X စိတ်ကျန်းမာရေးဆေးရုံ အတွင်းရှိ လူနာ (၂၉) ဦးသည် တစ်ဦးထက်တစ်ဦး ပို၍ ဆန်းကြယ်ကာ၊ ပို၍လည်း ပါရမီထူးကြသူများ ဖြစ်သည်။
ထိုအထဲတွင်မှ အဆန်းကြယ်ဆုံးနှင့် အကြောက်မက်ဖွယ်အကောင်းဆုံးမှာ အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၃) လူနာတို့ပင်။ ထိုသုံးဦး၌ မည်သို့သော ပါရမီထူးများ ရှိသနည်း။ မည်သူမျှ မသိကြပေ။
ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့၏ အမြင်တွင်မူ ထိုသုံးဦးသည် ဤဆေးရုံအတွင်း၌ ပုံမှန်အဖြစ်ဆုံး လူများ ဖြစ်၏။
အမှတ် (၃) လူနာ၏ တစ်ခုတည်းသော ပြဿနာမှာ “ကျုပ်က ဂြိုဟ်သားပဲ” ဟု အချိန်တိုင်း ပြောဆိုနေတတ်ခြင်း ဖြစ်သည်။ ထိုစကားမှလွဲ၍ အခြား ထူးဆန်းသော အပြုအမူ မရှိပေ။ ကြာလာချိန်မှာတော့ အမှတ် (၃) လူနာ၏ အမည်ပြောင်သည်လည်း ‘ဂြိုဟ်သား’ ဖြစ်လာသည်။
အမှတ် (၁) နှင့် အမှတ် (၂) လူနာတို့မှာမူ အမည်ပြောင်ပင် မရှိကြပေ။ ဆန်းကြယ်သော ပုစ္ဆာတစ်ပုဒ်ပမာ ဖြစ်နေပြီး မြေအောက်ခန်း နက်ရှိုင်းသော နေရာတွင် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသည်။ ဆေးရုံအုပ် ဖြစ်သော ယွင်ကျုံးဟဲ့ပင်လျှင် ထိုနှစ်ဦးကို တစ်ခါမျှ မမြင်ဖူးချေ။
ယွင်ကျုံးဟဲ့ ဆေးရုံအုပ် ဖြစ်လာသည်မှာ သုံးနှစ် ရှိခဲ့ပြီ ဖြစ်သော်လည်း ထိုလူနာနှစ်ဦး၏ ပါရမီထူးကို မသိရှိရသေးသလို ဆေးရုံဝန်ထမ်း တစ်ဦးတစ်ယောက်မျှလည်း မသိကြပေ။ ဆေးရုံအုပ်ဟောင်းတော့ သိကောင်း သိပေလိမ့်မည်။ သို့သော်ငြား သူသည်လည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သေချာသည်မှာ အမှတ် (၁) ဟု သတ်မှတ်ခံထားရသော လူနာသည် ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အထူးခြားဆုံး ဖြစ်ရပေမည်။ ထိုသို့မဟုတ်ပါက အမှတ် (၁) နေရာ ရရှိနိုင်မည် မဟုတ်ချေ။ အမှတ် (၂) နှင့် အမှတ် (၃) တို့၏ ပါရမီသည်လည်း သာမန်ထက် လွန်ကဲနေမည်မှာ အသေအချာပင်။
သူတို့၏ ထူးခြားမှုများကို ထုတ်မပြသေးခြင်း သို့မဟုတ် ယွင်ကျုံးဟဲ့၏ အရည်အချင်းဖြင့် နားမလည်နိုင်သေးခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
………..
ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့သည် လူနာဆောင်များကို လှည့်လည်စစ်ဆေးနေ၏။ “ဆေးသောက်ဖို့ မမေ့နဲ့အုံးနော်။”
“အမှတ် (၂၃)... ဒါဗင်ချီ... ရှင် ဘာလုပ်နေတာလဲ။ ဘာလုပ်နေတာလဲလို့။”
သူနာပြုဆရာမလေး၏ အော်ဟစ်သံကြောင့် ယွင်ကျုံးဟဲ့ အပြေးသွားကြည့်လိုက်ရာ အမှတ် (၂၃) လူနာ ဒါဗင်ချီသည် မိမိကိုယ်မိမိ သင်းကွပ်လိုက်ကြောင်း တွေ့လိုက်ရသည်။
အမှတ် (၂၃) လူနာက တည်ငြိမ်စွာပင် ပြောလာ၏။ “ကျုပ်က သက်ရှိဇီဝအကြောင်း သုတေသန လုပ်နေတာ။ ပြီးရင် အသက်တစ်ချောင်း ဖန်တီးကြည့်မလို့။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သုတေသန လုပ်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဒီလောက် ရက်စက်စရာ လိုလို့လား။ ခင်ဗျားက နေကြာသိုင်းကျမ်း လေ့ကျင့်နေတာ မို့လို့လား။”
အမှတ်(၂၃)က ပြောလိုက်၏။ “ကျုပ်တို့လူသားတိုင်းက ဒီပစ္စည်းသေးသေးလေးကြောင့် မွေးဖွားလာကြတာလေ။ ဒါကြောင့် သက်ရှိဇီဝရဲ့ လျှို့ဝှက်ချက်ကို အပြည့်အဝ နားလည်ဖို့ ဒီအရာကို ခွဲစိတ်လေ့လာရမှာပဲ။”
ယွင်ကျုံးဟဲ့က အံ့အားသင့်သွားသည်။ “တခြားနည်းလမ်း သုံးလို့ရတာပဲဟာ။ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ရက်စက်ဖို့ လိုလို့လား။”
အမှတ် (၂၃)က ပြောလိုက်၏။ “အမှတ် (၂၄) ကတော့ ကျုပ်ရဲ့ သုတေသနအတွက် ကိုယ်ကျိုးစွန့်ပါ့မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူက မိန်းကလေး ဖြစ်နေတော့ ကျုပ်ဘာသာပဲ လုပ်လိုက်ရတာပါ။”
ဤဆေးရုံသို့ ရောက်ရှိပြီး သုံးနှစ်တာ ကာလအတွင်း စိတ်ပင်ပန်းမှုများ ရရှိခဲ့သော်လည်း ယခုမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့တစ်ယောက် ခေါင်းနပန်းကြီးသွားရသည်။ “ခင်ဗျား... ခင်ဗျား မနာဘူးလား။”
အမှတ်(၂၃)က ခေါင်းညိတ်လိုက်၏။ “နာတာပေါ့။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဘာလို့ မအော်တာလဲ။”
အမှတ် (၂၃)က ပြန်မေးလိုက်၏။ “ဘာလို့ အော်ရမှာလဲ။ ဆေးရုံအုပ်ကြီးနဲ့ ဗိုလ်မှူးကြီးလီတို့ အတူရှိနေတုန်းကလည်း တိတ်တိတ်ကလေးပဲ နေခဲ့ကြတာ မဟုတ်ဘူးလား။”
ထိုစကား ကြားလိုက်ရချိန်မှာတော့ အားလုံးက မျက်နှာပျက်သွားကြသည်။
ဗိုလ်မှူးကြီးလီ ဆိုသည်မှာ ဤဆေးရုံ၏ လုံခြုံရေးတပ်ဖွဲ့မှ အကြီးအကဲ၊ ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်၊ နိုင်ငံခြားသူတစ်ဦး ဖြစ်သည်။ ထို့အပြင် အိမ်ထောင်ရှိသူတစ်ဦးပင်။
