ကျန်းယွင်ဖေးက ထိုတံဆိပ်ပြားကို လက်ခံလိုက်ပြီးနောက် ထိုအချိန်မှစ၍ သူက မိသားစုခေါင်းဆောင်သစ် ဖြစ်လာခဲ့သည်။
“ယွင်ဖေး... အခုကစပြီး ကျန်းမိသားစုရဲ့ ကိစ္စအဝဝကို မင်းဆီမှာပဲ အပ်နှံလိုက်ပြီ။ မင်းအနေနဲ့ မိသားစုရဲ့ ကိစ္စတွေကို သေချာ စီမံခန့်ခွဲရမယ်၊ ပြီးတော့ မိသားစုတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်နော်” ကျန်းထျန်းက လမ်းညွှန်ချက် ပေးလိုက်သည်။
“အဖေ... စိတ်မပူပါနဲ့၊ ကျွန်တော် အဖေ့ရဲ့ မျှော်လင့်ချက်တွေကို သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်” ကျန်းယွင်ဖေးက ဆိုလိုက်သည်။
“ကောင်းပြီလေ... မင်းကို ငါ ယုံကြည်ပါတယ်” ကျန်းထျန်းက ခေါင်းညိတ်လိုက်သည်။
“ကဲ... မိသားစုခေါင်းဆောင် ရာထူးလွှဲပြောင်းတာကတော့ ပြီးဆုံးသွားပါပြီ။ အခု မိသားစုခေါင်းဆောင်သစ်က နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့်တွေကို ကြေညာပေးပါလိမ့်မယ်” ကျန်းထျန်းက ပြောလိုက်သည်။
ကျန်းထျန်းက စကားပြောပြီးနောက် သူ၏ ဘေးနားရှိ ဒုတိယနေရာတွင် သွားရောက် ထိုင်လိုက်သလို အဓိကနေရာတွင်မူ မိသားစုခေါင်းဆောင်က ထိုင်လိုက်တော့သည်။
ကျန်းယွင်ဖေးက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် “ဒုတိယအချက်ကတော့... မိသားစု အကြီးအကဲတွေ အားလုံးက ကျန်းချန်းကို ကျန်းမိသားစုရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲအဖြစ် တင်မြှောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြပါတယ်။ ကျန်းချန်းရဲ့ အဆင့်အတန်းက မိသားစုခေါင်းဆောင်နဲ့ တန်းတူပဲ ဖြစ်ရပါမယ်” ဆိုလိုက်သည်။
“ဟင်...” ထိုစကားများက ကျန်းမိသားစုဝင် အများအပြားကို အံ့ဩသွားစေခဲ့သည်။
ဂုဏ်ထူးဆောင်အကြီးအကဲ တစ်ဦး၏ အဆင့်အတန်းက မိသားစုခေါင်းဆောင်နှင့် တန်းတူ ဖြစ်နေသည် မဟုတ်ပါလော။
“ဂုဏ်ထူးဆောင်အကြီးအကဲ ဆိုတာက မိသားစုရဲ့ အထွေထွေ ကိစ္စတွေကို ပုံမှန် စီမံခန့်ခွဲစရာ မလိုပါဘူး၊ ဒါပေမဲ့ သူရဲ့ အဆင့်အတန်းက မိသားစုခေါင်းဆောင်နဲ့ တန်းတူဖြစ်သလို မိသားစုခေါင်းဆောင်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ကျန်းယွင်ဖေးက ရှင်းပြလိုက်သည်။
