ထိုလူများက နွေဦးဆောင်း အိမ်တော်မှ လူများပင်။
ရန်ချီက ထိုနေ့ကို မှတ်မိနေသေးသည်။ ထိုနေ့က သူ ချန်ကလန်ကို အပြတ်ရှင်းလင်းပြီးနောက် နွေဦးဆောင်းအိမ်တော်မှ တပည့်များက စကြာဝဠာကြေးမုံကို ထုတ်ပေးဖို့ မောက်မာစွာ ပြောဆိုခဲ့ကြသည်။ ထို့အပြင် ရန်ကလန်အနေဖြင့် သူတို့၏ အစေခံဖြစ်လာရန်ကိုလည်း ပြောဆိုခဲ့သေး၏။
ထို့ကြောင့်ပင် သူက ဒေါသထွက်ကာ သူတို့ထဲမှ အချို့ကို သတ်ဖြတ်ပြီး အချို့ကို ဒုက္ခိတ ဖြစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
မသန်မစွမ်း ဖြစ်သွားသူများကိုတော့ ရန်ကလန် အကျဉ်းထောင်ထဲ၌ ယခုထိတိုင် ချုပ်နှောင်ထားဆဲပင်။
ထိုကိစ္စကို လျှို့ဝှက်ချက် တစ်ခုအဖြစ် ကောင်းမွန်စွာ ထိန်းသိမ်းထားသော်လည်း ယခုအချိန်၌ နွေဦးဆောင်းအိမ်တော်မှလူများ ရောက်ရှိလာကာ အဖြေလာတောင်းကြလေပြီ။
သူတို့က ရန်ကျန့်နှင့် ရန်ချီ နှစ်ယောက်လုံးကို ဖမ်းဆီး ချုပ်နှောင်ကာ စစ်ဆေး မေးမြန်းရန် နွေဦးဆောင်းအိမ်တော်သို့ ခေါ်ဆောင်သွားလိုပုံ ပေါ်သည်။ ဟုတ်တာပေါ့... ရန်ချီက ထိုကိစ္စကို ဘယ်လိုလုပ် လက်ခံမည်နည်း။ နွေဦးဆောင်း အိမ်တော်က စွမ်းအားကြီးမားသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သော်လည်း ယခုအခါ သူက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ပြန်ရောက်လာပြီ ဖြစ်သဖြင့် သူတို့ကို ကြောက်ရွံ့ခြင်း မရှိတော့ပေ။ အင်မော်တယ်ခြေနင်း ကျောင်းတော်က တိုက်ကြီး တစ်ခုလုံး၏ အမြင့်မြတ်ဆုံး မြေမြတ်အဖြစ် နှစ်သန်းနှင့်ချီ ရပ်တည်နိုင်ခဲ့သည် မဟုတ်ပါလား။
ရွှေရောင်ဝတ်စုံနှင့် အရှင်လေ့ဆိုသူကို ကြည့်ရင်း အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
"နွေဦးဆောင်းအိမ်တော်... မင်းတို့က အထူးလူသားတွေများလား... ငါက အင်မော်တယ်ခြေနင်း ကျောင်းတော်ကပဲ... မင်းတို့ နွေဦးဆောင်း အိမ်တော်က ငါတို့နဲ့ တကယ်ကြီး ပြဿနာတက်ချင်နေတာလား... မင်းတို့ စစ်ဆေးမေးမြန်းဖို့ ငါလိုက်ပေးမယ်လို့ ထင်နေတာလား... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..."
"ဘယ်လိုတောင် ရိုင်းတာလဲ..."
တပည့်တစ်ယောက်က အော်ဟစ်လိုက်သည်။
"မင်းလိုလူက ဘယ်လိုလုပ်ပြီး အရှင်လေ့ကို ဒီလို ပြောရဲရတာလဲ... သူ ဘယ်သူလဲ မင်းသိလား..."
"သူ ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး..."
