“ဝုန်း... ဝုန်း... ဝုန်း...”
အမှတ် (၉) လူနာ ကွမ်တမ်၏ ရေတွက်သံ ဆုံးသည်နှင့် ကမ္ဘာမြေကို တုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မှိုပွင့်ပုံစံ မီးခိုးလုံးကြီးသည် ကောင်းကင်သို့ ထိုးတက်သွား၏။
X စိတ်ကျန်းမာရေးဆေးရုံကြီး တစ်ခုလုံး ပြာကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ပေါက်ကွဲမှု မဖြစ်မီ တစ်စက္ကန့်အလို၌ ယွင်ကျုံးဟဲ့သည် အမှတ် (၉) လူနာ ကွမ်တမ်ကို ဒေါသတကြီး စိုက်ကြည့်ခဲ့၏။ စကားတစ်ခွန်းမျှ မပြောသော်လည်း သူ၏ မျက်လုံးများက ခံစားခဲ့ရသမျှ အရာအားလုံးကို ဖွင့်ဟနေသလိုပင်။
ယွင်ကျုံးဟဲ့ “ကွမ်တမ်... ခင်ဗျား တကယ်ရူးနေတာပဲ။ သေတော့မယ်ဆိုတာ ကြိုသိနေတာတောင် ဘာလို့ မတားတာလဲ။”
ကွမ်တမ် “ဆေးရုံအုပ်ကြီး... လူဖြစ်ရချိန်မှာ ဘယ်အရာက အရေးကြီးဆုံးလဲ။”
ယွင်ကျုံးဟဲ့ “ပျော်ရွှင်ဖို့လား။”
ကွမ်တမ် “မဟုတ်ဘူး။ အကြောင်းအကျိုး ဆက်စပ်မှုတွေပါတဲ့ ကံကြမ္မာကွင်းဆက်ကို မဖျက်ဆီးဖို့ပဲ။ ဖြစ်သင့်တာ ဖြစ်ကို ဖြစ်ရမယ်။ မဟုတ်ရင် လိပ်ပြာတောင်ပံခတ်ခြင်း အကျိုးသက်ရောက်မှု (Butterfly Effect) ဖြစ်လာလိမ့်မယ်။”
[သေးငယ်သော ကိစ္စရပ်လေးတစ်ခုမှသည် အလွန်ကြီးမားသည့် အကျိုးဆက်ကြီး ဖြစ်လာနိုင်သည်ဟု ဆိုလိုခြင်းပင်။ ဥပမာအားဖြင့် မျိုးကျော့မြိုင်ရဲ့ တစ်မိနစ် နောက်ကျသွားပြီ သီချင်းလိုဖြစ်သည်။ နောက်ကျသည်က တစ်မိနစ်လေးဖြစ်သည်။ သို့သော်ငြား ဆုံးရှုံးမှုက ကြီးမားခဲ့သည်။]
ယွင်ကျုံးဟဲ့ “ချီးတဲ့မှ...”
ချောမောခန့်ညားသော ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့နှင့်အတူ ဆေးရုံအတွင်းရှိ လူအားလုံးတို့သည် ဤသို့နှင့်ပင် အပိုင်းပိုင်းအစစ ဖြစ်ကာ သေဆုံးသွားကြသည်။
“ပြီးတော့ ကျုပ် ရေးရေးလေး မြင်နေရတဲ့ အနာဂတ်က သိပ်လှတာပဲ။” အမှတ် (၉) လူနာက တီးတိုးရေရွတ်လိုက်၏။
ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားလိုက်သည့် ခဏတာအတွင်း၌ ဝိညာဉ်အလင်းတန်း (၂၉) ခုသည် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းတိုးဝင် ပူးကပ်သွားကြပြီးနောက် အရာအားလုံး ပြာကျ သွားတော့သည်။
………
