ရန်ချီ၏ ရက်စက် ပြတ်သားမှုကြောင့် အလွန်ပြင်းထန်သည့် မုန်တိုင်းတစ်ခုကို ရပ်စဲနိုင်ခဲ့သည်။
သူနေထိုင်နေသည့် ကမ္ဘာကြီးပေါ်၌ အသက်ရှင်သန်နိုင်ဖို့ အတွက် တစ်ခါတစ်ရံ ကရုဏာတရား၊ အကြင်နာတရား ကင်းမဲ့ဖို့ လိုအပ်ပေသည်။ အကယ်၍ မင်းရဲ့ ရန်သူက မင်း အားနည်းတာကို သတိထားမိသွားပါက ထိုအရာကို အခွင့်ကောင်းယူပြီး နောက်ဆုံး မင်းကိုယ်တိုင်ပင် သေဆုံးသွားနိုင်သည်။
ကျန်းဖန်နှင့် အခြားလူများက သူနှင့် ဆွေးနွေးခဲ့သည့်အတိုင်း နောက်ဆယ်ရက်၌ ပြန်လာကာ မကောင်းဆိုးဝါးသားရဲတွင်းကို မတော်တဆ ဝင်ရောက်မိသွားပြီး ဟွမ်ဟုန်၊ ဆောင်ဟေရှမ်းနှင့် ဂူဖန်းရှန်းတို့ အသတ်ခံလိုက်ရကြောင်း ပုံပြင်ကို သတင်းလွှင့်လိုက်ကြသည်။
ရန်ချီက သူတို့ နောက်ဆုံး အဆုံးမသတ်နိုင်ကြောင်း အပြည့်အ၀ယုံကြည်ထားသည်။ ကံဆိုးသည့် မိစ္ဆာသားရဲ အုပ်စုကတော့ ထိုအရာက တန်ဖိုးကို သူတို့အစား ပေးဆပ်ရပေလိမ့်မည်။
ထို့ကြောင့် သူက အရမ်း စိုးရိမ်မနေတော့ချေ။ သိုင်းပညာပြိုင်ပွဲ မစတင်ခင်ထိ ကျောင်းတော်မှာ ကျင့်ကြံနေပါက ထိုကိစ္စက သူနှင့် ဆက်စပ်နေသည်ဟု မည်သူကမှ ထင်မြင်မိလိမ့်မည် မဟုတ်တော့ချေ။
ထို့ကြောင့် သူက အစွမ်းကုန် ကြိုးစားကာ အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ပြန်လည် ခိုးဝင်လာခဲ့သည်။ ထို့နောက် သူ့ ရဲတိုက်ကို ပြန်ရောက်သောအခါ ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်ကို ကြည့်ကာ တွေးမိလိုက်သည်။
‘ယွမ်ဟိုက်လန်သာ ကျင့်ကြံတဲ့ နေရာကနေ ထွက်လာချိန် ဆောင်ဟေရှမ်း သေဆုံးသွားတာ သိရင် ဘယ်လိုတောင် ဖြစ်နေမှာလဲ မသိဘူး။ သူမက ငါ့ကြောင့် ဖြစ်တယ်ဆိုပြီး ချက်ချင်းလိုလို သံသယ ဝင်မိလာလောက်တယ်။ သူမနေရာကနေ စဉ်းစားကြည့်ရင် ဆောင်ဟေရှမ်းကို ဆုံးရှုံးလိုက်ရတာ သူရဲ့ လက်နက်တစ်ခုကို ဆုံးရှုံးလိုက်ရသလိုပဲလေ။ သူမက အဲဒီလောက်လေးကို ဂရုစိုက်နေမှာတော့ မဟုတ်လောက်ဘူး။ သူမက သူမရဲ့ ကိုယ်ပိုင် အကျိုးအမြတ်ကိုပဲ ကြည့်တတ်တဲ့ လူစားပဲ။ သူမရဲ့ ကိုယ်တွင်းမှာ သနားညှာတာစိတ် နည်းနည်းလေးတောင်ရှိတဲ့ လူစားမျိုး မဟုတ်ဘူး’
ရန်ချီက ယွမ်ဟိုက်လန်က ဘယ်လိုလူမျိုးဖြစ်ကြောင်း ကောင်းစွာ သိထားသည်။
