“ကောင်းပြီ... အားလုံးပဲ ကိုယ့်မိသားစုဆီ ပြန်ပြီး လူအင်အားတွေကို စုစည်းကြပါ။ ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြမယ်၊ ညဘက်မှာ ထွက်တာက အကောင်းဆုံးပဲ။ ညဘက်က လူတွေ အိပ်ချင်နေတဲ့ အချိန်မို့လို့ ငါတို့က ရုတ်တရက် တိုက်ခိုက်လိုက်မယ်ဆိုရင် မမျှော်လင့်ထားတဲ့ ရလဒ်တွေ ရနိုင်တယ်” ကျန်းချန်းက ပြောလိုက်သည်။
“ဒါဆိုရင်တော့ ကျုပ်တို့ အခုပဲ ပြန်ပြီး ပြင်ဆင်လိုက်ပါ့မယ်” ဝမ်မိသားစု ခေါင်းဆောင်က ဆိုသည်။
ကျိုးမိသားစု ခေါင်းဆောင်ကလည်း ထိုနည်းတူပင် ဖြစ်သည်၊ ‘သတ္တိရှိမှ ရွှေအိုးရ’ ဆိုသကဲ့သို့ ယခုတစ်ကြိမ်တွင် သူတို့ အစွမ်းကုန် ကြိုးစားကြတော့မည် ဖြစ်သည်။ ကြေးစားသွေးမီးတောက်အဖွဲ့သာ ပျက်စီးသွားမည်ဆိုပါက သူတို့ မိသားစု သုံးခုလုံး၏ ကြွယ်ဝမှုမှာ သိသိသာသာ တိုးတက်လာပေလိမ့်မည်။ ၎င်းအပြင် ကျန်းချန်းကလည်း ကြေးစားသွေးမီးတောက်အဖွဲ့၏ ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူကို သတ်နိုင်သည်ဟု ယုံကြည်မှု ရှိနေသဖြင့် သူတို့ ဘာကို စိုးရိမ်နေရဦးမည်နည်း။
ကျန်းချန်းက ခဏမျှ တွေးတောလိုက်ပြီးနောက် ဝမ်ပေါင်ကုန်သွယ်ရေးကုမ္ပဏီသို့ သွားကာ အားကောင်းသော လေးမြှားကြီး ငါးခုကို ဝယ်ယူလိုက်သည်။ လေးမြှားကြီးများမှာ အလွန်ပင် စွမ်းအားကြီးမားလှပေသည်၊ ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင်လျှင် တိုက်ရိုက် ထိမှန်သွားမည်ဆိုပါက သေဆုံးသွားနိုင်ပေသည်။ တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး တစ်သိန်းခန့် ကျသင့်သော်လည်း ၎င်း၏ အားနည်းချက်မှာ မြှားပစ်သည့် အရှိန် နှေးကွေးခြင်းပင်။
လေးမြှားကြီးများတွင် အရှည် နှစ်မီတာခန့်ရှိသော မြှားများကို အသုံးပြုရပြီး သေစေနိုင်စွမ်း အလွန် မြင့်မားလှပေသည်။ ၎င်းတို့ကို အသုံးပြုနိုင်ရန်အတွက် သာမန် သိုင်းကျင့်ကြံသူ သုံးဦးခန့် လိုအပ်ပေသည်။ ဤကဲ့သို့သော လက်နက်မျိုးကို ပုံမှန်အားဖြင့် စစ်ပွဲများတွင်သာ အသုံးပြုလေ့ရှိသော်လည်း ကျန်းချန်းက ကြေးစားသွေးမီးတောက်အဖွဲ့ကို ကိုင်တွယ်ရန်အတွက် ကျန်းမိသားစုကို ၎င်းတို့ဖြင့် တပ်ဆင်ပေးခဲ့ခြင်းပင်။
ကျန်းချန်းက အိပ်ဆေးရည် အချို့ကိုလည်း ဝယ်ယူခဲ့သည်။ ၎င်းတို့ကို ရှူရှိုက်မိသည်နှင့် ကျင့်ကြံသူများမှာ ခဏအတွင်း တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် တိုက်ပွဲမစတင်မီ ကျန်းချန်းက သူ၏လူများကို ဆေးလုံးများ ကြိုတင်သောက်ခိုင်းထားမည်ဖြစ်ရာ သူတို့အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။ သူက အခြားသော ပစ္စည်းအချို့ကိုလည်း ဝယ်ယူခဲ့သဖြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်ခန့် ကုန်ကျခဲ့သည်။
