ရန်ချီက ဟွမ်ဟုန်ကို ကြောက်မက်ဖွယ်ကောင်းသည့် လှံထိုးချက်တစ်ချက်ဖြင့်ပင် သတ်ဖြတ်ခဲ့လေရာ အခြား တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားအားလုံး ကြောက်ရွံ့သွားကြသည်။ ရန်ချီက သူတို့ထဲမှ တစ်ယောက်ကို တကယ်ကြီး သတ်ဖြတ်လိမ့်မည်ဟု တစ်ယောက်မှ မယုံကြည်မိခဲ့ကြချေ။ သူက သူ့ကိုယ်သူ ထိန်းချုပ်ထားခြင်း မရှိသည့် ဘီလူးသရဲတစ်ကောင်ပမာ ကြောက်မက်ဖွယ် ကောင်းကာ သူ့ကို မည်သည့်အရာမှ မတားမြစ်နိုင်ဘူးဟု ပြောခဲ့ခြင်းမှာ ချဲ့ကားပြောခြင်း မဟုတ်ခဲ့ချေ။
ဟွမ်ဟုန်က ဘယ်လိုလူမျိုးလဲ။
သူက အဆင့် ၂ လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်ကာ လက်ရွေးစင် ကျောင်းသားများထဲမှ အကောင်းတကာ့ အကောင်းဆုံးသူတစ်ယောက်ဖြစ်သည်။ သူ့ သေဆုံးမှုအတွက် ကျောင်းတော်က စုံစမ်းစစ်ဆေးပေလိမ့်မည်။ အမှန်စင်စစ် ကျောင်းတော်ရှိ ပြိုင်ဘက် အဖွဲ့အစည်းများ အချင်းချင်းပင် တစ်ယောက်ကိုတစ်ယောက် အမှန်တကယ် မသတ်ရဲကြချေ။ သူတို့အားလုံး ကျောင်းတော်၏ စည်းမျဉ်းများကို ကြောက်ရွံ့ကြရသည်။ သို့သော်လည်း ရန်ချီကတော့ ဟွမ်ဟုန်ကို လှံဖြင့် တစ်ချက်တည်း ဖျက်စီးသတ်ဖြတ်ကာ ကျောင်းတော်၏ ကြီးမားသော ပြစ်မှုကို ကျူးလွန်ခဲ့သည်။ ထိုကဲ့သို့ အရာမျိုးကို လုပ်ရဲခြင်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
ယခုအချိန်မှာတော့ ရန်ချီ၏ ခြိမ်းခြောက်မှုများကို မည်သူကမျှ မငြင်းဆန်ရဲကြတော့ချေ။
ရန်ချီက အားလုံးကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်ခြင်းကြောင့်ပင်။ သူက ချူထျန်းကောကို သတ်ဖြတ်ခဲ့ကာ နောက်ထပ် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်းဖြင့် ဆုံးရှုံးမှု အနည်းငယ်သာ ရှိပေတော့သည်။
အကယ်၍ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများကသာ သူ့ကို ကြောက်ရွံ့စိတ် မရှိပါက အကျိုးဆက်ကတော့ စဉ်းစားဆင်ခြင်နိုင်ဖို့ပင် ခက်ခဲသည်။ နောက်ဆုံး ရွေးချယ်စရာမရှိပါက သူက သူတို့အားလုံးကို သတ်ဖြတ်ပစ်ပါလိမ့်မည်။ အတိတ်တုန်းက သူက ထိုကဲ့သို့ အရာမျိုးကို လုပ်လိမ့်မည် မဟုတ်ချေ။ အမှန်စင်စစ် သာမန်လူတစ်ယောက်သာ ဆိုပါက ထိုကဲ့သို့ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အနက်ရောင် ရေနဂါးလိုဏ်ဂူမှ အတွေ့အကြုံရရှိခဲ့ပြီးနောက် သူက အတွင်းနတ်ဆိုးကို ရှင်းလင်းနိုင်ခဲ့ကာ အလျင်အမြန် လုပ်ကြံသတ်ဖြတ်ခြင်း တာအိုနှင့်ပတ်သက်၍ ဉာဏ်အလင်းများ ရရှိခဲ့ပြီး အရင်ကထက် ပိုမို ပြတ်သားသည်။ သူက တဖြည်းဖြည်းချင်း ပိုမို ရန်လိုလာခဲ့ကာ တစ်ချိန်တည်းမှာပင် ရည်မှန်းချက်ကြီးမားကာ စာနာစိတ် ကင်းမဲ့ပြီး ရက်စက်လာခဲ့သည်။ သတ်ဖြတ်ဖို့အချိန်ရောက်လာပါက သူက တုံ့ဆိုင်းခြင်း မရှိ သတ်ဖြတ်ပါလိမ့်မည်။
"ငါ့ကို မသတ်ပါနဲ့..."
