ထိုညက ယန်ကောင်းကင် မြို့တော်အတွက် အိပ်မပျော်သော ညတစ်ည ဖြစ်ခဲ့ရပေသည်။
အဓိကအကြောင်းရင်းမှာ များပြားလှသော သံချပ်ကာဝတ်စစ်သည်များနှင့် စွမ်းအင်ပညာရှင်များက ဝမ်ကလန်အား ဝင်ရောက် စီးနင်း တိုက်ခိုက်ကာ ဖျက်ဆီးပစ်လိုက်ခြင်းကြောင့် လူတိုင်း တုန်လှုပ်ချောက်ချားနေကြ၏။ ကြောက်လန့်တကြား အော်ဟစ်သံများနှင့် ငိုကြွေးသံများကြောင့် အခြားသော ဂုဏ်သရေရှိကလန်ကြီးများပင် တုန်လှုပ်စွာဖြင့် ညတာ ကုန်ဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်။
အရိပ်ပိုးစံအိမ်မှ အင်အားကြီးမားသော ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာအား ရန်ချီက သတ်ဖြတ်လိုက်ပြီး ပြာမှုန့်များအဖြစ် လေထဲလွင့်ပါသွားစေသည့် မြင်ကွင်းကို မည်သူမျှ မေ့နိုင်မည် မဟုတ်ချေ။
နွေဦးနှင့်ဆောင်းဦး အိမ်တော်မှ ကျွမ်းကျင်သူများမှာမူ ဖမ်းဆီးခံရပြီး အကျဉ်းချ ခံထားရလေပြီ။
ယခင်က သူတို့သည် အင်မော်တယ်ခြေနင်း ကျောင်းတော်၏ ဂုဏ်သတင်းကို ကြောက်ရွံ့ကြသော်လည်း ရန်ချီကိုမူ မမှုခဲ့ကြပေ။ ယခုအခါတွင်တော့ ရန်ချီအား ကြောက်ရွံ့ရိုသေကာ လေးစားကြည်ညိုလာကြပြီ ဖြစ်သည်။
ရန်ကျန့်က သူ့ကိုယ်သူ ရှင်ဘုရင်တစ်ပါးအဖြစ် ကြေညာစဉ်က တည်ငြိမ်မှု သိပ်မရှိခဲ့ချေ။ ဂုဏ်သရေရှိ ကလန်ကြီးများက အမတ်ကြီးများအဖြစ် အမှုထမ်းခဲ့သော်လည်း အများစုတွင် ဘဏ္ဍာရေးနှင့် စစ်ရေးအရ ပြဿနာများ ရှိခဲ့ဖူးသည်။
ယခုမူကား ရန်ချီ မည်မျှ အစွမ်းထက်ကြောင်း သိမြင်သွားကြသဖြင့် ရန်ကလန်ကို ဆန့်ကျင်ခြင်းမှာ အချည်းနှီးသာဖြစ်ကြောင်း နားလည်သွားကြလေပြီ။
နန်းတော်အတွင်းတွင်တော့ ရန်ကျန့်က ဝမ်ကလန်မှ သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ပတ်သက်သည့် အစီရင်ခံစာကို နားထောင်ရင်း ကျေနပ်စွာ ခေါင်းညိတ်နေ၏။ သူ့အတွက် ယခုထက် ပိုကောင်းသော ခံစားချက်မျိုး ရှိတော့မည်မဟုတ်။ သူက ကြီးမားသော ကပ်ဘေးတစ်ခုကို ရှောင်တိမ်းနိုင်ခဲ့ပြီ မဟုတ်ပါလား။
ယခုအခါ သူက လောကအုပ်ချုပ်သူအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ယန်ကောင်းကင်ရှိ တော်ဝင်တပ်ကို ပိုမို ခိုင်မာလာစေမည့် အဓိကခြေလှမ်းကြီးတစ်လှမ်းကို လှမ်းနိုင်ခဲ့လေပြီ။ ရန်ကလန်မှာ မွန်းတည့်ချိန် နေမင်းကဲ့သို့ ကျော်ကြား တောက်ပလာခဲ့သည်။ ထိုနယ်မြေရှိ အင်အားကြီး အဖွဲ့အစည်းများပင် ရန်ကလန်ကို ကျူးကျော်ရန် မစဉ်းစားခင် ကြောက်လန့်နေကြပေလိမ့်မည်။
