"ချီအာ... မင်း ပြန်လာပြီပဲ"
သူ့သားကို မြင်လိုက်ရသဖြင့် ရန်ကျန့်၏ နှလုံးသားထဲ၌ ခံစားချက် အမျိုးမျိုး ဖြစ်ပေါ်လာသည်။ ရန်ချီက ယခုအချိန်မှာ ကျော်ကြားလာခဲ့ကာ သူ့လမ်းကို ဆက်လက် လျှောက်လှမ်းနေသည်။ သူကြောင့် ကလန်၏ ဘိုးဘေးများက ဂုဏ်ပြု ချီးမြှင့်ခံရကာ သူတော်စင် ဘိုးဘေးမင်းဆက်က ဆုလက်ဆောင်များပင် ချီးမြှင့်ခံရသည်။
ရန်ကလန်က ယခုအချိန်မှာ အနီးဝန်းကျင် ကီလိုမီတာ တစ်ထောင်ကျော်ခန့် မြို့များအတွင်း နံပါတ်တစ်ကလန်တစ်ခု ဖြစ်လာသည်။
ဂုဏ်သရေရှိ ကလန်အားလုံးက သူတို့ကို ဒူးထောက်ခစားကာ ရန်ကလန်အတွက် တပ်များ ထောက်ပံ့ပေးရသည်။ ယခုအခါ ကလန်က ထိုနေရာ တစ်လျှောက်လုံး၏ အုပ်စိုးသူ ဖြစ်လာကာ ရန်ကျန့်က ဘုရင်တစ်ပါး ဖြစ်လာသည်။
ယန်ကောင်းကင်က နိုင်ငံတစ်ခု ဖြစ်လာဖို့ လိုအပ်နေတာက နိုင်ငံနာမည် တစ်ခုပင်။
"တတိယညီလေး"
ရန်ချီက သူ့အဖေကို အစဉ်အလာအရ နှုတ်ဆက်နေစဉ်မှာပင် ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံတို့က ပြေးထွက်လာကြသည်။
"အစ်ကိုကြီး... ဒုတိယအစ်ကို"
သူက ပျော်ရွှင်စွာရယ်မောလိုက်ရင်း အရှေ့ကို တိုးကာ သူ့ အစ်ကိုနှစ်ယောက်ကို ဖက်လိုက်သည်။ ရန်ကျန့်က လက်ကို ဝှေ့ယမ်းရင်း အနီးအနားရှိ တပ်သားများကို ပြောလိုက်သည်။
"ငါ့သား အိမ်ပြန်လာလို့ ပျော်ပွဲရွှင်ပွဲ သုံးရက် ကျင်းပမယ်။ မီးရှူးမီးပန်း ဖောက်ဖို့ ပြင်ဆင်ထားကြဟေ့။ သာမန်သေမျိုး လူကြီးလူငယ်မရွေး အဖိုးတန်ဆေးတွေ ပေးဝေမယ်။ ပြီးတော့ မြို့တော်နဲ့ အခြားနေရာမှာ ရှိတဲ့ အရာရှိတွေ အားလုံးကို စားသောက်ပွဲ ကျင်းပဖို့ တော်ဝင်နန်းတော်ကို ဆင့်ခေါ်လိုက်ကြ"
"အဖေ... ဒီလောက်ထိကြီး လုပ်ဖို့ မလိုအပ်ပါဘူးဗျာ"
ရန်ချီက ပြောလိုက်သည်။ သာမန်လူသားများနှင့် အမှုထမ်းများ အတွက် ထိုကဲ့သို့ အမည်မသိ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခြင်းက ကိစ္စမရှိသော်လည်း တရားဝင် စားသောက်ပွဲက ကြီးကျယ်လွန်းသည်။
"ကိစ္စမရှိပါဘူး"
ရန်ယွမ်ကျုံးက ပြောလိုက်သည်။
