“မဟုတ်ဘူး... ငါ ဒီလို အဖျက်ဆီးမခံနိုင်ဘူး... မသေဆုံးနိုင်သော နတ်ဆိုးစိတ်ဝိညာဉ် တစ္ဆေအင်ပါယာရာမ...”
မကောင်းဆိုးဝါး တစ္ဆေက ငရဲမီးတောက် မီးပြင်းဖိုအတွင်းမှ လွတ်မြောက်ရန် ကြိုးစားနေသည်။
မသေဆုံးနိုင်သည့် နတ်ဆိုး စိတ်ဝိညာဉ် အရှိန်အဝါများ ထွက်ပေါ်လာကာ တစ္ဆေနတ်ဘုရားကဲ့သို့ ဟစ်ကြွေး၍ ရွှေဖြူရောင် မြင့်မြတ်မီးလျှံ၏ စွမ်းအားကို တွန်းလှန်နေ၏။
ရက်စက်လွန်းသည့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်က အဆက်မပြတ် ရုန်းကန်နေသော်လည်း ကံမကောင်းစွာဖြင့် ရန်ချီက အနည်းငယ်မျှပင် အလျော့မပေးခဲ့ချေ။ သန်းပေါင်းများစွာသော မကောင်းဆိုးဝါး တစ္ဆေများ အရည်ပျော်ရာမှ ထွက်ပေါ်လာသော စွမ်းအားများက သူ့ခန္ဓာကိုယ် အတွင်းမှ အစိတ်အပိုင်းများထံ သွန်းလောင်းလာကာ ခြောက်ဆယ့်တစ်ခု၊ ခြောက်ဆယ့်နှစ်ခု၊ ခြောက်ဆယ့်သုံးခု အစရှိသဖြင့် တစ်ခုချင်းစီ နိုးထလာတော့သည်။
ကမ္ဘာဦး ဆင်ရိုင်းများ တစ်ကောင်ပြီး တစ်ကောင် နိုးထလာခဲ့လေပြီ။
မရပ်တန့်နိုင်သည့် မြင့်မြတ်မီးလျှံများ ကျေးဇူးဖြင့် သူက တစ္ဆေသန်းပေါင်းများစွာ၏ အစွမ်းများနှင့် မကောင်းဆိုးဝါး သန်းပေါင်းများစွာ၏ သွေးစက်များကြောင့် အကျိုးကျေးဇူး များစွာ ရရှိခဲ့၏။
သူက လောကအုပ်ချုပ်သူ အဆင့် (၄) သို့ တက်လှမ်းလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးမှ သက်စောင့် စွမ်းအင်များက သူ့ကိုယ်တွင်း ဝင်ရောက်လာသည်။ ကြောက်မက်ဖွယ် စွမ်းအင်များကလည်း မိုးကြိုး၊ လျှပ်စီး၊ မြေ၊ ရေ၊ မီးနှင့် လေအဖြစ် သူ့ကို တိုက်ခိုက်ကြသည်။
သူက ကြီးမားသော တောင်ကြီးကဲ့သို့ လှုပ်ယမ်းခြင်း မရှိလောက်အောင် သန်မာနေသည်။ သူက မဟာသူတော်စင်တစ်ယောက် ကမ္ဘာမြေပေါ်သို့ လူသားအနေဖြင့် ဆင်းသက်လာသည်နှင့်ပင် တူညီနေ၏။
“မသေဆုံးနိုင်သော နတ်ဆိုးစိတ်ဝိညာဉ်လား... ပျက်စီးလိုက်စမ်း...”