အကယ်၍ သူတို့သာ အခြေအနေကို ကောင်းစွာအသုံးချနိုင်ပါက နှစ်ထောင်ချီ သက်တမ်းရှိသော အမွေအနှစ်တစ်ခုကို တည်ထောင်ရန်မှာ မဖြစ်နိုင်သော ကိစ္စ မဟုတ်တော့ပေ။
"အဖေ... ကျွန်တော် လေ့ကျင့်စရာ ကိစ္စလေးတွေရှိလို့ အနက်ရောင် အလောင်းတောင်တန်းကို သွားလိုက်ဦးမယ်... အဖေက အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ရဲ့ ကျင့်ကြံခြင်းအတွက် ကူညီပေးလိုက်ပါ... ကျွန်တော်သာ သင့်တော်တဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေ ရှာတွေ့ခဲ့ရင် သူတို့ကို လောကအုပ်ချုပ်သူ အဆင့်ရောက်အောင် ကူညီပေးပါ့မယ်... တစ်နေ့ ကျွန်တော် လုံလောက်အောင် သန်မာလာတဲ့အခါ ကြိုးပေးတောင်တန်းကိုသွားပြီး အမေ့ကို ရှာပါ့မယ်..."
"သိပ်ကောင်းတယ် ချီအာ... မင်း ဒီလောက် သန်မာလာတာ ယုံဖို့တောင်ခက်တယ်... ဒါပေမဲ့ အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ ပုန်းအောင်းနေတဲ့နဂါးတွေနဲ့ ဝပ်နေတဲ့ ကျားတွေ အပြည့်ရှိတယ်... မင်းရဲ့ အစစ်အမှန် ခွန်အားကို တတ်နိုင်သလောက် လျှို့ဝှက်ထားပါ..."
"ကျွန်တော့်ကိုကျွန်တော် ထိန်းသိမ်းပါ့မယ် အဖေ... ဒါနဲ့ နန်းတော်ရဲ့ အောက်ဘက် လျှို့ဝှက်ခန်းမှာ ဧကရာဇ်တာအို စွမ်းအင် အစီအရင်တစ်ခု တည်ဆောက်ထားပေးပြီးပြီ... အစ်ကိုကြီးနဲ့ အစ်ကိုလတ်က လေးရာသီဓားပညာကို နက်နက်နဲနဲ နားလည်ထားတာကြောင့် သူတို့သာ အစီအရင် အတွင်းမှာ ကျင့်ကြံရင် အတိုင်းအဆမဲ့ တိုးတက်လာလိမ့်မယ်... ပြီးတော့ ငယ်ရွယ်ပြီး သစ္စာရှိတဲ့ ကလန်သားတွေကို ရာထူးတိုးမြှင့်ပေးဖို့ အကြံပြုချင်တယ် အဖေ... အကြီးအကဲတွေကိုတော့ ထားလိုက်ပါ... လူငယ်တွေကို သင်ကြားပေးပြီး အဆင့်မြှင့်ပေးဖို့က ပိုလွယ်တယ်... အကြီးအကဲတွေရဲ့ သစ္စာရှိမှုက သူတို့အကျိုးစီးပွားအတွက် အဆင်ပြေနေသရွေ့ပဲ ရှိမှာပါ..."
"မစိုးရိမ်ပါနဲ့ တတိယညီလေး... ငါတို့ ကလန်နဲ့ ပတ်သက်ပြီး သေချာ ကိုင်တွယ်မှာပါ..." ဟု ရန်ယွမ်ကျုံးက ဝင်ပြောလိုက်သည်။
"အကြီးအကဲတွေက အသုံးမဝင်ဖြစ်လာတာ ကြာပြီလေ... သူတို့က ငါတို့ကို သစ္စာမဖောက်သရွေ့တော့ ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ပြုထားမှာပါ..."
