ကောင်းကင်ယံထက်တွင် နေမင်းကြီးတောက်ပ လင်းလက်နေပြီး ယန်မြို့တော် ကောင်းကင်အောက်၌ သက်ဝင် လှုပ်ရှားနေကြသည်။
ဒေသခံ အမှုထမ်းများက လမ်းမများတစ်လျှောက် သွားလာနေကြပြီး သာမန် ပြည်သူများကလည်း ရောင်စုံမီးအိမ်များ၊ လှပသော အဆင်တန်ဆာများနှင့် မီးရှူးမီးပန်းများကို တံခါးဝများ၌ ချိတ်ဆွဲ ထားရှိကြသည်။ အိမ်တိုင်းအိမ်တိုင်း ဆေးလုံးများကို လက်ဆောင်အဖြစ် ရရှိကြသည် မဟုတ်ပါလား။
မြို့သို့ လာရောက် လည်ပတ်ကြသူများက ဘာတွေ ဖြစ်ပျက်နေမှန်း မသိကြသေးချေ။
စားသောက်ဆိုင် တစ်ဆိုင်၌ သိုင်းလောကမှ လူတစ်စုက စိတ်နှလုံး ရွှင်လန်းနေကြသည်။ သူတို့က မြို့အတွင်း လှုပ်ရှားနေမှုများကို သတိပြုမိပြီးနောက် သူတို့ထဲမှ တစ်ယောက်က မေးမြန်းလိုက်သည်။
"ဟေ့ ဆိုင်ရှင်... ယန်မြို့တော်မှာ ဘာတွေဖြစ်နေတာလဲ။ အခုက နှစ်သစ်ကူးပွဲလည်း မဟုတ်သလို အခြား ပျော်ရွှင်စရာ ပွဲတော်နေ့လည်း မဟုတ်ပါဘူး... ဘာကိစ္စတွေ ရှိလို့လဲ"
"အမ်... မင်းတို့ မကြားမိဘူးလား"
ဆိုင်ရှင်က ပြန်ဖြေလိုက်သည်။
"ရန်ကလန်က တတိယ သခင်လေးက အင်မော်တယ်ခြေနင်း ကျောင်းတော်ကနေ ပြန်ရောက်လာပြီလေ။ သူက နတ်ဘုရားတစ်ပါးလို လောက အုပ်ချုပ်သူ တစ်ယောက်ပဲ။ လက်ရွေးစင် ကျောင်းသား တစ်ယောက် ဖြစ်ပြီးတော့ သူတော်စင် ဘိုးဘေး မင်းဆက်က လက်ဆောင်တွေတောင် ပေးသနားထားတာ။ ဒါကြောင့် ရန်ကလန်က တစ်မြို့လုံးကို မီးအိမ်တွေ ရောင်စုံအလံတွေနဲ့ အလှဆင်ထားတာ သဘာဝပဲ မဟုတ်လား။ တကယ်တော့ ဒီညနေ ကလန်ကြီးတွေ... အာ... တော်ဝင် အရာရှိတွေ အားလုံးအတွက် တရားဝင် စားသောက်ပွဲတောင် ရှိသေးတယ်"
ကလန်များကို တော်ဝင်အရာရှိများအဖြစ် ပြောင်းလဲခေါ်ဝေါ်ရမည် ဖြစ်သော်လည်း ဆိုင်ရှင်က စကားမှားကာ ပြန်ပြင် ပြောလိုက်ခြင်းပင်။
သိုင်းလောက လူစွမ်းကောင်းများထဲမှ တစ်ယောက်ဖြစ်သည့် မုတ်ဆိတ်ထူထူနှင့် လူကြီးက ဆိုင်ရှင်ကို အရောင်တောက်ပသည့် မျက်လုံးများဖြင့် ကြည့်ကာ မှတ်ချက်ချလိုက်သည်။
"တတိယ သခင်လေးက အခုလို ဖြစ်သွားတော့ ရန်ကလန်က သိသိသာသာ စွမ်းအားကြီးမား လာမှာပဲ"
