သူ၏အမည်က ယွင်ကျုံးဟဲ့ ဖြစ်သည်။
အမည်နာမကို ကြားလိုက်ရုံဖြင့် လူကောင်းမဟုတ်ကြောင်း သိသာ၏။ ဝတ္ထုအများစုတွင် ပါဝင်လေ့ရှိသည့် ဗီလိန်ဇာတ်ကောင်၊ အပျော်ကြူးသည့် လူယုတ်မာတစ်ဦးအဖြစ်သာ ပြေးမြင်မိပေလိမ့်မည်။
သို့သော်ငြား သူသည် ငယ်စဉ်တည်းက ထူးချွန်သူတစ်ဦး ဖြစ်ခဲ့သည်။ ကျောင်းနေအရွယ်မှစ၍ တက္ကသိုလ် တက်ရောက်သည်အထိ ဘေးလူများ အားကျရလောက်အောင် တော်ခဲ့သူဖြစ်၏။
အသက် (၂၄) နှစ်အရွယ်၌ ပရင်စတန်တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိခဲ့ကာ၊ (၂၈) နှစ်အရွယ်တွင် နာမည်ကြီးဆေးရုံတစ်ခု၏ ဌာနမှူး ဖြစ်လာခဲ့သည်။ (၃၁) နှစ်အရွယ်သို့ ရောက်ချိန်မှာတော့ ထိုဆေးရုံ၏ ဒုတိယဆေးရုံအုပ် ရာထူးကို ရယူနိုင်ခဲ့သည်။ မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ သူက ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်စမြဲပင်။
သို့ရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်က လျှို့ဝှက်ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိပြီးနောက် အရာအားလုံး ပြောင်းလဲ သွားခဲ့သည်။ ဆေးရုံတစ်ရုံ၏ ဆေးရုံအုပ်အဖြစ် အတင်းအဓမ္မ ခေါ်ဆောင်ခံလိုက်ရခြင်း ဖြစ်၏။
ဤဆေးရုံတွင် ဆရာဝန် တစ်ရာကျော်၊ သူနာပြုနှင့် ဝန်ထမ်း နှစ်ရာကျော် ရှိသော်လည်း လူနာဟူ၍ (၂၉) ဦးသာ ရှိသည်။ ပျမ်းမျှအားဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ဆယ်ဦးက လူနာတစ်ဦးကို စောင့်ရှောက်နေရသည့် သဘော ဖြစ်သည်။
ဆေးရုံ၏ အမည်မှာ အင်္ဂလိပ်အက္ခရာ တစ်လုံးတည်းသာ ရှိ၏။
‘X’
X စိတ်ကျန်းမာရေးဆေးရုံသည် တောနက်အတွင်း၌ တည်ရှိပြီး ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေသည်။ မြေပုံပေါ်တွင် ရှာမတွေ့နိုင်သလို အင်တာနက်ပေါ်၌လည်း အချက်အလက်မရှိပေ။
မည်သည့်နိုင်ငံပိုင်နက် ဖြစ်ကြောင်း မသိရှိရသော်လည်း တရုတ်ပြည်တွင်း၌ မဟုတ်သည်မှာတော့ သေချာ၏။ ဆေးရုံပတ်လည် မိုင်တစ်ရာအတွင်း၌ ကြေးစားတပ်သား အများအပြား ချထားပြီး ထိုအထဲမှ ထက်ဝက်ကျော်သည် လူဖြူတပ်သားများ ဖြစ်ကြသည်။
ရေဒါများနှင့် ခေတ်မီစက်ကိရိယာများအပြင် ကြီးမားသော ရေဒီယို တယ်လီစကုပ်ကြီးများလည်း တပ်ဆင် ထားသေးသည်။ စိတ်ကျန်းမာရေးဆေးရုံ ဟူသည်ထက် လျှို့ဝှက် စစ်စခန်းတစ်ခုနှင့်ပင် ပို၍ တူနေ၏။