"ကောင်းပြီ..."
ရန်ချီ၏ မျက်လုံးများ တောက်ပလာပြီး ပြန်ပြောလိုက်သည်။
"ငါသာ အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ ခြေရာကောက်နိုင်ပြီဆိုရင် မင်းတို့ ကလေးတွေကိုပါ သင်ယူနိုင်အောင် စီစဉ်ပေးမယ်..."
သူ့ညီအစ်ကိုများမှာ အိမ်ထောင်ကျပြီး ကလေးများပင် ရှိနေကြလေပြီ။
ယခုအချိန်တွင် သူတစ်ယောက်တည်းသာ ကျန်တော့၏။ ထုံးတမ်းစဉ်လာအရ သူ့အသက် (၁၉) နှစ်မှာ လက်ထပ်သင့်သည့် အရွယ်ရောက်နေပြီဖြစ်သည်။ သို့သော် ရန်ကျန့်က သူ့သား ရှေ့ဆက်လျှောက်ရမည့်လမ်းမှာ ရှည်လျားပြီး အချိန်အကြာကြီး ရှင်သန်နိုင်ကြောင်း သိထားသောကြောင့် ထိုကိစ္စများကို ရွှေ့ဆိုင်းထားခြင်းပင်။
"အနက်ရောင် အလောင်းတောင်တန်းမှာ ဂရုစိုက်ပါ ချီအာ..."
"မစိုးရိမ်ပါနဲ့..."
ထို့နောက် ရန်ချီက မတ်တပ်ထရပ်လိုက်သည်။
ရန်ချီက မတ်တပ်ရပ်လိုက်ပြီး လူပုံသဏ္ဍာန် အစစ်အမှန်စွမ်းအင် ပုံရိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုပုံရိပ်မှာ သူနှင့် ရုပ်ချင်းတူရုံသာမက ခန္ဓာကိုယ် အပူချိန်ပါ တူညီနေ၏။
ရန်ချီ၏ အစစ်အမှန်စွမ်းအင်မှာ အဆင့်မြင့်မားသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ သူ့ စွမ်းအင်ပုံရိပ်မှာ ဝိညာဉ်ခန္ဓာ အပြင်ထွက်ခြင်းအဆင့်ရှိ ဒုတိယ နေဆန့်စိတ်ဝိညာဉ်နှင့်ပင် တူညီနေလေပြီ။
"ကျွန်တော် မထွက်သွားခင် နွေဦးနဲ့ဆောင်းဦးအိမ်တော်က အကြီးအကဲကို စောင့်ဖို့အတွက် ကျွန်တော့်ရဲ့ စွမ်းအင်ပုံရိပ်ကိုထားခဲ့မယ်... ပြဿနာအားလုံး တစ်ခါတည်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်ရတာပဲ... အကြီးအကဲ ရောက်လာရင် အနက်ရောင် အလောင်းတောင်တန်းကနေ ကျွန်တော် အမြန်ဆုံး ပြန်လာခဲ့မယ်... အသက်ရှူချိန် ခဏလေးအတွင်း ပြန်ရောက်နိုင်မှာပါ..."
အမှန်စင်စစ် ရန်ကျန့်က ယခုအခါ လောကအုပ်ချုပ်သူအဆင့် ရောက်နေပြီဖြစ်သဖြင့် ရန်ကလန် ကိုယ်တိုင်ကပင် အချို့ အခြေအနေများကို ဖြေရှင်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
လိုအပ်သည်များကို စီစဉ်ပြီးနောက် ရန်ချီက လေထဲသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ရန်ကျန့်က လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသည့် သူ့သား ထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဂရင်းဆူရာ... မင်း ဒါတွေကို မြင်ရဲ့လား... မင်းသားလေးက အခုဆို ကြီးပြင်းလာပြီး အစွမ်းထက်လာခဲ့ပြီ... သိပ်မကြာခင်မှာပဲ သူက မဟာသူတော်စင်တွေနဲ့ ယှဉ်နိုင်လာလိမ့်မယ်... တစ်နေ့ကျရင် သားလေးက ကြိုးပေးတောင်တန်းကို သွားပြီး မင်းကို ရှာဖွေမှာပါ..."