ထိုလူစွမ်းကောင်း၏ စွမ်းအင်ပညာရပ်မှာ နက်နဲလှသည်။ သူက လက်နက်တစ်ခုမျှ သယ်ဆောင်ထားခြင်း မရှိချေ။ သို့သော် သူ၌ ကြီးမားကာ ကြမ်းတမ်းသော လက်ချောင်းများ ရှိပြီး ရိုင်းစိုင်း ခက်ထန်ပုံပေါ်ကာ သားရဲများကိုပင် အပိုင်းပိုင်း ဆုတ်ဖြဲနိုင်ကြောင်း သိသာလှသည်။
"အမှန်ပဲ"
အခြား သက်လတ်ပိုင်းအရွယ် လူစွမ်းကောင်း တစ်ယောက်က ထောက်ခံလိုက်သည်။
"ဒီလို ကျေးလက်ဒေသတွေမှာ လောကအုပ်ချုပ်သူတွေက နတ်ဘုရားတွေပဲ။ ငါတို့ဆီမှာလိုတော့ ဘယ်ဟုတ်မလဲ။ ပြောရရင် အင်မော်တယ်ခြေနင်း ကျောင်းတော်က လက်ရွေးစင် ကျောင်းသား တစ်ယောက်ကို အထင်သေးလို့ မရဘူး။ ငါတို့ နွေဦးဆောင်း အိမ်တော်ကတောင် သူတို့နဲ့ မယှဉ်နိုင်ဘူးလေ"
ထိုလူက လက်နက်တစ်ခုမျှ မပါရှိသော်လည်း ခါးပတ်၌ စာလိပ်တစ်ခုကို ချိတ်ဆွဲထားသည်။ ယန်မြို့တော်ရှိ ဥပဒေမှာ တင်းကျပ်လွန်းပြီး လက်နက်ကိုင်ဆောင်သည့် မည်သူမဆို မြို့ထဲ ဝင်ရောက်လိုပါက သူတို့၏ အမည်ကို တင်ပြရသည် မဟုတ်ပါလား။
ထိုစည်းမျဉ်းများက သိုင်းလောကမှ သူရဲကောင်းများကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သိုင်းလောက၌ လှည့်ပတ် သွားလာသူများက စွမ်းအားပညာ အဆင့်လေး၊ အဆင့်ငါးခန့် ရှိကြပြီး သူတို့ ရှင်သန်နေထိုင်ဖို့ ထူးဆန်းသောအလုပ်များကို လုပ်ကိုင်ကြရသည်။ ထိုလူများက ရန်ကလန်မှ တပ်အင်အားကို အနိုင်ယူနိုင်မည် မဟုတ်ချေ။ အမှန်စင်စစ် တပ်ထဲ၌ ထိပ်တန်း ဆရာသခင် များစွာ ရှိကြသည် မဟုတ်လော။
"စိတ်ငြိမ်ငြိမ် ထားပါ"
သိုင်းလောကတွင် လှည့်လည်နေသူ တစ်ဦးဖြစ်သည့် အခြား လူငယ်တစ်ယောက်က ဝင်ပြောလိုက်သည်။
"ငါတို့က ရန်ချီကို တိုက်ခိုက်ဖို့ လာတာမှ မဟုတ်တာ။ သတင်း စုံစမ်းရုံပဲလေ။ ပျောက်ဆုံးနေတဲ့ တပည့်တွေကို ယန်မြို့တော်မှာ နောက်ဆုံးတွေ့ခဲ့တာပဲ။ သူတို့က ရန်ကလန်ရဲ့ သားကောင် ဖြစ်သွားတယ်နဲ့ တူတယ်။ အခု ရန်ချီ ပြန်ရောက်နေပြီ ဆိုတော့ သခင်ကြီးလေ့ အနေနဲ့ ဒီကို လာပြီး သူ့ကို ကိုယ်တိုင် မေးမြန်းဖို့ အခွင့်ကောင်းပဲ။ နွေဦးဆောင်းအိမ်တော်က တစ်စုံတစ်ယောက်ကို ထိခိုက်ရဲရင် ရန်ကလန်အနေနဲ့ သေဒဏ် စီရင်ခံရမှာပဲ။ အင်မော်တယ်ခြေနင်းကျောင်းလား... ထားလိုက်စမ်းပါ။ စကားပုံတွေ အတိုင်းပဲလေ... လက်ထဲကမီးကို အဝေးကရေက မငြိမ်းနိုင်ပါဘူးကွာ"