သို့သော်ငြား ဤနေရာက စစ်မှန်သော စိတ်ကျန်းမာရေးဆေးရုံ ဖြစ်ပြီး လူနာ (၂၉) ဦးမှာလည်း အရူးစစ်စစ်များ ဖြစ်ကြ၏။ ထိုအရူးများ၌ အခြားသော ဝိသေသတစ်ခု ရှိနေသေးသည်။ ထိုအရာမှာ ‘ပါရမီရှင်’ ဖြစ်ခြင်းပင်။
ပါရမီရှင်နှင့် အရူးသည် စည်းပါးပါးလေးသာ ခြားနားသည်ဟု ဆိုကြသည်။ ဤဆေးရုံမှ လူနာ (၂၉) ဦးသည် အဆန်းကြယ်ဆုံးသော အရူးများ ဖြစ်သကဲ့သို့ ကြောက်မက်ဖွယ်ရာအကောင်းဆုံး ပါရမီရှင်များလည်း ဖြစ်ကြ၏။
ယွင်ကျုံးဟဲ့ ကဲ့သို့သော ထူးချွန်သူတစ်ဦးပင်လျှင် ဤနေရာသို့ရောက်လာပြီးနောက် တွင်းအောင်းဖားပမာ ခံစားလိုက်ရသည်။ သို့မဟုတ် ရေအိုင်ထဲမှ ဖားသူငယ်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ထိုလူနာများ၏ ရှေ့မှောက်၌ အချို့သောကိစ္စရပ်များတွင် သူက ဉာဏ်ရည်မမီသူ တစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
………………
အမှတ် (၁၉) လူနာ၊ အမည်ပြောင်အားဖြင့် ‘ပိုင်’။
သူသည် ဆေးရုံရောက်သည့်အချိန်မှစ၍ စက်ဝိုင်းတန်ဖိုး ကိန်းဂဏန်း (Pi) တန်ဖိုး များကို တွက်ချက်နေခဲ့သူ ဖြစ်သည်။ အလွတ်ရွတ်ဆိုနေခြင်း မဟုတ်ဘဲ ဦးနှောက်ထဲတွင် တွက်ချက်နေခြင်း ဖြစ်သည်။ နေ့စဉ်ရက်ဆက် ပါးစပ်မှ မရပ်မနား ရွတ်ဆိုနေသော်လည်း တစ်ခါမှ ထပ်ခြင်း မရှိပေ။
ဆေးရုံတက်လာသည်မှာ (၁၅) နှစ် ရှိခဲ့ပြီဖြစ်ပြီး တစ်စက္ကန့်လျှင် ဂဏန်းနှစ်လုံးနှုန်းဖြင့် ရွတ်ဆိုခဲ့ရာ ယခုအချိန်မှာတော့ ဒသမကိန်းနောက်မှ ဂဏန်းလုံးရေ သန်းပေါင်း (၉၄၀) အထိ ရောက်ရှိနေပြီ ဖြစ်သည်။
အလွဲအမှား အတိမ်းအစောင်းမရှိ၊ မည်သည့်အကူအညီမှ မယူဘဲ ဦးနှောက်သက်သက်ဖြင့် တွက်ချက် ထားခြင်းပင်။ သူ၏ ဦးနှောက်သည် စူပါကွန်ပျူတာတစ်လုံးနှင့် ယှဉ်နိုင်သည်။ ထမင်းစားနေချိန်၊ အိပ်စက်နေချိန်၊ အိမ်သာတက်နေချိန်များ၌လည်း သူက မရပ်မနား ရွတ်ဆိုနေဆဲပင်။
ပို၍ ကြောက်စရာကောင်းသည်မှာ နှုတ်မှ ဂဏန်းများ ရွတ်ဆိုနေရင်း တစ်ချိန်တည်းမှာပဲ အခြားသော သင်္ချာပုစ္ဆာများကိုပါ တွက်ချက်နိုင်စွမ်း ရှိနေခြင်း ဖြစ်၏။
သူသည် အဆင့်မြင့်သင်္ချာများကို သင်ယူဖူးခြင်း မရှိသော်လည်း မည်မျှခက်ခဲသော ပုစ္ဆာဖြစ်ပါစေ မြင်လိုက်သည်နှင့် တစ်စက္ကန့်အတွင်း အဖြေထုတ်ပေးနိုင်သည်။
