်။ ငါက ကြင်နာတတ်တဲ့သူတစ်ယောက် မဟုတ်ဘူး။ ဒီနေရာက တော်တော်လေးဝေးတော့ ပေါင်းပင်တွေကို အမြစ်ကနေ ရှင်းဖို့ အချိန်ပဲလေ။ ငါ မင်းတို့ကို သတ်လိုက်ရင် ဘယ်သူမှလည်း မသိနိုင်ဘူး။ မင်းဘေးဘယ်ညာက လူတွေကို သတ်လိုက်တာ မင်းအတွက် အကောင်းဆုံးပဲ။ ငါ မင်းကို ဒီတိုင်းတော့ သွားခွင့်ပေးမှာတော့ မဟုတ်ဘူးလေ။ ငါ ယုံကြည်ဖို့ မင်း တစ်ခုခု လုပ်ပြဖို့လိုတယ်။ မင်းရဲ့ လက်တွေ ညစ်ပေဖို့တော့ လိုတာပေါ့ကွာ"
"မင်း အခုချိန် ဘာလုပ်ချင်နေလဲ ငါတို့ကို ပြောစမ်းပါ"
ကျန်းဖန်က ပြောကာ သူ့ နှလုံးသားက စတင် တုန်ယင်နေသည်။
"ဆောင်ဟေရှမ်းကို သတ်လိုက်"
ရန်ချီက အော်ပြောလိုက်သည်။
"ပြီးတော့ ဂူဖန်းရှန်းကိုပါ သတ်... မင်းတို့အားလုံး မြန်မြန်လေးလုပ်ကြတော့။ ဒါက ငါတောင်းတဲ့ သွေးကြွေးပဲ။ သူတို့နှစ်ယောက်ကို သတ်ရင် မင်းတို့ ဒီနေ့ကိစ္စတွေ မပြန့်စေပါဘူးလို့ ငါ ယုံကြည်ပြီး လွှတ်ပေးမယ်"
"ဘ... ဘာ..."
ကျန်းဖန်က သူပြောတာကို အံ့ဩကာ ပြန်ပြောလိုက်သည်။
ရန်ချီက အလွန် ရက်စက်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။ သူက ကြီးမြတ်တဲ့သူတိုင်းက ရက်စက်ပြတ်သားတယ်ဆိုသည့် ရှေးစကားတစ်ခုကို သက်သေပြလိုက်သလိုပင်။ သူ တောင်းသည့် သွေးကြွေးက အခြားကျောင်းသားများ အနေဖြင့် ဆောင်ဟေရှမ်းနှင့် ဂူဖန်းရှန်းကို သတ်ပေးရန်ပင်။ ထိုသို့ ပြုလုပ်လိုက်ပါက သူတို့ နောက်ပြန်လှည့်စရာ လမ်း မရှိတော့ချေ။
ထိုအချိန်မှာပင် ဒုတိယအဆင့် လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်သည့် ဟွမ်ဟုန်က အော်လိုက်သည်။
"ရန်ချီ... မင်းက တကယ်ကို ရက်စက်ကြမ်းကြုတ်တာပဲ။ မင်းက အခုလို သွေးကြွေးတောင်းမယ်လို့ ငါ မထင်မိဘူး။ အကယ်၍ ငါတို့သာ ဂူဖန်းရှန်းနဲ့ ဆောင်ဟေရှမ်းကို သတ်မယ်ဆို ငါတို့ ကံကြမ္မာကို မင်းလက်ထဲ ထည့်လိုက်ရသလိုပဲ။ ငါတို့က အမှန်တရားကို ဖုံးကွယ်ထားရင်တောင် မင်းက ဘယ်အချိန်ဖြစ်ဖြစ် ငါတို့ကို အကျပ်ကိုင်လို့ရတယ်။ တစ်စုံတစ်ယောက်ကို သတ်ရမှာတော့ မလုပ်ပေးနိုင်ဘူး... သဘောမတူနိုင်ဘူး။ မင်း ဘယ်လောက်တောင် သတ္တိရှိရှိ မင်း မလုပ်ရဲဘူး"
"မင်း ဘာပြောလိုက်တယ်"
ရန်ချီက ထိုအသံကို ကြားလိုက်သောအခါ ရေခဲကဲ့သို့ အေးစက်စွာ တုံ့ပြန်ပြောလိုက်သည်။
"ငါ မင်းကို ထပ်ပြောရဲတယ်"
ဟွမ်ဟုန်က သူ့ထံ လျှောက်လှမ်းလာသည်။
ဟွမ်ဟုန် တစ်ယောက် နောက်ဆုတ်ဖို့ ဆန္ဒမရှိကြောင်း သိသာသည်။ ရန်ချီကို စိုက်ကြည့်ကာ သူက ပြောလိုက်၏။