ထိုအဖွဲ့မှ လူများက နွေဦးဆောင်းအိမ်တော်မှ တပည့်များပင် ဖြစ်ကြသည်။ သူတို့က အမှန်စင်စစ် ဆရာသခင် အဆင့်များ ဖြစ်ကြသော်လည်း သူတို့ကိုယ်သူတို့ သိုင်းလောကမှ လေလွင့်သူများအဖြစ် ရုပ်ဖျက်ထားကြခြင်းပင်။
သူတို့အုပ်စုထဲမှ တစ်ယောက်က မတ်တပ်ရပ်ကာ အမိန့်ပေးလိုက်သည်။
"ကောင်းပြီ... ဒီည ရန်ကလန်မှာ တရားဝင် စားသောက်ပွဲကျင်းပမယ်... ရန်ချီကိုယ်တိုင် တက်ရောက်လိမ့်မည်လို့ သခင်ကြီးလေ့ကို သတင်းပို့လိုက်"
တစ်ခဏကြာပြီးနောက် စာပို့သိမ်းငှက်တစ်ကောင်က လေထဲသို့ ပျံတက်သွားပြီး အဝေးသို့ ပျံသန်းသွားသည်။ ၎င်း၏ခြေထောက်၌ သေးငယ်သော စာတစ်စောင် ချည်နှောင်ထားသည်ကို မြင်တွေ့နိုင်သည်။
ထိုအချိန်အတွင်း မြို့နှင့် ဝေးကွာသောအရပ်၌ သစ်တောများ ပြုန်းတီးနေသည့် နေရာတစ်ခု ရှိနေသည်။ မရေမတွက်နိုင်သည့် ငှက်များနှင့် အခြား တိရစ္ဆာန်များက မြေပေါ် လဲကျ သေဆုံးနေကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှာ အနက်ရောင် ပြောင်းလဲနေပြီး အဆိပ်တစ်ခုခုကြောင့် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
ထိုသစ်တောနယ်မြေတစ်ဝိုက်၌ မီးခိုးငွေ့များ ဖုံးလွှမ်းနေပြီး သစ်ပင်များနှင့် အသီးအရွက်များပင် သေဆုံးနေကြသည်။
မြွေဆိုးများပင် ထိုအဆိပ်ကို ရင်မဆိုင်ရဲသဖြင့် လွတ်မြောက်နိုင်ရန် မြေအောက်ထဲ တိုးဝင်သွားကြသည်။ သို့သော် ကံမကောင်းစွာဖြင့် သူတို့ လွတ်မြောက်နိုင်ခြင်း မရှိချေ။ အဆိပ်မြူများက မြေကြီးအတွင်း စိမ့်ဝင်သွားပြီး အရာအားလုံးကို သတ်ပစ်လိုက်သဖြင့် ထိုနေရာ တစ်ခုလုံး ပုပ်ပွနေသည့် ရွံ့နွံများ ဖြစ်လာတော့သည်။
မမျှော်လင့်ဘဲ ထိုမြူခိုးများ အတွင်း လူများ ရှိနေကြသည်။
သူတို့က ကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမားများဖြစ်ကာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး သေစေနိုင်သည့် စွမ်းအင်များကို မကြောက်ရွံ့သည်မှာ သိသာလှသည်။ အမှန်စင်စစ် သူတို့က ထိုအဆိပ်၏ ဇာစ်မြစ်ပင် ဖြစ်သည် မဟုတ်ပါလား။