လွန်ခဲ့သော (၁၅) နှစ်အတွင်း ကမ္ဘာ့အဆင့်မီ သင်္ချာပုစ္ဆာပေါင်းများစွာကို သူ ဖြေရှင်းခဲ့ပြီးပြီ ဖြစ်၏။ အကယ်၍သာ လူသိရှင်ကြား ထုတ်ပြန်နိုင်ခဲ့ပါက သင်္ချာလောက၏ နိုဘယ်ဆုဟု တင်စားရသော ဖီးလ်ဆုတံဆိပ်ကို အရူးတစ်ယောက်က ရရှိသွားပေလိမ့်မည်။
အမှတ် (၂၃) လူနာ၊ အမည်ပြောင်အားဖြင့် ‘ဒါဗင်ချီ’။
ကမ္ဘာပေါ်တွင် ပါရမီအရှိဆုံး ပန်းချီဆရာဟု ဆိုရပေမည်။ သူ၌ သင့်လျော်သော စက္ကူနှင့် မင်ရည်သာ ရှိပါက ငွေစက္ကူအတုများကို အစစ်နှင့်မခြား ရေးဆွဲနိုင်သူ ဖြစ်သည်။
ကမ္ဘာကျော် ပန်းချီကားများကို ပြန်လည်ရေးဆွဲပြီး ဟောင်းနွမ်းအောင် အနည်းငယ် ဖန်တီးလိုက်ချိန်မှာတော့ ကျွမ်းကျင်ပညာရှင်များပင် သူ့လက်ရာကို အစစ်ဟု ထင်မှတ်ကြပြီး မူရင်းပန်းချီကားကို အတုဟု ထင်မှတ် သွားကြ၏။
ရှေးခေတ်မှ ယနေ့ခေတ်အထိ၊ အရှေ့တိုင်းမှ အနောက်တိုင်းအထိ မည်သည့် နာမည်ကြီး ပန်းချီဆရာ၏ လက်ရာမဆို သူက မူရင်းထက် သာလွန်အောင် ပုံတူကူးနိုင်စွမ်း ရှိသည်။
သို့သော်ငြား သူ့ကို ဒါဗင်ချီဟု ခေါ်ရသည့် အဓိကအကြောင်းရင်းမှာ လူသေအလောင်းများကို ခွဲစိတ် လေ့လာ ပြီးနောက် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဓာတ်ပုံတစ်ပုံပမာ တိကျသေချာစွာ ပြန်လည်ရေးဆွဲနိုင်စွမ်း ရှိသောကြောင့်ပင်။
ဤလူသည် အလောင်းခိုးမှုဖြင့် ထောင်ကျဖူးရာမှ သူ၏ ထူးခြားသောစွမ်းရည်ကို တာဝန်ရှိသူများက ရှာဖွေတွေ့ရှိ ခဲ့ပြီး ဤဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဆေးရုံရောက်ပြီး (၁၇) နှစ်အတွင်း သူသည် အလောင်းပေါင်းရာချီ ခွဲစိတ်ခဲ့ပြီး ခန္ဓာဗေဒပုံပေါင်း သောင်းချီ ရေးဆွဲခဲ့၏။
ခေတ်မီ ကွန်ပျူတာများ ရှိနေပါလျက် လက်ဖြင့် ရေးဆွဲရန် လိုအပ်သည်လား။ အလွန် လိုအပ်လှပေသည်။ ခေတ်မီဆေးပညာ မည်မျှ တိုးတက်နေသည် ဆိုစေကာမူ လူ့ခန္ဓာကိုယ် အတွင်းပိုင်း အစိတ်အပိုင်းများနှင့် ပတ်သက်၍ မသိရှိသေးသည်များက များစွာ ကျန်ရှိနေသေးသည်။
ဥပမာအားဖြင့် ဆန်းကြယ် နက်နဲသော ပိုင်နီရယ်ဂလင်း (ဦးနှောက်အတွင်းရှိ ဟောမုန်းထုတ်ဖော်သော အစိတ်အပိုင်းငယ်လေး - ဦးနှောက်အလယ်ဗဟို၌ရှိပြီး ဆန်စေ့အရွယ်ခန့်သာရှိ) နှင့် နားအတွင်းပိုင်း အစိတ်အပိုင်းများ ဖြစ်၏။