ကျန်းဖန်က သူ့မျက်စိရှေ့မှာပင် ဟွမ်ဟုန် အသတ်ခံလိုက်ရသည်ကို မြင်သောအခါ တုန်လှုပ်ချောက်ချားစွာဖြင့် ပြောလိုက်သည်။ သူက ရန်ချီနှင့် ပတ်သက်၍ သံသယ လုံး၀ မရှိတော့ချေ။ ရန်ချီက သူတို့ကို သွေးကြွေး တောင်းခိုင်းသလို "ငါက ဟွမ်ဟုန်ကို သတ်ဖြတ်ရဲရင် မင်းတို့ကိုလည်း သတ်ဖြတ်ရဲသည်" ဆိုသည့် စကားတစ်ခုသာ သူတို့ သွေးများထဲထိပင် ပဲ့တင်ထပ်နေသလို ကြားယောင်နေမိသည်။
လူတစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် ပြစ်ဒဏ်က သေခြင်းပင်။ လူအများကြီးကို သတ်ဖြတ်လျှင်လည်း အပြစ်ဒဏ်က သေခြင်းပင်။ ထိုအရာကြောင့်ပင် သူက ဘာလို့ လူတိုင်းကို မသတ်နိုင်ရမှာလဲ။
ထိုနေရာရှိ လူတိုင်းကလည်း ထိုအချက်ကို နားလည်ကြသည်။
အခြား ကျောင်းသားတွေ အကုန်လုံးက ဒူးထောက်လိုက်ကြသည်။ သူတို့က သူတို့ ရှုံးနိမ့်ခဲ့ကြောင်း သိကာ သူတို့ ခေါင်းထဲ၌ ဒုက္ခအကြီးကြီး ရောက်ပြီမှန်း သိကြသော်လည်း မည်သူကမျှ ရန်ချီကို တိုက်ခိုက်ဖို့လောက်ထိ မရူးမိုက်ကြချေ။
"ငါ မင်းကို အခွင့်အရေးပေးနေတုန်း ယူလိုက်ပါ ကျန်းဖန်"
ရန်ချီက သူ့ ငရဲနတ်ဆိုး လှံတံကို ပြန်လည် သိမ်းဆည်းကာ လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။
"မင်းအတွက် ရွေးချယ်စရာက ငါ့အတွက် သွေးကြွေး တောင်းပေးမှာလား၊ အသေခံမှာလား... မင်းရှေ့မှာ ဟွမ်ဟုန်ကို ငါ သတ်ပြီးပြီ။ ဒါကြောင့် ငါ မင်းကို ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး ဆိုတာတော့ နားလည်ဖို့ လုံလောက်တဲ့ဉာဏ်ရှိမယ်လို့ ငါ ထင်မိတယ်"
"အင်း... ဘာပဲ ဖြစ်ဖြစ်ပေါ့ကွာ"
ကျန်းဖန်က သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။ သူက ကုန်းရုန်းထကာ သူ့ကိုယ်ပေါ်မှ အညစ်အကြေးများကို လျစ်လျူရှူပြီး ဆုံးဖြတ်ချက် ချလိုက်သည့် ပုံစံနှင့် ပြောလိုက်သည်။
"ကဲ... အားလုံးပဲ... မင်းတို့ အသက်ရှင်ချင်တယ်ဆိုရင် ငါတို့တွေ သူတို့ကို သတ်ဖို့ကလွဲပြီး အခြား ရွေးချယ်စရာ မရှိတော့ဘူး"
အခြား ကျောင်းသားများလည်း အကြည့်ချင်း ဖလှယ်လိုက်ကာ ဆောင်ဟေရှမ်းနှင့် ဂူဖန်းရှန်းကို ပြိုင်တူ ကြည့်လိုက်ကြသည်။ ဆောင်ဟေရှမ်း၏ မျက်နှာက ကြောက်လန့်မှုကြောင့် ပြာနှမ်းသွားကာ ပြောလိုက်သည်။
"အစ်ကိုကြီးကျန်းဖန်... မင်း အဲဒီလို လုပ်လို့ မရဘူးလေ"
ထို့နောက် ရန်ချီကို တစ်ဖန် ကြည့်လိုက်ကာ...