"တတိယညီလေး... မင်း သတိမထားမိဘူးလား။ ယန်ကောင်းကင်က ကလန်တွေ အားလုံးက ငါတို့အပေါ် သစ္စာခံဖို့ ကျိန်ဆိုထားပေမဲ့ အချို့လူတွေက တိတ်တဆိတ် ဆန့်ကျင်ချင်နေကြတုန်းပဲ။ အချို့ဆို ပုန်ကန်ဖို့ အတွက် အပြင်ဘက်က ကလန်တွေနဲ့တောင် အစီအစဉ် ဆွဲနေကြတယ်။ အရိပ်ပိုးစံအိမ်နဲ့ နွေဦးဆောင်း အိမ်တော်က လူတွေကို နယ်စပ်ဘက်မှာ မြင်တွေ့နေရပြီးတော့ သူတို့က မြို့ထဲကို ဝင်လာချင်နေကြတယ်လို့ ထောက်လှမ်းထားမိတယ်လေ။ အဖေက မင်း ပြန်လာတာကို အသုံးချပြီးတော့ အခြားကလန်တွေကို လက်အောက်ခံ လာအောင် ခြောက်လှန့်ဖို့နဲ့ ငါတို့ရဲ့ ဂုဏ်သတင်းကို မြင့်တင်ဖို့လုပ်နေတာပဲ။ စားသောက်ပွဲမှာ မင်းရဲ့ စွမ်းအင်ပညာရပ်ကို ထုတ်ပြလိုက်ရင်တော့ အကောင်းဆုံးပဲလေ။ အဲဒါက တော်တော်လေးကို ထိရောက်စေမှာပဲ"
"အင်း... အဲဒါဆိုလည်း အဲဒီလိုပဲ လုပ်ကြတာပေါ့"
ရန်ချီက ဖြေလိုက်သည်။ သူ့ မိသားစုများက ကိစ္စရပ်များကို သိနေသည်မှာ သိသာလှသည်။
"မင်းရဲ့ အကူအညီက တကယ်ကို ကြီးမားတာပဲ ချီအာ"
ရန်ကျန့်က ပြောလိုက်သည်။ သူတို့က တော်ဝင်နန်းတော်သို့ ဦးတည် လျှောက်လှမ်းသွားရင်း အနီးနားရှိ အဆင့် ၈ အစောင့်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"ကလန်မဟာ အကြီးအကဲတွေကို ဆင့်ခေါ်လိုက်။ ငါတို့ အရေးကြီး ဆွေးနွေးပွဲ ရှိတယ်လို့သာ သူတို့ကို ပြောလိုက်ပါ"
"ကောင်းပါပြီ အရှင်မင်းမြတ်"
အစောင့်က ပြန်ဖြေလိုက်သည်။
"အဖေ... အဖေရဲ့ စွမ်းအင်ပညာရပ်က အထွတ်အထိပ်ကို ရောက်နေပြီပဲ လောကအုပ်ချုပ်သူ အဆင့်ကို ရောက်ဖို့အတွက် အခက်အခဲအချို့ ရှိနေတယ်နဲ့တူတယ်။ အဖေက ကျွန်တော့်လိုပဲ လေးရာသီ ဓားပညာကို ကျင့်ကြံထားလို့ ကျေးဇူးတင်ရမယ်။ အဖေကို ကျွန်တော် လောကအုပ်ချုပ်သူ အဆင့် ရောက်အောင် ကူညီပေးမယ်။ လောကအုပ်ချုပ်သူတစ်ယောက်သာ ဖြစ်သွားရင် အဖေအနေနဲ့ ယန်ကောင်းကင်ကို ကောင်းကောင်းထိန်းချုပ်နိုင်လာမှာပဲ"
သူတို့က နန်းတော်သို့ ဦးတည် သွားနေရင်း ထိုကိစ္စကို ဆက်လက် ဆွေးနွေးနေကြသည်။
ရန်ချီက အရာအားလုံး သေချာစီစဉ်ထားတာကို မြင်တွေ့လိုက်ရသည်။ အစောင့်များနှင့် အစေခံများက နေရာအနှံ့ရှိကာ မိန်းမစိုး အချို့ကိုပင် မြင်တွေ့ခဲ့သည်။ ထိုနန်းတော်က ရှုပ်ထွေးကာ ကြီးမားလွန်းပြီး မရေမတွက်နိုင်သည့် လမ်းငယ်များစွာ ရှိနေသည်။ ထိုနေရာရှိ မျက်နှာကျက်ကို ထောက်ပိုးထားသည့် ခမ်းနားထည်ဝါသည့် တိုင်လုံးများနှင့် ထုပ်တန်းများ၌ နဂါးများ၊ ဖီးနစ်များ ပုံများ ထွင်းထုထားလေရာ ထိုနန်းတော်က အလွန်တော်ဝင်ဆန်သည့် ခံစားချက်ကို ခံစားမိသည်။