အမှတ် (၂၃) လူနာသည် ထိုအစိတ်အပိုင်းများကို ဦးနှောက်ထဲ၌ အဆပေါင်း ထောင်ချီ ချဲ့ကားကြည့်ရှုနိုင်ပြီး အသေးစိတ် ပြန်လည်ရေးဆွဲပြနိုင်သည့် အရည်အချင်းရှိသူပင်။
လူသားများသည် ပိုင်နီရယ်ဂလင်းကို အသုံးချမှု အလွန်နိမ့်ပါးနေသေးကြောင်း၊ အကယ်၍သာ အပြည့်အဝ အသုံးချနိုင်ပါက အလင်းနှစ် သန်းပေါင်းများစွာ အကွာအဝေးမှ ဂြိုဟ်သားအချက်ပြမှုများကိုပင် လက်ခံ ရရှိနိုင်ကြောင်း၊ အနည်းငယ် ပြုပြင်လိုက်ရုံဖြင့် စကြာဝဠာစွမ်းအင်များကို စုပ်ယူကာ လူသားအဖြစ်မှ အဆင့် တက်လှမ်းနိုင်ကြောင်း သူက ပြောသည်။
ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို အဆပေါင်းရာချီ ချဲ့ကားပြီး အတိအကျ ပြန်လည်ရေးဆွဲနိုင်စွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလှပေ၏။
…………..
အမှတ် (၉) လူနာ၊ အမည်ပြောင်အားဖြင့် ‘ကွမ်တမ်’။
သူ၏ ဦးနှောက်သည် ကွမ်တမ်ကွန်ပျူတာတစ်လုံးကဲ့သို့ အလုပ်လုပ်နိုင်သည်။ လက်ရှိအခြေအနေအပေါ် မူတည်၍ မသိရှိနိုင်သေးသော အတိတ်ကို တွက်ချက်နိုင်သလို၊ ဖြစ်ပျက်လာမည့် အနာဂတ်ကိုလည်း ဟောကိန်း ထုတ်နိုင်သည်။
ဗေဒင်ဟောခြင်း မဟုတ်ဘဲ အကြောင်းအကျိုး ဆက်စပ်မှုကို တွက်ချက်ခြင်းသာ ဖြစ်သည်ဟု သူက ပြောနေသေး၏။
ဆေးရုံစရောက်စဉ်က သူသည် အနာဂတ်ဖြစ်ရပ်များကို အကြိမ်ကြိမ် မှန်ကန်အောင် ဟောကိန်း ထုတ်နိုင်ခဲ့သောကြောင့် နတ်လူတစ်ပါးအဖြစ်ပင် သတ်မှတ်ခံခဲ့ရသည်။
သို့သော်ငြား လောကကြီးသည် ပြောင်းလဲမှုများဖြင့် ပြည့်နှက်နေ၏။ မျှော်လင့်မထားသော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာတိုင်း သူ၏ဟောကိန်း လွဲချော်သွားလေ့ရှိသည်။ ထိုအခါမျိုးတွင် သူ၏ ဦးနှောက်ထဲ၌ လက်တွေ့နှင့် မတူညီသော အပြိုင်ကမ္ဘာတစ်ခု ပေါ်ပေါက်လာတတ်၏။
အမှားများ များပြားလာသည်နှင့်အမျှ အပြိုင်ကမ္ဘာများလည်း များပြားလာကာ သူ၏ ဦးနှောက်သည် မနိုင်ဝန် ထမ်းရသကဲ့သို့ ဖြစ်လာပြီး အလုပ် မလုပ်နိုင်တော့ချေ။
ယခုအချိန်မှာတော့ အမှတ် (၉) လူနာသည် စားသောက်၊ အိပ်စက်၊ စွန့်ပစ်ခြင်းကိုသာ ပြုလုပ်တတ်သော သက်မဲ့ ရုပ်အလောင်း တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ အပြိုင်ကမ္ဘာပေါင်းများစွာကို တွက်ချက် နေရသောကြောင့် ပြင်ပလောကကို တုံ့ပြန်နိုင်စွမ်း မရှိတော့ခြင်းပင်။
