ရန်ချီက တောင်တန်းတစ်လျှောက် သတ်ဖြတ်သွားလေရာ မရေမတွက်နိုင်သည့် ဖုတ်ကောင်များနှင့် အရိုးစုများ သူလက်အတွင်း သေဆုံးခဲ့သည်။
သူက မရေမတွက်နိုင်သည့် သင်္ချိုင်းဂူများကိုဖောက်ကာ ဖုတ်ကောင်များနှင့် အလောင်းဘုရင်များကို သတ်ဖြတ်ခဲ့လေ၏။ ပုံမှန်အားဖြင့် ကြောက်မက်ဖွယ် စွမ်းအားကြီးမားသည့် နှစ်တစ်ထောင် အလောင်းဘုရင်များက အပြစ်မဲ့သည့် လူသားများကို စားသောက်ရန် တောင်များ၌ ပုန်းအောင်း စောင့်ဆိုင်းနေကြသည်။
ယခုတစ်ချိန်မှာတော့ ရန်ချီက သူတို့အားလုံးကို တားဆီးခဲ့လေပြီ။
ဝုန်…
ရန်ချီက ဖျက်ဆီးခြင်း အစစ်အမှန် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်ရာ နောက်ထပ် တောင်ထိပ်တစ်ခု ပေါက်ကွဲသွားပြန်သည်။
သူ မည်မျှ ဖျက်ဆီးနိုင်မှန်း အတိအကျ သိမြင်ဖို့ အခွင့်အရေးကို ရှာဖွေရန် မျှော်လင့်ခဲ့လေရာ ယခုအခါက အခွင့်ကောင်းပင်။ နောက်ဆုံးတွင် သူက စွမ်းအင်ပညာရပ်ကို အဆုံးစွန်ထိ တတ်နိုင်သမျှ ထုတ်သုံးကာ အကန့်အသတ် ဘယ်လောက်ထိဖြစ်နိုင်မလဲ ဆိုသည်ကို မြင်တွေ့ချင်ခဲ့သည်။
စွမ်းအင်ပညာရှင် ဖြစ်ခဲ့စဉ်က သူ့ ပြိုင်ဘက်ကင်း ရှင်ဘုရင်လက်သီးက ကန်ထဲမှ ရေများကို လေပေါ်မြောက်သွားစေနိုင်ခဲ့၏။ သို့သော် ယခုတော့ ထိုအချိန်ကထက် အဆထောင်နှင့်ချီ သန်မာလာခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် သူက တောင်ထိပ်တစ်ခုကို အလွယ်တကူ ချေမွနိုင်လေပြီ။
သူသည် ပြိုင်ဘက်မရှိသည့် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ သူသွားလာသည့် လမ်းတစ်လျှောက် ဖျက်ဆီးခဲ့သည်။ တောင်ကြီးများပင် ပြိုကျကုန်၏။ ရွှေဖြူရောင် မြင့်မြတ်မီးလျှံက မကောင်းသည့် အညစ်အကြေး မှန်သမျှကို လောင်ကျွမ်းစေသည်။
သူက ယန်ကောင်းကင်ကို ပိုမို ဘေးကင်းသည့် နေရာတစ်ခုဖြစ်စေရန် တောင်တန်းများကို ရှင်းလင်းပစ်ဖို့ ရည်ရွယ်ခဲ့သည်။ ယခုတော့ သူက နှစ်ပေါင်းထောင်ချီ တည်ရှိနေသည့် နှစ်တစ်ထောင် အလောင်းဘုရင်များကို တစ်ကောင်ချင်းစီ လိုက်လံ သတ်ဖြတ်ခဲ့လေပြီ။
တစ်ရက်တည်းဖြင့် သူတို့ထဲမှ (၆) ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သူ သတ်ဖြတ်ခဲ့သည့် ဖုတ်ကောင်များနှင့် အရိုးစုများကတော့ ရေတွက်၍ပင် မရချေ။