ယွမ်ဒယ် ပင်လယ်ဒေသမှာ သမုဒ္ဒရာဘက်သို့ မျက်နှာမူထားပြီး အပေါ်ဘက်မှ မိုးထားသည့် ကုန်းမြင့်ဒေသတွင်တည်ရှိသည်။ ထိုနေရာတွင် ဖွံ့ဖြိုးတိုးတက်နေသော မြို့တစ်မြို့ရှိပြီး ယွမ်ပြည်ထောင်ဟု ခေါ်ဆိုကြသည်။ လမ်းတစ်လျှောက်တွင် တပ်သားများ ကင်းလှည့်နေကာ ကုန်သည်များ သွားလာနေကြပြီး ဆိပ်ကမ်းများစွာဖြင့် စည်ကားလျက် ရှိ၏။
ထိုမြို့က ယန်ကောင်းကင်ထက် များစွာ ကြီးမားကာ ယွမ်ဟိုက်လန်၏ ဖခင်ဖြစ်သူ ယွမ်ကျုံးလုံ အုပ်ချုပ်သည့် နေရာလည်း ဖြစ်သည်။
ယွမ်ကျုံးလုံသည် သူ့ အိမ်တော်ထဲတွင် ထိုင်ကာ စာလေ့လာမှု ပြုလုပ်နေသည်။ သူ့အနီးတွင် သက်လတ်ပိုင်း လူတစ်ယောက်ရှိနေပြီး ထိုသူကား ယန်ကူဖုန်းပင်။ ယန်ကောင်းကင်မှ ထွက်ခွာလာပြီးနောက် သူက ယွမ်ဒယ် ပင်လယ်ဒေသရှိ ယွမ်ပြည်ထောင်တွင် သစ္စာခံ ခိုလှုံနေခြင်း ဖြစ်သည်။
"ယန်ကူဖုန်း... မင်း ငါတို့ဘက်မှာ ရှိနေတာ ငါ အရမ်း ကျေနပ်မိတယ်..."
သူတို့နှစ်ယောက်လုံးက စွမ်းအားပညာရှင်များဖြစ်ကြသလို မြို့တော်ဝန်များလည်း ဖြစ်ကြသည်။
"ရန်ကလန်က မောင်းထုတ်ခံရပြီးနောက်ပိုင်း ကျုပ် ခွေးလေခွေးလွင့်တစ်ကောင်လို ဖြစ်ခဲ့ရတယ်... အကြီးအကဲခေါင်းဆောင်က ကျုပ်ကို လက်ခံဆက်ဆံပေးခဲ့တဲ့အတွက် အရမ်း ဝမ်းသာမိပါတယ်..."
ယန်ကူဖုန်း၏ မျက်နှာက တည်ငြိမ်နေသော်လည်း မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေ၏။
"ကျုပ်သမီးက အစစ်အမှန် နဂါးကျောင်းတော်မှာ ပညာသင်ရင်း မကြာခင်ကပဲ အဆင့်တက်သွားခဲ့တယ်လေ... ပြီးတော့ သူက အဲဒီမှာ ထိပ်သီးကျွမ်းကျင်သူ တစ်ယောက်ဆီက အကျိုးကျေးဇူး ရရှိခဲ့တယ်... အနှေးနဲ့အမြန် သူက ကျုပ်အတွက် လက်စားချေပေးလိမ့်မယ်... သူက ရန်ကလန်ကို ဘယ်လိုမှ လွှတ်ပေးမှာ မဟုတ်ဘူး..."
"လက်စားချေတာက ပြောတာထက် ခက်တယ်..."