"မင်း ကြားပြီးပြီလား"
လူတစ်ယောက်က မေးလိုက်သည်။
"ရန်ချီက အင်မော်တယ်ခြေနင်း ကျောင်းတော်ကနေ ပြန်ရောက်လာပြီ။ အခု လှုပ်ရှားဖို့ အခွင့်ကောင်းပဲ။ ငါတို့ ရန်ကလန်ကို ဘာမှ မလုပ်ရဲသေးတာက ရန်ချီက အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ ရှိနေလို့ပဲ။ ငါတို့သာ သူ အဝေးရောက်နေချိန် သူ့ကလန်ကို ရှင်းပစ်လိုက်ရင် သူက နောက်ဆုံး အချိန်ထိ ငါတို့ကို လက်စားချေဖို့ ကြိုးစားနေမှာ"
"ငါတို့ အရိပ်ပိုး စံအိမ်က ယန်မြို့တော်မှာ လူအများကြီး ဆုံးရှုံးခဲ့တယ်"
အခြား တစ်ယောက်က ဝင်ပြောလိုက်သည်။
"ရန်ကလန်ရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတာပဲလေ။ ဒီလို မြို့ငယ်လေးက မြို့တော်ဝန်က ငါတို့ကို ဖီဆန်ရဲတယ်ပေါ့... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။ သူတို့ကို အပြတ် ရှင်းလိုက်ကြ ရအောင်။ တကယ်လို့ ငါတို့သာ မရှင်းနိုင်ရင် ငါတို့အိမ်တော်ရဲ့ ဂုဏ်သိက္ခာက အမြဲ စွန်းထင်းနေမှာပဲ"
"ဒါပေမဲ့ အင်မော်တယ်ခြေနင်း ကျောင်းတော်က ကျောင်းသား ဖြစ်တဲ့ ရန်ချီကို သတ်လိုက်ရင် ပြဿနာတွေ မဖြစ်နိုင်ဘူးလား။ ဘယ်လို လုပ်ကြမလဲ"
"ဟမ့်... အင်မော်တယ်ခြေနင်း ကျောင်းတော်က တိုက်ကြီးတစ်ခုလုံးကို စိုးမိုးထားနိုင်တာ မဟုတ်ဘူး။ ငါတို့ အရိပ်ပိုးစံအိမ်က မူလအချိန်တုန်းက အနောက်တစ်ဘက် တိုက်ကြီးကပဲလေ။ အင်မော်တယ်ခြေနင်း ကျောင်းတော်က ချမ်းသာကြွယ်ဝ တိုက်ကြီးကို အုပ်ချုပ်နိုင်တော့ကော ဂရုစိုက်နေရမှာလား။ ငါတို့က အရိပ်တွေလိုပဲ... ငါတို့ အမှောင်ထဲမှာ သတ်ဖြတ်ပြီး ခြေရာမကျန် ပျောက်ကွယ်နိုင်တယ်။ အကယ်၍ သူတို့ လက်တုံ့ပြန်ချင်တယ် ဆိုရင်တောင် ငါတို့ကို ဘယ်လို ရှာရမလဲ သိမှာ မဟုတ်ဘူး"
"အခုကိစ္စက ရန်ကလန် တစ်ခုလုံးကို ရှင်းလင်းပစ်ဖို့ပဲ"
"ဒီအကြံက မဆိုးဘူး။ ဒါပေမဲ့ ငါတို့ရဲ့ အမိန့်က ရန်ချီကို ယန်မြို့တော်က အခြား ကလန်တွေ ရှေ့မှာ သတ်ဖြတ်ဖို့ပဲ။ ငါတို့သာ အင်မော်တယ်ခြေနင်း ကျောင်းတော်က ကျောင်းသား တစ်ယောက်ကို ဂရုမစိုက်ဘဲ သတ်ပြလိုက်မယ်ဆိုရင် ငါတို့ကို သူတို့ နှလုံးသားထဲမှာပါ ကြောက်ရွံ့သွားလိမ့်မယ်။ အဲဒီလိုသာဆို သူတို့က ငါတို့ကို သစ္စာခံလာကြလိမ့်မယ်။ ဒါဆို ငါတို့ ဘာမှ မပင်ပန်းဘဲ ယန်မြို့တော်ကို ထိန်းချုပ်လို့ ရပြီ"