‘ယွမ်ဟိုက်လန်က နေ့စဉ်နဲ့အမျှ ပိုပို သန်မာလာတယ်။ ငါက အခုချိန်မှာ သူမထက် သာနေပေမဲ့လည်း သူမနောက်မှာ တော်ဝင်အိမ်ရှေ့စံရှိနေတယ်။ တကယ်လို့ ငါသာ သူမကို သတ်ချင်ရင် သူနဲ့ အရင် ရင်ဆိုင်ရလိမ့်မယ်။ ငါရဲ့ ကျင့်ကြံခြင်းအခြေခံက လုံလောက်အောင် မမြင့်မားသေးဘူး။ ငါ ပိုပိုပြီး သန်မာလာဖို့အတွက် ဘဝသက်တမ်း အကြိမ်ကြိမ် ခိုးယူနိုင်ဖို့ လိုအပ်တယ်။ ငါ တစ်ကြိမ်ပြီးတစ်ကြိမ် အဆင့်ချိုးဖောက် တက်လှမ်းနိုင်ဖို့ လိုအပ်နေပြီ။ အဲဒါမှပဲ တော်ဝင်အိမ်ရှေ့စံကို ငါ အနိုင်တိုက်နိုင်လိမ့်မယ်’
သူ ပါဝင်ပတ်သက်ခဲ့သည့် အိပ်မက်ဆန်ဆန် အဖြစ်အပျက်များကြောင့် စိတ်ငြိမ်ငြိမ် ထားနိုင်ဖို့ပင် ခက်ခဲနေသည်။ သို့သော်လည်း သူက နောက်ဆုံးမှာတော့ အာရုံစူးစိုက် ထားနိုင်ခဲ့သည်။
"အဖေက လောကအုပ်ချုပ်သူအဆင့်ကို တက်လှမ်းဖို့ အသင့်ဖြစ်နေလောက်ပြီ။ ငါ အချိန်တချို့ ယူပြီး အိမ်ပြန်သင့်တယ်။ သူ့ကို ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ကူညီရမှာပဲ။ အစ်ကိုကြီးနဲ့ အစ်ကိုလတ်ကိုလည်း ကူညီပေးရမယ်။ ပြီးတော့ ငါ့ကိုယ်ငါ ပိုမို သန်မာလာအောင် လုပ်ဖို့အတွက် အစီအစဉ် ဆွဲရမယ်။ ငါထင်တာတော့ မိစ္ဆာသားရဲတွေ သတ်ပြီးတော့ ငရဲမီးတောက် မီးပြင်းဖို အကူအညီနဲ့ မိစ္ဆာအမြုတေတွေ စားသုံးမှပဲ ဖြစ်မယ်"
သူ့ ပင်လယ်နှလုံးသား နေရာလွတ်လက်စွပ်ကို ဖွင့်ကာ မြေအောက်မှ သန့်စင်သည့် စိတ်ဝိညာဉ် စွမ်းအင်များကို ၎င်းအတွင်း ထည့်သွင်းလိုက်ပြီး ဧကရာဇ်များ၏ တာအို စွမ်းအင် အစီအရင်ကို ပြုလုပ်လိုက်သည်။
သူက ထိုအစီအရင်ကို သူ့ ကလန်သို့ ပြန်လည် ယူဆောင်ကာ သူတို့အတွက် အသုံးပြုဖို့ ဆုံးဖြတ်ထားသည်။ သူ့ အဓိက ရည်ရွယ်ချက်က လောကအုပ်ချုပ်သူအဆင့် ရောက်ရှိဖို့ အတွက် သေချာစေရန် ဖြစ်သည်။
ထို့အပြင် သူ့ ကျင့်ကြံခြင်း ပြုလုပ်နိုင်ဖို့ အတွက် အနက်ရောင် အလောင်းတောင်တန်း အတွင်း ဝင်ရောက်ဖို့ ဆုံးဖြတ်ထားသည်။
ထိုတောင်တန်း အနက်ပိုင်းရှိ သင်္ချိုင်းများ၌ နှစ်ထောင်ချီ အလောင်းဘုရင်များ ရှိကြကာ အခြား ဒိုင်းမေရှင်းသို့လည်း သွားနိုင်သည်။ ထို့ပြင် ထိုနေရာ၌ မိစ္ဆာအမြုတေများကို စားသုံးဖို့အတွက် မိစ္ဆာသားရဲများစွာ ရှိနေသည်။ ထို့အပြင် မိစ္ဆာသားရဲများကို ဖယ်ရှားခြင်းဖြင့် ယန်ကောင်းကင်ရှိ သာမန်လူသားများကို ပိုမို ငြိမ်းချမ်းစေနိုင်သည်။