၎င်းမှာ ကျန်းချန်းက ဆုန့်ယွင်ထောင်ထံမှ လုယူခဲ့သော ဝိညာဉ်ကျောက်တုံး အားလုံးနီးပါးကို သုံးစွဲလိုက်ခြင်းပင်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း ကျန်းချန်းမှာမူ နှမြောခြင်း လုံးဝ မရှိပေ။ ကြေးစားသွေးမီးတောက်အဖွဲ့ကို ဖျက်ဆီးနိုင်သရွေ့ မည်မျှပင် ဝိညာဉ်ကျောက်တုံး ကုန်ကျပါစေ၊ တန်ဖိုးရှိသည်ဟု သူ ယူဆထားခြင်းပင်။
မွန်းလွဲပိုင်းတွင် မိသားစုကြီး သုံးခုမှ အနည်းဆုံး သိုင်းစစ်သည်နယ်ပယ်ရှိသော ကျင့်ကြံသူများ စုဝေးခဲ့ကြပြီးနောက် ချင်းယွီမြို့မှ တိတ်တဆိတ် ထွက်ခွာခဲ့ကြကာ ကြေးစားသွေးမီးတောက်အဖွဲ့၏ ဌာနချုပ်ရှိရာသို့ ဦးတည်လိုက်ကြတော့သည်။ သူတို့ အဖွဲ့ ကြေးစားသွေးမီးတောက်အဖွဲ့ အနီးသို့ ရောက်ရှိချိန်တွင် ညနေစောင်းနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့က ကြေးစားသွေးမီးတောက်အဖွဲ့နှင့် အကွာအဝေးတစ်ခုမှာ ရှိနေသေးသလို လက်ရှိ နေရာမှာလည်း ကြေးစားသွေးမီးတောက်အဖွဲ့၏ ကင်းလှည့်ဧရိယာ အပြင်ဘက်တွင် ဖြစ်သဖြင့် သူတို့ ရှိနေသည်ကို ရန်သူက သိရှိနိုင်မည် မဟုတ်ပေ။
ကျန်းချန်းက ကျန်းမိသားစုမှ သိုင်းဆရာသခင် အချို့ကို ခေါ်ဆောင်ကာ အခြေအနေကို သွားရောက် စုံစမ်းခဲ့သည်။
“ခင်ဗျားတို့... လူအချို့ကို လွှတ်ပြီး ကင်းစောင့်ခိုင်းထားပါ၊ ကြေးစားသွေးမီးတောက်အဖွဲ့က ငါတို့ကို မတွေ့ပါစေနဲ့။ ငါက လူအနည်းငယ်ကို ခေါ်ပြီး ရှေ့ကနေ သွားကြည့်လိုက်ဦးမယ်။ ကျန်တဲ့သူတွေကတော့ ဒီနေရာမှာပဲ အနားယူနေကြပါ။ တကယ်လို့ ဘာမှ ထူးထူးခြားခြား မရှိဘူးဆိုရင် နောက်ထပ် နှစ်နာရီနေရင် ကြေးစားသွေးမီးတောက်အဖွဲ့ကို ငါတို့ စတင် တိုက်ခိုက်ကြတာပေါ့” ကျန်းချန်းက ပြောလိုက်သည်။
“ကောင်းပါပြီ... ကျုပ်တို့ ခင်ဗျား ပြန်လာတာကို စောင့်နေပါ့မယ်” အခြားသူများက ဆိုကြသည်။
ထို့ကြောင့် ကျန်းချန်းက လူအုပ်ကြီးမှ ထွက်ခွာကာ ကြေးစားသွေးမီးတောက်အဖွဲ့၏ ဌာနချုပ်ရှိရာသို့ ဦးတည်လိုက်တော့သည်။
ထိုအချိန်တွင် ကြေးစားသွေးမီးတောက်အဖွဲ့၏ ဌာနချုပ်၌ ကြေးစားအမြောက်အမြား စုဝေးနေခဲ့ကြသည်။ ကျန်းမိသားစုကို ကိုင်တွယ်ရန်အတွက် ကြေးစားသွေးမီးတောက်အဖွဲ့က အခြားသော ဌာနချုပ်ခွဲများမှ လူအင်အား အားလုံးကို စုစည်းခဲ့ပြီး ဌာနချုပ်ခွဲများတွင် စောင့်ကြည့်ရန်အတွက် လူအနည်းငယ်သာ ချန်ထားခဲ့ခြင်းပင်။ သူတို့ အများစုမှာ ဌာနချုပ်၌ စုဝေးနေကြပြီး နောက်နေ့မနက် အစောကြီးတွင် ကျန်းမိသားစုကို ကိုင်တွယ်ရန် ချင်းယွီမြို့သို့ သွားရောက်ရန် စီစဉ်ထားကြခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်းမိသားစုက အခြားသော မိသားစုကြီး နှစ်ခုနှင့် ပူးပေါင်းကာ သူတို့ကို ညဘက်တွင် စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်ထားသည်ကိုမူ သူတို့ မသိရှိကြပေ။ ကျန်းမိသားစုကဲ့သို့သော မိသားစုငယ်လေးများက သူတို့ကို အရင်ဦးအောင် တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့ တစ်ခါမျှ မထင်ထားခဲ့ကြပေ။
“ဒီနေ့ လူအားလုံးကို ဒီမှာ စုခိုင်းရတဲ့ အကြောင်းရင်းကိုတော့ ခင်ဗျားတို့ အားလုံး သိကြပြီးသားပါ။ ချင်းယွီမြို့က ကျန်းမိသားစုရဲ့ ကျန်းချန်းက ငါတို့ ကြေးစားသွေးမီးတောက်အဖွဲ့ဝင် အများအပြားကို သတ်ခဲ့တယ်၊ အဲဒီထဲမှာ ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ အများအပြားလည်း ပါဝင်နေတာပဲ။ ဒီလူငယ်ရဲ့ ပါရမီက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်။ အကယ်၍ သူ့ကို ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး မသတ်နိုင်ဘူးဆိုရင်တော့ ငါတို့ ကြေးစားသွေးမီးတောက်အဖွဲ့အတွက် တကယ့်ကို ဆိုးကျိုးတွေ ဖြစ်လာမှာပဲ။ ရန်ငြိုးက ဖြစ်လာခဲ့ပြီဖြစ်လို့ သေခြင်းရှင်ခြင်း တိုက်ပွဲပဲ ကျန်တော့တယ်။ မနက်ဖြန် မိုးလင်းတာနဲ့ ငါတို့ ချင်းယွီမြို့ကို သွားပြီး ကျန်းမိသားစုကို အပြတ်ရှင်းမယ်။ ငါတို့ကို တားဆီးရဲတဲ့သူ ဘယ်သူ့ကိုမဆို သတ်ပစ်ကြစမ်း” ခေါင်းဆောင် ကုချင်းက ပြောလိုက်သည်။
အခြားသော အရာရှိများကလည်း ကျန်းမိသားစုကို အပြတ်ရှင်းပစ်မည်ဟု သူတို့၏ ဆန္ဒများကို ထုတ်ဖော်ခဲ့ကြသည်။
“ကောင်းပြီလေ... အားလုံးပဲ အခု အနားယူလိုက်ကြတော့။ မနက်ဖြန်ကျရင် သွေးချောင်းစီးမယ့် တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာပဲ” ကုချင်းက စကားပြောပြီးနောက် လူအားလုံးကို လူစုခွဲခိုင်းလိုက်ပြီး ပြန်သွား၍ အနားယူခိုင်းလိုက်တော့သည်။
ထိုအချိန်တွင် ကျန်းချန်းနှင့် သူ၏အဖွဲ့ကလည်း ကြေးစားသွေးမီးတောက်အဖွဲ့၏ စခန်းမှာ လုံခြုံရေး တင်းကျပ်ထားသလို လူအင်အားလည်း အလွန်များပြားနေသည်ကို တွေ့ရှိလိုက်ရသည်။ သူတို့၏ အင်အား အားလုံးနီးပါး ထိုနေရာတွင် စုဝေးနေပုံရပြီး အနည်းဆုံး တစ်ထောင်ခန့် ရှိနေပေလိမ့်မည်။ ၎င်းမှာ အနည်းဆုံး ခန့်မှန်းချက်သာ ဖြစ်သည်။
“ရန်သူမှာ လူအင်အား အများကြီး ရှိနေပေမဲ့ အဲဒါက ပြဿနာ မဟုတ်ပါဘူး။ ဒီညတော့ ဒီနေရာက လူသူကင်းမဲ့တဲ့ နေရာတစ်ခု ဖြစ်သွားစေရမယ်” ကျန်းချန်းက အေးစက်စွာ ပြောလိုက်သည်။
“ပြန်ကြရအောင်” ကျန်းချန်းက လူအနည်းငယ်ကို ခေါ်ကာ မိသားစု သုံးခု၏ ပူးပေါင်းတပ်ဖွဲ့များရှိရာသို့ ပြန်လာခဲ့သည်။