"ငါတို့ ခေါင်းဆောင်က တကယ် စိတ်ကူးကောင်းတာပဲ။ ကောင်းပြီ... တစ်ချက်တည်းနဲ့ ပြဿနာ အားလုံး ရှင်းကြတာပေါ့။ ငါတို့ရဲ့ ခေါင်းဆောင်ကြီးကို အခုအခြေအနေနဲ့ပတ်သက်ပြီး သတင်း ပို့လိုက်ဦးမယ်။ ဒီည ရန်ကလန်ကို အပြတ် ရှင်းကြမယ်။ ဒီညက သူတို့ ပျော်ရွှင်နေမယ့် အချိန်ပဲ... ဒါပေမဲ့ သူတို့ ပျော်စရာကနေ ဝမ်းနည်းစွာ သေရမယ်။ မကြာခင်မှာ ကစားပွဲ စတင်တော့မယ်"
ရန်ချီ အိမ်ပြန်လာသည်နှင့်အတူ ကြံစည်မှုများ များပြားနေသည်။
အခြားကလန်များစွာက လက်အောက်ခံအဖြစ် ဖိအားပေးခံရသဖြင့် သူတို့၏ စိတ်သဘောထားက အမျိုးမျိုး ဖြစ်နေကြသည်။ သို့သော်လည်း မည်သည့် ကလန်မှ စားသောက်ပွဲကို မငြင်းဆန်ရဲကြချေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်ပြီးနောက် ညနေခင်း ရောက်ရှိလာလေတော့သည်။ မကြာမီမှာပင် တစ်မြို့လုံး မီးများ ထွန်းညှိကြပြီး မီးရှူးမီးပန်းများ ပစ်လွှတ်ကြသည်။
မြို့သူမြို့သားများစွာက ကျေနပ် ပျော်ရွှင်နေကြ၏။
မကြာမီ လှည်းများနှင့် ရထားလုံးများက တော်ဝင်နန်းတော်သို့ ရောက်ရှိလာကြကာ အမျိုးမျိုးသော စွမ်းအားကြီး ကလန်များစွာ တက်ရောက်လာကြသည်။ သူတို့က မြင့်မြတ်သော မျိုးနွယ် စားသောက်ပွဲနှင့် ရန်ကလန်မှ နတ်ဘုရားဆိုသည့် ရန်ချီကို မြင်တွေ့ဖို့ ရောက်ရှိလာကြခြင်း သက်သက်ပင်။
လက်ရှိအချိန်၌ စွမ်းအင်ပညာရှင် အများစုက ယခင်အချိန်မှ လောကအုပ်ချုပ်သူ တစ်ယောက်ကို မြင်တွေ့ဖူးခြင်း မရှိကြချေ။
နန်းတော်၏ အဓိက မြေကွက်၌ စားသောက်ဖွယ်ရာများနှင့် ဝိုင်းဖွဲ့ထားသော စားပွဲများ ပြည့်နှက်နေသည်။
လေထုထဲ၌ သီချင်းသံက ပျံလွင့်နေကာ အကများဖြင့် ဖျော်ဖြေနေကြသည်။ ရန်ကျန့်က သူ့ လက်အောက်ငယ်သားများကို ကြည့်ရင်း ကျေနပ်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ရန်ကလန်က မကြာသေးမီ အချိန်က အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း ယခုအခါ လူတိုင်းက အေးချမ်း သာယာနေကြပြီ မဟုတ်ပါလား။