အမှန်စင်စစ် ထိုအရာက ရည်မှန်းချက်ကြီးမားသော အရင်မြို့တော်ဝန်ဖြစ်သူ ယန်ဂူဖုန်း ချန်ထားခဲ့သည့် အရာများသာဖြစ်သည်။ သူ နောက်နှစ်ထောင်ချီ တည်တံ့မည့် တိုင်းပြည်တစ်ခုကို ထူထောင်ချင်ခဲ့ရာ သူ့ နန်းတော်ကို တော်ဝင်နန်းတော်တစ်ခုအဖြစ် သင့်တော်သလို ပြောင်းလဲခဲ့သည်။ သို့သော်လည်း ဝမ်းနည်းစရာ ကောင်းစွာပင် သူက ယန်ကောင်းကင် တစ်ခုလုံးကို အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ နှင်ထုတ်ခံခဲ့ရသည်။ သူ့ ရတနာသိုလှောင်ခန်းမှာ လုယူ သိမ်းပိုက်ခံရပြီး ဆေးဝါးများစွာလည်း လုယူခံခဲ့ရသည်။
မိန်းမစိုးများကလည်း သူ့ထံမှ ကျန်ရစ်ခဲ့ခြင်းပင်။
သူက အိမ်တော်၏ အခြေအနေကို ကြည့်ရှုလိုက်ပြီးနောက် ရန်ချီက သူ့အဖေနှင့် အစ်ကိုများ၏ ကျင့်ကြံမှု အခြေခံများကို အချိန်ယူ စမ်းစစ်ခဲ့သည်။
ရန်ကျန့်က ဆရာသခင် အဆင့် အထွတ်အထိပ်တွင်ရှိကာ သူ့ လေထု ဆန်းကြယ်အပင်ကို အပြည့်အ၀ စုပ်ယူနိုင်ခဲ့သည်။ သူက သာမန်ကာလျှံကာ လက်ရမ်းသလို လေထဲတွင် အင်မော်တယ်တစ်ပါးကဲ့သို့ မျောလွင့်နိုင်သည်။ သူ့ အစ်ကိုနှစ်ယောက်ကလည်း ဆရာသခင် အဆင့်များဖြစ်ကြကာ သူတို့၏ လေးရာသီဓားပညာရပ်ကြောင့် သာမန် ဆရာသခင် အဆင့်များထက် သာလွန်သည်။
သို့သော်လည်း သူတို့က လောကအုပ်ချုပ်ခြင်းအဆင့်သို့ တက်လှမ်းရန် အချိန်တချို့ လိုအပ်နေသေးသည်။ သူတို့က အသက်ဓာတ် စမ်းရေကဲ့သို့ ဒဏ္ဍာရီလာ ပစ္စည်းမျိုးသာ အသုံးပြုနိုင်ပါက လောကအုပ်ချုပ်သူ အဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်ပေလိမ့်မည်။
မကြာမီမှာပင် ကလန်မှ အဆင့်အမျိုးမျိုးရှိသည့် မဟာ အကြီးအကဲများနှင့် လက်အောက်ခံ ဂိုဏ်းခွဲများမှ ခေါင်းဆောင်များ ရောက်ရှိလာသည်။ ရန်ရှင်းရှိနှင့် ရန်ကတော်တို့လည်း ရောက်ရှိလာကြသည်။
သူတို့က ကလန်မှ အဆင့်အမြင့်ဆုံး အကြီးအကဲများ ဖြစ်ကြသော်လည်း ပထမဆုံး အနေဖြင့် ရန်ကျန့်ကို အရင်ဆုံး ဂါရ၀ ပြုကြရသည်။
"အရိုအသေ ပေးပါတယ် အရှင်မင်းမြတ်"