သူမ၏ ခင်ပွန်းသည်မှာ ဤနေရာရှိ လျှို့ဝှက်သုတေသနစခန်းမှ အကြီးတန်းသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ယခုအချိန်၌ ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်မှုများစွာ ပြုလုပ်နေသည်။
ယခု ယွင်ကျုံးဟဲ့က သူများမယားကို ပြစ်မှားခဲ့လေပြီ ဖြစ်သည်။ ပြဿနာ တက်တော့မည်မှာ သေချာ၏။
ထိုစဉ်မှာပဲ ဆေးရုံအတွင်း၌ ကြောက်မက်ဖွယ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဆန်းကြယ်၍ သာယာနာပျော်ဖွယ်ကောင်းသော ဂီတသံစဉ်တစ်ခု ပျံ့လွင့်လာကာ ကြားရသူတိုင်း မိန်းမောသွားကြသည်။
ယွင်ကျုံးဟဲ့က ချက်ချင်း အမိန့်ပေးလိုက်၏။ “သူ့ကို တားကြ။ အမြန် တားကြစမ်း။ အသံလှိုင်းဖြတ်စက် ဖွင့်လိုက်။ သူ့ကို မြေအောက် (၁၃) ထပ်မှာ သွားချုပ်ထားလိုက်။ ပြီးရင် ခြောက်လလောက် ပိတ်လှောင်ထားလိုက်။”
ခဏအကြာတွင် လူနာတစ်ဦးကို ကြိုးတုပ်ကာ မြေအောက် (၁၃) ထပ်သို့ ခေါ်ဆောင်သွားကြသည်။ နာရီဝက်ခန့်အကြာတွင် ယွင်ကျုံးဟဲ့ ထိုလူနာရှေ့သို့ ရောက်လာသည်။
ထိုသူမှာ အမှတ် (၈) လူနာ၊ အမည်ပြောင်အားဖြင့် ‘ဘီသိုဗင်’ ဖြစ်သည်။ သူသည် ပါရမီရှင် ဂီတပညာရှင် တစ်ဦး ဖြစ်၏။
တူရိယာအားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်ပြီး တီးခတ်မှု စွမ်းရည်မှာလည်း ကမ္ဘာပေါ်တွင် ရှားပါးလှသည်။ သီချင်းရေးစပ်မှု ပါရမီမှာလည်း ရာစုနှစ်တစ်ခုတွင် တစ်ယောက် ပေါ်ထွန်းသည့် အဆင့်မျိုး ဖြစ်သည်။
သူသည် နားမကြားသလို မျက်စိလည်း မမြင်ရပေ။ အမြင်အာရုံသည် အသံများကို ခံစားရာတွင် အနှောင့်အယှက် ဖြစ်စေသည်ဟုဆိုကာ ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ခဲ့ခြင်း ဖြစ်သည်။ မျက်မမြင်များသည် အသံကို ပို၍ ခံစားနားလည်နိုင်သည်ဟု သူက ယူဆထား၏။
နှစ်အနည်းငယ် ကြာချိန်မှာတော့ အကြားအာရုံသည်လည်း ဂီတကို လေ့လာရာတွင် အဟန့်အတား ဖြစ်စေပြန်သည်ဟုဆိုကာ နားစည်ကိုပါ ဖောက်ခွဲလိုက်ပြန်သည်။ ထိုမှသာ ဂီတသုတေသနတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်နိုင်မည်ဟု ယုံကြည်ထားသောကြောင့်ပင်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူက ဂန္ထဝင်မြောက် တေးသွားများကို ဖန်တီးခဲ့ဖူးသည်။ ရှေးခေတ် ဂီတပညာရှင်ကြီးများ၏ လက်ရာများနှင့် မတိမ်းမယိမ်း ရှိသည်။
နောက်ထပ် ဘီသိုဗင်၊ မိုးဇက်တို့ကဲ့သို့သော ဂန္ထဝင်ပညာရှင်တစ်ဦး ပေါ်ထွန်းလာပြီဟု လူအများက ထင်မှတ်ခဲ့ကြသည်။ ကမ္ဘာကျော် ဂီတပညာရှင်တစ်ဦး ဖြစ်လာမည့်သူဟု အားလုံးက မျှော်လင့်ခဲ့ကြ၏။
