တိုတောင်းလှသော အချိန်အတွင်းမှာပင် ကြေးစားသွေးမီးတောက်အဖွဲ့မှာ ဆိုးဝါးသော အကျအဆုံးများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မိသားစုကြီး သုံးခု၏ ပူးပေါင်းတပ်ဖွဲ့တွင်မူ ထိခိုက်မှု သိပ်မရှိလှပေ။
ကြေးစားသွေးမီးတောက်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့်အခါတိုင်း သူတို့က မြှားများဖြင့် အရင်ဦးအောင် တိုက်ခိုက်ပြီး ရန်သူအမြောက်အမြားကို သတ်ဖြတ်ခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် ရန်သူများ အနားသို့ ရောက်လာခါနီးမှသာ အနီးကပ် တိုက်ခိုက်ခြင်းကို လုပ်ဆောင်ကြခြင်းပင်။
ဤနည်းဖြင့် သူတို့အပေါ် ကျရောက်မည့် ဖိအားများကို လျှော့ချနိုင်ခဲ့သည်။ တိုက်ပွဲ အချိန်အတော်ကြာလာသော်လည်း သူတို့က ကြေးစားသွေးမီးတောက်အဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားကြပြီး အလစ်အငိုက် တိုက်ခိုက်ခြင်းကိုသာ ရွေးချယ်ခဲ့ကြသည်။
အဆိပ်ငွေ့ အမြောက်အမြား ပျံ့နှံ့သွားမှုနှင့်အတူ အနည်းဆုံး ကြေးစားတစ်ဝက်ခန့်မှာ ထိခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ကျန်းချန်းက ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ သုံးဦးကို သတ်ဖြတ်လိုက်ပြီးနောက် သူ၏အဖွဲ့ကို ဦးဆောင်ကာ ကြေးစားသွေးမီးတောက်အဖွဲ့၏ စခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။
“သတ်ကြစမ်း…” မိသားစုကြီး သုံးခုမှ ကျွမ်းကျင်သူများ ဝင်ရောက်လာသည်နှင့်အတူ တိုက်ပွဲသံများ ဟိန်းထွက်လာခဲ့သည်။ ကြေးစားများမှာ သူတို့၏ ပြိုင်ဘက် မဟုတ်ကြဘဲ တစ်ဦးပြီးတစ်ဦး အသတ်ခံနေကြရတော့သည်။
ကုချင်းက စခန်းအတွင်းမှ တိုက်ပွဲသံများကို ကြားလိုက်ရသဖြင့် အပြင်သို့ ပြေးထွက်လာခဲ့ပြီး ရန်သူများကို တွေ့သည်နှင့် တစ်ကွက်တည်းဖြင့် လူအချို့ကို သတ်ဖြတ်လိုက်သည်။ ကုချင်း၏ အားကောင်းလှသော အရှိန်အဝါက ပတ်ဝန်းကျင်ရှိလူများကို ချက်ချင်းပင် ထိတ်လန့်သွားစေခဲ့ပြီး လူအများအပြားမှာ သူ့ကို ရင်မဆိုင်ရဲသဖြင့် ဝေးဝေးသို့ ရှောင်သွားကြတော့သည်။
ကုချင်းကဲ့သို့သော ကျွမ်းကျင်သူမျိုးမှာ သာမန်လူများ ကိုင်တွယ်နိုင်မည့်သူ မဟုတ်ပေ။
“ခင်ဗျားရဲ့ ပြိုင်ဘက်က ကျုပ်ပဲ” ထိုအချိန်တွင် ကျန်းချန်းက ရှေ့သို့ တက်လာပြီး သူ့ရှေ့မှ ကုချင်းကို စိုက်ကြည့်လိုက်သည်။