သူတို့နှစ်ယောက်က ပြောလိုက်သည်။ အစည်းအဝေးခန်းမက လူထောင်ချီဆန့်သဖြင့် ရာနှင့်ချီသော ကလန်သားများက သူတို့ကိုယ်တိုင် နေရာယူဖို့ နေရာများစွာ ရှိနေသည်။ လူတိုင်းက ရန်ကျန့်ကို လေးစားစွာ ကြည့်ပြီးနောက် ရန်ချီထံ အကြည့် ပြောင်းသွားကြသည်။
"မတ်တပ်ရပ်ပြီး သင့်တော်တဲ့ နေရာမှာ ထိုင်ကြပါ"
ရန်ကျန့်က ရှင်ဘုရင်တစ်ပါးကဲ့သို့ ပြောလိုက်သည်။
လူတိုင်းက ထိုင်လိုက်ကြလေရာ သူက ဆက်လက် ပြောလိုက်သည်။
"ဒီနေ့က နေ့ထူးနေ့မြက်ပဲ... ငါ့သားတော် ရန်ချီ အင်မော်တယ်ခြေနင်း ကျောင်းတော်ကနေ ပြန်လာတဲ့ နေ့ပဲ။ ချီအာ... ကလန်အတွက် လက်ဆောင် ပါလာသေးလား"
"ပါတယ် အဖေ"
သူက ထိုနေရာရှိ ကလန်မှ လူအုပ်တစ်ခုလုံးကိုကြောက်လန့်ပြီး အမိန့်နာခံတတ်အောင် အေးစက်စွာ ပြောလိုက်သည်။
"ငါ အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ သင်ယူနေတုန်း လောကအုပ်ချုပ်သူ အဆင့်ကို ရောက်ရှိခဲ့တယ်။ ပြီးတော့ မှော်အစီအရင် အများကြီးကိုလည်း သင်ယူနိုင်ခဲ့တယ်လေ။ ဒါကြောင့်ပဲ ကလန်ကအဖွဲ့သားတွေ ကျင့်ကြံခြင်းအဆင့် ပိုမို တိုးတက်လာအောင် ပြုလုပ်ပေးနိုင်တဲ့ မှော်အစီအရင်ကို ငါ ပြုလုပ်ပေးနိုင်ပြီ။ အမျိုးသမီးနဲ့ လူကြီးမင်းအပေါင်းတို့... ငါ ပြသတာကို ဘာမေးခွန်းတွေ၊ မှတ်ချက်တွေမှ မပေးဘဲ ကြည့်ကြပါ"
ထိုအချိန်မှာပင် သူ့ နေရာလွတ် လက်စွပ်မှ အပြာရောင် အလင်းတန်းနှင့်အတူ ကြီးမားသော မှော်အစီအရင်တစ်ခုက ရန်ကျန့်၏ ပုလ္လင်ရှေ့၌ ထွက်ပေါ်လာသည်။
လူတိုင်းက ဧကရာဇ်များ၏ တာအိုစွမ်းအင်အစီအရင်မှ ကြောက်မက်ဖွယ် စွမ်းအားကို ချက်ချင်း ခံစားမိသွားကြသည်။ ရန်ကျန့်က ရှေ့သို့ တိုးသွားလိုက်ရာ သူ့ကိုယ်တွင်းမှ အစစ်အမှန် စွမ်းအင်များ တိုးတက်လာသဖြင့် သူ့ မျက်နှာ အမူအရာက မှိန်းမောသွားသည်။
"အဖေ"
ရန်ချီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အထဲကိုသွားပြီး အဖေရဲ့ စွမ်းအင်ပညာရပ်ကို ထုတ်ဖော်လိုက်ပါ။ စွမ်းအားပင်လယ်ထဲက အစစ်အမှန် စွမ်းအင်တွေကို ထုတ်ဖော်လိုက်။ အဖေကို အခုချက်ချင်း ဒီနေရာမှာ လောကအုပ်ချုပ်သူ အဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်အောင် ကူညီပေးမယ်"