ယွမ်ကျုံးလုံက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။
"ငါကြားတာတော့ ရန်ချီက အင်မော်တယ်ခြေနင်း ကျောင်းတော်ကို ဝင်ရောက်ပြီး လောကအုပ်ချုပ်သူတောင် ဖြစ်နေပြီတဲ့... လက်ရွေးစင် ကျောင်းသားတစ်ယောက်တောင် ဖြစ်နေပြီ... တစ်နေ့ထက်တစ်နေ့ သူက ပိုပြီး သန်မာလာနေတယ်..."
"ကျုပ်လည်း ကြားပါတယ်... မင်းသမီးလည်း အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ တက်နေပြီးတော့ အရမ်း အစွမ်းထက်တဲ့လူက သူ့ကို ထောက်ပံ့ပေးနေတယ်ဆို... သူလည်း လက်ရွေးစင် ကျောင်းသားပဲ မဟုတ်လား... ကျုပ် နားလည်ထားသလောက်တော့ သူက ပင်လယ်နတ်ဘုရား သွေးကြော နိုးထလာဖို့ ရန်ချီနဲ့ပေါင်းပြီး ငုပ်လျှိုးနဂါး ဆေးလုံးကို ခိုးခဲ့တယ်... ဒါကြောင့် အကြီးအကဲ ခေါင်းဆောင်က ကျုပ်ကို ကူညီပေးတာလို့ ထင်ပါတယ်... ရန်ချီက သင့်သမီးကို မုန်းနေတော့ နောက်ဆုံး လက်စားချေဖို့ ကြိုးစားလာမှာပဲ... မင်းရော ငါရော ရန်ကလန်နဲ့ သေခြင်းကသာ အဆုံးသတ်နိုင်မယ့် ရန်ကြွေးရှိနေပြီ... မင်း ဒါတွေကို နားလည်တယ် မဟုတ်လား..."
ယွမ်ကျုံးလုံက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တာပေါ့... ငါ နားလည်ပါတယ်..."
ထိုအချိန်မှာပင် တံခါးခေါက်သံ တစ်ခုကို ကြားလိုက်ရ၏။
"ဝင်လာခဲ့..."
ယွမ်ကျုံးလုံက ခွင့်ပြုလိုက်သည်။
ယွမ်ကျုံးလုံ၏ သူလျှိုတစ်ယောက်ဝင်လာကာ ဒူးထောက်၍ အသံတုန်ယင်စွာဖြင့် သတင်းပို့သည်။
"အကြီးအကဲခေါင်းဆောင်... ကျုပ်မှာ သတင်းဆိုးအချို့ ပါလာပါတယ်... မနေ့က ယန်ကောင်းကင်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သတင်းရထားပါတယ်... ရန်ချီက သူ့မိသားစုကို တွေ့ဖို့ အလည်အပတ် ပြန်လာပြီး နွေဦးနဲ့ဆောင်းဦး အိမ်တော်၊ အရိပ်ပိုးစံအိမ်က လူတွေလည်း ရောက်လာခဲ့ကြတယ်... အဆုံးမှာတော့ ရန်ချီက အရိပ်ပိုးစံအိမ်ရဲ့ ဒုတိယမြောက် လောကအုပ်ချုပ်သူ ဖြစ်တဲ့ အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာကို သတ်ဖြတ်လိုက်ပါတယ်... သူက သူ့ကို ပြာဖြစ်သွားအောင်ပါ ဖျက်ဆီးပစ်လိုက်တာပါ ခင်ဗျာ..."
"ဘာ..."
ယွမ်ကျုံးလုံက စာကို ယူကြည့်ကာ စကားလုံးတိုင်းကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။ အဆုံးရောက်သော် သူက ဆယ်နှစ်ခန့် ပိုအိုစာသွားသကဲ့သို့ ထိုင်ခုံပေါ် ပုံရက်သား ကျသွားတော့သည်။
"ရန်ကျန့်လည်း လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်သွားပြီ..."