သို့သော်ငြား တဖြည်းဖြည်းနှင့် သူ၏ ဂီတသံစဉ်များမှာ ဆန်းကြယ်လာပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။ အချို့သော တေးသွားများသည် လူ့စိတ်ဝိညာဉ်ကို ဆွဲဆောင်ဖမ်းစားနိုင်ပြီး စိတ်ကို ကယောက်ကယက် ဖြစ်စေကာ ရူးသွပ်လုမတတ် ဖြစ်လာကြသည်။
အချို့သော တေးသွားများမှာမူ နားဖြင့် မကြားရသော်လည်း အိပ်မက်ဆိုးများ မက်စေနိုင်ပြီး အိပ်ပျော်နေရင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေစေနိုင်သည့်အထိ အကျိုးသက်ရောက်မှု ပြင်းထန်၏။
အချုပ်အားဖြင့်ဆိုသော် အမှတ် (၈) လူနာသည် အန္တရာယ်အရှိဆုံး လူနာတစ်ဦး ဖြစ်လာခဲ့၏။ ယခုအခါ ယွင်ကျုံးဟဲ့သည် အမှတ် (၈) လူနာ၏ ရှေ့တွင် ထိုင်နေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဂီတကို လေ့လာတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘာလို့ လူသေအောင် လုပ်ရတာလဲ။ စောစောက သူနာပြု ဆရာမလေး ဘယ်လောက်ချစ်စရာကောင်းလဲ။ ခင်ဗျားရဲ့ဂီတသံကို နားထောင်ပြီး ခေါင်းနဲ့ နံရံကို ဆောင့်လိုက်တာ ဦးခေါင်းခွံတောင် ကွဲထွက်သွားပြီ။”
အမှတ် (၈) လူနာသည် နားမကြားသော်လည်း တစ်ဖက်လူ၏အသံလှိုင်းများကို တိုက်ရိုက်အာရုံခံနိုင်ပြီး ပြောစကားများကို နားလည်နိုင်သူပင်။
အမှတ် (၈) လူနာက ပြောလိုက်သည်။ “ကျုပ် သီချင်းအသစ် မရေးဖြစ်တာ ကြာပါပြီ။ ဒီနေ့ညတော့ စကြာဝဠာထဲက ထူးခြားတဲ့ အသံလှိုင်းတစ်ခုကို ဖမ်းယူရရှိလိုက်လို့ စိတ်လှုပ်ရှားပြီး လက်ရာသစ်တစ်ခု ဖန်တီးလိုက်တာပါ။”
ထိုလက်ရာသစ်ကြောင့် သူနာပြုတစ်ဦးနှင့် ဝန်ထမ်းတစ်ဦး ခေါင်းနှင့်နံရံ ဆောင့်မိကာ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရခဲ့ရသည် မဟုတ်ပါလား။
အမှတ် (၈) လူနာက ထပ်ပြောလိုက်သည်။ “ဆေးရုံအုပ်ကြီး... သေခြင်းတရားဆိုတာ ထာဝရ တည်မြဲခြင်းတစ်မျိုးပါပဲ။ ကျုပ်က ထာဝရတည်မြဲတဲ့ ဂီတ သင်္ကေတကို ရှာဖွေနေတာပါ။ အဲဒီ ဂီတသင်္ကေတနဲ့ လူတွေရဲ့စိတ်ကို ထိန်းချုပ်ချင်တယ်။
နတ်ပြည် ရောက်သွားသလို ပျော်ရွှင်စေချင်တယ်။ ငရဲကျသလို နာကျင်စေချင်တယ်။ အိပ်မက်လှလှတွေ မက်စေချင်သလို သရဲခြောက်သလိုမျိုး အိပ်မက်ဆိုးတွေလည်း ပေးချင်တယ်။ ရူးသွပ်သွားအောင် လုပ်နိုင်သလို သေဆုံးသွားအောင်လည်း လုပ်နိုင်တဲ့ ဂီတမျိုးပေါ့။”
ယွင်ကျုံးဟဲ့ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားတစ်ခွန်းကိုသာ ရေရွတ်လိုက်မိသည်။ “သောက်ကျိုးနည်း...”
……….