ရန်ကျန့်က တုံ့ဆိုင်းမနေတော့ဘဲ သူ့ လေးရာသီ ဓားပညာရပ်ကို ထုတ်ဖော်လိုက်သည်။ နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းရာသီတို့၏ စွမ်းအင်များက ထိုနေရာတွင် ထွက်ပေါ်လာသော်လည်း အစီအရင်က ထိုနေရာထဲမှာပင် ထိန်းချုပ်ထားလိုက်သည်။
လူတိုင်းက အစစ်အမှန် စွမ်းအင်များ၊ နွေဦးရာသီ မိုး၊ နွေရာသီ မိုးကြိုး၊ ဆောင်းဦးရာသီ ဆီးနှင်းများနှင့် ဆောင်းရာသီ နှင်းစက်များအကြား စွမ်းအင်များ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနေတာကို မြင်တွေ့ကြရသည်။
ထိုအခြေအနေကို ဆက်လက် ထိန်းသိမ်းထားဖို့ အာရုံစိုက်ကာ ရန်ချီက သူ့ ကိုယ်ပိုင် စွမ်းအားပင်လယ်မှ လေးရာသီ ဓားပညာ၏ ဓားစွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး အစီအရင်သို့ စေလွှတ်လိုက်သည်။ ထိုစွမ်းအင်က ရန်ကျန့်၏ သွေးကြောများသို့ အလျင်အမြန် တိုးဝင်သွားကာ အစစ်အမှန် စွမ်းအင်များက သူ့ အသက်ဓာတ် စွမ်းအင်တည်ဆောက်ပုံကို မြင့်မားသည့် အဆင့်သို့ ရောက်ရှိအောင် တွန်းပို့ပေးသည်။ ရန်ချီ၏ ကျင့်ကြံခြင်း အခြေခံအရ လောကအုပ်ချုပ်သူ အဆင့် ၃ သို့ ရောက်ရှိနေသော်လည်း သူ့ အစစ်အမှန် စွမ်းအင်များက လောကအုပ်ချုပ်သူ အဆင့် ၇ နှင့် ညီမျှသည်။ ရန်ကျန့်က သူ့ အကူအညီဖြင့် နှစ်ပေါင်းဆယ်ချီ၊ ရာချီလောက် တိုးတက်လာသလို ခံစားရသည်။
ရန်ချီ၏ ဓားစွမ်းအင် တစ်ချက်က အချို့လူများ ဘဝတစ်လျှောက် ကျင့်ကြံအားထုတ်ခြင်းနှင့်ပင် ညီမျှသည်။
ရန်ကျန့်က လက်ရှိအချိန်၌ ဖျက်ဆီးနိုင်စွမ်း ပြင်းထန်သည့် ဓားတစ်ချောင်း ဓားအိမ်မှ ဆွဲထုတ်လိုက်သည်နှင့် တူညီနေသည်။ တစ်ချိန်တည်းမှာပင် သူ့ အသက်ဓာတ် အမြုတေက ဧကရာဇ်များ၏ တာအို စွမ်းအင် အစီအရင်ကြောင့် တိုးတက်လာသည်။
သိပ်မကြာခင်မှာပင် သူ့ စွမ်းအင်ရင်းမြစ်များက အကန့်အသတ်သို့ ရောက်ရှိလာကာ ၎င်းတို့ကို ထိုးဖောက်နိုင်သွားခဲ့သည်။ ဓားစွမ်းအင်က အပေါ်ဘက်သို့ ထုတ်လွှတ်ခြင်း ခံရကာ မျက်နှာကျက်ကို ဖောက်ထွင်းသွားလေတော့သည်။
သို့သော်လည်း ရန်ချီက အလျင်အမြန် တုံ့ပြန်လိုက်သည်။ လက်ချောင်းများကို လှုပ်ယမ်းလိုက်ရင်း စွမ်းအင်နယ်ပယ်တစ်ခုကို ဆင့်ခေါ်ကာ ဓားစွမ်းအင်များကို ထိန်းချုပ်ရင်း ရန်ကျန့်ထံ ပြန်လည် ဝင်ရောက်ရန် ဖိအားပေးလိုက်သည်။