ယခုအချိန်၌ သူတို့က အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့လေပြီ။ သူတို့က ချမ်းသာကြွယ်၀ တိုက်ကြီးတစ်ခုလုံးနှင့် မယှဉ်နိုင်သော်လည်း ကီလိုမီတာ ရာနှင့်ချီ အုပ်ချုပ်နိုင်ခဲ့သည်။ ထိုအရာက နောက်မျိုးဆက်များအထိ တည်တံ့နိုင်ပေသည်။
ရန်ချီက ရန်ကျန့်ဘေး၌ ထိုင်နေစဉ်မှာပင် အခြား ကလန်များက လာရောက် နှုတ်ဆက်ကြသည်။ သူတို့မျက်နှာပေါ်တွင် နက်ရှိုင်းစွာ စိတ်ရှုပ်ထွေးနေပုံပေါ်ပြီး အတိတ်တုန်းက သူ့ကို ကလန် ဖျက်ဆီးသူဟု ထင်မြင်ခဲ့ကြသည် မဟုတ်လော။
တစ်နှစ်ပင် မပြည့်သေးခင်မှာပင် ကလန်ဖျက်ဆီးသူက နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။
'ဒါက ရန်ချီပေါ့... သူ့ရဲ့ အရှိန်အဝါက ကြောက်စရာကောင်းလွန်းတယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ကောင်းကင်ဘုံရဲ့ တာအိုသဘောတရားတွေ ပါဝင်နေတယ်'
ကလန် အသီးသီးမှ မဟာ အကြီးအကဲတိုင်း တုန်လှုပ်သွားကြသည်။
လူတိုင်းလိုလို နေရာယူပြီးသည့်နောက် ရန်ကျန့်က မတ်တပ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"အမျိုးသမီးနဲ့ လူကြီးမင်း အပေါင်းတို့... ငါ့သားက အင်မော်တယ်ခြေနင်း ကျောင်းတော်ကနေ ပြန်လာခဲ့တယ်။ မင်းတို့အားလုံး ငါ့ရဲ့ ပျော်ရွှင် ကျေနပ်မှုကို မျှဝေခံစားစေချင်လို့ ဒီစားသောက်ပွဲကို ကျင်းပခဲ့တာပဲ။ ကျေးဇူးပြုပြီး စိတ်အေးလက်အေး စားကြ သောက်ကြပါ"
"ဂုဏ်ပြုပါတယ် အရှင်မင်းမြတ်"
အမတ်ကြီး အားလုံးက ပြိုင်တူ ပြောလိုက်ကြသည်။
ယခုအချိန်၌ ရန်ကလန်မှ ဝါရင့်အကြီးအကဲများက ရန်ချီကို လေးစားသည်ထက် လေးစား ရိုသေလာကြသည်။ ရန်ကလန်မှ ငယ်ရွယ်သည့် လူငယ် မျိုးဆက်များပင် ရန်ချီကို ထောက်ခံနေကြပြီ။
သို့သော် ပျော်ရွှင်နေကြသည့်အချိန်၌ နန်းတော်ကိုဝန်းရံလျက် ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာတော့သည်။
လူတိုင်းက ထိုအသံကြောင့် တုန်လှုပ်သွားကာ လှည့်ပတ် ကြည့်ရှုလိုက်ကြသည်။
ဝှစ်... ဝှစ်... ဝှစ်...