သူ့လက်များမှ စွမ်းအားကြီးမားကာ ဖြောင့်မတ်မှန်ကန်သည့် အံ့ဖွယ် မှော်ချုပ်နှောင်ခြင်း သင်္ကေတများ ကခုန်သွားသည်။ စွမ်းအားများက ကောင်းကင်ဘုံမှ မိုးပြာရောင် နဂါး ပျံသန်းသွားသကဲ့သို့... အဖြူရောင်ကျားက မြေပြင်ထက် ပြေးလွှားသကဲ့သို့... ဇာမဏိငှက်က မီးတောင်မှ မွေးဖွားလာသကဲ့သို့... အနက်ရောင်လိပ်က သမုဒ္ဒရာ အနက်ပိုင်းမှ ထွက်ပေါ်လာသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။
ထိုအနီးအနားရှိ ကြောက်မက်ဖွယ် စွမ်းအင်များက ပုံစံအမျိုးမျိုးဖြင့် ပေါက်ကွဲသွားကြကာ (၁၀) ကီလိုမီတာ ပတ်ပတ်လည် ရှင်းလင်းသွားသည်။
တဖြည်းဖြည်းချင်းဖြင့် ရွှေဖြူရောင် မြင့်မြတ်မီးလျှံများက မီးလျှံသစ်ပင်များ၊ မြင့်မြတ်သော သားရဲများနှင့် အခြား အံ့ဖွယ် မြင်ကွင်းများနှင့်အတူ နန်းတော်ကဲ့သို့ ဖြစ်လာသည်။
ထိုအချိန်မှာပင် သူ့ဦးခေါင်းထက်ရှိ ရွှေရောင် နတ်ဆိုးလေးမှ ရုတ်တရက် စာတစ်ခုကို လက်ခံရရှိလိုက်သည်။ သူ့နှလုံးသားထဲ၌ ရုတ်တရက် နာမည်တစ်ခု ပေါ်လာခဲ့၏။
နတ်ဘုရားများ၏ ကောင်းကင်ဘုံ...
ထိုအရာက ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ နောက်ထပ် အထူးစွမ်းရည် တစ်ခု ဖြစ်သည်။
‘ဒါက ဘာများလဲ... ငရဲနတ်ဆိုး လှံတံ၊ ပြီးတော့ ငရဲနတ်ဆိုးတောင်ပံ၊ ငရဲနတ်ဆိုး အကာအကွယ် ချပ်ဝတ်၊ ငရဲမီးတောက် မီးပြင်းဖို၊ ငရဲတံခါးနဲ့ အခု နတ်ဘုရားတို့၏ ကောင်းကင်ဘုံ... ငရဲတံခါးက အခြား ဒိုင်မေးရှင်းကို ဖျက်ဆီးပြီးတော့ ငရဲပြည်က မိစ္ဆာနတ်ဘုရားတွေကို ဆင့်ခေါ်နိုင်တယ်... ဒီ နတ်ဘုရားတို့၏ ကောင်းကင်ဘုံ... ဒါက အလွန်မြင့်မြတ်တဲ့ ကုန်းမြေဖြစ်ပြီးတော့ ဘယ်တော့မှ မပျက်စီးနိုင်ဘဲ ထာဝရ တည်ရှိနိုင်တယ်...’