ယခု သူ စဉ်းစားမိလိုက်သည်နှင့်ပင် ယွမ်ဒယ် ပင်လယ်သို့ သွားရောက်ဖို့လည်း ထိုက်တန်သည်။ ယွမ်ဟိုက်လန်က သူ့ကလန်ကို ခြိမ်းခြောက်ရဲတယ်လား။ ကောင်းပြီလေ... မျက်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပေါ့။ သူ့အနေဖြင့် သူမကလန်ကို ပြန်လည် ခြိမ်းခြောက်ခြင်းက အဓိပ္ပာယ် ရှိသည်။
သူက သုံးရက် သုံးညလုံးလုံး ကျင့်ကြံခဲ့ကာ တစ်ချိန်တည်းမှာပင် ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို အသုံးပြု၍ မြေအောက်မှ သက်စောင့် စွမ်းအင်များကို သူ့ ပင်လယ်နှလုံးသား လက်စွပ်အတွင်း အတတ်နိုင်ဆုံး ထည့်သွင်းခဲ့သည်။ ယခုအချိန် သူက အဆင့် ၃ လောကအုပ်ချုပ်သူ တစ်ယောက်ဖြစ်ကာ သက်စောင့် စွမ်းအင်များကို ပိုမို ထိန်းချုပ်နိုင်ခဲ့ပြီး မှော်အစီအရင်များ၌ စိတ်ဝိညာဉ် ပေါ်ထွက်လာခြင်းကို အသုံးပြုနိုင်သည်ကို ခံစားမိလာသည်။
သုံးရက်မျှ တရားကျင့်ကြံပြီးနောက် သူ့ စွမ်းအင်ပညာရပ်များအပေါ် ဉာဏ်အလင်းက ပိုမို နက်ရှိုင်းလာခဲ့သည်။ အခုချိန်မှာ သူက လောကအုပ်ချုပ်သူ အဆင့် ၃ ၏ စွမ်းအင်များကို အပြည့်အ၀ အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။
နောက်တစ်ဆင့်က လောကအုပ်ချုပ်သူ အဆင့် ၄ ပင်။
ကျောင်းဝူဖန်၏ မိစ္ဆာအမြုတေကျေးဇူးကြောင့် သူ့ ရုပ်ပိုင်းခန္ဓာကိုယ်က မျှော်မှန်း မထားနိုင်လောက်အောင် ကြံ့ခိုင်မာကျောလာသည်။ သူ့ သွေးစက် တစ်စက်စီတိုင်းက ရွှေဖြူရောင် ဖြစ်လာကာ ငရဲမီးတောက် မီးပြင်းဖိုမှ မီးလျှံများကလည်း ခမ်းနားကြီးမြတ်သည့် သူတော်စင် မီးလျှံများ ဖြစ်လာခဲ့သည်။
ယခုအချိန်၌ သူက လူသားတစ်ယောက်နှင့် မတူညီတော့ဘဲ နတ်ဘုရားတစ်ပါးနှင့် တူညီလာခဲ့သည်။
သူ့ အစွမ်းထက်ဆုံး အစစ်အမှန် စွမ်းအင် ၅ ခုဖြစ်သည့် ငရဲနတ်ဆိုး လှံတံ၊ ငရဲနတ်ဆိုး ချပ်ဝတ်၊ ငရဲနတ်ဆိုး တောင်ပံ၊ ငရဲမီးတောက်မီးပြင်းဖို၊ မိစ္ဆာနတ်ဘုရားစည်းတံဆိပ်တို့က ပြောင်းလဲခြင်း မရှိချေ။ စိတ်ဝိညာဉ် ထွက်ပေါ်လာခြင်းကိုသာ ၎င်းတို့နှင့်အတူ ပေါင်းစပ်လိုက်ပါက သူ့ကို မည်သူမှ ပိတ်ဆို့နိုင်တော့မည် မဟုတ်ချေ။