သူသည် အသားကြိတ်စက်တစ်ခုကဲ့သို့ မကောင်းဆိုးဝါးနတ်ဆိုးများကို ကရုဏာကင်းမဲ့စွာ သတ်ဖြတ်ခဲ့သည်။
ယခုအချိန်၌ သူ့ပင်လယ်နှလုံးသား လက်စွပ်အတွင်း စွမ်းအားပညာရှင်အဆင့် ဖုတ်ကောင် အမြုတေ (၁၀၀) ကျော်နှင့် အဆင့် (၈) အမြုတေ ရာနှင့်ချီ ရှိနေသည်။ ထိုအမြုတေများက သူ့အတွက် အသုံးမဝင်သော်လည်း သူ့ကလန်အတွက်မူ ရွှေတောင်ကြီးကဲ့သို့ အဖိုးတန်လှ၏။
သူ့အနီးတွင် ဝန်းရံနေသည့် ရွှေဖြူရောင် မြင့်မြတ်မီးလျှံကြောင့် သူက တောင်တန်းထဲရှိ အမှောင်ထုအတွင်း တောက်ပနေသော အလင်းရောင်နှင့် တူညီနေသည်။
'နှစ်တစ်ထောင် အလောင်းဘုရင် (၆) ကောင်ကို တစ်နေ့တည်းနဲ့ သတ်နိုင်ခဲ့တာလား... သူတို့အားလုံးက လောကအုပ်ချုပ်သူတွေပဲ... သူတို့သာ တစ်ချိန်တည်း ဝိုင်းတိုက်မယ်ဆိုရင် ယန်ကောင်းကင်က ကျရှုံးသွားမှာပဲ... ငါက တကယ်ကို နှေးကွေးတာပဲ... ငါ တတ်နိုင်သမျှ မြန်မြန် သတ်ပစ်ရမယ်...'
သူက အရှိန်တင်လိုက်ကာ မြင့်မြတ်မီးလျှံကို ထုတ်ဖော်လိုက်ပြီး မီတာ (၁၀၀) စက်ဝန်းလောက် ကျယ်ပြန့်သည့် နယ်ပယ်ကို ဖန်တီးလိုက်သည်။ ထို့နောက် ထိုအရာက ပေါက်ကွဲသွားကာ မီးမိုးများ ရွာကျလာလေတော့သည်။
ထိုအရာက ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ သဘာဝများမှ ဆင်းသက်လာခြင်းဖြစ်လေရာ ရွှေဖြူရောင် မြင့်မြတ်မီးလျှံက ထိုနေရာရှိ နတ်ဆိုးစွမ်းအင်များကို အလွယ်တကူ ရှင်းလင်းနိုင်သည်။
အလောင်းဘုရင် တော်တော်များများက အိပ်စက်ခြင်းဖြင့် သူတို့၏ အချိန်အများစုကို သုံးစွဲကာ ထိုအချိန်အတွင်း ဆိုးညစ်သည့် စွမ်းအင်ပညာရပ်များကို ကျင့်ကြံဖို့အတွက် မကောင်းသည့် မြေအောက်စွမ်းအင်များကို စုပ်ယူကြသည်။ တစ်ခါတစ်ရံ သူတို့သွေးများ ခမ်းခြောက်ချိန်မှသာ စိတ်ဝိညာဉ် သားရဲများနှင့် လူသားများကို သွေးစုပ်ဖို့အတွက် အမဲလိုက်ကြသည်။ အမှန်စင်စစ် သူတို့သာ လူသားများကို ရဲတင်းစွာ သတ်ဖြတ်ခဲ့ပါက စွမ်းအားကြီးမားသည့် လမ်းမှန် အဖွဲ့အစည်းများကို ဆွဲဆောင်သလို ဖြစ်သွားနိုင်ပေသည်။