နတ်ဘုရားတို့၏ ကောင်းကင်ဘုံကို ကျွမ်းကျင်ဖို့အတွက် အချိန်စကြာဝဠာ မှော်စွမ်းအင်ကို နားလည်ဖို့ လိုအပ်သည်။ အကယ်၍ သူသာ နားလည်နိုင်ခဲ့ပါက သူ့အစစ်အမှန် စွမ်းအင်များကို သန့်စင်သည့် ကုန်းမြေအဖြစ် ပြောင်းလဲနိုင်ကာ ထိုအရာက ထာဝရ တည်ရှိသည့် ကောင်းကင်ဘုံ တစ်ခု ဖြစ်လာနိုင်ပေသည်။
ငရဲတံခါးကဲ့သို့ပင် နတ်ဘုရားတို့၏ ကောင်းကင်ဘုံက သူကျင့်ကြံသည့် ငရဲချေမှုန်း နတ်ဆင်စွမ်းအား တိုးတက်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲနိုင်သော်လည်း လောလောဆယ်တော့ မပြောင်းလဲနိုင်သေးချေ။
အများအားဖြင့် သူက ဒဏ္ဍာရီအဆင့် မရောက်ခင် အခြားဒိုင်းမေးရှင်းများ၏ နက်နဲသော လျှို့ဝှက်ချက်များကို နားလည်ဖို့ လိုအပ်ကာ သူတို့ကို အသုံးပြုပြီး ကျင့်ကြံဖို့လည်း လိုအပ်သည်။
အကယ်၍ သူသာ လောကအုပ်ချုပ်သူ အဆင့် တစ်ယောက်အနေဖြင့် ငရဲတံခါးနှင့် နတ်ဘုရားများ၏ ကောင်းကင်ဘုံကို အသုံးပြုနိုင်ပါက ဒဏ္ဍာရီအဆင့်များကိုပင် သတ်နိုင်ပါလိမ့်မည်။ ထိုသို့ ပြုလုပ်နိုင်ပါက သမိုင်းတစ်လျှောက် ကျွမ်းကျင်သူများအတွင်း သူက ပါရမီရှင်များထဲမှ ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
အမှန်စင်စစ် ရှေးဟောင်းကမ္ဘာဦးခေတ်က လောကအုပ်ချုပ်သူ အဆင့်များက ဒဏ္ဍာရီအဆင့်များကို သတ်ဖြတ်နိုင်ကြောင်း ပြောကြသော်လည်း ထိုအရာက နောက်ဆုံးတွင် ပုံပြင်မျှသာဖြစ်ပြီး အမှန်လား အမှားလား မည်သူမျှ မသိကြချေ။ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးကလည်း ချမ်းသာကြွယ်ဝ တိုက်ကြီးအတွင်း တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးပေ။
ထို့ကြောင့် လူအများစုအနေဖြင့် ရန်ချီက ထိုအဆင့်ရောက်မည်ဆိုသည်ကို လက်ခံနိုင်မည် မဟုတ်ချေ။ နောက်ဆုံးမှာတော့ သူက နတ်ဘုရားတစ်ပါး မဟုတ်ဘဲ လူသားတစ်ယောက်သာ ဖြစ်သည်။ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး သေမျိုးကမ္ဘာကို ဆင်းသက်ကာ လူသားခန္ဓာကိုယ်အတွင်း ခိုအောင်းနေသည့် လူတစ်ယောက်လည်း မဟုတ်ချေ။
“ငါ ဒါကို လက်မခံနိုင်ဘူး ...”
စွမ်းအားကြီးမားသည့် မကောင်းဆိုးဝါး တစ္ဆေက စူးစူးဝါးဝါး အော်ဟစ်ကာ လွတ်မြောက်ရန် ရုန်းကန်နေသည်။
ဝိညာဉ်ဆန်သည့် အသံများက ငရဲမီးတောက် မီးပြင်းဖိုအတွင်း ဆူညံစွာ ထွက်ပေါ်နေကာ အက်ကွဲသည့် လက္ခဏာများ ပေါ်ပေါက်လာတော့သည်။
“မင်း လက်ခံချင်ချင် လက်မခံချင်ချင် လက်ခံရမှာပဲ...”
ရန်ချီက အော်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရန်ချီ၏ စွမ်းအင်ပညာရပ်က ပိုမိုမြင့်မားသည့်အဆင့်သို့ ချိုးဖောက် တက်လှမ်းနိုင်သွားခဲ့သည်။
သန်းပေါင်းများစွာသော မကောင်းဆိုးဝါးများက သူအသုံးပြုနိုင်သည့် သက်စောင့် စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီးနောက် အကြီးမားဆုံးသော မိစ္ဆာတစ္ဆေက ယခုအခါ သူ့ငရဲမီးတောက် မီးပြင်းဖိုအတွင်း စုပ်ယူခံလိုက်ရသည်။ ၎င်းက ကြောက်လန့်တကြား အော်ဟစ်နေပြီးနောက် သန့်စင်သော သက်စောင့် စွမ်းအင်များအဖြစ် အရည်ပျော်သွားကာ ရန်ချီ၏ အစစ်အမှန် စွမ်းအင်များနှင့် ပေါင်းစပ်သွားပြီးနောက် ပိုမိုသန်မာလာခဲ့၏။
အစိတ်အပိုင်း တစ်ခုပြီးတစ်ခု နိုးထလာခဲ့သည်။
ခြောက်ဆယ့်ကိုး... ခုနှစ်ဆယ်... ခုနှစ်ဆယ့်တစ်...
