ယွင်ကျုံးဟဲ့၏ စကားကို ကြားလိုက်ရချိန်တွင် သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးပိုင်ရှင်မှာ ခေတ္တမျှ ကြောင်အသွားမိသည်။
ထို့နောက် သူ၏အကြည့်တို့က တစ်နေရာတည်းသို့ စူးစိုက်ကျရောက်လာပြီး မေးခွန်းထုတ်လိုက်၏။ “မင်း သေမှာ မကြောက်ဘူးလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကြောက်လွန်းလို့ သေတော့မယ်။”
ထိုသူက မေးလိုက်၏။ “ဒါဆို ဘာလို့ သေလမ်းကို ရှာနေတာလဲ။”
ထိုမေးခွန်းကြောင့် ယွင်ကျုံးဟဲ့သည်လည်း ကိုယ့်ကိုယ်ကိုယ် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူသည် အသက်ရှင်ရန် ပြင်းပြစွာ ဆန္ဒရှိနေသော်လည်း နှုတ်မှ ထွက်သွားသော စကားများက သေလမ်းရှာနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
သူ့ရှေ့မှ မျက်လုံးအကြည့်စူးရှသူသည် လူသတ်ရာတွင် မျက်တောင်တစ်ချက်ပင် ခတ်မည့်သူ မဟုတ်ကြောင်း သိသာ ထင်ရှားသည်။ ထိုသူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူအပေါင်းမှာ ရေတွက်၍ပင် ကုန်နိုင်မည် မဟုတ်ချေ။
ယခုအချိန်တွင် ယွင်ကျုံးဟဲ့အား သတ်ဖြတ်ပစ်လိုက်ခြင်းဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ခြေမွ သတ်လိုက်သကဲ့သို့ လွယ်ကူသော ကိစ္စဖြစ်၏။
ဤကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ကြောက်ရွံ့တုန်လှုပ်နေသင့်သော်လည်း သူ၏ စိတ်ထဲ၌ ဟာသလုပ်ချင်သော ဆန္ဒကို ထိန်းချုပ်မရ ဖြစ်နေမိသည်။ ဤအပြုအမူမှာ ပုံမှန် ယွင်ကျုံးဟဲ့၏ စရိုက်နှင့် မတူပေ။
သူသည် စိတ်ကျန်းမာရေးဆေးရုံတွင် ဆေးရုံအုပ်ကြီး လုပ်ခဲ့ဖူးသော်လည်း ကိုယ်တိုင်မှာမူ စိတ်ကျန်းမာရေး ချို့ယွင်းနေသူ မဟုတ်ခဲ့ချေ။ သို့သော်ငြား ယခုအချိန်တွင်တော့ သူ၏ အပြုအမူများက အနည်းငယ် စိတ်ဖောက်ပြန်နေသကဲ့သို့ ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က ပခုံးတွန့်ကာ ပြောလိုက်၏။ “ကျုပ်က ဟာသလုပ်ရတာ ကြိုက်တတ်တဲ့ လူစားမျိုးမို့ပါ။”
ထိုသူက ဆက်ပြောလိုက်သည်။ “နေ့ခင်းတုန်းက လူပေါင်း (၃၉) ယောက် ခေါင်းဖြတ်အသတ်ခံခဲ့ရတယ်။ မင်းလည်း သေဒဏ်သင့်မှာ သေချာနေပေမဲ့ ဘာကြောင့် အသက်ရှင်ခွင့်ရခဲ့တာလဲဆိုတာ သိလား။”
ယွင်ကျုံးဟဲ့က ခေတ္တမျှ စဉ်းစားပြီး ပြန်မေးလိုက်၏။ “ကျုပ်က ရုပ်ချောလို့လား။”
ထိုသူက မှန်တစ်ချပ်ကို ယူ၍ စားပွဲပေါ်သို့ တင်လိုက်ပြီး ယွင်ကျုံးဟဲ့အား ကိုယ့်မျက်နှာကိုယ် ပြန်ကြည့် စေသည်။ သူပြောသည်မှာ မမှားပေ။ ယွင်ကျုံးဟဲ့သည် အမှန်တကယ်ပင် ရုပ်ရည်ချောမောလှသည်။ ကမ္ဘာဟောင်းမှ ယွင်ကျုံးဟဲ့၏ ရုပ်ရည်နှင့် ထပ်တူနီးပါး တူညီနေ၏။
ရှေးခေတ်ဝတ်စုံနှင့် ဆံပင်ရှည်တို့ကြောင့် ပို၍ပင် ခံ့ညားနေသေး၏။ သို့သော်ငြား အနည်းငယ် ကွဲပြားချက်များတော့ ရှိနေ၏။ မျက်လုံးအရောင် မတူသကဲ့သို့ မျက်နှာသွင်ပြင်ကလည်း အနည်းငယ် ကွဲပြားနေသည်။
ဤကမ္ဘာမှ ယွင်ကျုံးဟဲ့၏ ရုပ်ရည်ကို တိတိကျကျ ဖော်ပြရန် ခက်ခဲသည်။ မည်သို့ ပြောရမည်နည်း။ ရုပ်ရည်မှာ ပြိုင်ဘက်ကင်း ချောမောသော်လည်း ကြည့်လိုက်သည်နှင့် လူကောင်းမဟုတ်မှန်း သိသာနေ၏။
ကာမရာဂစိတ် ပြင်းထန်သော မျက်နှာပေးမျိုးရှိပြီး ရုပ်ရှင်ဇာတ်လမ်းများထဲတွင် ပါဝင်လေ့ရှိသည့် ဗီလိန် ဇာတ်ကောင်များနှင့် တူနေ၏။ မိစ္ဆာဆန်လွန်းပြီး ယုတ်မာမည့် ပုံပေါက်နေသည်။ (ဗီလိန်ဇာတ်ရုပ်ကို စာဖတ်သူတို့ သရုပ်ဆောင် စိုင်းအောင်တင့်ကို မြင်ယောင်ကြည့်လျှင် သိနိုင်ပေမည်)
မည်သို့သော ယုတ္တိဗေဒနည်း။ ဤကမ္ဘာမှ ယွင်ကျုံးဟဲ့သည် ကမ္ဘာဟောင်းမှ နာမည်နှင့် တူညီနေရုံသာမက ရုပ်ရည်ပါ ဆင်တူနေရသည်။
“ငါ ဘယ်သူလဲဆိုတာ မင်း သိလား။” ထိုသူက ထပ်မံ မေးမြန်းလိုက်၏။
ယွင်ကျုံးဟဲ့က ခန့်မှန်းကြည့်လိုက်သည်။ “ကျင်ယီဝေလား... အရှေ့နန်းဆောင်ကလား။”
“ဟေးလုံထိုင်...”