သွေးမိစ္ဆာလှိုဏ်ဂူမှ သွေးစုတ်ဖုတ်ကောင် ဓားပြစစ်တပ်က ဥပမာကောင်း တစ်ခုပင်ဖြစ်၏။ သူတို့တွေက အချိန်အကြာကြီးကတည်းကပင် လုံး၀ ရှင်းလင်းပစ်ခံခဲ့ရသည် မဟုတ်ပါလား။
ရန်ချီက ရွှေဖြူရောင် မြင့်မြတ်မီးလျှံများ မိုးအဖြစ် ရွာသွန်းလာသည်ကိုကြည့်ကာ ထိုနယ်မြေ တစ်ဝိုက်တွင် အလောင်းဘုရင်များမရှိကြောင်း နားလည်လိုက်သည်။ သို့သော်လည်း ထိုအရာက တန်ဖိုးရှိသေး၏။ အချိန်တစ်ခုအထိ ယန်ကောင်းကင်ကို တိုက်ခိုက်ဖို့ မည်သည့်အလောင်းဘုရင်မှ ဖုတ်ကောင်တပ်ကို ဦးဆောင်နိုင်တော့မည် မဟုတ်ချေ။ ထိုသို့ ခေါင်းဆောင်သာ မရှိပါက သူ့အဖေက ထိုအခြေအနေကို အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။
သူက တောင်တန်းများအတွင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းစွာ တိုးဝင်သွားသည်။
ထိုအချိန်မှာပင် သူ့စွမ်းအင်များက တည်ဆောက်လာကာ လောကအုပ်ချုပ်သူ အဆင့် (၄) သို့ ချိုးဖောက် တက်လှမ်းဖို့ နီးကပ်လာသလို ခံစားလိုက်ရသည်။
ရုတ်တရက်ဆိုသလို အော်ဟစ်သံများ သူ့နားထဲသိုကြားရပြီး ရန်ငြိုးထားသည့် ဝိညာဉ် အော်သံများကိုလည်း ကြားလိုက်ရသည်။
"ငါ့ဘဝကို ပြန်ပေး... ငါ့ဘဝကို ပြန်ပေး..."
၎င်းတွင် စက်ဆုပ်ဖွယ်ကောင်းသည့် စွမ်းအင်များ ပါဝင်နေသည်။ လေကိုယ်တိုင်ကပင် နတ်ဆိုးကဲ့သို့ ပြောင်းလဲသွား၏။ အဝေးတစ်နေရာသို့ ကြည့်လိုက်ရာ အနက်ရောင် မြူခိုးများကို မြင်လိုက်ရသည်။ ထိုအရာက ထိုကိစ္စရပ်များ၏ အရင်းအမြစ်ပင်။ ထိုမြူခိုးများ အတွင်း ကြောက်မက်ဖွယ် တစ္ဆေမျက်နှာများကို ရေးတေးတေး မြင်ရသည်။
သူက ယခုအချိန်၌ အနက်ရောင် အလောင်းတောင်တန်း၏ အနက်ရှိုင်းဆုံး အပိုင်းနှင့် နီးကပ်နေရာ ထိုနေရာရှိ နက်နဲသည့် ဆိုးယုတ်မှုများရှိသဖြင့် လူအနည်းငယ်သာ ထိုနေရာသို့ သွားကြသည်။ စွမ်းအားပညာရှင်များပင် ထိုနေရာသို့ ရောက်ရှိပါက သူတို့၏ အစစ်အမှန် စွမ်းအင် အကာအကွယ်များ ပျက်စီးသွားပြီး မိနစ်ပိုင်းအတွင်း ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ထိုစက်ဆုပ်ဖွယ် စွမ်းအင်များက ထိုနေရာတွင် အလွန်ထူထပ်နေလေရာ လေထုပင် ပျက်စီးယိုယွင်းနေလေပြီ။
"ဒါဆို အနက်ရောင် အလောင်းတောင်တန်း အကြောင်းက အမှန်ပဲပေါ့..."