ရန်ချီက သူရရှိလိုက်သည့် အကျိုးအမြတ်ကြောင့် အလွန်တုန်လှုပ်သွားသည်။ ထိုအခိုက်အတန့်၌ သူက ကမ္ဘာဦး ဆင်ရိုင်း အကောင် (၇၁) ကောင်၏ စွမ်းအားကို ပိုင်ဆိုင်ထားကာ ရေကန်ကြီးများကို ခန်းခြောက်စေပြီး မြစ်များကိုပင် ပြောင်းပြန် စီးဆင်းနိုင်လောက်အောင် လုံလောက်နေသည်။
‘လောကအုပ်ချုပ်သူ အဆင့် (၄)...’
သူ မတ်တပ်ရပ်လိုက်ရင်း ကြည့်ရှုစစ်ဆေးလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများ ဆုတ်ယုတ်သွားပြီးနောက် မကောင်းဆိုးဝါး တစ္ဆေအမျိုးမျိုး၏ အရှိန်အဝါက ရှင်းလင်းသွားသည်။ သူက အနက်ရောင် အလောင်းတောင်တန်းမှ သက်စောင့်စွမ်းအင်များကိုပင် ရှင်းလင်းနိုင်ခဲ့လေရာ ယခုအချိန်၌ မည်သည့် ဖုတ်ကောင် အစုအဝေးများ၏ လက္ခဏာမှ မရှိတော့သဖြင့် ယန်ကောင်းကင်က လုံခြုံသွားတော့သည်။
‘ကံဆိုးတာပဲ... လောကအုပ်ချုပ်သူ အဆင့် (၄)က တော်ဝင်အိမ်ရှေ့စံကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး... ငါ ပိုသန်မာလာမှရမယ်... ငါသာ လောကအုပ်ချုပ်သူ အဆင့် (၇) လောက် ရောက်ရင် ဒဏ္ဍာရီအဆင့် လူတွေကို ရင်ဆိုင်နိုင်ပြီ... ကောင်းကင်အလောင်း ဒိုင်းမေးရှင်းကို ဝင်ပြီး အသက်ဓာတ် စမ်းရေကို ရှာတာဖြစ်ဖြစ်၊ နောက်ထပ် မကောင်းဆိုးဝါးတစ္ဆေတွေကို ရှာဖွေတာဖြစ်ဖြစ် လုပ်ရဦးမှာပဲ...’
သူက ယခုအချိန်တွင် မကောင်းဆိုးဝါး တစ္ဆေများမှ မည်မျှ အကျိုးရှိမှန်း သဘောပေါက်သွားကာ သူတို့ကို ရှာဖွေဖို့ စိတ်လှုပ်ရှားနေခဲ့ပြီး သူတို့ကို ထောင်ချောက်ဆင်ဖို့အတွက် စွမ်းအားကောင်းသည့် အရာမျိုးကို ရှာတွေ့နိုင်ဖို့လည်း မျှော်လင့်ခဲ့သည်။
‘ငါ နောက်ထပ် တွန့်လိမ်ပြီး ပျက်သုဉ်းနေတဲ့ အခြား ဒိုင်းမေရှင်းတစ်ခုကို အာရုံခံကြည့်ရမယ်...’