ကျန်းချန်းက လက်ရှိတွင် သိုင်းဆရာသခင်နယ်ပယ် အဆင့်တစ်ဆယ်၌ ရှိနေသည်။ သိုင်းဆရာသခင်နယ်ပယ် အဆင့်တစ်ဆယ်သို့ ရောက်ရှိပြီးနောက် ရှေ့သို့ ဆက်တက်ရန်မှာ အလွန် ခက်ခဲလှပေသည်။ ခုနကတင် ကျန်းချန်းက သွေးချီစွမ်းအား အမြောက်အမြားကို ဝါးမျိုခဲ့သော်လည်း သူ၏ နယ်ပယ်မှာ ပွင့်ထွက်လာမည့် အရိပ်အယောင် လုံးဝ မပြသေးပေ။
ဝူကျုံးနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်သော ဝိညာဉ်စွမ်းအင် ပမာဏမှာ တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။
ကျန်းချန်း မသိရှိခဲ့သည်မှာ ဝိညာဉ်စွမ်းအင် အများစုကို ကောင်းကင်ဝါးမျိုခြင်းနဂါးဝိညာဉ်က စုပ်ယူသွားခဲ့ခြင်းဖြစ်ပြီး ကျန်းချန်းအတွက် အနည်းငယ်သာ ကျန်ရစ်ခဲ့ခြင်းပင်။ ကောင်းကင်ဝါးမျိုခြင်းနဂါးဝိညာဉ်မှာ ယခင်က ကျန်းချန်းကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးသဖြင့် ၎င်း၏ စွမ်းအင်များ ဆိုးဝါးစွာ ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် အခွင့်အရေး ရသည်နှင့် ၎င်း၏ ဝိညာဉ်စွမ်းအင်များကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ဖြည့်တင်းနေခြင်းပင်။
ကောင်းကင်ဝါးမျိုခြင်းနဂါးဝိညာဉ်အနေဖြင့် ကျန်းချန်းအပေါ် ယဉ်ကျေးနေစရာ အကြောင်းမရှိပေ။ ၎င်းက ကျန်းချန်း၏ အသက်ကို ကယ်တင်ခဲ့သည်ဖြစ်ရာ ဝိညာဉ်စွမ်းအင်အချို့ တောင်းဆိုတာက ဘာများ မှားနေလို့လဲ။ လုံးဝကို မလွန်ပါဘူး။
အကယ်၍ ကောင်းကင်ဝါးမျိုခြင်းနဂါးပုလဲသာ မရှိခဲ့ပါက ကျန်းချန်းက ယခုတိုင် အသုံးမကျသူတစ်ဦး ဖြစ်နေဦးမည်ဖြစ်သလို ယခုကဲ့သို့ အားကောင်းသော ကျင့်ကြံမှုအဆင့်ကိုလည်း ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။
ကျန်းချန်းအနေဖြင့် ဝူကျုံးနယ်ပယ်သို့ ရောက်ရှိရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။ ကျန်းချန်းကတော့ ယခုတိုင် အကြောင်းရင်းကို မသိရှိသေးပေ။
“မင်းက ကျန်းချန်းလား” ကျန်းချန်း ပေါ်လာသည်ကို မြင်သောအခါ ကုချင်းလည်း အံ့ဩသွားရသည်။ ကြေးစားသွေးမီးတောက်အဖွဲ့ကို တိုက်ခိုက်တာက တကယ်ပဲ ကျန်းချန်း ဦးဆောင်တာ ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
သူ ကျန်းချန်းကို တကယ်ပဲ အထင်သေးခဲ့ပုံရသည်။ သူတို့ ကြေးစားသွေးမီးတောက်အဖွဲ့ကို တိုက်ခိုက်ရဲတာကတော့ တကယ်ကို သတ္တိရှိတာပဲ။ သို့သော်လည်း ကျန်းချန်းက တော်တော်လေး စွမ်းဆောင်နိုင်ပြီး အသာစီးကိုလည်း ရယူနိုင်ခဲ့သည်။ အဆိပ်ငွေ့တွေလို နည်းလမ်းတွေက ယုတ်မာတယ်လို့ ဆိုနိုင်ပေမဲ့ တကယ်ကို ထိရောက်လှပေသည်။ ရန်သူကို အနိုင်ယူနိုင်သရွေ့ ဘယ်လို နည်းလမ်းမျိုး သုံးသုံး မည်သူက ဂရုစိုက်မည်နည်း။