အချိန် မည်မျှ ကြာမြင့်သွားသည် မသိရချေ။ ခဏသာ ကြာသည်ဟု ထင်ရသလို နေရာဒေသနှင့် အချိန်ကာလများစွာကို ဖြတ်သန်းကျော်လွန်ခဲ့ရသလိုလည်း ခံစားရ၏။
ယွင်ကျုံးဟဲ့ တဖြည်းဖြည်း သတိရလာ၏။ မျက်လုံး မဖွင့်နိုင်သေးသော်လည်း အာရုံခံစားမှုများ ပြန်လည်ရရှိလာပြီ ဖြစ်သည်။
‘ကျုပ် သေသွားပြီ မဟုတ်ဘူးလား။ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့တာ မဟုတ်လား။ ဘာလို့ အသက်ရှင်နေသေးတာလဲ။ ဒီနေရာက ဘယ်နေရာလဲ။’
ပတ်ဝန်းကျင် အခြေအနေက အနည်းငယ် ဖိစီးမှု ရှိနေသကဲ့သို့ ခံစားရသည်။ သာယာကြည်နူးဖွယ် အခြေအနေတော့ မဟုတ်ချေ။ လူအများအပြား ရှိနေသော်လည်း အလွန်တိတ်ဆိတ်နေသည်။ တစ်ချိန်တည်းမှာပဲ လှုပ်ရှားရုန်းကန်မှုများနှင့် မျှော်လင့်စောင့်စားနေမှုများလည်း ပြည့်နှက်နေ၏။
ယွင်ကျုံးဟဲ့သည် အားအင်အကုန်သုံး၍ မျက်လုံး ဖွင့်ကြည့်လိုက်ရာ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
“ရွှပ်...”
ဓားတစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် သွေးများ ပန်းထွက်လာကာ လူခေါင်းတစ်လုံး လည်ပင်းမှ ပြတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ကျသွား၏။
ထိုရက်စက်ကြမ်းကြုတ်သော သွေးသံရဲရဲ မြင်ကွင်းသည် ယွင်ကျုံးဟဲ့နှင့် သုံးမီတာမျှပင် မဝေးကွာသော နေရာတွင် ဖြစ်ပျက်နေခြင်း ဖြစ်သည်။ နွေးထွေးနေဆဲ သွေးစက်များပင် သူ၏မျက်နှာပေါ်သို့ လာစင်သည်။
ယွင်ကျုံးဟဲ့ ဘာမျှ မတုံ့ပြန်နိုင်သေးခင်မှာပဲ နောက်ထပ် အသံများ ဆက်တိုက် ထွက်ပေါ်လာ၏။
ကွပ်မျက်သူများက ဓားကို ဝေ့ယမ်းကာ နောက်ထပ် ခေါင်းသုံးလုံးကို ဖြတ်ချလိုက်ပြန်သည်။ တစ်စက္ကန့်လျှင် ခေါင်းတစ်လုံးနှုန်းဖြင့် ကွပ်မျက်နေခြင်း ဖြစ်သည်။
ဤနေရာသည် ရှေးခေတ်ကမ္ဘာတစ်ခု ဖြစ်နေပြီး သူ ရောက်နေသည်မှာ လူသတ်ကွင်း ဖြစ်နေသည်လား။ ယခု လူသတ်ပွဲ ကျင်းပနေသည်လား။
အထူးကုဆေးရုံအုပ်ကြီး တစ်ဦးဖြစ်သည့် ယွင်ကျုံးဟဲ့သည် ဗဟုသုတ ကြွယ်ဝသူ ဖြစ်သောကြောင့် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
သို့သော်ငြား သူ ရောက်ရှိနေသည်မှာ မည်သည့်နေရာနည်း။ မည်သည့်ခေတ်နည်း။ သူ၏ ဘဝအသစ်က ဘာဖြစ်သနည်း။ အဘယ့်ကြောင့် ရောက်ရှိလာရသနည်း။ မည်သည့်အရာကိုမှ မသိရပေ။