ရန်ချီက အေးစက်စွာ တုံ့ပြန်လိုက်သည်။
"တကယ်လို့ မင်းတို့သာ မိတ်ဆွေတွေအနေနဲ့လာတာဆိုရင် ထိုင်ဖို့ ကြိုဆိုပြီး ငါနဲ့အတူ သောက်ဖို့ ဖိတ်ခေါ်မှာပဲ... အဲဒီလိုမှ မဟုတ်ရင်တော့ မယဉ်ကျေးမိတာကို အပြစ်မတင်နဲ့... နွေဦးဆောင်းအိမ်တော်က ဘာမှမဟုတ်ပါဘူး... မင်းတို့ကိုယ်မင်းတို့ နွေဦးဆောင်း ကျောင်းတော်လို့များ ထင်နေတာလား ဟမ်..."
"သေချင်နေတာလား..."
အရှင်လေ့ဆိုသူက ကြုံးဝါးကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် သတ်ဖြတ်လိုစိတ်များ ကြီးထွားလာသည်။
သို့သော်လည်း သူ ဘာမှမလုပ်ရသေးခင်မှာပင် လေတိုးသံများ ထွက်ပေါ်လာကာ လူအုပ်တစ်စု ပေါ်လာခဲ့သည်။ ထိုအကြောင်းကြောင့် အရှင်လေ့က လှုပ်ရှားနေတာကို ရပ်တန့်လိုက်ရ၏။
သူ ရပ်တန့်လိုက်သည့် အချိန်မှာပင် ကောင်းကင်မှ အနက်ရောင်အရိပ်များ ဆင်းသက်လာခဲ့သည်။
သူတို့ထံမှ ဆေးနံ့များထွက်ပေါ်နေကာ ၎င်းတို့ကို ရှူရှိုက်မိပါက ကြွက်သားများပင် အားပျော့သွားစေနိုင်သည်။ ထိုအရာက ဆေးမဟုတ်ဘဲ အဆိပ်စွမ်းအင်များသာ ဖြစ်သည်။
"ဟဲလို ကျန်းလေ့... မင်းတို့ နွေဦးဆောင်းအိမ်တော်က ကျေးလက်က လူတွေကို အလစ်ဝင်တိုက်ရမှာ ကြောက်လန့်နေတာလား..."
အနက်ရောင် ဝတ်စုံနှင့် အနက်ရောင် ခေါင်းစည်း စွပ်ထားသည့် လူတစ်ယောက် ပေါ်လာသည်။ ထိုသူ၏ထံ၌ အစိမ်းရောင်မျက်လုံးများရှိကာ အခြားလူများထက် ထူးခြားနေ၏။
"ကောင်းပြီ... ဒါက အရိပ်ပိုးစံအိမ်က အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာလား... ရန်ကလန်ကို ဘာလို့ ရောက်လာတာလဲ... ငါ ကြားတာတော့ သူတို့က မင်းတို့ လူအချို့ကို သတ်ခဲ့တယ်ဆိုလားပဲ... ရန်ကလန်က တတိယသခင်လေးက အခု အင်မော်တယ်ခြေနင်း ကျောင်းတော်က ကျောင်းသားတစ်ယောက် ဖြစ်နေပြီ... မင်းတို့ အရိပ်ပိုးစံအိမ်က သူ့ကို ဆန့်ကျင်ရဲတာလား..."
မျက်လုံးစိမ်းများက တောက်ပလာကာ အရိပ်ပိုးစံအိမ်မှ အကြီးအကဲက ပြောလိုက်သည်။
"အရိပ်ပိုးစံအိမ်ကသာ လှုပ်ရှားလာရင် ခွေးတွေကြက်တွေပါ အပြတ်ရှင်းပစ်တယ်... မင်းမှန်တယ်... ငါက အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာပဲ... ငါက သိုင်းလောကကို နှစ်ရာချီ စိုးမိုးနိုင်ခဲ့ပြီးတော့ ထိပ်သီးကျွမ်းကျင်သူ အများကြီးကို သတ်ပစ်ခဲ့တယ်... ဒီကောင်လေးကိုတော့ ငါ သဘောကျတယ်... သူ့ကို ငါ့ရဲ့ အဆိပ်ရုပ်သေးအဖြစ် ပြောင်းလဲပစ်ရမယ်... မင်း လက်ငှားချင်တာလား..."