၎င်းမှာ ကျန်းမိသားစုမှ အဆင့်မြင့် အရာရှိများစွာ ဆွေးနွေးပြီးနောက် ရရှိလာသော ရလဒ်ပင် ဖြစ်သည်။ ယခု ကျန်းချန်း၏ ခွန်အားက ကြီးမားလွန်းလှသလို နောင်တစ်ချိန်တွင် သူက ပိုမို သန်မာလာမည်မှာ သေချာလှပေသည်။ မိသားစုခေါင်းဆောင် ရာထူးက ကျန်းချန်းကို ကန့်သတ်ထားသလို ဖြစ်နေမည်ဖြစ်သဖြင့် သူ့ကို ဂုဏ်ထူးဆောင်အကြီးအကဲ ရာထူး ပေးလိုက်ခြင်း ဖြစ်သလို ၎င်းမှာ ကျန်းချန်း၏ မိသားစုအတွင်း အဆင့်အတန်းကို အသိအမှတ်ပြုခြင်းလည်း ဖြစ်ပေသည်။
နောင်တွင် ကျန်းမိသားစု ပိုမို သန်မာလာချင်တယ်ဆိုရင် ကျန်းချန်းရဲ့ အကူအညီက မရှိမဖြစ် လိုအပ်ပေလိမ့်မည်။
ကျန်းချန်းလည်း အံ့ဩသွားရသည်။ အကြီးအကဲများ၏ အစည်းအဝေး အကြောင်းကို သူ ဘာမှမသိခဲ့ပေ။ သူက ယခင်က အကြီးအကဲတစ်ဦး မဟုတ်ခဲ့သဖြင့် အစည်းအဝေးများကို တက်ရောက်ခြင်း မရှိခဲ့သလို ကျန်းယွင်ဖေးကလည်း သူ့ကို ကြိုတင် ပြောပြထားခြင်း မရှိခဲ့ပေ။
“ဒါက သိပ်ပြီးတော့ အဆင်မပြေဘူး ထင်တယ်နော်” ကျန်းချန်းက အနည်းငယ် နေရခက်သလို ပြောလိုက်သည်။
သူ၏အဖေက မိသားစုခေါင်းဆောင်ဖြစ်ပြီး သူက ဂုဏ်ထူးဆောင်အကြီးအကဲ ဖြစ်နေသည်ဖြစ်ရာ ကျန်းမိသားစု တစ်ခုလုံးကို သားအဖ နှစ်ယောက်က အပြည့်အဝ ထိန်းချုပ်ထားသလို ဖြစ်နေခြင်းပင်။ ဒါပေါ့... ဒါက ကျန်းချန်း သားအဖအပေါ် ကျန်းမိသားစုရဲ့ ထားရှိတဲ့ သဘောထားဖြစ်ပြီး ကျန်းချန်းကို သူတို့ဘက်မှာ အပြည့်အဝ ရှိနေစေဖို့ လုပ်ဆောင်လိုက်တာလည်း ဖြစ်ပေသည်။
အကယ်၍ ကျန်းယွင်ဖေးသာ မိသားစုခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် ကျန်းချန်းက သူရဲ့ အဖေကို ပစ်ထားမှာ မဟုတ်ဘူး မဟုတ်လား။ အဘယ်ကြောင့်ဆိုသော် အင်အားစုငယ်လေးများမှ ပါရမီရှင် အများအပြားမှာ ပိုမို ကျယ်ပြန့်သော လောကကြီးသို့ ရောက်ရှိသွားသည့်အခါ သူတို့ကို အစပိုင်းက ပံ့ပိုးပေးခဲ့သော မိသားစု သို့မဟုတ် ဂိုဏ်းများကို လျစ်လျူရှုတတ်ကြသောကြောင့်ပင်။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တတ်သူတွေက အရမ်းများလွန်းလှသည် မဟုတ်ပါလား။
ဘာကြောင့် အင်အားစုငယ်လေးတွေက အစွမ်းထက်တဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးကြတာလဲ။ မျှော်လင့်ချက်ကတော့ ဤပါရမီရှင်များ သန်မာလာသည့်အခါ မိသားစုကို ပြန်လည် ကူညီပေးနိုင်ရန်နှင့် မိသားစုကို အင်အားကြီးလာအောင် ဦးဆောင်ပေးနိုင်ရန်အတွက်ပင် ဖြစ်သည်။