X ဆေးရုံကြီး ပေါက်ကွဲသွား၍ သူ ဤနေရာသို့ ရောက်လာခြင်း ဖြစ်လျှင် ကျန်ရှိသော ဆေးရုံဝန်ထမ်းများနှင့် အရူး (၂၉) ယောက်ရော မည်သို့ ဖြစ်သွားကြပြီနည်း။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ ယွင်ကျုံးဟဲ့၏ခေါင်းထဲ၌ မေးခွန်းပေါင်းများစွာနှင့် အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။ သို့သော်ငြား မကြာမီ ထိုအတွေးများကို ဘေးဖယ်ထားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် မကြာမီ သူ့အလှည့် ရောက်တော့မည် ဖြစ်သောကြောင့်ပင်။ သူသည် သေဒဏ် ကျခံနေရသော အကျဉ်းသားတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ကွပ်မျက်ကွင်းပြင်၌ ဒူးထောက်နေရသူ စုစုပေါင်း ဆယ်ဂဏန်းခန့် ရှိပြီး တစ်စက္ကန့်လျှင် တစ်ယောက်နှုန်းဖြင့် ခေါင်းဖြတ်ခံနေရ၏။
ယွင်ကျုံးဟဲ့၏ ရှေ့တွင် (၁၃) ဦးသာ ကျန်တော့သည်။ ဆိုလိုသည်မှာ (၁၃) စက္ကန့်အကြာတွင် သူ့ခေါင်း ပြတ်ပေတော့မည်။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရမည်။ အသက်ရှင်အောင် ကြိုးစားရမည်။ (၁၃) စက္ကန့်အတွင်း လွတ်မြောက်မည့် နည်းလမ်းကို မရှာဖွေနိုင်ပါက ခေါင်းနှင့် ကိုယ် အိုးစားကွဲတော့မည်။
ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများ ထသွားသည်။ အန္တရာယ်နှင့် ကြုံတွေ့နေရသော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
ရောက်တတ်ရာရာများကို လျှောက်တွေးနေရင်း (၅) စက္ကန့် ကုန်သွားပြန်သည်။ ကော်တယ်ကန်း၏ ပြက်လုံးကို သတိရပြီး ယွင်ကျုံးဟဲ့ ရယ်ချင်စိတ် ပေါက်လာသည်။ (ဝိညာဉ်ကူးပြောင်းခြင်းနှင့် ပတ်သက်သည့် ပြက်လုံး)
‘ဟား ဟား... ရယ်စရာ ကောင်းလိုက်တာ။’
သို့သော်ငြား သူ၏ အတွေးကို ချက်ချင်း ရပ်တန့်လိုက်သည်။ ဘယ်လို အခြေအနေ ရောက်နေပြီနည်း။ မကြာခင် သေတော့မည်ကို ဟာသ လုပ်နေနိုင်သေးသည်လား။
‘စိတ်ကျန်းမာရေးဆေးရုံက လာတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ငါက ဆေးရုံအုပ်လေ။ အရူးမှ မဟုတ်တာ။ ဘာဖြစ်တာလဲ။ အချိန်ခရီးသွားလိုက်တာနဲ့ ငါ ယွင်ကျုံးဟဲ့လည်း အရူးဖြစ်သွားပြီလား။’
ယွင်ကျုံးဟဲ့ ဦးနှောက်ကို အစွမ်းကုန် ညှစ်ထုတ် စဉ်းစားလိုက်သည်။ ‘အသက်ရှင်ဖို့ နည်းလမ်းရှာရမယ်။ နည်းလမ်းရှာရမယ်။’
“ရွှပ်... ရွှပ်... ရွှပ်...”