ထို့နောက် သူက ထိုနေရာရှိ မကောင်းဆိုးဝါး စွမ်းအင်များ ပြည့်နှက်နေသည့် နေရာတစ်ခုကို တွေ့လိုက်ကာ ထိုအရာက မူလရင်းမြစ်ဖြစ်မှန်း သိလိုက်သည်။
ထိုအရာက ကောင်းကင်အလောင်း ဒိုင်းမေးရှင်းသို့သွားသည့် လမ်းကြောင်းဖြစ်မှန်း သိသာလှသည်။
ယခုအချိန်၌ သူက ပိုမိုသန်မာလာလေရာ အရာဝတ္ထုများကို ရှာဖွေခြင်းက သူ့အတွက် ပိုမို လွယ်ကူနေသည်။
တစ်ခဏကြာပြီးနောက် မကောင်းဆိုးဝါး စွမ်းအင်များနှင့် ပျက်သုဉ်းခြင်းများက ပိုမို ပြင်းထန်လာ၏။
ဝှစ်...
ဒိုင်းမေးရှင်း လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက ရွှေဖြူရောင် ငရဲနတ်ဆိုး လှံတံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ အမှန်စင်စစ် ထိုသေဆုံးခြင်း စွမ်းအင်လှိုင်းများက အစွမ်းထက်သည့် လောကအုပ်ချုပ်သူ အဆင့်များကိုပင် ရှင်းလင်းပစ်နိုင်သည်။
မကောင်းဆိုးဝါး စွမ်းအင်လှိုင်းများ အနက်ပိုင်းမှ ရန်ချီက ကြီးမားသော မျက်လုံးကြီးကဲ့သို့ အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုမျက်လုံးက အနက်ရောင် မကောင်းဆိုးဝါး တောင်တန်းရှိ မကောင်းဆိုးဝါး စွမ်းအင်များ၏ ရင်းမြစ်ပင်။
‘သေဆုံးနတ်ဆိုး မျက်လုံး...’
ရန်ချီ တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
အကယ်၍ တစ်စုံတစ်ယောက်က နတ်ဆိုးပညာရပ်ကို အဆင့်တစ်ဆင့်ထိ လေ့ကျင့်နိုင်ပါက သေဆုံးနတ်ဆိုးမျက်လုံးကို ဖန်တီးနိုင်ကြောင်း ရန်ချီ နားလည်ထားသည်။ ထိုအရာက သေဆုံးခြင်း တာအို၏ အဆုံးစွန် အဆင့်တစ်ခုဖြစ်ကာ သူတို့၏ အကြည့်တစ်ချက်ဖြင့်ပင် မည်သည့်အရာမဆို သေဆုံးသွားစေနိုင်သည်။ ဒဏ္ဍာရီထဲမှ မဟာသူတော်စင် အဆင့် မွန်းစတားများပင် ထိုကဲ့သို့ အရာမျိုးကို ဖန်တီးနိုင်ကြသည်။
ယခုအချိန်တွင် သူ့ရှေ့ရှိ သေဆုံးနတ်ဆိုး မျက်လုံးက မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေခြင်းကြောင့် သူက သေဆုံးပျက်စီးခြင်း အလည်သို့ ရောက်ရှိနေသလို ခံစားလိုက်ရသည်။
သူက အနည်းငယ်မျှ မဆင်မခြင် မလုပ်ဝံ့ဘဲ ထိုအရာကို အသေးစိတ် ကြည့်ရှုစစ်ဆေးလိုက်သည်။ နောက်ပိုင်းတွင် ထိုအရာက နတ်ဆိုးမျက်လုံး အစစ်မဟုတ်ဘဲ လမ်းကြောင်းကို ကိုယ်စားပြုကြောင်း သဘောပေါက်သွားခဲ့၏။