“ဒီအတောအတွင်း မင်း မိသားစုအပေါ် အကျိုးပြုခဲ့တာတွေကို အားလုံးက မြင်တွေ့ခဲ့ကြပြီးသားပါ။ မင်းက ဒီဂုဏ်ထူးဆောင်အကြီးအကဲ ရာထူးနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။ မင်း အဝေးကို သွားရင်တောင်မှ မိသားစုထဲက ဒီရာထူးက မင်းအတွက် အမြဲတမ်း ရှိနေမှာပါ။ ငါတို့ ကျန်းမိသားစုက မင်းအတွက် အမြဲတမ်း အိမ်ပါပဲ” ကျန်းထျန်းက ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်း ၎င်းကို ကြားရသောအခါ စိတ်ထဲမှာ နွေးထွေးသွားခဲ့သည်။ ဟုတ်ပေသည်... ကျန်းမိသားစုက သူ၏ အိမ်ဖြစ်သလို ဤမိသားစုဝင်များကလည်း သူနှင့် သွေးသားတော်စပ်သူများ မဟုတ်ပါလော။
“အဘိုး... ကျွန်တော် နားလည်ပါပြီ” ကျန်းချန်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကျန်းယွင်ဖေးက မိသားစု စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စအချို့ကို ပြောကြားခဲ့သည်၊ ၎င်းတို့မှာ အခြေခံအားဖြင့် မိသားစု၏ အခြေခံ အုတ်မြစ်က ခိုင်မာနေကြောင်းနှင့် နောင်လာနောက်သားများအတွက် အရင်းအမြစ် ခွဲဝေမှုများကို တိုးမြှင့်ပေးမည် ဖြစ်ကြောင်းတို့ ဖြစ်သည်။ အခြား ကိစ္စတစ်ခုမှာ မိသားစုတစ်ခုလုံး ယွင်လော့မြို့သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။
မပြောင်းရွှေ့မီမှာ ကျန်းမိသားစုက ယွင်လော့မြို့ရှိ အိမ်ရာအချို့ကို အရင် ဝယ်ယူခဲ့ပြီး အခြေချခဲ့ကြသည်။ ထို့နောက်မှ ကျန်ရှိနေသော မိသားစုဝင်များ ယွင်လော့မြို့သို့ ပြောင်းရွှေ့ နေထိုင်ကြခြင်း ဖြစ်သည်။ ချင်းယွီမြို့ရှိ မြေယာများအတွက်ကတော့ ကျန်းမိသားစု စံအိမ်တော်ကို ချန်ထားပြီး ကျန်ရှိသော ပိုင်ဆိုင်မှုများကို ဝမ်မိသားစုနှင့် ကျိုးမိသားစုထံသို့ ရောင်းချခဲ့သည်။ နောင်တွင် ဝမ်မိသားစုနှင့် ကျိုးမိသားစုတို့သည် ကျန်းမိသားစု၏ မိတ်ဖက်များ ဖြစ်လာနိုင်ပေသည်။
မိသားစု အစည်းအဝေး ပြီးဆုံးပြီးနောက် ကျန်းချန်းက အကြီးအကဲ ကျန်းဟိုင်၏ အိမ်သို့ သွားရောက်ခဲ့သည်။ ကျန်းချန်း ရောက်ရှိလာမှုကြောင့် အကြီးအကဲ ကျန်းဟိုင်မှာ အံ့ဩသွားရပြီး ကျန်းချန်းက ဘာကြောင့် သူ့ထံ လာသလဲဆိုတာကို နားမလည်နိုင်ဘဲ ဖြစ်နေခဲ့သည်။ သူက ဤအတောအတွင်း ကျန်းချန်းတို့ သားအဖကို မည်သည့် ပြဿနာမှ မရှာခဲ့ပေ။ သူက အမြဲတမ်း အေးအေးဆေးဆေး နေထိုင်နေခဲ့ခြင်းပင်။