ခေါင်းဖြတ်ပွဲက ဆက်လက် ကျင်းပလျက်ရှိရာ ယွင်ကျုံးဟဲ့ အလှည့်ရောက်ရန် (၅) စက္ကန့်သာ လိုတော့၏။
‘ဘယ်လို လုပ်ရမလဲ။ ဘယ်လို လုပ်ရမလဲ။ ငါ ယွင်ကျုံးဟဲ့က ပါရမီရှင်၊ စာတော်တဲ့သူ၊ သူများမယားကို ကြာခိုတဲ့သူ၊ ယောက်ျားတွေကို ဦးထုပ်စိမ်းဆောင်းပေးတဲ့သူ။ ဒီလောက် အရည်အချင်းရှိတဲ့ ငါက ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်တော့ဘူးလား။ ဒီကမ္ဘာက ခန္ဓာကိုယ်ပိုင်ရှင်က ဘာအပြစ်များ လုပ်ထားလို့ ခေါင်းဖြတ်ခံရတာလဲ။’
သို့သော်ငြား ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်ရသည်။
ပထမဦးစွာ သူ့ပါးစပ်ကို အဝတ်စဖြင့် ဆို့ထားသောကြောင့် စကားပြော၍ မရပေ။ ခေါင်းစွပ် စွပ်ထားသောကြောင့် သူ၏ ချောမောခန့်ညားသော မျက်နှာကို ထုတ်ပြပြီး ညှို့ယူ၍လည်း မရနိုင်ချေ။ လက်ကိုလည်း ကြိုးတုပ်ထားသောကြောင့် လက်ဟန်ခြေဟန် ပြ၍လည်း မရနိုင်ပေ။
သူ့အလှည့်ရောက်ရန် (၄) စက္ကန့်... (၃) စက္ကန့်... ဤအခြေအနေမျိုးတွင် သူက ပါရမီရှင် ဖြစ်နေလျှင်တောင်မှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။
‘သေပြီ။ သေချာပေါက် သေပြီ။’
ယွင်ကျုံးဟဲ့သည် သမိုင်းတစ်လျှောက် ကံအဆိုးဆုံး အချိန်ခရီးသွားသူ၊ ဝိညာဉ်ကူးပြောင်းသူ ဖြစ်လာတော့မည်။ အခြားကမ္ဘာသို့ ရောက်ပြီး (၁၃) စက္ကန့်အတွင်း အသတ်ခံရတော့မည်။ စကားမပြောနိုင်၊ မလှုပ်ရှားနိုင်ဘဲ (၃) စက္ကန့်အတွင်း လွတ်မြောက်လမ်းကို ရှာရသည်မှာ ကောင်းကင်ပေါ်သို့ ခြေကျင်တက်ရသည်ထက် ခက်ခဲသည်။
(၃)... (၂)... (၁)...
ဓားချက်ကျသွားသည်နှင့် ဘေးနားရှိ အကျဉ်းသား၏ ဦးခေါင်း ပြတ်ကျသွားသည်။ သူ့နှင့် လက်တစ်ကမ်း အကွာအဝေးသာ ရှိ၏။ ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်သို့ သွေးပူပူများ လာစင်သည်။ ယခု ယွင်ကျုံးဟဲ့ အလှည့်ကို ရောက်ပြီ ဖြစ်၏။
ကွပ်မျက်သူက သူ့နောက်သို့ ရောက်လာပြီး ဓားကြီးကို မြှောက်ကာ ယွင်ကျုံးဟဲ့၏ လည်ပင်းကို ချိန်ရွယ်လိုက်သည်။
သမိုင်းတွင် အသက်အတိုဆုံး အချိန်ခရီးသွားသူအဖြစ် မှတ်တမ်းဝင်တော့မည့်ဆဲဆဲတွင် ယွင်ကျုံးဟဲ့၏ မျက်နှာထားသည် အံ့သြသည့်ပုံစံ ဖြစ်သွားပြီးနောက် ပြုံးရောင်သန်းလာသည်။ သူ့ကိုယ်သူ ကယ်တင်စရာ မလိုတော့ကြောင်း သိလိုက်ရသောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် သူ့နောက်တွင် ရပ်နေသော ကွပ်မျက်သူ၏ အတွေးသံကို သူ ကြားလိုက်ရသောကြောင့်ဖြစ်သည်။
‘ဒီကောင်လေးကို သတ်လို့မဖြစ်ဘူး။’
ကွပ်မျက်သူသည် သူ့နောက်တွင် ရပ်နေခြင်း ဖြစ်၍ ယွင်ကျုံးဟဲ့ မမြင်ရပေ။ ထို့အပြင် ပါးစပ်မှလည်း အသံထွက် ပြောဆိုခြင်း မရှိဘဲ စိတ်ထဲကသာ တွေးလိုက်ခြင်း ဖြစ်၏။
သို့သော်ငြား ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ထိုစကားသံကို ပြတ်သားစွာ ကြားလိုက်ရသည်။ ‘ဒီကောင်လေးကို သတ်လို့မဖြစ်ဘူး။’
ဤအရာသည် စိတ်ဖတ်နိုင်သည့် စွမ်းရည်ပင်။ အမှတ် (၁၆) လူနာ သရဲ၏ စွမ်းရည် မဟုတ်ပါလား။ သူ၏ ပါရမီထူးက ယွင်ကျုံးဟဲ့ဆီ မည်သို့ ရောက်လာသနည်း။
အချိန်ခရီးသွားပြီးနောက် အရူးများ၏ ဝိညာဉ် ပူးကပ်ခြင်းကို ခံလိုက်ရသည်လား။ ထိုသို့ဆိုလျှင် တခြား အရူးများ၏ စွမ်းရည်တွေရော...