လျှို့ဝှက်ဓာတ်ခွဲခန်း အတွင်း၌ အကြီးတန်းသိပ္ပံပညာရှင်နှင့် လက်ထောက်တို့ စမ်းသပ်မှု ပြုလုပ်နေကြ၏။
လက်ထောက်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် စကားစလာသည်။ “ဆရာဝူ... ကျုပ် သူငယ်ချင်းတစ်ယောက် သိပ်သနားဖို့ ကောင်းတာပဲဗျာ။ သူ့မိန်းမ ဖောက်ပြန်နေတာကို လူတိုင်း သိနေပေမဲ့ သူတစ်ယောက်တည်း မသိရှာဘူး။”
သိပ္ပံပညာရှင် ဆရာဝူက ပြောလိုက်၏။ “ဒါဆို မင်းသူငယ်ချင်းကို အမြန်သွားပြောလိုက်လေ။”
လက်ထောက်က ခေါင်းခါယမ်းလိုက်သည်။ “ပြောဖို့က ခက်နေတယ် ဆရာရဲ့။ ဒီကိစ္စက သိပ်ပြောရခက်တာကိုး။”
သိပ္ပံပညာရှင် ဆရာဝူက ထပ်ပြောလိုက်၏။ “ဒါဆို သူ ရိပ်မိအောင် တစ်နည်းနည်းနဲ့ ပြောပြလိုက်ပေါ့ကွာ။”
လက်ထောက်က ခေတ္တမျှ စဉ်းစားပြီးနောက် အစိမ်းရောင် စမ်းသပ်ဖန်ပြွန်တစ်ခုကို ယူလိုက်သည်။ “ဆရာဝူ... ကြည့်ပါအုံး။ ဒီဖန်ပြွန် အရောင်လေးက လှလိုက်တာနော်။ နွေဦးရာသီရဲ့ အရောင်လေးပဲ မဟုတ်ဘူးလား။”
အကြီးတန်းသိပ္ပံပညာရှင်မှာ ကြောင်အအ ဖြစ်သွားပြီးနောက် ရုတ်တရက် အော်ဟစ်ငိုကြွေးလေတော့၏။ “ဘယ်သူလဲ။ ဘယ်ကောင်လဲ။ ယွင်ကျုံးဟဲ့ ဆိုတဲ့ကောင် မဟုတ်လား။ အဲဒီကောင် ယုတ်မာတာ၊ ဟုတ်တယ်မလား။”
(တရုတ်ပြည်တွင် အစိမ်းရောင် ဦးထုတ်၊ အစိမ်းရောင် အဝတ်ဆိုသည်မှာ ဖောက်ပြန်ခံရသည့် လင်ယောက်ျားကို ဆိုလိုသည်။)
လက်ထောက်မှာ အံ့အားသင့်သွားသည်။ “ဆရာဝူ... ဘယ်လို လုပ်သိတာလဲ။ ဆဋ္ဌမအာရုံ ရှိတာလား။”
သိပ္ပံပညာရှင် ဆရာဝူက ထပ်ပြောလိုက်၏။ “ဒီဆေးရုံတစ်ခုလုံးမှာ အဲဒီကောင် အချောဆုံးလေ။ သူ မဟုတ်ရင် ဘယ်သူ ရှိသေးလဲ။ အား... အား...။”
လက်ထောက်က မေးလိုက်သည်။ “ဆရာဝူ... ဘယ်လို ဆက်လုပ်မလဲ။”
သိပ္ပံပညာရှင်က ရှိုက်ကြီးတငင်ဖြင့် ငိုကာ ပြော၏။ “ဘာလုပ်နိုင်မှာလဲ။ အာလီသာ ကွာရှင်းမယ်မပြောရင် ကျုပ်... ကျုပ် ဘာမှမသိသလိုပဲ နေလိုက်တော့မယ်။ အီး ... အီး...။”
………
ထိုစဉ် ဆေးရုံအတွင်း၌ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။ အမှတ် (၉) လူနာ ကွမ်တမ် နိုးလာခြင်းပင်။ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်သည်၊ အတိတ်ကို တွက်ချက်နိုင်သည်ဟု ကျော်ကြားသူ။ ဆယ်နှစ်လုံးလုံး ဦးနှောက်ရပ်တန့်ကာ လူသေကဲ့သို့ ဖြစ်နေခဲ့သူ။ ထိုသို့ ဆယ်နှစ်ကြာ မေ့မြောနေခဲ့ရာမှ ယနေ့ ရုတ်တရက် နိုးထလာပြီး မျက်လုံးဖွင့်လာခြင်းမှာ အလွန် ထူးဆန်းနေ၏။
ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့သည် ထိုလူထံသို့ အပြေးအလွှား သွားရောက်တွေ့ဆုံလိုက်သည်။ “ဘာဖြစ်လို့လဲ။ ဘာကိစ္စ ရှိလို့လဲ။ ဘာလို့ ရုတ်တရက် နိုးလာတာလဲ။”
အမှတ် (၉) လူနာက ပြောလိုက်၏။ “ဆေးရုံအုပ်ကြီး... ခင်ဗျားနဲ့ ဗိုလ်မှူးကြီးလီတို့ ဖောက်ပြန်တဲ့ကိစ္စကို သူ့ယောက်ျား သိသွားပြီ။”
ယွင်ကျုံးဟဲ့ ထိတ်လန့်သွားသည်။ “ဘာ”
ကွမ်တမ်က ဆက်ပြော၏။ “လွန်ခဲ့တဲ့ တစ်နာရီလောက်က သိပ္ပံပညာရှင်ဝူနဲ့ ဗိုလ်မှူးကြီးလီတို့ စကားများ ခဲ့ကြတယ်။ ဗိုလ်မှူးကြီးလီက ဝန်ခံလိုက်ပြီ။ ကွာရှင်းပြီး ခင်ဗျားနဲ့ ယူမယ်လို့ ပြောလိုက်ပြီ။”
ယွင်ကျုံးဟဲ့ ပို၍ ထိတ်လန့်သွားရသည်။ “ဘယ်လို ဖြစ်ရတာလဲ။ ကျုပ်က လောကီစည်းစိမ်ကို စွန့်လွှတ်ပြီး ရသေ့ဝတ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဘာလို့များ အတည်ကြီး ဖြစ်သွားရတာလဲ။ သူတို့အိမ်ထောင်ရေးကို ဖြိုခွဲဖို့ စိတ်ကူးမရှိပါဘူး။ သူတို့နှစ်ယောက်က လိုက်ဖက်ညီတဲ့ လင်မယားပဲဟာ။”
“သောက်ကျိုးနည်း... အရှက်မရှိလိုက်တာ။” ကွမ်တမ်က မှတ်ချက်ချ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကွမ်တမ်... ဒီကိစ္စကို ခင်ဗျား ဘယ်လိုသိတာလဲ။ တွက်ချက်လိုက်တာလား။”
ကွမ်တမ်က ပြောလိုက်၏။ “မမြင်ရရင်တောင်မှ အဲဒီနေရာမှာ ရှိနေတဲ့ ကွမ်တမ်အငွေ့အသက်တွေ ကနေတဆင့် ဘာဖြစ်ခဲ့လဲဆိုတာ တွက်ချက်လို့ ရတယ်။ အကြောင်းအကျိုး ဆက်စပ်မှုတွေကနေတဆင့် အနာဂတ်မှာ ဘာဖြစ်လာမလဲ ဆိုတာကို တွက်ချက်လို့ ရတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အနာဂတ်မှာ ဘာဖြစ်မလဲ တွက်ကြည့်ပေးပါအုံး။”
ကွမ်တမ်က ပြောလိုက်၏။ “ဗိုလ်မှူးကြီးလီက ကွာရှင်းပြီး ခင်ဗျားနဲ့ လက်ထပ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီ။ သိပ္ပံပညာရှင်ဝူက ဒေါသ အကြီးအကျယ်ထွက်ပြီး ကလဲ့စားချေဖို့ ကြံစည်နေပြီ။
လျှို့ဝှက်တီထွင်ထားတဲ့ X ဗုံးကို ဖောက်ခွဲပြီး ဆေးရုံတစ်ခုလုံးကို ပြာကျအောင် လုပ်ပစ်တော့မယ်။ ခင်ဗျားတို့နှစ်ယောက်လုံးကို အစရှာမရအောင် ဖျက်ဆီး ပစ်တော့မယ်။”
ယွင်ကျုံးဟဲ့ ကြောက်လန့်တကြား မေးလိုက်သည်။ “ဘယ်တော့ ပေါက်မှာလဲ။ ဘယ်အချိန် ပေါက်မှာလဲ။ ကျုပ် သွားတားမှ ဖြစ်မယ်။”
ကွမ်တမ်က မျက်လုံးမှိတ်လျက် ဖြေ၏။ “ငါး...”
ယွင်ကျုံးဟဲ့က အလောတကြီး မေးလိုက်သည်။ “ငါးရက်လား။ ငါးနာရီလား။”
ကွမ်တမ်က ဆက်လက် ရေတွက်၏။ “ငါး... လေး... သုံး... နှစ်... တစ်...”
***