စားသောက်ပွဲရှိ လူတိုင်း ချက်ချင်း တုန်လှုပ်သွားကြလေတော့သည်။
"ငါ ဒီလူကို ကြားဖူးတယ်..."
လူတစ်ယောက်က ကြောက်လန့်တုန်ယင်စွာ ရေရွတ်လိုက်သည်။
"သူက အနောက်ပိုင်းက လောကအုပ်ချုပ်သူတစ်ယောက်ပဲ... သူ့အဆိပ်က လောကအုပ်ချုပ်သူ တွေကိုတောင် သတ်နိုင်တယ်..."
"ဘာ... အဆိပ်ဘုရင် လောကအုပ်ချုပ်သူ တစ်ယောက်လား..."
ဧည့်သည်များက ကြောက်လန့်သွားကြလေပြီ။
ရန်ချီ ကြည့်လိုက်ရာ ထိုအသံ ထွက်လာသူက ဝမ်ကလန်မှ အကြီးအကဲ တစ်ယောက် ဖြစ်မှန်း သတိပြုမိလိုက်သည်။ ဝမ်ကလန်က အရိပ်ပိုးစံအိမ်နှင့် ဆက်သွယ် ထိတွေ့မှု ရှိကြောင်း သိသာလှ၏။
နောက်ဆုံးတွင်တော့ ယန်ကောင်းကင်ကဲ့သို့ ဝေးလံသည့်နေရာမျိုးရှိ ချမ်းသာလွန်းသည့် မျိုးနွယ်စုများက ထိပ်သီးကျွမ်းကျင်သူများအကြောင်း ဒေသခံစွမ်းအားပညာရှင်များပင် ကြားဖူးကြသည်။ သို့သော်လည်း ဝေးလံခေါင်သီသည့် အရပ်မှ လောကအုပ်ချုပ်သူများအကြောင်း ကြားဖူးဖို့က မဖြစ်နိုင်ပေ။ ဝမ်ကလန်မှ ဝါရင့်အကြီးအကဲက ပြဿနာများ ဖြစ်ပေါ်လာစေရန် မျိုးစေ့ချကာ ရန်ကလန်ကို ဆန့်ကျင်သူ များလာအောင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။
"မင်းပြောတာ မှန်တယ်... ငါက လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ အရိပ်ပိုးစံအိမ်က အကြီးအကဲ တစ်ယောက်ပဲ..."
အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာက ဝန်ခံလိုက်သည်။
"ငါတို့ ဒီကိုလာတာ ရန်ကလန်ကို အဆုံးသတ်ဖို့ပဲ... ငါတို့နဲ့ ပူးပေါင်းလိုတဲ့ ဘယ်သူမဆို အသက်ရှင်မယ်... အကယ်၍ မင်းတို့သာ ရန်ကလန်ကို သုတ်သင်ဖို့ ကူညီပေးမယ် ဆိုရင် အရိပ်ပိုးစံအိမ်က မင်းတို့ကို ယန်ကောင်းကင်ရဲ့ စစ်မှန်တဲ့ ဘုရင်များအဖြစ် ရွေးချယ်ပေးလိမ့်မယ်..."
"ခဏလေး အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာ..."
ကျန်းလေ့က ပြုံးကာ ပြောလိုက်သည်။
"ယန်ကောင်းကင် တစ်ဝက်ကို နွေဦးဆောင်း အိမ်တော်က ရသင့်တယ်လို့ ငါထင်တယ်..."