လွန်ခဲ့သော (၁၅) နှစ်တာ ကာလအတွင်း သူသည် မျက်လုံးပိတ်ထားသော လူသေတစ်ယောက်ပမာ နေထိုင်ခဲ့၏။
အမှတ် (၇) လူနာ၊ အမည်ပြောင်အားဖြင့် ‘ပုတ်သင်ညို’။
ဤအရူးကမူ သူသည် အခြားလူတစ်ဦးအဖြစ် ပြောင်းလဲနိုင်သည်ဟု ကြွေးကြော်၏။ သာမန်အားဖြင့် ထူးဆန်းသည်ဟု မထင်ရသော်လည်း လက်တွေ့တွင်မူ အလွန်ကြောက်မက်ဖွယ် ကောင်းသည်။
လူတစ်ဦးစီသည် သီးခြားလွတ်လပ်သော၊ ထပ်တူမကျနိုင်သော သက်ရှိများ ဖြစ်ကြပြီး အမြင်၊ အကြား၊ အထိအတွေ့၊ ခံစားချက်နှင့် မှတ်ဉာဏ်များက လူတစ်ဦး၏ ကမ္ဘာလောကကို တည်ဆောက်ထားခြင်း ဖြစ်၏။
မျက်လုံးမှိတ်လိုက်သည်နှင့် မိမိကိုယ်တိုင်သည် တစ်ကမ္ဘာလုံးကဲ့သို့ ခံစားတတ်သည် ဖြစ်သောကြောင့် လူတစ်ယောက်အနေနှင့် အခြားလူတစ်ယောက် ဖြစ်လာရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။ သို့သော်ငြား အမှတ် (၇) လူနာကမူ ဖြစ်နိုင်သည်ဟု ပြောနေချေသည်။
သူက ပစ်မှတ်တစ်ခုကို ရွေးချယ်လိုက်ပြီဆိုလျှင် ထိုလူ၏ အတိတ်ဘဝ၊ ဝမ်းနည်းပျော်ရွှင်မှုများနှင့် တွေးခေါ်ပုံများကို စတင်လေ့လာ၏။ ကနဦးတွင် စကားပြောပုံချင်း တူလာသည်။ ထို့နောက် လှုပ်ရှားပုံများ တူလာ၏။
နောက်ဆုံးတွင် ပို၍ ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်လာ၏။ အမှတ် (၇) လူနာ၏ ရုပ်ရည်သွင်ပြင်သည် သူ ရွေးချယ်ထားသော ပစ်မှတ်နှင့် တဖြည်းဖြည်း တူညီလာခြင်းပင်။
တစ်နေ့တွင်မူ မျက်နှာမှစ၍ ခန္ဓာကိုယ်အချိုးအစားအထိ တစ်ပုံစံတည်း ဖြစ်သွားတော့သည်။ စကားပြောပုံ၊ လှုပ်ရှားပုံသာမက အတွေးများပါ ထပ်တူကျ နေတတ်၏။ ဤအရာမှာ လက်တွေ့ဘဝ၏ စစ်မှန်ခြင်း သဘောတရားကို ကျော်လွန်နေသော ဖြစ်ရပ်ဆန်းတစ်ခုအလား ဖြစ်နေသည်။။
…………
အမှတ် (၁၆) လူနာ၊ အမည်ပြောင်အားဖြင့် ‘သရဲ’။
ရုပ်ရည်ကြောင့် မဟုတ်ဘဲ သူတစ်ပါး၏ စိတ်ကို ဖတ်နိုင်စွမ်း ရှိသောကြောင့် ထိုအမည်ကို ရရှိထားခြင်း ဖြစ်ပြီး မျက်ဝန်း၊ အသက်ရှူသံနှင့် မျက်နှာကြွက်သား လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် တစ်ဖက်လူ၏ အတွေးများကို ဖန်တစ်ချပ်ကဲ့သို့ ထွင်းဖောက်မြင်နိုင်သည်။ သူ့ရှေ့ရောက်လျှင် လူတို့၏ အတွေးများသည် ဖုံးကွယ်ထား၍ မရနိုင်လောက်အောင် ထင်ရှားနေတတ်ပေ၏။
***