မိသားစုကြီး သုံးခု၏ ပူးပေါင်းတပ်ဖွဲ့မှာ လူပေါင်း ခုနစ်ရာခန့် ရှိပြီး သူတို့အားလုံးမှာ သိုင်းစစ်သည်နယ်ပယ်နှင့် အထက်ရှိသော ထူးချွန်သည့် စစ်သည်များ ဖြစ်ကြသည်။
“ကြေးစားသွေးမီးတောက်အဖွဲ့မှာ အဖွဲ့ဝင် တစ်ထောင်ထက်မနည်း ရှိနေပြီး သူတို့ရဲ့ အင်အား အများစုက ဒီမှာ စုဝေးနေပုံရတယ်။ ငါတို့မှာ လူအင်အား နည်းနေပေမဲ့ တခြား နည်းလမ်းတွေ ရှိပါတယ်။ တိုက်ပွဲစတာနဲ့ ရန်သူကို တတ်နိုင်သမျှ ထိခိုက်မှုတွေ အများကြီး ပေးနိုင်ဖို့အတွက် မြှားတွေနဲ့ အရင် စတင် ပစ်ခတ်မယ်၊ အဲဒီနောက်ပိုင်းမှ ထိပ်တိုက် တိုက်ခိုက်ကြတာပေါ့” ကျန်းချန်းက စီစဉ်မှုများကို ပြုလုပ်လိုက်သည်။
အချိန်သိပ်မရှိတော့သဖြင့် ကျန်းချန်းက လူတိုင်းကို အိပ်ဆေးအတွက် ဖြေဆေး သောက်ခိုင်းလိုက်သည်။ ထို့နောက် ကျန်းချန်းက သိုင်းဆရာသခင် အဖွဲ့အချို့ကို လွှတ်ပြီး ကြေးစားသွေးမီးတောက်အဖွဲ့၏ ကင်းလှည့်အဖွဲ့ကို လုပ်ကြံခိုင်းလိုက်သည်။ ကြေးစားသွေးမီးတောက်အဖွဲ့၏ ကင်းလှည့်အဖွဲ့ကို သတ်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့များသည် ကြေးစားသွေးမီးတောက်အဖွဲ့၏ ပတ်ပတ်လည်တွင် လေးမြှားကြီးများကို တပ်ဆင်လိုက်ကြသည်။
သူတို့က လေးမြှားကြီးများ၏ ထိပ်တွင် အိပ်ဆေးရည်များကို တပ်ဆင်ကာ မီးညှိပြီးနောက် ပစ်ခတ်လိုက်ကြတော့သည်။ ထိုဆေးရည်တွင် အဆိပ်အချို့လည်း ပါဝင်နေသဖြင့် ကြေးစားသွေးမီးတောက် အဖွဲ့ဝင် အများအပြားကို သေဆုံးစေနိုင်ပေသည်။ မီးညှိပြီးနောက် ၎င်းတို့ကို ကြေးစားသွေးမီးတောက်အဖွဲ့၏ စခန်းအတွင်းသို့ ပစ်သွင်းလိုက်ကြသည်။ မြှားများ ထိုးဖောက်ဝင်ရောက်သွားပြီးနောက် အဆိပ်ငွေ့ အမြောက်အမြား ထွက်ပေါ်လာခဲ့တော့သည်။
ကြေးစားအများအပြားမှာ ထိုအနံ့ကြောင့် အသက်ရှူကျပ်ကာ ထွက်ပြေးခဲ့ကြသလို အချို့သော အိမ်များမှာလည်း မီးလောင်သွားခဲ့ရသည်။
“မကောင်းတော့ဘူး... ရန်သူ တိုက်ခိုက်နေပြီ…. ရန်သူ တိုက်ခိုက်နေပြီ…” မမျှော်လင့်ဘဲ ဖြစ်ပျက်သွားသော အခြေအနေကြောင့် ကြေးစားများ၏ အမူအယာမှာ ဆိုးဝါးစွာ ပြောင်းလဲသွားခဲ့သည်။
သူတို့၏ စခန်း တိုက်ခိုက်ခံရလိမ့်မည်ဟု သူတို့ တစ်ခါမျှ မထင်ထားခဲ့ကြပေ။ ထိုအခြေအနေကြောင့် စခန်းတစ်ခုလုံး ချက်ချင်းပင် ရှုပ်ထွေးသွားခဲ့ရသည်။