သူက တွန့်လိမ့်နေသည့် နေရာတစ်ခုကို မြင်လိုက်ရာ ထိုအရာက ဒဏ္ဍာရီဆန်သည့် ကောင်းကင်အလောင်း ဒိုင်းမင်းရှင်းသို့သွားသည့် ဒိုင်းမင်းရှင်း ကူးလမ်းကြောင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျေနပ်ဝမ်းသာ သွားလေတော့သည်။ ထိုနေရာတွင် အသက်ဓာတ် စမ်းရေကို ရှာဖွေနိုင်သည်။
ထို့နောက် သူက မှော်စွမ်းအင်များကို သူ့ကိုယ်တွင်း ပြန်လည် သိမ်းဆည်းလိုက်၏။
မြင့်မြတ်သော ချပ်ဝတ် ရွှေဖြူရောင် ဝတ်စုံက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားကာ လောင်ကျွမ်းနေသော မီးလျှံများက အနီးဝန်းကျင်ရှိ မည်သည့် ညစ်ညမ်းသော စွမ်းအင်ကိုမဆို ဖျက်ဆီးပစ်လေရာ အက်ကွဲသံများ ဖြစ်ပေါ်လာသည်။ ထိုအရာက သူ့ငရဲနတ်ဆိုး ချပ်ဝတ်ပင်။ အတိတ်တစ်ချိန်က ထိုအရာ မဟူရာရွှေရောင် ဖြစ်၏။ ယခုအခါမှာတော့ သက်တမ်းများ ခိုးယူကာ ပိုမို သန်မာလာသည်နှင့်အမျှ ချပ်ဝတ်ကလည်း ပြောင်းလဲသွားလေတော့သည်။ တဖြည်းဖြည်းချင်းဖြင့် ထိုအရာ ကောင်းကင်ဘုံမှ နတ်ဘုရားနယ်မြေရှိ အရောင်အဝါများ ထွက်ပေါ်လာကာ မြင့်မြတ်သော ရွှေဖြူရောင် ပြောင်းလဲသွားလေပြီ။
တောင်တန်းထဲသို့ နက်သထက် နက်အောင် သူဝင်သွားခဲ့သည်။
ရှေ့တိုးသွားတိုင်း မကောင်းသည့် စွမ်းအင်များနှင့် ပျက်သုဉ်းခြင်းများက ပိုမို သန်မာလာလေရာ သူက တစ်လှမ်းချင်း ပိုမိုအားစိုက်ကာ ကြိုးစား သွားလာနေရသည်။ သာမန် လောကအုပ်ချုပ်သူများ အနေဖြင့် ထိုစွမ်းအင်များကို ခုခံရန်ခက်ခဲကာ နောက်ဆုံးမှာ ပြန်လည် ဆုတ်ခွာသွားပေလိမ့်မည်။ သို့သော် ရန်ချီက ကွဲပြားသည်။
နတ်ဆင်ရိုင်းကြီးက ငရဲကို နှိမ်နင်းဖို့အတွက် နတ်ဘုရားနယ်မြေမှ အဆုံးမဲ့ စွမ်းအားများကို ထုတ်ဖော် အသုံးပြုနိုင်ခဲ့သည် မဟုတ်ပါလား။ ယခုကဲ့သို့ မကောင်းသည့် စွမ်းအင်မျှလောက်တော့ စာမဖွဲ့ပေ။
"ပျက်ဆီးစမ်း..."
သူက ငရဲနတ်ဆိုး လှံတံဖြင့် ရှေ့ဘက်သို့ ပစ်ခွင်းကာ မကောင်းသည့် စွမ်းအင်များကို မောင်းထုတ် ဖယ်ရှားခဲ့သည်။
တစ္ဆေသရဲ ငိုကြွေးသံများနှင့် နတ်ဘုရားများ ငိုကြွေးသံများပင် ကြားနေရကာ သူက ငရဲသို့ ဆင်းသက်သွားသလို ခံစားလိုက်ရသည်။
ယခုအခါ ရှေ့နောက်တောင်မြောက်ပင် ပြောနိုင်ဖို့ ခက်ခဲနေလေတော့သည်။ ဦးတည်ချက်များက အဓိပ္ပာယ် မရှိတော့ချေ။ သို့သော်လည်း အစစ်အမှန် စွမ်းအင်များ ကျေးဇူးဖြင့် သူက မကောင်းသည့် စွမ်းအင်ရင်းမြစ်ကို အာရုံခံနိုင်ကာ တဖြည်းဖြည်းနှင့် အနက်ရောင် အလောင်းတောင်တန်းမှ ကောင်းကင်အလောင်း ဒိုင်းမင်းရှင်းသို့ သွားနိုင်သည့် လမ်းကြောင်းကို ဖြည်းဖြည်းချင်း ဦးတည် သွားလာနိုင်ခဲ့သည်။
သူက တိမ်ပင်လယ် အပေါ်ဘက်ရှိ အသေးစား စကြဝဠာကမ္ဘာမှလွဲ၍ အခြား ဒိုင်းမင်းရှင်းများနှင့် အကျွမ်းတဝင် မရှိခဲ့ချေ။
သို့သော်လည်း သူ ရှာဖွေနေသည့် ဝင်ပေါက် ဖွင့်လှစ်နေသမျှ ထိုအရာကို ရှာတွေ့လိမ့်မည်ဟု ယုံကြည်ထားသည်။
"ငါ့အသက် ပြန်ပေး..."