ရန်ကျန့်၏ အသက်ဓာတ် စွမ်းအင် ဖွဲ့စည်း တည်ဆောက်ပုံက သိသိသာသာ ပြောင်းလဲသွားကာ သက်စောင့်စွမ်းအင် စီးကြောင်းများက သူ့ကိုယ်အတွင်း ဝင်ရောက်သွားသဖြင့် ဟောခန်းအတွင်းရှိ လူတိုင်း တုန်လှုပ်သွားသည်။
ရန်ချီက မှော်အစီအရင်ကို သူ့ လက်စွပ်အတွင်း ပြန်လည် စုပ်ယူလိုက်လေရာ ထိုနေရာ၌ ရန်ကျန့်တစ်ယောက် မျက်လုံးမှိတ်ရင်း မတ်တပ်ရပ်နေသည်ကို မြင်တွေ့ရသည်။
"လောကအုပ်ချုပ်ခြင်းအဆင့်ကို ရောက်သွားတာ ဂုဏ်ပြုပါတယ် အဖေ"
ရန်ချီက ပြောလိုက်သည်။
"ရန်ကလန်က အခုဆို နောက်နှစ်ပေါင်း ထောင်ချီ တည်တံ့နိုင်လောက်အောင် သန်မာသွားပြီ"
‘ငါ လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်နေတာ မယုံကြည်နိုင်စရာပဲ’
ရန်ကျန့်က အလင်းရောင်များ တောက်ပနေသည့် သူ့လက်ကို ငုံ့ကြည့်လိုက်သည်။
‘ဒီလို စွမ်းအားမျိုး... အရင်ကထက် အများကြီး ကွာခြားသွားတာပဲ။ ဆရာသခင် အဆင့် တစ်ယောက်က လောကအုပ်ချုပ်သူကို မတိုက်ခိုက်နိုင်ဘူးဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူးလေ။ တစ်ခုက သေးငယ်တဲ့ကြွက်တစ်ကောင်လောက်ဆို နောက်တစ်ခုက ခွန်အားကြီးမားတဲ့ လင်းယုန်ငှက်ကြီးပဲ’
ကလန်မှ အဖွဲ့ဝင်အားလုံး တုန်လှုပ်သွားပြီးနောက် ချက်ချင်း ဆွေးနွေး ပြောဆိုကြကုန်သည်။
"သူက တကယ်ကြီး လောကအုပ်ချုပ်ခြင်းအဆင့်ကို ရောက်သွားတာလား"
"ဒီအရှိန်အဝါက ကြောက်စရာ ကောင်းလွန်းတာပဲ"
"ကလန်ခေါင်းဆောင်က တကယ်ပဲ အဆင့်ချိုးဖောက်နိုင်သွားတာလား။ ရန်ချီက သူ့ကို ကူညီပေးခဲ့တာပေါ့လေ။ အဲဒါဆို ရန်ချီက ဘယ်လောက်တောင် သန်မာနေပြီလဲ"
ရန်ကတော်နှင့် ရန်ရှင်းရှီတို့က မနာလို အားကျသလိုဖြင့် ကြည့်ရှုလိုက်သည်။ သူတို့က လောကအုပ်ချုပ်ခြင်းအဆင့်သို့ ရောက်ရှိလိုကြသော်လည်း ဆရာသခင် အဆင့် အထွတ်အထိပ်မှာသာ သောင်တင်နေခဲ့သည်။ သူတို့က ဆယ်စုနှစ်များစွာ ရှင်သန် နေထိုင်နိုင်ကြ သေးသော်လည်း သာမန်လူများထက် ပိုမိုရှင်သန်နေထိုင်နိုင်ဖို့အတွက် အဆင့်ချိုးဖောက် တက်လှမ်းနိုင်ချင်ကြသည်။
ယခုအခါ သူတို့အတွက် မျှော်လင့်ချက် ရှိလာခဲ့သည်။ သူတို့က တုံ့ဆိုင်းမနေဘဲ မတ်တပ်ရပ်ကာ ရန်ချီထံ လျှောက်သွားကြသည်။ ရန်ချီက ချွန်ထက် စူးရှကာ စွမ်းအားကြီးမားသည့် အကြည့်ဖြင့် သူတို့ကို ကြည့်လိုက်သည်။
"ဒုံး..."