အသစ်တွေ့ရှိလာသော ခွန်အားကြောင့် ရန်ချီက ယခင်ကထက် သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာခဲ့သည်။
ကြီးမားသော သိုင်းပညာပြိုင်ပွဲကြီး ကျင်းပချိန်၌ သူက ပြိုင်ဘက် အားလုံးကို လွှမ်းမိုးနိုင်ကာ အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်လာမည်ကို ယုံကြည်ထားသည်။
တစ်ညမှာတော့ သူက သူ့ အခြား ညီအစ်ကိုလေးယောက်ကိုတွေ့ဖို့ ထွက်သွားခဲ့သည်။ လွန်ခဲ့သည့်ရက်များက သူတို့က လက်ရွေးစင်ကျောင်းသားနယ်မြေ၌ သူ ပြန်လာမှာကို အန္တရာယ်ကင်းစွာ စောင့်ဆိုင်းနေသည်။
သူတို့အားလုံးက သူ အိမ်ပြန်မည့် အစီအစဉ်ကို ကြားသောအခါ သူ့အတွက် အလွန် ဝမ်းသာသွားကြသည်။ သူတို့အားလုံးက သူတို့ လက်ရှိ အခြေအနေကို အလွန် ကျေနပ်နေကြသည်။ ယခုအချိန်၌ သူတို့ ကလန်အတွင်းမှာပင် သူတို့က ကွဲပြားခြားနားသော အဆင့်အတန်းများ ပိုင်ဆိုင်လာကြကာ နောက်တက်မည့် ကလန်ခေါင်းဆောင်အဖြစ် ရရှိဖို့ အခွင့်အရေးများသည်။
သူတို့ ကလန်များက သူတော်စင်ဘိုးဘေးမင်းဆက်၏ ချီးမြှောက်ခြင်းကို ခံရကာ သူတို့အားလုံး ရွှေရောင်သန်းသည့် ခေတ်သစ်တစ်ခုကို ခံစား ကြုံတွေ့နေကြသည်။
"ညီလေး... မင်း အိမ်ပြန်တဲ့လမ်းမှာ ဂရုစိုက်ပါ။ ပြီးတော့ မင်းကလန်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း သေချာဖြေရှင်းခဲ့ပါ။ သိပ်မကြာခင်မှာ ကြီးမားတဲ့ သိုင်းပညာပြိုင်ပွဲက ဒီကျောင်းတော်မှာ ကျင်းပလိမ့်မယ်။ ပွဲမှာ ပေးမယ့်ဆုတွေက အဖိုးမဖြတ်နိုင်လောက်အောင်ပဲ။ ကျောင်းတော်က အချို့ စီနီယာတွေတောင် ဘယ်သူက ထိပ်ဆုံး ရောက်မလဲ စောင့်ကြည့်ပြီး သူတို့ သဘောကျရင် ပညာသင်တပည့်တောင် ဖြစ်နိုင်တယ်။ ငါတို့အားလုံး ကြိုးစားကြရမယ်။ အကယ်၍ ငါတို့သာ ဒဏ္ဍာရီအဆင့် တစ်ယောက်ယောက်ရဲ့ ချစ်ခင်မှုသာရမယ်ဆိုရင် တော်ဝင်အိမ်ရှေ့စံတောင် ငါတို့ကို အရမ်းကြီး ဆန့်ကျင်ရဲမှာ မဟုတ်တော့ဘူး"
ရန်ချီက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ညီအစ်ကိုတို့... ငါ သွားတော့မယ်။ ငါ မြန်နိုင်သမျှ မြန်မြန် ပြန်လာခဲ့ပါ့မယ်"