"ဒါက သတင်းကြီးပဲ... အကြီးအကဲ ခေါင်းဆောင်... ကျုပ်ရော စာကို ဖတ်ကြည့်လို့ ရမလား..."
ယန်ကူဖုန်းက မေးလိုက်သည်။
"ကြည့်လိုက်..."
ယွမ်ကျုံးလုံက စာကို ကမ်းပေးလိုက်၏။
ယန်ကူဖုန်းက စာကိုဖတ်ပြီး မျက်နှာပျက်သွားတော့သည်။ သူ့လက်များက တုန်ယင်နေပြီး စာကိုကြည့်ရင်း ရေရွတ်လိုက်မိသည်။
"ရန်ချီက ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါး သေမျိုးလူသားဘဝကို ဆင်းသက်လာတဲ့ သူများလား... သူ ဘာလို့ ဒီလောက် သန်မာနေရတာလဲ... အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ သူ ဘာတွေ သင်ယူခဲ့ရတာလဲ... မဖြစ်နိုင်ဘူး... နေဦး... ဒါ ကျောင်းတော်ကြောင့် မဖြစ်နိုင်ဘူး... ဒါ မိုးကြိုးပစ်ချတာကြောင့်ဖြစ်မယ်... ကျုပ်လက်အောက်က လူဟန်က သူ့ရဲ့ စွမ်းအင်ပညာရပ်ကို ဖျက်ဆီးခဲ့တုန်းက သူ မိုးကြိုးပစ်ချခံခဲ့ရတယ်... အဲဒါပြီးတော့မှ အားလုံး ပြောင်းလဲသွားတာပဲ..."
အချိန်အတော်ကြာပြီးနောက် ယွမ်ကျုံးလုံက သက်ပြင်းရှည်ကြီး ချလိုက်ကာ ပြောလိုက်သည်။
"မြန်မြန် သမီးဆီကို ဘာတွေဖြစ်နေလဲ စာပို့လိုက်... ရန်ချီက လျှို့ဝှက်ဆန်းကြယ်လွန်းနေတယ်... ငါ့သမီးကတော့ အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ အဆက်အသွယ်တွေရှိလို့ ကူညီနိုင်လောက်ပါတယ်..."
ထို့နောက် ယန်ကူဖုန်းကို ပြန်ကြည့်ကာ ဆက်ပြောလိုက်၏။
"ပင်လယ်ပြင်ကို ခရီးထွက်ဖို့ အချိန်ကျပြီ... ငါတို့ ပင်လယ်မျိုးနွယ်စုက ဘုရင်တစ်ပါးပါးနဲ့ စကားပြောဖို့ လိုနေပြီ..."
ထိုအချိန်၌ ကောင်းကင်လျှိုမြောင် တောင်တန်း၏ အထက် တိမ်ပင်လယ်တွင် ယွမ်ဟိုက်လန်က အသေးစား စကြဝဠာလောကမှ ထွက်လာခဲ့သည်။ ပထမဆုံးအနေဖြင့် လင်းယုန်ငှက်တစ်ကောင် သူမထံ ပျံသန်းလာသည်ကို မြင်လိုက်ရသဖြင့် လက်ကို ဆန့်ထုတ်ပေးလိုက်၏။ ၎င်းက သူမလက်ပေါ်၌ နားလိုက်ပြီး သူမက ခြေထောက်မှ စာကို ဖြုတ်ယူလိုက်သည်။
'အိမ်ကပို့တဲ့ စာလား...'
လင်းယုန်ငှက် ပျံသန်းသွားပြီးနောက် သူမက စာကို ဖွင့်ဖတ်လိုက်သည်။
"ရန်ချီက အိမ်ကို ပြန်သွားတယ်... သူက ဘယ်လိုလုပ် ဒီလောက် သန်မာလာတာလဲ... သူက သူ့အဖေကို လောကအုပ်ချုပ်သူဖြစ်လာအောင် ကူညီပေးလိုက်တာလား... သူ ဘယ်လို လုပ်လိုက်တာပါလိမ့်... ဆောင်ဟေရှမ်းနဲ့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားတွေကို သူ့ကို စောင့်ကြည့်နေဖို့ ငါ ပြောခဲ့တယ် မဟုတ်ဘူးလား... သူတို့ ဘာလို့ အဲဒီအကြောင်း ငါ့ကို မပြောတာလဲ..."