"ရန်ချီ... မင်း အဲဒီလို တကယ်ကြီး လုပ်ဖို့ စဉ်းစားနေတာလား။ ငါ့ဝမ်းကွဲက မင်းကို ကလဲ့စားချေမှာ မကြောက်ဘူးလား"
"ယွမ်ဟိုက်လန်လား... ငါ သူ့ကိုလည်း သတ်မှာပါ။ မင်းရဲ့ သနားစဖွယ် အဆုံးသတ်ကို သူမ မမြင်လိုက်ရတာ ဆိုးတယ်။ မင်းလည်း သူမ အဆုံးသတ်ကို မြင်နိုင်တော့မှာ မဟုတ်ပါဘူးလေ"
"မင်း ဒီအတွက် ပြန်ပေးဆပ်ရမယ်"
ဂူဖန်းရှန်းက အော်ဟစ်လိုက်သည်။
"ကျောင်းတော်ကသာ မင်းလုပ်တာ သိသွားမှာပဲ။ မင်းတို့အားလုံးကောပဲ ကျန်းဖန်... မြင့်မြတ်တဲ့ တော်ဝင်အိမ်ရှေ့စံ ဒီအဖြစ်အပျက်ကို ရှာတွေ့သွားရင် ဘာဖြစ်မလဲ မင်း မစိုးရိမ်ဘူးလား။ သူက မင်းကို ရှင်လျက်နဲ့ အရိုးတခြား အသားတခြား ဖြတ်ပစ်မှာပဲ"
ဂူဖန်းရှန်းက နောက်မဆုတ်လိုသည်မှာ သိသာလှသည်။ ဆောင်ဟေရှမ်းက အမှန်တကယ်ပင် အားနည်းသူတစ်ယောက်ဖြစ်သည်။ ဂူဖန်းရှန်းကတော့ ကုန်းမြေကြီး၏ ကြီးမြတ်သော ကလန်တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။
သူ့အတွက် ဝမ်းနည်းစရာကောင်းလွန်းတာက သူ့ ပြင်းပြသော စိတ်ဆန္ဒကြောင့် ရန်ချီက သူ့ကို လွှတ်မပေးခြင်းပင်။ ထိုကဲ့သို့ စိတ်ဆန္ဒပြင်းပြသည့် လူမျိုး၊ ကလဲ့စားချေဖို့ ဘယ်တော့မှ ရပ်တန့်မည့်လူမျိုး မဟုတ်ချေ။ သူ့သူငယ်ချင်းများ သူ့ကလန်အတွက် ရန်ချီက သူ့ကို အသက်ရှင်လျက် လွှတ်ပေးမည် မဟုတ်ချေ။ သူက နူးညံ့သော နှလုံးသားရှိသူ တစ်ယောက် မဟုတ်ချေ။
"မင်းတို့ လုပ်ဖြစ်ဦးမှာလား ကျန်းဖန်"
ရန်ချီက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
"မင်း သူတို့ကို သတ်ဦးမှာလား"
ကျန်းဖန်၏ မျက်နှာက တုန်လှုပ်သွားကာ ဂူဖန်းရှန်းနှင့် ဆောင်ဟေရှမ်းကို ကြည့်ကာ ပြောလိုက်သည်။
"ငါ တောင်းပန်ပါတယ် ဂိုဏ်းတူညီလေးတို့။ တော်ဝင်အိမ်ရှေ့စံက အင်အားကြီးမားပေမဲ့ သူက ငါတို့ကို ကယ်ဖို့ အခုချိန် ဒီနေရာမှာ ရှိမနေဘူးလေ။ အဝေးကရေက လက်ထဲက မီးကို မငြိမ်းနိုင်ဘူး။ ငါ့ကိုယ်ငါတောင် ကယ်တင်နိုင်ဖို့ ခွန်အားကင်းမဲ့နေတာ။ ဟွမ်ဟုန် ဘာဖြစ်သွားလဲ မင်းတို့လည်း မြင်နေတာပဲလေ။ သူ့ရဲ့ အရိုးတောင် ကျန်ခဲ့တာ မဟုတ်ဘူး။ တကယ်လို့ ငါတို့သာ မင်းတို့နှစ်ယောက်ကို မသတ်ရင် ငါတို့အားလုံး သေကြရလိမ့်မယ်။ ငါတို့မှာ မင်းတို့ကို သတ်ဖို့ကလွဲပြီး အခြား ရွေးချယ်စရာ မရှိတော့ဘူး"
သူက ရင်တုန်နေရင်း ပြောလိုက်သည်။