ရုတ်တရက် သေဆုံးခြင်း စွမ်းအင်များက မြင့်တက်လာကာ ရန်ချီထံ တိုးဝင်သွားခဲ့သည်။ သို့သော်လည်း ထိုအရာက မြင့်မြတ်မီးလျှံ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ရက်စက်သည့် လက်သည်းများနှင့် အကျည်းတန်လှကာ မည်းနက်နေသည့် မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်က သူနောက်ဘက်ရှိ မကောင်းသည့် စွမ်းအင်များအတွင်း ထွက်ပေါ်လာသည်။ ထိုအရာက ခန္ဓာကိုယ်ရှိပုံပေါ်သော်လည်း မီးခိုးများနှင့် ဖွဲ့စည်းထားပုံ ရသည်။
"မကောင်းဆိုးဝါး တစ္ဆေ စိတ်ဝိညာဉ်ခန္ဓာ..."
ရန်ချီက ထိုအရာသည် မကောင်းဆိုးဝါးတစ္ဆေ၏ စိတ်ဝိညာဉ်တစ်မျိုးဖြစ်ကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။ ထိုကဲ့သို့ သတ္တဝါမျိုးက သုတ်သင်ရှင်းလင်းဖို့ ခက်ခဲကာ သာမန် စွမ်းအင်ပညာရပ်များဖြင့် သူတို့၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်များကို မထိခိုက်နိုင်ချေ။
မြင့်မြတ်ကာ အမှန်တရား စွမ်းအင်များက ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါး တစ္ဆေများကို ရင်ဆိုင်နိုင်သည်။
အနက်ရောင် အလောင်းတောင်တန်းရှိ မကောင်းသည့် စွမ်းအင်များကြောင့် အချို့ သက်ရှိများက သေဆုံးပြီးနောက် သူတို့၏ စိတ်ဝိညာဉ်က ခန္ဓာကိုစွန့်ခွာပြီး တဖြည်းဖြည်းဖြင့် မကောင်းဆိုးဝါး တစ္ဆေများ ဖြစ်လာကြသည်။
ထိုမကောင်းဆိုးဝါး တစ္ဆေများက နှစ်တစ်ထောင် အလောင်းဘုရင်များထက် အဆင့်များစွာ သာလွန်သည်။ ထိုအရာက အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာထက် ပိုမို စွမ်းအားကြီးမားကာ ကျန်းဖန် အဆင့်လောက် နီးနီး ရောက်ရှိနေကြသည်။
၎င်း၏ အလစ်တိုက်ခိုက်မှု မအောင်မြင်သဖြင့် ထိုအရာက အနက်ရောင်တိမ်များအဖြစ် ပြောင်းလဲသွားကာ ကြီးမားသော တစ္ဆေလက်သည်းကြီးပုံစံ ဖြစ်လာသည်။
"ဝိညာဉ်လောကမှ တစ္ဆေလက်သည်း..."
ထိုအရာက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
အစိမ်းပုတ်ရောင် မီးလျှံများ ဝန်းရံနေသည့် တစ္ဆေလက်သည်းက လေထဲသို့ ပစ်လွှင့်လိုက်ရာ လေဟာနယ်တစ်ခုကို ဖန်တီးသွားပြီး သတ္တုခုတ်ခြစ်သံများ ထွက်ပေါ်လာသည်။
ထိုလက်သည်းက သားကောင်ကို ဝိညာဉ်လောကသို့ ဆွဲဆောင်ကာ ပြန်လည် ဝင်စားခွင့်ပင် ရရှိမည် မဟုတ်တော့ချေ။ ထိုအရာက ဝိညာဉ်လောကမှ တစ္ဆေလက်သည်းဖြစ်ကာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သည့် စွမ်းအင်ပညာရပ် ဖြစ်သည်။
ရန်ချီက ထိုနေရာသို့ လှံဖြင့် ပစ်လွှတ်လိုက်သည်။ ထိုလှံတံက မြှားတစ်စင်းကဲ့သို့ အမြန်နှုန်း တူညီကာ ကမ္ဘာဦးခေတ်မှ လေနတ်ဘုရားကဲ့သို့ လောင်ကျွမ်းနေသော နေမင်းကဲ့သို့ ဖြစ်သွားသည်။
ဝှစ်...