"ကောင်းပြီ... ရန်ကလန်ကို အမြစ်ဖြတ်ပြီး တစ်ဝက်စီ ခွဲယူကြတာပေါ့... အဲဒါဆို ဘယ်လိုလဲ... ဒီရန်ကလန် သေးသေးလေးကို ငါတို့ နည်းနည်းပဲ စိတ်ဝင်စားတယ်... ဒါပေမဲ့ အရိပ်ပိုးစံအိမ်က လူတွေကို သတ်ခဲ့တဲ့ လောကအုပ်ချုပ်သူကောင်စုတ်လေး... သူကတော့ သေကို သေရမယ်... အရိပ်ပိုးစံအိမ်ကို လွယ်လွယ် အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာ မယုံနိုင်စရာပဲ..."
ရန်ကျန့်အနေဖြင့် ကြားနေရသမျှက လုံလောက်နေလေပြီ။ သူက အစွမ်းထက်သည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာ ရှေ့သို့ တိုးလိုက်သည်။
"မင်းတို့က ခက်ခဲအောင် လုပ်နေတာပဲ... ငါတို့ ရန်ကလန်က အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ အမျိုး မဟုတ်ဘူးကွ..."
မြင့်မြတ်သောကလန်များမှ လူတိုင်းက ရန်ကျန့်၏အရှိန်အဝါကို ခံစားမိသောအခါ တုန်လှုပ်သွားကြသည်။
"ရန်ကျန့်က လောကအုပ်ချုပ်သူ အဆင့်ကို ရောက်သွားပြီလား..."
"ဘယ်လိဖြစ်ရတာလဲ... သူက အရမ်း သန်မာလွန်းတယ်... စွမ်းအားပညာရှင်ထက် အဆတစ်ရာလောက် သန်မာတာပဲ... အဲဒီထက်တောင် ပိုနိုင်သေးတယ်..."
"ရန်ချီက အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ သင်ယူနေလို့ လောကအုပ်ချုပ်သူ ဖြစ်တာက အံ့ဩစရာမဟုတ်ဘူး... ဒါပေမဲ့ ရန်ချီက ဘယ်တုန်းက လောကအုပ်ချုပ်ခြင်းအဆင့်ကို ရောက်သွားတာလဲ... ရန်ကလန်က ကောင်းကင်က ကံကောင်းမှု အချို့ကို ရရှိထားတာလား..."
ကျန်းလေ့နှင့် အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာလည်း တုန်လှုပ်သွားကြ၏။ သို့သော် ခဏအကြာတွင် အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာက ကျယ်လောင်စွာ ရယ်မောရင်း ဆက်ပြောလိုက်သည်။
"စိတ်လှုပ်ရှားစရာပဲ... လောကအုပ်ချုပ်သူ နှစ်ယောက်ပါလား... ကြည့်ရတာ ကောင်းကင်က ငါ့ဘက်မှာ ရှိတယ်ထင်တယ်... မကြာခင်မှာပဲ အဆိပ်ရုပ်သေး နှစ်ယောက် ရတော့မယ်..."
"ကမ္ဘာတစ်မျှ အဆိပ်မုန်တိုင်း..."
အနက်ရောင် အစစ်အမှန်စွမ်းအင်များက ကြီးမားသော ဓားကိုင်ထားသည့် မိစ္ဆာတစ္ဆေတစ်ကောင် ဖြစ်ပေါ်လာစေသည်။
"မင်းတို့အတွက် စိတ်မကောင်းစရာက ငါက မင်းတို့ အတူပေါင်းတိုက်တာထက် ပိုခွန်အားကြီးတယ်ကွ... မင်းမြင်လား... ငါက လောကအုပ်ချုပ်သူ အဆင့်(၂)ကို ရောက်တာ တော်တော်လေး ကြာခဲ့ပြီ... လောကအုပ်ချုပ်သူ ပထမအဆင့်နှစ်ယောက်အနေနဲ့ မင်းတို့က သိပ်အားနည်းလွန်းတယ်... မင်းတို့ သေဖို့ ပြင်ထားပေတော့ ရန်ကျန့်..."
ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာတစ္ဆေကြီးက ရှေ့တိုးလာရာ ထိုနေရာတစ်ခုလုံး မှောင်မည်းသွားသည်။
ရန်ကျန့်၏ မျက်နှာက ပြာနှမ်းသွား၏။ အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာက ယခုလောက် သန်မာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း သူက ထိုလူနှင့် ရင်ဆိုင်ရန် ကြိုးစားပေလိမ့်မည်။ သို့သော် သူ ဘာမှမလုပ်ခင်မှာပင် ရန်ချီက လှုပ်ရှားလိုက်သည်။
သူက လက်ဖြင့် လေထဲသို့ လွှဲခုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသည့် နေမင်းကဲ့သို့ ဓားအလင်းက မိစ္ဆာတစ္ဆေထံ တိုးဝင်သွားသည်။ အစစ်အမှန်စွမ်းအင်မှ လောင်ကျွမ်းနေသည့် မီးလျှံများက အဆိပ်သင့် စွမ်းအင်များကို ချက်ချင်း ပျောက်ကွယ်သွားစေ၏။
ထို့နောက် ရန်ချီက ရှေ့သို့ တိုးလိုက်ရာ ချက်ချင်းပင် အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာ ရှေ့သို့ ရောက်ရှိသွားကာ လက်ကို အရှေ့သို့ တွန်းလိုက်သည်။ စောင့်ကြည့်နေသူတိုင်းအတွက် ထိုအရာက အေးဆေး တည်ငြိမ်သည့် လှုပ်ရှားမှုများလိုပင် ထင်မှတ်ရသော်လည်း အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာ အတွက်မူ လျှပ်စီးမိုးကြိုးကဲ့သို့ လျင်မြန်သည်ကို ခံစားလိုက်ရသည်။
သူ့မျက်နှာက သွေးဆုတ်သွားကာ ဆံပင်များ ရှုပ်ပွလျက် လက်ဝါးကို တွန်းထုတ်ပြီး အော်ဟစ်လိုက်သည်။
"အဆိပ်မုန်တိုင်း စွမ်းအင်ပညာရပ်..."
သူ့အရှေ့၌ ကြီးမားသည့် နက်မှောင်လွန်းသော လက်ဝါးကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။
လက်ဝါးရိုက်ချက်နှစ်ခု ဆုံတွေ့သည့်အခါ အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာက တုန်ယင်သွားကာ သူ့မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာသည်။ ထို့နောက် သူ့နားထဲ၌ ရန်ချီ၏ အသံကို ကြားလိုက်ရ၏။
"မင်းက အဆင့်(၂) လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်ချင်ဖြစ်မယ်... ဒါပေမဲ့ မင်းအတွက် ဝမ်းနည်းစရာက ငါက အဆင့်(၃) လောကအုပ်ချုပ်သူတစ်ယောက်ပဲ... ဒါကြောင့် မင်းက ဒီနေ့ သေရလိမ့်မယ်..."
စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာ၏ ဓားစွမ်းအင်များက အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာကို ထိုးဖောက်သွားပြီးနောက် အရိပ်ပိုးစံအိမ်မှ အခြားကျွမ်းကျင်သူများထံပါ တိုးဝင်သွားလေရာ ထိုလူများပါ မီးလောင်ကျွမ်းသွားလေတော့သည်။ ဟောခန်းတစ်ခုလုံး သွေးရူးသွေးတန်းနှင့် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားလေပြီ။
ရန်ချီက ထိုလူများကို အသက်ရှင်လျက် ထွက်သွားခွင့် မပေးလိုကြောင်း သိသာလှသည်။ သူတို့၏ အလောင်းများတွင် များပြားလှသော အဆိပ်များ ရှိနေလေရာ အားလုံး ဘေးကင်းဖို့အတွက် မီးရှို့လိုက်ခြင်းဖြစ်သည်။
ကြည့်နေသူ အားလုံးမှာ သူတို့ကိုယ်တိုင် သေခြင်းတရားကို ရင်ဆိုင်နေရသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေကြလေပြီ။
"ဘာ... သူက အဆင့်(၂) လောကအုပ်ချုပ်သူဖြစ်တဲ့ အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာကို တစ်ကွက်တည်းနဲ့ သတ်လိုက်တာလားဟ..."