အရေးကြီးတာက နောက်ဆုံး အနိုင်ရသူဖြစ်ဖို့ပဲ မဟုတ်ပါလား။ ကြေးစားသွေးမီးတောက်အဖွဲ့ကလည်း ရန်သူတွေကို ကိုင်တွယ်တဲ့အခါ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးခဲ့ပေသည်။
ကုချင်းက ကျန်းချန်း၏ ပုံတူကို မြင်ဖူးသဖြင့် ကျန်းချန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် မှတ်မိလိုက်ခြင်းပင်။
“ဟုတ်တယ်... ကျုပ်က ကျန်းချန်းပဲ။ ဒီနေ့တော့ ခင်ဗျားရဲ့ အသက်ကို ယူဖို့ ရောက်လာတာ။ ခင်ဗျားကို သတ်ပြီးတာနဲ့ ကြေးစားသွေးမီးတောက်အဖွဲ့ဆိုတာ ရှိတော့မှာ မဟုတ်ဘူး” ကျန်းချန်းက အေးစက်စွာ ပြောလိုက်သည်။
“ဟားဟား... ရယ်စရာကောင်းလိုက်တာ… မင်းက လူအများကြီးကို သတ်ခဲ့ပေမဲ့ ငါ အသက်ရှင်နေသရွေ့ ကြေးစားသွေးမီးတောက်အဖွဲ့ကို ပြန်ပြီး တည်ထောင်လို့ ရတယ်။ ဒီနေ့တော့ မင်းတို့အားလုံး သေရမယ်။ ကျန်းချန်း... မင်း အရင်ဆုံး သေစမ်း…” ကုချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဝူကျုံးနယ်ပယ် အဆင့်ခြောက်ရှိသော ကျွမ်းကျင်သူတစ်ဦးက ဤလူများ၏ လက်ချက်ဖြင့် ဘယ်လိုလုပ် ရှုံးနိမ့်နိုင်ပါမည်နည်း။ တစ်ခါတစ်ရံမှာ အင်အားစုတစ်ခုက သန်မာလွန်းနေမယ်ဆိုရင် လူအင်အား များတာက ဘာအားသာချက်မှ မရှိတော့ပေ။ ၎င်းမှာ ခွန်အားချင်း ယှဉ်ပြိုင်တဲ့အခါမှာ အပြတ်အသတ် ရှုံးနိမ့်သွားမှာ ဖြစ်သည်၊ ဒါက ရယ်စရာ မဟုတ်ပေ။
ပြောပြီးသည်နှင့် ကုချင်းက ကျန်းချန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ဤလက်ဝါးရိုက်ချက်တွင် ကျန်းချန်းကို သတ်ဖြတ်မည့် ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေခြင်းပင်။
ကျန်းချန်း၏ လက်ထဲတွင် မိစ္ဆာဝိညာဉ်ဓားက ချက်ချင်း ပေါ်လာခဲ့ပြီး မိစ္ဆာအရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။ သူက သူ့ရှေ့မှ နက်မှောင်သော အစစ်အမှန်ချီ လက်ဝါးကြီးကို ခုတ်ပိုင်းလိုက်တော့သည်။
‘ဝုန်း...’ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး နက်မှောင်သော အစစ်အမှန်ချီ လက်ဝါးကြီးမှာ ကျန်းချန်း၏ ဓားချက်ကြောင့် အပိုင်းပိုင်း ပျက်စီးသွားခဲ့သည်။ သို့သော်လည်း ပြင်းထန်သော ပေါက်ကွဲမှု ခွန်အားကြောင့် ကျန်းချန်းမှာလည်း နောက်သို့ ဆုတ်သွားခဲ့ရသည်။
ကျန်းချန်း၏ အမူအယာမှာ ပြောင်းလဲသွားခဲ့ပြီး မိစ္ဆာဝိညာဉ်ဓားကို ကိုင်ထားသော သူ၏လက်မှာ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ကုချင်း၏ သိုင်းပညာရပ်က သန်မာလွန်းလှပေသည်။ ကျန်းချန်း ဒဏ်ရာမရရှိခဲ့သော်လည်း ပြင်းထန်သော တုံ့ပြန်မှုကြောင့် သူ နေရခက်သွားခဲ့ရသည်။