သူက ကျန်းယွင်ဖေး၏ မိသားစုခေါင်းဆောင် နေရာကို ယှဉ်ပြိုင်ရန် စိတ်ကူး လုံးဝ မရှိတော့ပေ။ ယခု ကျန်းချန်းက ကျန်းမိသားစုအတွက် ကြီးမားသော ပြောင်းလဲမှုများကို ယူဆောင်လာပေးခဲ့သည်ဖြစ်ရာ သူ့မှာ ဘာအတွေးမျိုးများ ရှိနေနိုင်ပါဦးမည်နည်း။ အကြီးအကဲကောင်း တစ်ယောက်အဖြစ် နေထိုင်ရတာကလည်း အရင်းအမြစ်တွေ အများကြီး ရရှိစေသည် မဟုတ်ပါလော။
အကြီးအကဲ ကျန်းဟိုင်က လက်ရှိတွင် သိုင်းဆရာသခင်နယ်ပယ် အဆင့်ကိုး၌ ရှိနေပြီး ကျန်းမိသားစုက နောင်တွင် အဓိကထား ပြုစုပျိုးထောင်ပေးမည့် ကျွမ်းကျင်သူများထဲမှ တစ်ဦးလည်း ဖြစ်သည်။ ကျန်းမိသားစုက သူ့ကို ဝူကျုံးနယ်ပယ်သို့ ရောက်ရှိနိုင်အောင် ကူညီပေးလိမ့်မည် ဖြစ်သည်။ အကယ်၍ ကျန်းမိသားစုတွင် ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ အချို့သာ ထွက်ပေါ်လာခဲ့မည်ဆိုပါက အခြားသော အင်အားစုများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤကဲ့သို့ ကောင်းမွန်သော အခြေအနေများ ရှိနေသလို ကျန်းချန်း၏ ကြောက်စရာကောင်းသော ခွန်အားလည်း ရှိနေသည်ဖြစ်ရာ သူက ဘာကြောင့် ပြဿနာရှာရဲပါမည်နည်း။
“တူလေး ကျန်းချန်း... ဒီနေ့ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ” ကျန်းဟိုင်က ပြုံး၍ ပြောလိုက်သည်။
“ကျန်းတုန်းရော... သူ ဒီမှာ မရှိဘူးလား” ကျန်းချန်းက မေးလိုက်သည်။
“ကျန်းတုန်းက အခုထိ ပြန်မလာသေးဘူး။ ဘာလဲ... မင်းက ဒီနေ့ သူ့ကို လာတွေ့တာလား” ကျန်းဟိုင်က အံ့ဩသွားရသည်။
“ဟုတ်ပါတယ်... ဒါပေမဲ့ သူ မရှိရင်လည်း အကြီးအကဲကိုပဲ ပြောခဲ့ပါတော့မယ် ” ကျန်းချန်းက ခေါင်းညိတ်လိုက်သည်။
“ကျန်းချန်း... တကယ်လို့ ကျန်းတုန်းက မင်းအပေါ် တစ်ခုခု မှားယွင်းခဲ့တာရှိရင်လည်း စိတ်သဘောထားကြီးကြီးထားပြီး သူ့ကို အပြစ်မတင်ပါနဲ့ဦး။ ဒါတင်မကသေးဘူး... အရင်က မင်းရဲ့ မိသားစုအပေါ် ကျုပ် လုပ်ခဲ့မိတဲ့ ကိစ္စတွေအတွက်လည်း ကျုပ် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး” ကျန်းဟိုင်က ရိုးသားစွာ ပြောလိုက်သည်။
“အကြီးအကဲ... ဘာတွေ လုပ်နေတာလဲ။ ကျွန်တော် ဒီနေ့ လာတာက အဲဒီကိစ္စတွေအတွက် အငြင်းပွားဖို့ လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးက ကျန်းမိသားစုဝင်တွေပဲလေ၊ ကျွန်တော်တို့ကြားမှာ ကြီးကြီးမားမား ရန်ငြိုးတွေ မရှိပါဘူး။ ကျွန်တော် အကြီးအကဲကို အပြစ်မတင်ပါဘူး” ကျန်းချန်းက ခါးသီးစွာ ပြုံးရင်း ပြောလိုက်ပြီး ကျန်းဟိုင်ကို မြန်မြန် ထူပေးလိုက်သည်။