ထို့နောက်တွင် မီးလောင်နေသော အဆိပ်များနှင့် အိပ်ဆေးများ တပ်ဆင်ထားသည့် မြှားအမြောက်အမြားကို ထပ်မံ ပစ်သွင်းလိုက်သဖြင့် စခန်းတစ်ခုလုံးမှာ မီးခိုးငွေ့များဖြင့် ပြည့်နှက်သွားခဲ့တော့သည်။ ကြေးစားအများအပြားမှာ ထိုအိပ်ငွေ့များကို ရှူရှိုက်မိပြီးနောက် ပါးစပ်မှ အမြှုပ်များ ထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။ သူတို့ ဆေးခပ်ခံလိုက်ရခြင်းပင်။ ပိုမို သန်မာသော ကြေးစားအချို့မှာမူ လဲမကျသွားသော်လည်း နေထိုင်မကောင်းသလို ခံစားလိုက်ရသဖြင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ များစွာ လျော့နည်းသွားခဲ့ရသည်။
“ဘာတွေ ဖြစ်နေတာလဲ” ဆူညံသံများကို ကြားရသောအခါ ကုချင်းက အပြင်သို့ ထွက်ကြည့်လိုက်ရာ စခန်းအတွင်း နေရာအနှံ့အပြားမှာ မီးခိုးငွေ့များ ထွက်နေပြီး အရာရာတိုင်းမှာ ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရသည်။
“ခေါင်းဆောင်... မကောင်းတော့ဘူး…. ကျွန်တော်တို့ကို ဘယ်သူမှန်းမသိတဲ့ ရန်သူက တိုက်ခိုက်နေပါတယ်...” တစ်စုံတစ်ယောက်က ကုချင်းထံ သတင်းပို့လိုက်သည်။
“ရန်သူက ဘယ်မှာလဲ။ ရန်သူက ဘယ်မှာလဲ” ကုချင်းက ဟိန်းဟောက်လိုက်သည်။
“ကျွန်တော်တို့ မသိဘူး.. သူတို့က အားကောင်းတဲ့ လေးမြှားကြီးတွေကို သုံးပြီးတော့ နေရာအနှံ့ကနေ ပစ်နေကြတာ...”
“ဒါဆိုရင်လည်း မြန်မြန်သွားပြီး အဲဒီလူတွေကို ရှာပြီး သတ်ပစ်ကြစမ်း...” ကုချင်းက အော်ဟစ်လိုက်သည်။
ထို့ကြောင့် ကြေးစားသွေးမီးတောက်အဖွဲ့က ရန်သူ ရှိနေသော နေရာကို ရှာဖွေရန်အတွက် လူများကို လွှတ်လိုက်သည်။ ရုတ်တရက် သူတို့ စခန်းမှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် မှောင်မိုက်နေသော နေရာမှနေ၍ မြှားအမြောက်အမြားမှာ ထွက်ပေါ်လာခဲ့တော့သည်။
မိသားစုကြီး သုံးခု၏ ပူးပေါင်းတပ်ဖွဲ့များက ကြေးစားသွေးမီးတောက်အဖွဲ့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပြီး သူတို့ကို ချောင်းမြောင်း တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ခြင်းပင်။ သူတို့က ချောင်းမြောင်း တိုက်ခိုက်ရန်အတွက် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
မှောင်မိုက်နေသော ညထဲတွင် မြှားများ အသားထဲသို့ တိုးဝင်သွားသည့် အသံမှာ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သလို တစ်ချိန်တည်းမှာပင် ကြေးစားသွေးမီးတောက် အဖွဲ့ဝင်များမှာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။ သူတို့မှာ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရရှိဘဲ အပြတ်ရှင်းခြင်း ခံလိုက်ရခြင်းပင်။
ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူများအတွက်မူ ကျန်းချန်းက သူတို့ကို တစ်ခဏအတွင်းမှာပင် သတ်ဖြတ်လိုက်သဖြင့် ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး မရှိခဲ့ကြပေ။
***