“ဘာမှ မဖြစ်ဘူးလား” ကုချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ကျန်းချန်း၏ ခွန်အားမှာ သာမန်မဟုတ်မှန်း ကုချင်း သိရှိထားသဖြင့် ခုနက လက်ဝါးရိုက်ချက်တွင် သူ အလျှော့မပေးဘဲ အစွမ်းကုန် ထုတ်ဖော်ခဲ့ခြင်းပင်။ ကျန်းချန်းကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလိမ့်မယ်လို့ သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ ကျန်းချန်းက သူ၏ သိုင်းပညာရပ်ကို ဖျက်ဆီးနိုင်ခဲ့သလို နောက်သို့သာ လွင့်ထွက်သွားခဲ့ခြင်းပင်။ ကြည့်ရသလောက်တော့ ကျန်းချန်းက ဘာဒဏ်ရာမှ ရပုံမရပေ။
ကုချင်းက အနည်းဆုံး ဝူကျုံးနယ်ပယ် အဆင့်ခြောက်တွင် ရှိနေသူဖြစ်ရာ ဝူကျုံးနယ်ပယ် အဆင့်လေးရှိသော ကွမ်းဝမ်ထက် များစွာ ပိုမို သန်မာလှပေသည်။ နယ်ပယ်ငယ် နှစ်ခုကြားက ခြားနားချက်မှာ တော်တော်လေး ကြီးမားလှပေသည်။ သာမန်ကျင့်ကြံသူများအတွက်ဆိုလျှင် ကျင့်ကြံမှုအဆင့် အနည်းငယ် ကွာခြားလျှင်ပင် ခွန်အားကွာခြားချက်က သိသာလှသည်ဖြစ်ရာ ယခုကဲ့သို့ အဆင့်နှစ်ဆင့် ကွာခြားနေသည်မှာ ပြောနေစရာပင် မလိုတော့ပေ။
“ဒီလောက် ခွန်အားလေးနဲ့ ကျုပ်ကို အလွယ်တကူ သတ်နိုင်မယ်လို့ ထင်နေတာလား” ကျန်းချန်းက လှောင်ပြောင်လိုက်သည်။
“အရိပ်တိမ်ခြေလှမ်း” ကုချင်းက လှုပ်ရှားမှု သိုင်းပညာရပ်တစ်ခုကို အသုံးပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ သရဲတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားခဲ့ပြီး သူ၏ ခြေထောက်များအောက်မှ နက်မှောင်သော အငွေ့များ ထွက်ပေါ်လာခဲ့သည်။ ၎င်းက ကုချင်း၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသလို ဖြစ်စေပြီး ရန်သူကို ဇဝေဇဝါ ဖြစ်သွားစေသည်။
မကြာမီမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး နက်မှောင်သော မြူခိုးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ကုချင်းက အလွန် လျင်မြန်လှသလို နက်မှောင်သော မြူခိုးများ၏ ဖုံးကွယ်မှုအောက်တွင် သူ့ကို သာမန်မျက်စိဖြင့် မြင်နိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။
ကုချင်းက အခွင့်အရေးကို အသုံးချကာ ကျန်းချန်း၏ ကျောပြင်ဆီသို့ သူ၏ ဓားရှည်ဖြင့် လျှပ်စီးလက်သကဲ့သို့ ထိုးစိုက်လိုက်သည်။ ထိုအချိန်တွင် ကုချင်း၏ နှုတ်ခမ်းဖျား၌ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်း ဓားဖြင့် အထိုးခံရမည့် ထိတ်လန့်စရာ မြင်ကွင်းကို မြင်ယောင်နေခဲ့သည်။