"အာ... လာခဲ့ ရန်ချီ... အဲဒီလို လုပ်ရပ်မျိုးတော့ ငါ မလုပ်ပေးနိုင်ဘူး။ မင်းက ဒီနေရာကို ချုပ်ကိုင်ထားနိုင်တာကြောင့် မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေလား။ မင်း ငါတို့ကို ကြောက်လန့်နိုင်မယ်လို့ ထင်နေတာလား။ ငါတို့က မင်းလိုချင်တဲ့ သွေးကြွေးကို ပေးမယ်လို့ တကယ် ထင်နေတာလား။ မင်း ငါတို့ကို ဖိအားပေးရင်တောင် သရဖူဆောင်း အဖွဲ့က မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး။ မင်းကော မင်းညီအစ်ကိုတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေ အကုန် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့အန်တီလေးရန်စုစုလည်း အပြစ်ဒဏ် ခံရမှာပဲ။ မင်း လုပ်ရဲမယ်လို့ ငါ မထင်ဘူး"
"မှန်တယ်"
ဆောင်ဟေရှမ်းက ပြောလိုက်သည်။
"ငါလည်း မယုံကြည်ဘူး။ မင်းမှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်၊ အသက် ၈၁ ချောင်း ရှိရင်တောင် မင်း ငါတို့ကို နာကျင်အောင် မလုပ်ရဲပါဘူး။ သူ အကွက်ထဲ မဝင်မိစေနဲ့ အားလုံးပဲ။ သူ တကယ် လုပ်ရဲလားဆိုတာ စောင့်ကြည့်ရတာပေါ့"
"မင်းက ဘယ်လို မကောင်းဆိုးဝါးကောင်လဲ ရန်ချီ"
ဂူဖန်းရှန်းက ပြောလိုက်သည်။ သွေးကြွေးဆိုသည့် စကားကြောင့် သူ့ မျက်လုံးထဲ၌ အမုန်းမီးများ တောက်လောင်နေသည်။
"မင်းက တကယ်ပဲ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားတွေကိုသုံးပြီး ငါတို့ကို သတ်စေချင်တာလား။ ဒီနေ့ကိစ္စပြီးရင် ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါတို့ ဂူကလန်က မင်းတို့ ရန်ကလန်ကို မြေပုံကနေ အပျောက် ရှင်းပစ်မယ်"
သူက ရန်ချီကို မုန်းတီးနေသည့် အမုန်းတရားကို ဖြေရှင်းနိုင်သည့် နည်းလမ်း မရှိချေ။
"မင်း ဘာလုပ်မှာလဲ ရန်ချီ။ မင်း လုပ်ချင်တယ်ဆိုရင် ငါ့ကနေ စလုပ်လို့ ရပြီ"
ဟွမ်ဟုန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မင်းက အချို့ မိစ္ဆာနည်းစနစ်တွေကို ကျင့်ကြံပြီး မင်းရဲ့ ခွန်အား အစစ်အမှန်ကို ဖုံးကွယ်ထားတာ ငါ သိတယ်။ ဒါပေမဲ့ ကျောင်းတော်က စည်းမျဉ်း ရှိနေပြီးသား... ငါတို့ကို တစ်ခုခု လုပ်တာနဲ့ မင်း သူငယ်ချင်းတွေပါ ဆွဲချခံရမယ် မှတ်လိုက်။ အဲဒါကို စဉ်းစားကြည့်စမ်းပါ ကိုလူ။ မင်းရဲ့ လျှို့ဝှက်ချက်တွေ ထုတ်ပြောဖို့ ငါတို့ မင်းကို အခွင့်အရေး ပေးနေတာနော်... ပြီးရင်တော့..."