ထိုစဉ်မှာပဲ “ရွှပ်...” ကွပ်မျက်သူ၏ ဓားကြီးက အရှိန်ပြင်းပြင်း ကျဆင်းလာသည်။
ယွင်ကျုံးဟဲ့၏ မျက်လုံးရှေ့တွင် အရာအားလုံးက မှောင်မိုက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးပေါ်သို့ လဲကျကာ သတိလစ် မေ့မျောသွား၏။
…………..
အချိန် မည်မျှ ကြာသွားသည် မသိချေ။ ယွင်ကျုံးဟဲ့ ပြန်လည် နိုးထလာ၏။ ယခုအခါ သူသည် အကျဉ်းခန်းတစ်ခုထဲ၌ ရောက်ရှိနေပြီး သစ်သားစင်တစ်ခုပေါ်တွင် ကြိုးတုပ်ခံထားရသည်။ သူ့ခန္ဓာကိုယ် အထက်တွင် ပေါင်တစ်ရာခန့် လေးသော ဓားစက်ကြီး သုံးခု ချိတ်ဆွဲထား၏။
အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ထိုဓားစက်ကြီးများ ပြုတ်ကျလာပြီး သူ့ခန္ဓာကိုယ်ကို လေးပိုင်း ပိုင်းပစ်ပေတော့မည်။ သူ့ရှေ့တွင် သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်။ ထိုမျက်လုံးများမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသောကြောင့် မျက်နှာပိုင်ရှင်၏ ရုပ်သွင်ကို သတိမထားမိတော့လောက်အောင်ပင်။
ယွင်ကျုံးဟဲ့သည် အလိုအလျောက် စိတ်ဖတ်နိုင်စွမ်းကို အသုံးပြုလိုက်သော်လည်း ထိုမျက်လုံးပိုင်ရှင်၏ စိတ်မှာ ရေကန်ကဲ့သို့ ငြိမ်သက်နေပြီး မည်သည့် ခံစားချက်၊ မည်သည့် အတွေးမှ ပေါ်ထွက်လာခြင်း မရှိသည်ကို တွေ့လိုက်ရသည်။
သေချာပေ၏။ ဤလူသည် သာမန်မဟုတ်သော သိုင်းပညာရှင်တစ်ဦး ဖြစ်ရမည်။
“ယွင်ကျုံးဟဲ့... တခြားလူတွေ အကုန် အသတ်ခံလိုက်ရပြီ။ မင်း တစ်ယောက်တည်း အသက်ရှင် ကျန်ရစ်ခဲ့တယ်။ ဘာကြောင့်လဲ သိလား။” မျက်လုံးပိုင်ရှင်က မေးလိုက်၏။
ယွင်ကျုံးဟဲ့ ခေါင်းခါလိုက်သည်။
“ငါ အမိန့်တစ်ချက် ပေးလိုက်တာနဲ့ မင်းရဲ့ ခန္ဓာကိုယ် လေးပိုင်း ပြတ်သွားလိမ့်မယ်။ အသက်ရှင်ချင်သလား။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်သည်။
“ရှင်သန်ချင်တယ်ပေါ့။ ကောင်းပြီ။ ငါက မင်းကို ဘာလို့ အသက်ချမ်းသာပေးရမှာလဲ။”
ယွင်ကျုံးဟဲ့သည် ခံစားချက်များကို စုစည်းလိုက်ပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် မျက်ရည်များ ဝဲကာ အော်ခေါ်လိုက်၏။ “အဖေ...”
ထိုလူမှာ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားသည်။
ယွင်ကျုံးဟဲ့က ဆက်လက်၍ တည်ကြည်စွာ ပြောလိုက်၏။ “ဒီလိုဆိုရင်ရော... ကျုပ် ခင်ဗျားကို အဖေခေါ်ပါ့မယ်။ ခင်ဗျား ကျုပ်ကို အသက်ချမ်းသာပေးပါ။”
***