ထိုအရာက သေဆုံးနတ်ဆိုးမျက်လုံးနှင့် တူညီအောင် ဖန်တီးထားသော်လည်း ကောင်းကင်အလောင်း ဒိုင်းမေးရှင်းသို့ သွားသည့် ဒိုင်းမေးရှင်းကူး လမ်းကြောင်း ဖြစ်သည်။
ကံမကောင်းစွာပင် ထိုနေရာက ဝင်ရောက်ဖို့အတွက် လုံခြုံမှု ရှိမရှိ မသေချာခဲ့ချေ။ ထို့ပြင် သူက အခြား ဒိုင်းမေးရှင်းနှင့် ၎င်းတို့၏ ဝင်လမ်းထွက်လမ်းများအကြောင်း အပြည့်အဝ နားလည်ထားခြင်း မရှိပေ။ အကယ်၍ သူသာ အထဲဝင်ရောက်သွားပါက ဘယ်တော့မှ ပြန်မထွက်လာနိုင်သည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။ သူက ဒဏ္ဍာရီအဆင့် မဟုတ်သဖြင့် အချိန်-စကြာဝဠာနှင့် ပတ်သက်သော မှော်နိယာမများ အပေါ် သဘောပေါက်နိုင် နားလည်နိုင်စွမ်း မရှိသေးချေ။
တစ်ခဏကြာ စဉ်းစားပြီးနောက် သူ့ကို ဝန်းရံနေသည့် ရွှေဖြူရောင် သူတော်စင် မီးလျှံများက လူပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ တိုးသွားရင်း လမ်းကြောင်းအတွင်း ဝင်ရောက်သွားသည်။
ထိုအရာက လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်သာဖြစ်သော်လည်း ကီလိုမီတာ ထောင်ချီ စိတ်ဝိညာဉ် တံဆိပ်ခတ်ခြင်းကို အသုံးပြုထားသည်။ အကယ်၍ လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်သာ ဒိုင်းမေးရှင်းအတွင်းဝင်ရောက်ကာ လုံခြုံစွာ ပြန်လာနိုင်ပါက ထိုအရာက သူဝင်သွားလျှင်ပင် လုံခြုံနိုင်လိမ့်မည်ဟု ညွှန်ပြနေသည်။
ထို့ပြင် ထိုအရာဖြင့် သူက တစ်ဖက်ခြမ်းမှ အဖြစ်အပျက်များကို တစ်ချိန်တည်း အကဲဖြတ်နိုင်သည်။
သူ့လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်က လမ်းကြောင်းမှ ပျောက်ကွယ်သွားသည်။ ထို့နောက် နတ်ဆိုးစွမ်းအင်များနှင့် နတ်ဆိုးစိတ်ဆန္ဒများ ပါဝင်နေသည့် အဆုံးအစမဲ့ အမှောင်ဖုံးနေသော ကမ္ဘာကြီးတစ်ခု၌ ပြန်ပေါ်လာ၏။
သူက ချက်ချင်းဆိုသလို လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်ကို ပြန်လာဖို့ ညွှန်ကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာထက်၌ အလွန်အမင်း လေးနက်သည့် အမူအရာ ပေါ်လာတော့သည်။
ထိုအဆုံးအစမဲ့ မှောင်မိုက်နေသည့် ကမ္ဘာကြီးက လင်းလက်တောက်ပနေသည့် အသေးစား စကြာဝဠာ ကမ္ဘာနှင့် ဆန့်ကျင်ဘက်နီးနီး ကွာခြားသည်။