ယခင်က ကျန်းယွင်ဖေးနှင့် ကျန်းဟိုင်တို့ကြားတွင် အဆင်မပြေမှု အချို့ ရှိခဲ့သော်လည်း လတ်တလောတွင် ကျန်းဟိုင်က ကျန်းယွင်ဖေးကို များစွာ ကူညီပေးခဲ့သဖြင့် သူတို့၏ ဆက်ဆံရေးမှာလည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။
“ဒါဆိုရင် ဒီတစ်ခါ ဘာကိစ္စရှိလို့လဲ” ကျန်းဟိုင်က နားမလည်နိုင်ဘဲ မေးလိုက်သည်။
ကျန်းချန်းက သူတို့ကို အပြစ်မတင်ဘူးဟု ကြားရသောအခါ ကျန်းဟိုင် သက်ပြင်းချလိုက်နိုင်သည်။
“ဒါက ထျန်းယွင်ဂိုဏ်းရဲ့ အမှတ်အသားတံဆိပ်ပါ။ ဒါကို ပိုင်ဆိုင်ထားတဲ့သူက စစ်ဆေးမှုတွေ ဖြေဆိုစရာ မလိုဘဲ ထျန်းယွင်ဂိုဏ်းကို တိုက်ရိုက် ဝင်ရောက်နိုင်သလို အတွင်းစည်းတပည့် တစ်ယောက်လည်း ဖြစ်လာမှာပါ” ကျန်းချန်းက လုံချင်းယောင် ပေးခဲ့သော တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
ကျန်းချန်း ယခင်က ယွင်လော့မြို့သို့ သွားခဲ့စဉ်က တံဆိပ်ပြား၏ နောက်ခံအကြောင်းကို စုံစမ်းကြည့်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ထျန်းယွင်ဂိုဏ်း၏ အတွင်းစည်းတပည့် တစ်ဦးအဖြစ် တိုက်ရိုက် ဖြစ်လာနိုင်သည့် တံဆိပ်ပြား ဖြစ်နေခြင်းပင်။ လုံချင်းယောင်က တကယ်ပင် ရက်ရောလှပေသည်၊ ၎င်းက ကျန်းချန်းကို သူမအပေါ် အမြင်ကောင်းသွားစေခဲ့သည်။ ၎င်းမှာ တကယ်ပင် ကောင်းမွန်သော ဆုလာဘ်တစ်ခုဖြစ်သလို လုံချင်းယောင်၏ ထျန်းယွင်ဂိုဏ်းအတွင်း အဆင့်အတန်းကလည်း သာမန်မဟုတ်ကြောင်း ပြသနေခြင်းပင်။ သူတို့က အတွင်းစည်းတပည့် ဖြစ်လာနိုင်မည့် တံဆိပ်ပြားကို တကယ်ပဲ ပေးအပ်နိုင်သည် မဟုတ်ပါလော။
ကျန်းဟိုင်လည်း ကြောင်အမ်းသွားရသည်။ ကျန်းချန်း၏ လက်ထဲတွင် ဤမျှ ကောင်းမွန်သော ပစ္စည်းရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ စစ်ဆေးမှု ဖြေဆိုစရာ မလိုဘဲ ထျန်းယွင်ဂိုဏ်းကို ဝင်ရောက်နိုင်ပြီး အတွင်းစည်းတပည့် ဖြစ်လာနိုင်သည်လား။