ရုတ်တရက် ဥက္ကာခဲများ ကြွေကျသလို လူရိပ်များ ဆင်းသက်လာသည်။ သူတို့က စားသောက်ပွဲ အလယ်သို့ ဆင်းသက်လိုက်ရာ စွမ်းအင်နယ်ပယ်ကြောင့် စားသောက်စားပွဲများစွာ ပျက်စီးသွားတော့သည်။ များစွာသော ဧည့်သည်များက လုံခြုံစေဖို့အတွက် အနောက်သို့ ဆုတ်ခွာသွားကြရသည်။
စားသောက်ပွဲတစ်ခုလုံး မငြိမ်မသက် ဖြစ်ကုန်လေပြီ။
"လုပ်ကြံသူ"
ရန်ကလန်မှ အစောင့် တစ်ယောက်က အော်ဟစ်ကာ ရှေ့တက်လာသည်။
"မင်းတို့က ခွေးတွေကြက်တွေ သာသာပဲရှိတာ... ဘယ်လိုလုပ်ပြီး မင်းတို့လို လက်အောက်ခံ နယ်မြေတွေက ကိုယ်ပိုင်နယ်မြေ တည်ထောင်ရဲရတာလဲ။ မင်းတို့ရဲ့ တော်ဝင စားသောက်ပွဲက တော်ဝင်နန်း ဝတ်စုံဝတ်ထားတဲ့ မျောက်လိုလူတွေ အတွက်ပဲ။ ဒီကိစ္စကို လက်မခံနိုင်ဘူး"
ထိုနေရာ၌ လူခုနစ်ယောက်ရှိပြီး ဦးဆောင်လာသူက ရွှေရောင်အဝတ်အစားများ ဝတ်ဆင်ထားသဖြင့် မီးလျှံတစ်ခုနှင့် တူညီနေသည်။ သူ့ မျက်လုံးများမှ အထင်အမြင်သေးသည့် အရိပ်အယောင်များ ထွက်ပေါ်နေကာ သူ့ပုံစံက အင်ပါယာတစ်ပါး ကျေးလက်ဒေသသို့ လှည့်လည်သည့် ပုံစံနှင့် တူညီနေသည်။
"နောက်ဆုတ်"
ရန်ချီက ငေါက်လိုက်ရာ ရန်ကလန်မှ အစောင့်က ရပ်တန့်လိုက်သည်။ ထို့နောက် သူက မတ်တပ်ရပ်ကာ ရှေ့တိုးလာခဲ့၏။
သူက အေးစက်စွာ ပြုံးလိုက်ရင်း မေးခွန်းထုတ်လိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ။ ဒီနေ့က ရန်ကလန်က ပျော်ပွဲ ကျင်းပတဲ့နေ့ပဲ။ ဘာလို့ မင်းတို့ကို မဖိတ်ခေါ်ဘဲ ပွဲတော်ကို လာဖျက်ဆီးရတာလဲ"
"မင်းက ရန်ချီလား"
လူငယ်က ပိုင်စိုးပိုင်နင်း မေးလိုက်သည်။
"အင်မော်တယ်ခြေနင်း ကျောင်းတော်က လက်ရွေးစင်ကျောင်းသား အသစ်ပေါ့ ဟုတ်လား။ အဲဒါဆိုရင်တောင် ငါ ဂရုမစိုက်ဘူး။ ငါက နွေဦးဆောင်းအိမ်တော်က သခင်ကြီးလေ့ပဲ။ တပည့်တွေ ပျောက်ဆုံးတဲ့ကိစ္စကို စုံစမ်းဖို့ ယန်မြို့တော်ကို ငါ လာခဲ့တာပဲ။ သူတို့တွေကို နောက်ဆုံး ဒီမှာ တွေ့ခဲ့ပြီးတော့ ကောက်ချက်ချလိုက်တာ ရန်ကလန်က ဒီကိစ္စမှာ ပါဝင်နေတယ်ဆိုတာပဲ။ ငါက နွေဦးဆောင်း အိမ်တော်ရဲ့ အကြီးအကဲတွေကိုယ်စား ရန်ကလန်က အမှားအတွက် အပြစ်ပေးဆပ်ဖို့ ကျူးလွန်သူကို လာဖမ်းတာပဲ။ မင်း ဒီမှာရှိနေတာ ကျေးဇူးတင်ရမယ်။ ကောင်းပြီ... ငါနဲ့ လိုက်ခဲ့ပေတော့"
End
***