"ရွှတ်"
ရုတ်တရက် လှံတံတစ်ချောင်းက သူ့ရင်ဘတ်ကို ထိုးဖောက်သွားသည်။
သူက ကြောက်လန့်တကြား ငုံ့ကြည့်ကာ လှံတံကို ရန်ချီ ကိုင်ထားကြောင်း မြင်တွေ့လိုက်ရသည်။ သူက မယုံသင်္ကာနှင့် နာကျင်မှု နှစ်ခုလုံးကို ခံစားနေရကာ မေးလိုက်၏။
"မ... မင်း... မင်း ငါ့ကို သတ်တယ်..."
"မင်းက ငါ့ကို ခက်ခဲအောင် လုပ်နေတာလေ... အဲဒီတော့ မင်းကို သတ်ရုံပဲ ရှိတာပေါ့"
ရန်ချီက ငရဲနတ်ဆိုးလှံတံကို လှည့်လိုက်ရာ အစစ်အမှန်စွမ်းအင်များက ဟွမ်ဟုန်ထံ၌ ပေါက်ကွဲသွားသည်။
ရုတ်တရက်ဆိုသလို ဟွမ်ဟုန်က ပေါက်ကွဲသွားကာ သူ့ အစစ်အမှန် စွမ်းအင်အားလုံးကို လှံက ဝါးမျိုသွားသည်။
ဟွမ်ဟုန်က အဆင့် ၂ လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်ကာ လက်ရွေးစင် ကျောင်းသားတစ်ယောက် ဖြစ်သော်လည်း ရန်ချီ၏ ငရဲနတ်ဆိုး လှံတံဖြင့် အသေသတ် ခံလိုက်ရသည်။
သူက ပြန်တောင် မတိုက်နိုင်ခဲ့ချေ။
လူတိုင်းက အသံတိတ်ကာ တုန်လှုပ်သွားကြသည်။ ဟွမ်ဟုန်က နာကျင်စွာ အော်ဟစ်သံနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။ ဟွမ်ဟုန်က ထိုနေရာမှာ ရှိနေခဲ့ကြောင်း မည်သည့် သက်သေမှပင် မကျန်ရစ်ခဲ့တော့ချေ။
ထိုအခိုက်အတန့်မှာပင် ရန်ချီက ဘယ်လောက် ရက်စက်ပြတ်သားသလဲဆိုတာကို ထိုနေရာရှိ လူတိုင်း နားလည်သွားသည်။
ဆောင်ဟေရှမ်းနှင့် ဂူဖန်းရှန်းတို့ကတော့ ခုနက ဒေါမာန်ဖြင့် အော်ဟစ်နေကြသော်လည်း ယခုအချိန်မှာတော့ သူတို့မျက်နှာက သွေးဆုတ်ဖြူရော်နေသည်။
"မင်းတို့ ငါ့ရဲ့ သွေးကြွေးကို ငြင်းဆန်မှာတော့ ငါကိုယ်တိုင်ပဲ မင်းတို့ကို သတ်ပေးရမှာပေါ့"
သူက ငရဲနတ်ဆိုး လှံတံကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"မင်းတို့ကို နောက်နေတယ်လို့ ထင်နေတာက စိုးရိမ်စရာပဲ။ ဒါပေမဲ့ ငါက နောက်နေတာ မဟုတ်ဘူး... ငါ လူသတ်တဲ့အခါ ဘယ်တော့မှ နောက်မတွန့်သလို ဘယ်အရာမှ ငါ့ကို မတားဆီးနိုင်ဘူး"
***