ကောလဟာလတွေအရဆိုရင် အတွင်းစည်းတပည့် ဖြစ်လာဖို့အတွက် စစ်ဆေးမှုတွေအတွင်းမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုကြသည်။ စစ်ဆေးမှု အောင်မြင်တဲ့ တပည့်တွေက များသောအားဖြင့် အပြင်စည်းတပည့်တွေသာ ဖြစ်ကြသည်။ အပြင်စည်းတပည့်တွေက နှစ်စဉ်ပြုလုပ်တဲ့ စစ်ဆေးမှုတွေမှာ ပါဝင်ပြီး နေရာတစ်ခု ရရှိမှသာ အတွင်းစည်းတပည့် ဖြစ်လာနိုင်ခြင်း ဖြစ်သည်။ လုပ်ငန်းစဉ်က တကယ်ကို ပင်ပန်းဆင်းရဲလှပေသည်။
အတွင်းစည်းတပည့် တိုက်ရိုက် ဖြစ်လာရတာက အကျိုးကျေးဇူးတွေ အများကြီး ရှိလှပေသည်။
“ဒါဆိုရင်တော့... ဂုဏ်ယူပါတယ်” ကျန်းဟိုင်က ပြုံး၍ ပြောလိုက်သည်၊ ကျန်းချန်းက သူ့ကို လာကြွားသည်ဟု သူက ယူဆလိုက်ခြင်းပင်။ ဒါပေမဲ့ ကျန်းချန်းမှာ ကြွားဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိနေသည် မဟုတ်ပါလား။
ထျန်းယွင်ဂိုဏ်းက အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ကျန်းချန်းရဲ့ ပါရမီကို သိသွားပြီး ကျန်းချန်းကို အတွင်းစည်းတပည့်အဖြစ် ကြိုတင် ခေါ်ယူလိုက်တာလို့ ကျန်းဟိုင် တွေးလိုက်မိသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ချောင်းဟိုင်ဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတွေက လျိုယွင်ကို ဂိုဏ်းဝင်ဖို့ ခေါ်ယူခဲ့သလိုမျိုးပေါ့။
သို့သော်လည်း လျိုယွင်က ယခုအခါ ကျန်းမိသားစုနှင့် အဆက်အသွယ် ဖြတ်ထားခဲ့ပြီဖြစ်သလို သူတို့နှင့် မည်သည့် ပတ်သက်မှုမှ မရှိတော့ပေ။ ပတ်သက်မှု မရှိတာ မဟုတ်ပါဘူး၊ ပတ်သက်မှု ရှိရင်တောင်မှ ရန်သူတွေပါပဲ။ မည်သို့ပင်ဆိုစေ လျိုယွင်က လူအများအပြား၏ ရှေ့တွင် ကျန်းချန်း၏ ဒန်တျန်ကို ဖျက်ဆီးခဲ့သလို အကြီးအကဲ ကျန်းယွင်ဖေးကိုလည်း ဒဏ်ရာရစေခဲ့ပြီး ကျန်းမိသားစုကို မလေးမစား စကားများ ပြောဆိုခဲ့သဖြင့် ကျန်းမိသားစုကို အရှက်ရစေခဲ့သည် မဟုတ်ပါလော။
“ကျွန်တော်က ဒီတံဆိပ်ပြားကို မလိုချင်ပါဘူး။ ဒါကို ကျန်းတုန်းကို ပေးဖို့ ကျွန်တော် စီစဉ်ထားပါတယ်။ ဒီတံဆိပ်ပြားနဲ့ဆိုရင် သူက အတွင်းစည်းကို တိုက်ရိုက် ဝင်ရောက်နိုင်မှာဖြစ်လို့ အခက်အခဲတွေ အများကြီးကို ကျော်လွှားနိုင်မှာဖြစ်သလို သူရဲ့ ကျင့်ကြံမှုအတွက်လည်း အကျိုးရှိစေမှာပါ” ကျန်းချန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဘာ...” ကျန်းဟိုင်က ကျန်းချန်းကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။ ကျန်းချန်းက ဤမျှ တန်ဖိုးရှိသော တံဆိပ်ပြားကို ကျန်းတုန်းအား အမှန်တကယ် ပေးမည်လား။
***