သူမက တွန့်ဆုတ်မနေတော့ဘဲ တိမ်ပင်လယ်မှ ဆင်းကာ ကောင်းကင်လျှိုမြောင် တောင်တန်းမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် ကျောင်းတော်၏ အဓိကအပိုင်းသို့ ပြန်ရောက်လာရာ တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှ အဆင့်မြင့်သူများက သူမကို နှုတ်ဆက်ကြသည်။ သူမက တော်ဝင်အိမ်ရှေ့စံ၏ မျက်နှာသာပေးခြင်းခံရကာ ဂိုဏ်းအုပ်တိမ်တိုက်နှင့် လေပြေထံ ပညာသင်ယူနေသဖြင့် လူတိုင်းက သူမနှင့် ရင်းနှီးရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
"ကျန်းဖန်နဲ့ ဆောင်ဟေရှမ်း ဘယ်မှာလဲ..."
သူမက အေးစက်စွာ မေးလိုက်သည်။
"သူတို့ကို ငါ့ဆီ ခေါ်လာခဲ့..."
"အစ်ကိုကြီး ကျန်းဖန်က ရန်ချီကို ပြဿနာရှာဖို့သွားတယ်... ဒါပေမဲ့ ရန်ချီက သူတို့လာမှာ သိတဲ့ပုံပဲ... ပုန်းရှောင်နေခဲ့တယ်... နောက်ပိုင်း ကျန်းဖန်က သူနဲ့ ဆောင်ဟေရှမ်းတို့ တာဝန်တစ်ခု လုပ်ဖို့ ထွက်သွားတယ်လို့ စာပို့လာတယ်... သူတို့တွေ အခုထိ ပြန်ရောက်မလာသေးဘူး..."
ဆောင်ဟေရှမ်းနှင့် ဂူဖန်းရှန်တို့ သေဆုံးခြင်းက ကြီးမားသည့် လျှို့ဝှက်ချက်ဖြစ်နေသည်။ ကျန်းဖန်နှင့် အခြားလူများက ဂိုဏ်းမှ အဝေးသို့ ထွက်ခွာသွားကာ သေဆုံးခြင်းကို အစီရင်ခံရန် အစီအစဉ်များ ဆွဲနေကြခြင်း ဖြစ်၏။
သို့သော်လည်း ယွမ်ဟိုက်လန်က ထိုအခြေအနေများနှင့် ပတ်သက်၍ သံသယ ဝင်နိုင်လောက်အောင် လိမ္မာပါးနပ်သူ ဖြစ်သည်။
"သရဖူဆောင်း အဖွဲ့အစည်းမှာ လျှို့ဝှက်စာပို့နိုင်တဲ့ နည်းလမ်းတွေရှိတယ် မဟုတ်လား... သူတို့ကို အခုချက်ချင်း ပြန်လာဖို့ ပြောလိုက်... ငါတို့ အရေးကြီးကိစ္စ တစ်ခု ဆွေးနွေးစရာ ရှိတယ်..."
ထို့နောက် သူမက အခန်းအတွင်းဝင်သွားရာ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများက အကြည့်ချင်း ဖလှယ်လိုက်ပြီး ခေါင်းခါယမ်းလိုက်ကြတော့သည်။
"ဒီကောင်မလေး တိုးတက်လာတာက အရူးအမူးပဲ... သူမက အခု ဘယ်အဆင့်မှာ ရှိနေတာလဲ... ငါတို့ အစ်ကိုကြီး ကျန်းဖန်ကို တကယ် ဆက်သွယ်ဖို့ လိုလောက်မလား..."
End
***