သို့သော်လည်း ကျန်းချန်း၏ နောက်ကျောတွင် မျက်လုံးပါနေသကဲ့သို့ ဖြစ်နေမည်ဟု မည်သူက ထင်ထားပါမည်နည်း။ သူက လှည့်လိုက်ပြီး သူ၏ဓားဖြင့် ပြန်လည် ခုတ်ပိုင်းလိုက်သည်။ ၎င်းက ကုချင်း၏ ဓားရှည်ကို အတိအကျ ထိမှန်သွားခဲ့သည်။
‘ချွင်...’ လက်နက်ချင်း ထိခိုက်မိသံ ထွက်ပေါ်လာခဲ့ပြီး နှစ်ဦးစလုံး နောက်သို့ လွင့်ထွက်သွားခဲ့ကြသည်။
“မဖြစ်နိုင်ဘူး... မင်းက ငါ့ရဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ...” ကုချင်းက အံ့ဩတကြီး ဟစ်အော်လိုက်သည်။
တိုက်ခိုက်မှု အောင်မြင်စေရန်အတွက် သူက အလွန် သတိထားခဲ့သလို ဤမျှ လျင်မြန်သော လှုပ်ရှားမှုများကြားမှ အသံ တတ်နိုင်သမျှ မထွက်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျန်းချန်းက ပြတ်ပြတ်သားသား လှည့်ပြီး ပြန်လည် တိုက်ခိုက်နိုင်ခြင်းက သူ၏ လှုပ်ရှားမှုတိုင်းကို သိနေကြောင်း ထင်ရှားလှပေသည်။ ကျန်းချန်းက သူ တိုက်ခိုက်သည့် အချိန်အထိ ငြိမ်သက်စွာ နေနေခဲ့ခြင်းပင်။
“ခင်ဗျားက အရမ်း နှေးလွန်းပါတယ်။ ဒါတင်မကသေးဘူး... ဒီနက်မှောင်တဲ့ မြူခိုးတွေက ကျုပ်ကို သက်ရောက်မှု ရှိမယ်လို့ ထင်နေတာလား။ ခင်ဗျား တော်တော် နုနယ်တာပဲ။ ဒါတွေက အလဟဿပါပဲ” ကျန်းချန်းက လှောင်ပြောင်လိုက်သည်။
သာမန်မျက်စိကို မသုံးဘဲနှင့်ပင် ကျန်းချန်းက သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်း ရှိပေသည်။ ကျန်းချန်းက ဆေးဆရာတစ်ဦး ဖြစ်နေဆဲဆိုတာကို မမေ့ပါနှင့်။ ဆေးလုံးများ ဖော်စပ်သည့်အခါ ဆေးမီးလျှံကို ထိန်းချုပ်ရန် လိုအပ်သလို ဝိညာဉ်ဆေးပင်များ၏ အခြေအနေကိုလည်း ဝိညာဉ်စွမ်းအားဖြင့် ကောင်းစွာ အာရုံခံနိုင်ရန် လိုအပ်ပေသည်။
အဘိုးအိုဟော့က အတတ်ပညာ အားလုံးကို ကျန်းချန်းအား သင်ကြားပေးခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ကျန်းချန်းအနေဖြင့် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပတ်ဝန်းကျင် အခြေအနေကို အာရုံခံပြီး ကုချင်း၏ လှုပ်ရှားမှုများကို ဖမ်းယူရန်မှာ အလွန် လွယ်ကူလှပေသည်။
စကားပြောပြီးနောက် ကျန်းချန်းက ကုချင်းနှင့် စကားများများ မပြောတော့ဘဲ သူ့ရှေ့မှ ကုချင်းကို တိုက်ခိုက်ရန်အတွက် ‘ဧကရာဇ်ဓားသိုင်း’ ကို တိုက်ရိုက် အသုံးပြုလိုက်တော့သည်။ အခြားသူများကတော့ ကျန်းချန်းနှင့် ကုချင်းတို့၏ တိုက်ပွဲတွင် ဝင်မပါကြဘဲ မိသားစုကြီး သုံးခုမှ ကျွမ်းကျင်သူများက ကြေးစားသွေးမီးတောက်အဖွဲ့မှ ကျန်ရှိနေသူများကိုသာ ဝိုင်းရံ သုတ်သင်နေကြတော့သည်။
***