ကျန်းလေ့က တုန်လှုပ်သွားသော်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြောလိုက်သည်။
"ငါတို့ သွားကြရအောင်..."
ထို့နောက် သူက လေထဲသို့ ပျံတက်သွားတော့သည်။ သူက ပါးနပ်သူတစ်ယောက် ဖြစ်လေရာ စစ်ပွဲ၏ နည်းပရိယာယ် (၃၆) ခုကို သိနားလည်သည်။ ယခုအချိန်၌ ဆုတ်ခွာခြင်းက အကောင်းဆုံးပင် မဟုတ်ပါလား။
"မင်းလာချင်သလို လာပြီးတော့ ငါတောင် ဘာမှ မဖျော်ဖြေရသေးဘူး... ထွက်သွားချင်နေပြီလား..."
ရန်ချီက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသည့် လေဆင်နှာမောင်းကြီး တစ်ခု ဖြစ်ပေါ်လာကာ ထိုနေရာတစ်ဝိုက်အတွင်းရှိ အစစ်အမှန် စွမ်းအင်အားလုံးကို ချက်ချင်း စုပ်ယူသွားသည်။ ရလဒ်အနေဖြင့် နွေဦးဆောင်းအိမ်တော်မှ တပည့်များက လေထဲမှ ပြုတ်ကျကာ မြေပေါ်သို့ ဆွဲငင်ခြင်း ခံလိုက်ရသည်။
ထို့နောက် ရန်ချီက ကျန်းလေ့ထံ လျှောက်သွားကာ အစစ်အမှန် စွမ်းအင်များ အသုံးမပြုနိုင်စေရန် သူ့ သွေးကြောများကို ပိတ်လှောင်လိုက်သည်။
သိပ်မကြာခင်မှာပင် သူ့ အစစ်အမှန် စွမ်းအင်များက နွေဦးဆောင်း အိမ်တော်၏ အခြား တပည့်များကို ထိတွေ့ပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။
သူက ပခုံးပေါ်မှ ဖုန်များကို ခါချသလိုပင် လူတိုင်းကို အလွယ်တကူ ဖမ်းဆီးလိုက်၏။
"ကဲ... မင်း အခု ဘာပြောမလဲ ကျန်းလေ့..."
ရန်ချီက မေးလိုက်သည်။
"နွေဦးဆောင်း အိမ်တော်က အချို့ လူစုတ်လေးတွေက အင်မော်တယ်ခြေနင်း ကျောင်းတော်နဲ့ ရင်ဆိုင်ချင်နေတာလား... ဒီလိုဆိုရင်ကော... ငါ မင်းကို အခု သတ်မယ့်အစား မင်းကို ဖမ်းထားလိုက်မယ်... ပြီးတော့ နွေဦးဆောင်း အိမ်တော်က အကြီးအကဲတစ်ယောက် မင်းကို လဝက်အတွင်း လာရွေးနိုင်တယ်..."