ထို့နောက် သူက အတောင်ပံများကိုခတ်ကာ တိမ်များအတွင်း ဝင်ရောက်သွားပြီးနောက် ညအမှောင်ထဲမှာ ပျောက်ကွယ်သွားသည်။
ရန်ချီက ယန်ကောင်းကင်မှ အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ လာရောက်တုန်းက တစ်လမျှ ကြာမြင့်ခဲ့ရသည်။ ထိုအချိန်မှစ၍ သူ့ ကျင့်ကြံခြင်း အခြေခံက အလွန်မြင့်မားလာခဲ့ကာ ယခုအချိန်မှာတော့ ကောင်းကင်နှင့် အမှိုက်တစ်ခုကဲ့သို့ ခြားနားသွားခဲ့သည်။
သူ့ ငရဲနတ်ဆိုး တောင်ပံက ယခင်ကထက် အဆ ၁၀၀ လောက် မြန်ဆန်သွားခဲ့သည်။
သူက တိမ်ပင်လယ်ကြီးအတွင်းမှာ ကြွေကျနေတဲ့ ကြယ်တစ်ပွင့်ကဲ့သို့ မြန်ဆန်စွာ သွားလာနေခဲ့ပြီး ကီလိုမီတာ ၅၀၀ ကို ခဏအတွင်း သွားလာနိုင်ခဲ့သည်။ အဆင့် ၃ လောကအုပ်ချုပ်သူများက အစွမ်းထက်သည့် ပုဂ္ဂိုလ်များဖြစ်ကြကာ သူ့ အစစ်အမှန် စွမ်းအင်များအရ သူက အဆင့် ၇ လောကအုပ်ချုပ်သူ တစ်ယောက်ထက် ပိုမို သန်မာနေသည်။ ထို့ကြောင့် ထိုအဆင့်မှ အမြန်နှုန်းက တုန်လှုပ်စရာ အလွန် ကောင်းသည်။
အစတုန်းက သူက လေကို ဆန့်ကျင်ကာ ပျံသန်းဖို့အတွက် အစစ်အမှန် စွမ်းအင်များကို အသုံးပြုခဲ့ရပြီး သူ့ အနီး၌ ပေါက်ကွဲသံများနှင့် မီးပွားများ ထွက်ပေါ်ခဲ့ရသည်။
သို့သော်လည်း ယခုအချိန်မှာတော့ သူက အသံတိတ် ပျံသန်းလာနိုင်ခဲ့ပြီး အနက်ရောင် အလင်းတန်းလေး လေထဲ ရွေ့လျားနေတာကိုသာ တွေ့နိုင်ပေလိမ့်မည်။ သူက အခြား ဒိုင်းမေရှင်း တစ်ခုသို့ ခရီးသွားနေသည်နှင့်ပင် တူညီနေသည်။
ယခုအချိန်၌ သူ့ ကိုယ်တွင်းမှ စွမ်းအင်များက အနည်းအကျဉ်းမှပင် ယိုစိမ့် ပြုန်းတီးခြင်း မရှိတော့ချေ။ နောက်ဆုံးမှာတော့ သူက တိမ်ပင်လယ်ထဲမှ ပျံထွက်ကာတောင်တစ်ခုအနီးမှ ဖြတ်သွားသည်။ သို့သော်လည်း ထိုတောင်က သူ ဖြတ်သန်းသွားသည်နှင့် ပြိုကွဲသွားလေတော့သည်။
‘ဒါ ဘာစွမ်းအားလဲဟ’
သူ့ ငရဲနတ်ဆိုး တောင်ပံက ထိုကဲ့သို့ ပြုလုပ်နိုင်စွမ်းရှိသည်ကို သူပင် မသိထားချေ။
သူ အသုံးပြုသည့် ငရဲချေမှုန်း နတ်ဆင်စွမ်းအားက စိတ်ကူးနိုင်သည့်ထက်ပင် ပိုမို သာလွန်နေသည်။ ထိုအရာက အမြင့်ဆုံး အဆင့်သို့ ရောက်ရှိပါက မည်သို့ ဖြစ်လာမည်ကို သူ မသိချေ။ သူ့ ငရဲနတ်ဆိုးတောင်ပံက ကောင်းကင်တမန်တောင်ပံများဖြစ်လာကာ လေဟာနယ် ဟင်းလင်းပြင်ကို ထိုးဖောက်၍ အခြား ဒိုင်းမေရှင်းများကို သွားလာနိုင်ပေလိမ့်မည် ဆိုတာကတော့ သူ သေချာသလောက် သိထားသည်။