သူတို့က သူ့ရှေ့၌ ဒူးထောက်လိုက်ကြလေတော့သည်။
"သခင်လေးရန်ချီ"
ရန်ရှင်းရှီက ပြောလိုက်သည်။
"ငါတို့ မဟာ အကြီးအကဲနှစ်ယောက်က မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့မိတယ်။ ငါတို့ရဲ့ အပြစ်တွေက သေတော့ မသေသင့်ပါဘူး။ ဒါပေမဲ့ အတိတ်က ကိစ္စတွေကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဆရာလေး... ငါတို့ကို မင်းရဲ့ ဧကရာဇ်များ၏ တာအိုစွမ်းအား အစီအရင်မှာ ကျင့်ကြံခွင့် ပြုနိုင်မလား။ ငါတို့တွေ ကလန်ခေါင်းဆောင် အပေါ် သစ္စာရှိကြောင်း ကျိန်ဆိုပြီး အပြည့်အ၀ သစ္စာခံပါ့မယ်... ပြီးတော့ မကောင်းတဲ့ အတွေးတွေ အားလုံးကို စွန့်လွှတ်ပါတယ်ကွာ"
ရန်ချီက သူတို့ကို ကြည့်လိုက်သည်။
"ငါ စွမ်းအားအစီအရင်ကို ကလန်ကို ယူဆောင်လာဖို့အတွက် ပြန်လာခဲ့တာပဲ။ အဲဒါကို စိတ်ဝိညာဉ် စွမ်းအင် သတ္တုကြောကို အသုံးပြုပြီး ကျင့်ကြံခြင်းမှာ အသုံးပြုနိုင်တယ်။ ဒါက ငါတို့ကလန် ကျင့်ကြံခြင်းရဲ့ အဓိက အခရာတစ်ခု ဖြစ်လာလိမ့်မယ်လေ။ ကလန်မှာ ချီးမြှင့်ထိုက်တဲ့ သူတိုင်း မည်သူမဆို ဒါကို သုံးနိုင်တယ်။ မင်းတို့နှစ်ယောက် မတ်တပ်ရပ်ကြပါ။ မင်းတို့ ငါ့အဖေကို ကူညီပေးနေတဲ့ ကာလတစ်လျှောက်လုံး သူရဲကောင်းဆန်ဆန် ပြုမူဆက်ဆံနေရင် မင်းတို့ကို ဆုချီးမြှင့်မယ်"
ကလန်၏ စွမ်းအားအကြီးဆုံး ဝါရင့်အကြီးအကဲနှစ်ယောက်က အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြောင်း ရန်ချီ နားလည်သည်။ ပုံမှန်အားဖြင့် ထိုအစီအရင်က ကလန်မှ ထူးချွန်သည့် လူငယ်တိုင်းကို ဆရာသခင် အဆင့် ဖြစ်လာနိုင်စေသည်။
အမှန်စင်စစ် ကျောင်းတော်မှ အပြင်စည်း၊ အတွင်းစည်း ကျောင်းသားများပင် ထိုကဲ့သို့ အစီအရင်မျိုးကို လက်လှမ်းမမီကြချေ။
အကယ်၍ ရန်ရှင်းရှီနှင့် ရန်ကတော်သာ လောကအုပ်ချုပ်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက ပိုးအိမ်ကို ထိုးဖောက်သလို ပြောင်းလဲသွားပေလိမ့်မည်။ သို့သော်လည်း သူတို့က အမှန်တကယ် သစ္စာရှိမလား ဆိုတာကတော့ စဉ်းစားစရာပင်။
End
***