"သူတို့ကို သတ်"
သူတို့က အဆုတ်ထဲမှ အော်ဟစ်သံများများ ထွက်ပေါ်လာကာ သူနှင့် အခြား ကျောင်းသားများက တိုက်ခိုက်လိုက်သည်။
ဓားအလင်းက ဖြာထွက်သွားကာ အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာသည်။ ဆောင်ဟေရှမ်းနှင့် ဂူဖန်းရှန်းတို့ ထွက်မပြေးနိုင်အောင် သူတို့က ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်လိုက်သဖြင့် သူတို့ဆီမှာ သွေးများ ထွက်လာကာ သွေးအိုင်ပမာ ဖြစ်သွားလေတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့က သေဆုံးသွားလေတော့သည်။
သူတို့ သေဆုံးပြီးနောက် ပူဆွေးဝမ်းနည်းသည့် နာကျည်းခြင်း စီးကြောင်း နှစ်ခုက သူ့ထံ ဝင်ရောက်လာတာကို အာရုံခံမိလိုက်သည်။
ရန်ချီက အေးစက်စက် နှာတစ်ချက်ရှုံကာ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် နာကျည်းခြင်း စွမ်းအင်များကို ဖျက်ဆီးလိုက်နိုင်သည်။
ကျန်းဖန်က သွေးများ စီးဆင်းနေတာကို ငုံကြည့်ရင်း ရန်ချီဘက် လှည့်လိုက်သည်။
"မင်း အခု ငါတို့ကို လွှတ်ပေးလို့ ရပြီလား။ မင်း ပြောသလို ငါတို့ သူတို့ကို သတ်ပေးပြီးပြီ။ အခု ငါတို့လက်ထဲမှာ ငါတို့ ကျောင်းသားတွေရဲ့ သွေးတွေ စွန်းထင်းနေပြီလေ။ အမှန်တရားသာ ပေါ်ထွက်သွားရင် အကျိုးဆက်က ကြောက်စရာကောင်းလွန်းတယ်။ ဘယ်သူမှ ဒီနေ့နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောရဲမှာ မဟုတ်ဘူး"
ရန်ချီက ခေါင်းညိတ်ကာ နောက်ဆုံးတော့ အားလုံး ပြီးဆုံးသွားပြီဟု ယုံကြည်သွားလေတော့သည်။
"မင်းတို့ ကောင်းကောင်း လုပ်ခဲ့တာပဲ။ အခု ငါတို့အားလုံး လျှို့ဝှက်ချက်တွေ အတူတကွ ချည်နှောင်ခံထားရပြီ။ ပြောရရင် ဟွမ်ဟုန်၊ ဆောင်ဟေရှမ်း၊ ဂူဖန်းရှန်းရဲ့ သေခြင်းက ကိစ္စကြီးပဲ။ မင်းတို့ အဲဒါကို ဖုံးကွယ်ဖို့ အကောင်းဆုံး တွေးထားသင့်တယ်။ ဒီလိုမှ မဟုတ်ရင် ငါတို့အားလုံး စစ်ဆေးခံရလိမ့်မယ်"
"ဒါက တော်တော်လေး ဒုက္ခများပေမဲ့ ငါတို့က တော်ဝင်အိမ်ရှေ့စံ အဖွဲ့ကပဲလေ။ ငါတို့အားလုံး ဒီကိစ္စကို သဘာဝကျကျ ဖုံးကွယ်ထားနိုင်မှာပါ။ ငါတို့အားလုံး ဒီကိစ္စမှာ ပါဝင် ပတ်သက်နေတော့ ငါတို့လည်း ပေါ့သေးသေး သဘောမထားပါဘူး"
ကျန်းဖန်က အဖွဲ့သားများကို လှည့်ကြည့်လိုက်သည်။
"သဘောပေါက်ကြလား... ငါတို့အားလုံး တစ်လှေတည်း စီးနေတာပဲ နားလည်တယ် မဟုတ်လား"
အားလုံးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်တော်တို့ နားလည်ပါတယ် အစ်ကိုကြီးကျန်းဖန်"
ထိုလူက အခုချိန်ထိ အသက်ရှင်နေတာကိုကြည့်ရင် သူတို့က အရူးတွေ မဟုတ်တာ သေချာသည်။ သူတို့က သူတို့ ကြုံတွေ့နေသည့် အခြေအနေကို ကြည့်ကာ သူတို့အတွက် လုပ်စရာ တစ်ခုပဲ ရှိတယ် ဆိုတာကို သဘောပေါက်ကြသည်။
"ကောင်းတယ်"
ရန်ချီက ပြုံးကာ ပြောလိုက်သည်။
"ငါတို့အားလုံး အခုချိန်မှာ အတူတူပဲလေ။ စိတ်မပူပါနဲ့... ငါတို့ အပေးအယူကို ငါ ထိန်းသိမ်းမှာပါ"
ရုတ်တရက် သူ ခြေထောက်ကို ဆောင့်နင်းလိုက်ကာ သက်စောင့် စွမ်းအင်များက ငါးကီလိုမီတာ ပတ်လည်ရှိ အရာအားလုံးကို လွှမ်းမိုးသွားသည်။ ထို့နောက် သူ့ထံမှ အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာကာ ပုံသဏ္ဌာန် အမျိုးမျိုးအဖြစ် ထိုနေရာရှိ လူတိုင်းထံ တိုးဝင်သွားသည်။
"ငါ မင်းတို့ကို နည်းနည်း ကူညီပေးမယ်။ ငါ မင်းတို့ကို ပေးခဲ့တဲ့ အစစ်အမှန် စွမ်းအင်က အရမ်း စွမ်းအားကြီးလွန်းတယ်။ အဲဒါက မင်းတို့ လိုအပ်တဲ့အချိန်ထိ မင်းတို့ ကိုယ်တွင်းမှာ ရှိနေလိမ့်မယ်။ အဲဒါက ငါ့ရဲ့ လှံနဲ့ အမျိုးအစား အတူတူဖြစ်ပြီးတော့ မင်းတို့ ဖောက်ထွင်းချင်တာ မှန်သမျှ ဖောက်ထွင်းနိုင်တယ်"
အမှန်စင်စစ် သူတို့ကို ပေးခဲ့သည့် အစစ်အမှန် စွမ်းအင်များ၌ ငရဲချေမှုန်း နတ်ဆင်စွမ်းအား အနည်းငယ် ပါရှိသည်။
"ငါက မင်းတို့ ထင်ထားတာထက် အများကြီး သန်မာလွန်းတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အနက်ရောင် ရေနဂါးလိုဏ်ဂူကို သွားပြီး အဆင့် ၅ လောကအုပ်ချုပ်သူ ကျောင်းဝူဖန်ကို သတ်ဖြတ်ပြီး လောကအုပ်ချုပ်သူ အဆင့် အနက်ရောင်ရေနဂါးအများကြီးကို သတ်ဖြတ်ခဲ့တယ်။ မင်းတို့ တော်ဝင်အိမ်ရှေ့စံက အခုချိန်မှာ ငါ့ထက် စွမ်းအားကြီးမားပေမဲ့ သိပ်မကြာခင်မှာပဲ သူ့ကို လိုက်မီသွားမှာပါ"
လူတိုင်း အံ့ဩသွားကြသည်။
"ငါက ငါ့လမ်းကြောင်း တစ်လျှောက် အားလုံးကို ရှင်းလင်းပစ်နိုင်တယ်"
ရန်ချီက ပြောကာ ခြေတစ်ချက် ဆောင့်လိုက်သည်။ ထိုခြေချက်ကြောင့် လွင်ပြင်တစ်ခုလုံး ငလျင်လှုပ်သွားကာ ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်လာလေတော့သည်။
ကျန်းဖန်က အလွန်အမင်း တုန်လှုပ်သွားကာ အက်ကွဲကြောင်းကြီး ဖြစ်နေသည့် မြေပြင်ကို ကြည့်လိုက်သည်။ ထိုကဲ့သို့ အရာမျိုးက လက်ရင်း ကျောင်းသားများသာ လုပ်နိုင်တာကို သူ သိသည်။