အမှန်စင်စစ် ရန်ချီအနေဖြင့် ကျန်းလေ့ကိုသတ်ရန် အစီအစဉ်မရှိပေ။ နွေဦးဆောင်း အိမ်တော်နှင့် ရင်ဆိုင်ရပါက မလွယ်ကူလှချေ။ သူတို့က ကျောင်းတော်လေးခုနှင့် မယှဉ်နိုင်သော်လည်း မြေပြင်ပေါ်ရှိ အင်အားကြီးမားသော အုပ်စုတစ်စုပင်။
ကျန်းလေ့ကို သတ်ခြင်းဖြင့် နွေဦးဆောင်းအိမ်တော်က သူ့ကို အဓိက ရန်သူအဖြစ် သတ်မှတ်ကာ ရန်ကလန်အတွက် အဆုံးမသတ်နိုင်သည့် ပြဿနာရင်းမြစ်တစ်ခု ဖြစ်လာနိုင်သည်။
သူ့ကို အကျဉ်းချကာ အကြီးအကဲကို ဆွေးနွေးရန် လာရောက်စေခြင်းက ပိုကောင်းသည့် ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။ ရန်ချီက ယခုအခါ အဆင့်(၄) လောကအုပ်ချုပ်သူကို ကိုင်တွယ်နိုင်ပြီ ဖြစ်ရာ နွေဦးဆောင်းအိမ်တော်မှ အကြီးအကဲတစ်ယောက်က သူ့အတွက် အမှန်တကယ်တော့ ပြဿနာတစ်ခု မဟုတ်တော့ပေ။
နွေဦးဆောင်း အိမ်တော်၌ ဒဏ္ဍာရီအဆင့် ရှိကောင်း ရှိနေနိုင်သော်လည်း ယခုလို တာဝန်မျိုး အတွက်နှင့်တော့ သူတို့က စေလွှတ်မည် မဟုတ်ချေ။
ဒဏ္ဍာရီအဆင့်မှ လူများက သာမန် လူမှုကိစ္စရပ်များ၌ ပါဝင်ခြင်း မရှိကြပေ။ ရန်ချီ သိထားပုံအရ သူတို့က လက်ရင်းတပည့် တစ်ယောက် စေလွှတ်မည် ဆိုလျှင်ပင် တော်တော် ချဲ့ကားလွန်းရာ ရောက်နေပေသည်။
အင်အားအနေဖြင့်ဆိုပါက ရန်ချီ၏ နောက်ဘက်၌ အင်မော်တယ်ခြေနင်း ကျောင်းတော် ရှိလေရာ ရန်ချီအနေဖြင့် ထိုကိစ္စကို ဖြေရှင်းနိုင်ရန် ယုံကြည်ချက် ရှိသည်။
အခြားတစ်ဖက်၌ အရိပ်ပိုးစံအိမ်ကတော့ ကွဲပြားသည်။ သူတို့က ရက်စက်သည့် မိစ္ဆာများနှင့် တူညီကာ တရားမျှတမှု လုံးဝမရှိချေ။ သူတို့ကို ဆန့်ကျင်သူတိုင်းကို သူတို့အနေဖြင့် သတ်ဖြတ်လေ့ ရှိသည်။
အသက်ရှူချိန် ခဏကြာပြီးနောက် ဘေးအန္တရာယ်က ပြီးဆုံးသွားလေတော့သည်။
စားသောက်ပွဲကို တက်ရောက်သူများအနေဖြင့် လုံးလုံးလျားလျား ပစ်ပယ်ခံခဲ့ရသည်။ နွေဦးဆောင်းအိမ်တော်နှင့် အရိပ်ပိုးစံအိမ်က ရန်ကလန်ကို ချေမှုန်းရန် လောကအုပ်ချုပ်သူ တစ်ယောက်စီ စေလွှတ်ခဲ့သည်။ သို့သော် သူတို့ကို ရန်ချီက အလွယ်တကူ ဖြေရှင်းခဲ့လေရာ တစ်ယောက်ကိုသတ်ပြီး တစ်ယောက်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ကလန်များကို အမှန်တကယ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ပြသလိုက်ရာ သူတို့အနေဖြင့် အတိတ်တစ်ချိန်က မဟာသူတော်စင် တစ်ပါးကို မြင်တွေ့လိုက်ရသလို ခံစားမိကြသည်။
ထိုအချိန်မှာပင် ရန်ကျန့်၏ အသံက ထွက်ပေါ်လာသည်။
"အစောင့်တွေ... ငါ့အမိန့်ကို နာခံကြ... ဝမ်ကလန်က လူတိုင်းကို ဖမ်းဆီးလာခဲ့ချေ..."
ဝမ်ကလန်က အရိပ်ပိုးစံအိမ်နှင့် ပူးပေါင်းခဲ့သည်။ ထို့ကြောင့် ယခုအခါ ရှင်းလင်းရန် အချိန်ရောက်လာလေပြီ။
End
***