သူက ထိုနေရာ၏ နက်ရှိုင်းသော နေရာသို့ မမြင်ခဲ့ရသော်လည်း ဒိုင်းမေးရှင်းကူး လမ်းကြောင်း အဝင်ဝ၌ အလွန်အစွမ်းထက်သော မိစ္ဆာအစောင့် တစ်ယောက်ကို အာရုံခံမိခဲ့သည်။
ထိုနေရာ၌ မိစ္ဆာ-နတ်ဆိုး အမျိုးအစားတစ်ခုခု စောင့်နေသည်မှာ သိသာလှ၏။
ထိုနေရာက အနက်ရောင် ရေနဂါး လှိုဏ်ဂူထက် ပိုမိုအန္တရာယ်များပုံ ရသည်။
“အင်း... ကောင်းပြီလေ... ငါ အစီအစဉ် တစ်ခုဆွဲဖို့ လိုနေပြီ... ဒီနေရာမှာရှိတဲ့ ပုန်းနေတဲ့ နဂါးတွေနဲ့ ဝပ်နေတဲ့ ကျားတွေအကြောင်း အတိအကျ မြင်တွေ့ကြည့်ရအောင်... အခြား ဒိုင်းမေးရှင်းကို သွားတဲ့ လမ်းကြောင်းမှာ ဒဏ္ဍာရီအဆင့် တစ်ယောက်ကတော့ စောင့်နေဖို့ မဖြစ်နိုင်ဘူး မဟုတ်လား... အလွန်ဆုံး အသေးစား စကြာဝဠာလောကမှာ စောင့်ကြပ်နေတဲ့ လောကအုပ်ချုပ်သူ အဆင့် လူဘီလူးတွေ လောက်ပဲ ဖြစ်လိမ့်မယ်...”
ထို့နောက် သူက မိနစ်အနည်းငယ် ထိုင်ကာ အစီအစဉ်တစ်ခုကို စဉ်းစားနေလိုက်သည်။ အချိန်တချို့ ကြာပြီးနောက် သူက အစီအစဉ်တစ်ခု ရလာကာ သူ့ကိုယ်သူ ယုံကြည်ချက် ရှိလာတော့သည်။
ထို့နောက် သူက ရှေ့ကို လှမ်းလျှောက်သွားကာ သေဆုံးနတ်ဆိုး မျက်လုံးဟု ခေါ်သည့် အရာအတွင်း ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။ သူက အနည်းငယ် တုန်ခါနေသည်ကို ခံစားမိကာ သူ့ခြေထောက်အောက်ရှိ မြေများပင် လှုပ်ယမ်းနေသည်ကို ခံစားမိနေ၏။
သူက ရက်စက်မှု အရှိန်အဝါများနှင့် ဆိုးညစ်သော စွမ်းအင်များ ပြည့်နှက်နေသည့် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည်။ နေရာအနှံ့၌ ကျယ်ပြန့်နေသော လွင်ပြင်များ၊ ရွှံ့ဗွက်များ၊ ကျောက်တုံးကြီးများနှင့် ပြည့်နှက်နေသော ဖုန်းဆိုးမြေနှင့် ပြည့်နှက်နေသည်ကို သူ မြင်လိုက်ရသည်။ ရွှံ့ဗွက်အိုင်များအတွင်းရှိ ရေများက သွေးရေများဖြစ်နေကြကာ အရိုးများကိုလည်း ထိုနေရာ၌ မြင်တွေ့ရသည်။
တစ်ခါတစ်ရံ ထိုသွေးရေများ၏ မျက်နှာပြင်ထက်၌ ပူစီဖောင်းများ တဗွက်ဗွက် ဆူနေကာ အစိမ်းရောင် မီးလျှံများ ထုတ်လွှတ်လေ့ရှိသည်။ ထိုမီးလျှံများက တစ္ဆေမီးလျှံများပင် ဖြစ်ကြသည်။
တစ်ခါတစ်ရံ တစ္ဆေမီးလျှံများက မိစ္ဆာတစ္ဆေအဖြစ် အပြည့်အဝ ပြောင်းလဲသွားပါက လူမျက်နှာ ပုံသဏ္ဍာန် ပြောင်းလဲသွားကြသည်။ တုန်လှုပ်စရာကောင်းသည်မှာ ဤနေရာ၌ မိစ္ဆာများက ဟိုမှဒီမှ နေရာအနှံ့ ဖြစ်ပေါ်နေကြခြင်းပင်။
***