"ဒါက အဆင့် ၇ လောကအုပ်ချုပ်ခြင်းရဲ့ စွမ်းအားပဲ"
ရန်ချီ၏ ကြောက်မက်ဖွယ် ကောင်းသည့် နင်းချက်က ထိုအဆင့်လောက် ရှိနေလေရာ လူတိုင်း အံ့ဩသွားကြသည်။
"ကောင်းပြီလေ... အားလုံးကို ဖုံးကွယ်ထားဖို့ ဘယ်လို အစီအစဉ်ရှိလဲ တိုင်ပင်ကြရအောင်။ ဒါတွေအားလုံး လျှို့ဝှက်ထားနိုင်ဖို့ ငါတို့ အဆက်အသွယ် ရှိနေဖို့လိုတယ်။ ငါနဲ့ ဆက်သွယ်ချင်ရင် မင်းတို့ ကိုယ်တွင်းထဲက ငါ ထည့်ပေးထားတဲ့ စွမ်းအင်ကို နှိုးဆော်လိုက်။ မင်းတို့ အဲဒါကို ထိတာနဲ့ ငါ မင်းတို့ကို လျှို့ဝှက်ပြီး တွေ့လို့ ရအောင် လုပ်ပေးမယ်... နားလည်ကြလား"
ရန်ချီက လူတိုင်းကို သူ့ အစစ်အမှန် စွမ်းအင်များ ထည့်သွင်းထားကာ သူတို့အားလုံး သူ့ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားကြောင်း သဘောပေါက်ကာ တုန်လှုပ်သွားကြသည်။
သူတို့အနေဖြင့် ဘာမှ မလုပ်နိုင်တော့ချေ။
အခုချိန်မှာ သူတို့တွေက တော်ဝင်အိမ်ရှေ့စံ အဖွဲ့အတွင်းရှိ သူ့ အထောက်တော်များ ဖြစ်လာသည်။ ကျန်းဖန်က သက်ပြင်းချကာ ရှေ့တိုးလိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုကြီးရန်ချီ... ငါတို့ ဘာဆက်လုပ်ရမလဲ…."
ထို့နောက် သူက ဟွမ်စုန်၊ ဆောင်ဟေရှမ်းနှင့် ဂူဖန်းရှန်းတို့၏ သေဆုံးမှုကို ဖုံးကွယ်ဖို့ အသေးစိတ် ရှင်းပြလိုက်သည်။
အချို့အရာများကို ဆွေးနွေးပြီးနောက် ရန်ချီ ခေါင်းညိတ်လိုက်သည်။ အချို့လူတွေက သူ့အတွက် ကျင့်ကြံခြင်း အခြေခံအရ သူနှင့် မယှဉ်နိုင်သော်လည်း အစီအစဉ်ကျ မှတ်ခြင်းနှင့် ကြံစည်မှုများတွင် အလွန် တော်ကြသည်။
နောက်ဆုံးတော့ ညနေစောင်းလာကာ တောက်ပနေသောလမင်း၏ ငွေရောင် အလင်းတန်းများက လွင်ပြင်ပေါ်သို့ ကျဆင်းလာသည်။ ထိုအချိန်မှာပင် အစီအစဉ်များက ပြီးဆုံးလု ဖြစ်ကာ ရန်ချီက မတ်တပ်ရပ်ပြီး အသက်ရှူလိုက်သည်။
"ငါ အခု ကျောင်းတော်ကို ပြန်တော့မယ်။ မင်းတို့ကတော့ နောက် ၁၀ ရက်နေမှ ပြန်လာပြီးတော့ အစွမ်းထက်တဲ့ သားရဲကြီးတွေ မင်းတို့ကို အလစ်ဝင်တိုက်လို့ ဂူဖန်းရှန်း၊ ဟွမ်ဟုန်နဲ့ ဆောင်ဟေရှမ်းတို့ သေသွားကြောင်း သတင်းဖြန့်လိုက်။ တစ်ချိန်တည်းမှာပဲ မင်းတို့လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး ထွက်ပြေးလာရတယ်လို့ပါ ထည့်ဖြန့်လိုက်ဦး"