သို့သော်လည်း သူက ထိုအဆင့်သို့ မရောက်ရှိသေးချေ။
ထို့ပြင် ထိုအတောင်ပံများက ငရဲချေမှုန်း နတ်ဆင်စွမ်းအားအဆင့်ထိ ရောက်ရှိလာပါက ကောင်းကင်တမန် အတောင်ပံများထက် သာလွန်သွားပေလိမ့်မည်။ သူက ထိုအရာများ ဘယ်လောက် သန်မာမလဲဆိုတာကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့အတွက် အချိန်တစ်ခုထိ စောင့်ဆိုင်းရပေလိမ့်မည်။
သူက ညဝက်ခန့် ပျံသန်းခဲ့ကာ နေမင်းပင် မထွက်ပေါ်လာသေးချေ။ နောက်ဆုံးမှာတော့ သူက ယန်ကောင်းကင်ကိုတွေ့သောအခါ အရှိန်အနည်းငယ် လျော့ချလိုက်လေတော့သည်။
ထိုနေရာက စည်ကားသော နေရာတစ်ခုဖြစ်သဖြင့် ကောင်းကင်မှ မလင်းထင်းသေးမီမှာပင် မြို့ဂိတ်တံခါးက ဖွင့်ထားကာ လူများ၊ မြင်းများ၊ မြင်းလှည်းများ သွားလာနေသည်။ ထိုနေရာ၌ ခရီး လှည့်လည်နေသူများ၊ ကုန်သည်များ၊ ဒေသခံ နေထိုင်သူများရှိနေကြကာ လူများက အလုပ်ကြိုးစား နေကြသည်။
မြို့၏ အပြင်ဘက်၌ ကြီးမားသော ဆောက်လုပ်ရေးများ လုပ်ဆောင်နေကြသည်။ မြေပြင်က တုန်ခါနေကာ ကျောက်မိုင်းများမှ ကျောက်တုံးများ တူးဖော်နေကြသည်။
မြို့၏ အချက်အချာကျသော နေရာက မြို့တော်ဝန် အိမ်တော်ဖြစ်ကာ သူတို့က ကြီးမားသော တာဝန်များကို လုပ်ဆောင်နေကြရသည်။ ထိုနေရာ၌ အစောင့်များနှင့် အစေခံများက စနစ်တကျ အလုပ်လုပ်နေကြသည်။ ထိုအရာက သေးငယ်သော တော်ဝင်မင်းဆက် တစ်ခုနှင့် အမှန်တကယ်ကို တူညီလှသည်။
မြို့တော်ဝင်အိမ်တော်၏ အဓိက ကွင်းပြင်၌ ရန်ချီက ဆင်းသက်လိုက်လေရာ လေပြင်းများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို များပြားလွန်းသည့်အစောင့်များ ထွက်ပေါ်လာကာ မြှားဖြင့်ချိန်ပြီး ဓားများကို ဆွဲထုတ်ကာ အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြသည်။
ရန်ချီက ကြည့်လိုက်လေရာ ရန်ကလန်မှ အချို့သားများ၏ ရင်းနှီးသည့် မျက်နှာများကို မြင်တွေ့လိုက်ရသည်။ အစောင့် တစ်ယောက်ကို ကြည့်ကာ ရန်ချီက ပြောလိုက်သည်။
"ရန်ရုံ... ဒီကိုလာပါ... ငါလေ... ငါ ပြန်လာပြီ"