တစ္ဆေလက်သည်းက လှံတံနှင့် ထိုးဖောက်ခြင်း ခံလိုက်ရသောအခါ မကောင်းဆိုးဝါး တစ္ဆေက နာကျင်စွာ အော်ဟစ်လိုက်သည်။
"တစ္ဆေစိတ်ဝိညာဉ် ပိုင်ဆိုင်မှု..."
ဝိညာဉ်လှိုင်းများက ထွက်ပေါ်လာကာ အစိမ်းရောင်စွမ်းအင်များအဖြစ် ရန်ချီ၏ ချပ်ဝတ်ကို ဖြတ်သန်းကာ သူ့ခန္ဓာကိုယ်အတွင်း မျက်စိတစ်မှိတ်အတွင်းမှာပင် ဝင်ရောက်သွားလေတော့သည်။ ထိုမကောင်းဆိုးဝါးတစ္ဆေက သူ့ကို ပိုင်ဆိုင်ဖို့အတွက် ကြိုးစားနေသည်။ ထိုအရာက သူ့သွေးကြောများမှ အစစ်အမှန် စွမ်းအင်များကို ထိန်းချုပ်ကာ သူ့စိတ်နှင့် ဝိညာဉ်ကို တိုက်ခိုက်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေခြင်းပင်။
'မြစ်တွေက ပင်လယ်ထဲမှာ ပေါင်းစုံတယ်... အစစ်အမှန် စွမ်းအင်တွေ ပြန်လာစမ်း...'
သူက အေးစက်စွာ ရယ်မောလိုက်ရင်း သူ့အစစ်အမှန် စွမ်းအင် အားလုံးကို စွမ်းအားပင်လယ်သို့ ပြန်လည် ဆွဲယူပြီး မကောင်းဆိုး တစ္ဆေကိုပါ စွမ်းအင်ပင်လယ်အတွင်း ဆွဲသွင်းသွားသည်။
ဝုန်း...
တစ္ဆေက သူ့စွမ်းအင်ပင်လယ်အတွင်းရောက်သည်နှင့် တစ်ပြိုင်နက် ငရဲမီးတောက် မီးပြင်းဖိုက ပေါ်လာကာ တစ္ဆေကို ၎င်းအတွင်း ဆွဲသွင်းသွားသည်။ သွေးပျက်မတတ် ကြောက်လန့်တကြား အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။
မကောင်းဆိုးဝါး တစ္ဆေက စိတ်ဝိညာဉ် ခန္ဓာတစ်ခုအနေဖြင့် များပြားလွန်းသည့် ရောနှော အစစ်အမှန် စွမ်းအင်များနှင့် အသက်ဓာတ် စွမ်းအင်များ ပါရှိသည်။
လူအများစုအတွက် ရောနှော အစစ်အမှန် စွမ်းအင်များက ကျင့်ကြံခြင်းကို ဖောက်ပြန်စေကာ သူတို့၏ ခန္ဓာကိုယ်ကိုပင် ပေါက်ကွဲစေနိုင်သည်။ အကယ်၍ မကောင်းဆိုးဝါး တစ္ဆေက လူတစ်ယောက်ထံ ဝင်ရောက်လာပါက ထိုသူဖြစ်စေ သူမဖြစ်စေ နောက်ဆုံးမှာ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်သွားပေလိမ့်မည်။
မကောင်းဆိုးဝါး တစ္ဆေအတွက် ဝမ်းနည်းစရာ ကောင်းသည်မှာ ငရဲမီးတောက် မီးပြင်းဖိုက မည်သည့် စိတ်ဝိညာဉ် ခန္ဓာကိုမဆို ချေဖျက်နိုင်နေခြင်းပင်။
End
***