"အဲဒါ ငါတို့ အကောင်းဆုံး လုပ်နိုင်တာပဲ"
ကျန်းဖန်က ပြောကာ မတ်တပ်ရပ်လိုက်သည်။ သူ့ မျက်နှာပေါ်၌ ခံစားချက်မျိုးစုံ ထွက်ပေါ်နေသည်။
ရန်ချီက လက်ကို ဖြန့်လိုက်လေရာ သူ့ နောက်ကျော၌ ကြီးမားသော အစစ်အမှန် စွမ်းအင် အတောင်ပံ နှစ်ခု ပေါ်လာသည်။ ထို့နောက် လေနှင့် သဲများ တစ်ချက် ပြင်းထန်စွာ ဝှေ့သွားပြီးနောက် သူက ပျောက်ကွယ်သွားလေတော့သည်။
သူ ထွက်ခွာသွားသည်နှင့် တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှ ကျောင်းသားများက သူ့ အစစ်အမှန် စွမ်းအင်များကို ဖယ်ထုတ်နိုင်ဖို့ ကြိုးစားလိုက်သည်။ ကံမကောင်းစွာပင် ထိုအရာက ကော်ကပ်ထားသည်နှင့် တူညီကာ မဖယ်ထုတ်နိုင်ကြချေ။
သိပ်မကြာခင်မှာပင် လမင်းက မြင့်တက်လာရာ ကျန်းဖန်က မြေပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေရာ ဖုန်ထသွားလေတော့သည်။
"ဒါက အစွမ်းထက်တဲ့ အစစ်အမှန် စွမ်းအင်အချို့ကို... ဒါကို ဖယ်ရှားဖို့က ထင်သလောက် မလွယ်ဘူး"
"အစ်ကိုကြီးကျန်းဖန်"
မငြိမ်မသက် ဖြစ်နေသည့် ကျောင်းသား တစ်ယောက်က ပြောလိုက်သည်။
"ငါတို့ အခုချိန်မှာ အပြစ် ကျူးလွန်တဲ့ သူတွေ ဖြစ်နေပြီ။ ငါတို့ ဘာဆက်လုပ်ကြမလဲ။ ငါတို့ ဘ၀ တစ်လျှောက်လုံး ရန်ချီရဲ့ အမိန့်ကို နာခံနေရမှာလား။ ငါ သူ့လောက် ရက်စက်ပြီး အကြင်နာမဲ့တဲ့ သူမျိုးကို မတွေ့ခဲ့ဖူးဘူး"
"အခုချိန်မှာ ငါတို့ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး... ငါတို့ သူ့ကို လျှော့တွက်ခဲ့မိတယ်။ သူက ရည်မှန်းချက် ကြီးမားပြီး ရက်စက်လွန်းတယ်။ သူက တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာတယ်။ သိပ်မကြာခင်မှာပဲ ဒဏ္ဍာရီ အဆင့်အောက်မှာ သူ့ကို အနိုင်ယူနိုင်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး။ မမျှော်လင့်ထားတာ တစ်ခုခုသာမဖြစ်ရင် သူက နောက် ၄၊ ၅ နှစ်မှာ တော်ဝင်အိမ်ရှေ့စံနဲ့ ယှဉ်နိုင်လာလိမ့်မယ်။ အခုတော့ ငါတို့ လုပ်နိုင်တာက ငါတို့ အသက် ဆက်ရှင်ဖို့ပဲလေ"
ကျန်းဖန်က အံများကို ကြိတ်ကာ စိတ်ပျက်မှုများကို ရှင်းလင်းလိုက်သည်။
"ဆောင်ဟေရှမ်းကိုသာ လျစ်လျူရှုထားခဲ့ရင် ငါတို့လည်း ခုလို အဖြစ်မျိုး ရောက်မှာ မဟုတ်ဘူး။ သူ့ကို အပြစ်တင်ပြီး ယွမ်ဟိုက်လန်ကိုပဲ အပြစ်တင်ရမှာပေါ့"
End
***