"ဘာ... မင်းသားလေးလား... အဲဒါက မင်းသားလေးပဲ"
ထိုလူက တုန်လှုပ်သွားကာ ဒူးထောက်ပြီး ဂါရ၀ ပြုလိုက်သည်။
"အားလုံးပဲ အရိုအသေပေးကြ... မင်းသားလေး ပြန်ရောက်လာပြီ"
ရန်ရုံက အတိတ်တစ်ချိန်က ကလန်၏ လူငယ်မျိုးဆက် လက်ရွေးစင် တစ်ယောက် ဖြစ်ခဲ့သည်။ ထိုအချိန်က အခြေအနေများနှင့် ပတ်သက်၍ သူက အနည်းငယ် ခါးသက်သက် ဖြစ်ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး၌ အရေးပါသည့် လူတစ်ယောက် ဖြစ်လာပြီးနောက် ရန်ချီကို အလွန်အမင်း သစ္စာစောင့်တည်လာခဲ့သည်။
"ဘာ... အဲဒါ အရှင်လေးချီလား"
အစောင့်အများစုက ကြက်သေသေသွားခဲ့သည်။ ယခုအချိန်၌ ရန်ချီက ဒဏ္ဍာရီဆန်သည့် ပုံပြင်ထဲမှ လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည်။ လွန်ခဲ့သည့် နွေရာသီတုန်းက သူက အရာရာတိုင်းကို ဇောက်ထိုးမိုးမျှော် ပြုလုပ်ခဲ့သည်။ သူက ရန်ကလန်ကို စည်းလုံးစေကာ ချန်ကလန်ကို အမြစ်ဖြတ် ရှင်းလင်းပြီးခဲ့သည်။ ထို့နောက် အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ဝင်ရောက်ကာ လက်ရွေးစင် ကျောင်းသား တစ်ယောက် ဖြစ်ပြီး လောကအုပ်ချုပ်သူ တစ်ယောက်လည်း ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူတော်စင် ဘိုးဘေးမင်းဆက် အင်ပါယာက သူတို့ကို လက်ဆောင်များ ချီးမြှင့်ခဲ့သည်။ ယန်ကလန်ကို တိုက်ထုတ်နိုင်သည့် ကျွမ်းကျင်သူများက စေလွှတ်ပေးသည့် သူက မြို့တော်ရှိ အင်အားကြီး ကလန်လေးခုနှင့် မိတ်ဆွေ ဖြစ်လာခဲ့သည်။
ထိုအရာအားလုံးက အံ့ဩဖွယ် ကောင်းလှသည်။ သူက ကလန်တစ်ခုလုံး၏ အဓိက ကျောရိုးမကြီး ဖြစ်ကာ သူတို့၏ စိတ်ထဲမှ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်သည်။
အစောင့်များ အားလုံးက ဒူးထောက်လိုက်ကြသည်။
ထိုအချိန်မှာပင် တော်ဝင်နန်းတော်၏ ပင်မအိမ်တော်မှ လေတိုးသံ တစ်ခုနှင့်အတူ ရန်ကျန့်က ပျံသန်းလာခဲ့သည်။ သူ့ မျက်နှာက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကာ ပြောလိုက်သည်။
"ချီအာ... မင်း ပြန်လာပြီလား"
"ချစ်ခင်ရသော အဖေ့ကို သား နှုတ်ဆက် ဂါရ၀ ပြုပါတယ်"
သူက ပြောလိုက်ကာ ရှေ့ကို တိုးရင်း သူ့အဖေနှင့် တွေ့ဆုံလိုက်သည်။
End
***