ယွင်ကျုံးဟဲ့သည် ဤကမ္ဘာနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ သူ့တွင် မရှိကြောင်း သတိထားမိလိုက်၏။ ဤခန္ဓာကိုယ်ပိုင်ရှင်က မည်သူနည်း။ နာမည်က ဘာဖြစ်သနည်း၊ အဘယ်ကြောင့် သေဒဏ်ကျခံနေရသနည်း စသည့် အကြောင်းအရာများကို လုံးဝ မသိရှိထားပေ။
ဟေးလုံထိုင် ဆိုသည်မှာ တာယင်အင်ပါယာ သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့၊ ဘုရင်မင်းမြတ်၏ အာဏာအရှိဆုံး လက်ရုံးတပ်ဖွဲ့ဖြစ်ပြီး ဟေးလုံထိုင် လှုပ်ရှားသည်နှင့် တိုင်းပြည်တစ်ခုလုံး တုန်လှုပ် ချောက်ချားရ၏။
ကောလာဟလများအရ အရာရှိတစ်ဦးသည် နေအိမ် အိပ်ရာထက်၌ ဇနီးသည်အား အစိုးရမင်းများအကြောင်း မကောင်းပြောလိုက်မိသည်။ တစ်နာရီပင် မကြာလိုက်ပေ။ ထိုစကားသည် လျှို့ဝှက်အစီရင်ခံစာအဖြစ် နန်းတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်ဟူ၍ ကျော်ကြားသည်။။
ဤလောကတွင် ဟေးလုံထိုင် မလုပ်နိုင်သော ကိစ္စဟူ၍ မရှိသကဲ့သို့ ဟေးလုံထိုင် မသတ်နိုင်သော လူဟူ၍လည်း မရှိချေ။ ဟေးလုံထိုင်၏ ပစ်မှတ်ဖြစ်သွားပါက ကမ္ဘာမြေအဆုံးထိ ထွက်ပြေး တိမ်းရှောင် နေပါစေ လွတ်မြောက်မည် မဟုတ်ပေ။ သေလမ်းသာ ရှိမည်။
ထိုသူက ဆက်ပြောလိုက်၏။ “ငါတို့က ဧကရာဇ်မင်းမြတ်ရဲ့ လက်ရုံးတွေပဲ။ ကောင်းကင်အောက်မှာ အင်အားအကြီးဆုံး အဖွဲ့အစည်းလို့ ပြောလို့ရတယ်။ ခေါင်းဆောင်က လက်ဖျားတစ်ချက် လှုပ်လိုက်တာနဲ့ မိုင်ပေါင်းတစ်သောင်းအကွာက လူတစ်ယောက်ရဲ့ခေါင်း ပြတ်ကျသွားနိုင်တယ်။ နောက်ထပ် လက်ဖျား တစ်ချက် ထပ်လှုပ်လိုက်ရင် မိုင်ပေါင်းတစ်သောင်းအကွာက တိုင်းပြည်တစ်ပြည်ရဲ့ ထီးနန်းအာဏာကို ပြောင်းလဲပစ်နိုင်တယ်။”
ထိုစကားကို ကြားချိန်မှာတော့ ဟေးလုံထိုင်သည် သာမန် လျှို့ဝှက်တပ်ဖွဲ့အဆင့် မဟုတ်တော့ကြောင်း ယွင်ကျုံးဟဲ့ သဘောပေါက်လိုက်သည်။ ကျင်ယီဝေနှင့် အရှေ့နန်းဆောင်တို့ထက်ပင် သာလွန်ကာ ခေတ်သစ်ကမ္ဘာမှ ဗဟိုထောက်လှမ်းရေးအဖွဲ့နှင့် KGB တို့ ပေါင်းစည်းထားသည်နှင့်ပင် တူနေသေးသည်။
(KGB - ဆိုဗီယက်ယူနီယံ၏ အဓိက ထောက်လှမ်းရေးနှင့် လုံခြုံရေး အေဂျင်စီဖြစ်ပြီး ကမ္ဘာ့သမိုင်းမှာ သြဇာအကြီးမားဆုံးနဲ့ အကြောက်ရဆုံး အဖွဲ့အစည်းတွေထဲက တစ်ခု)
ထိုသူက ဖြည်းညင်းစွာ ပြောလိုက်၏။ “ပုံမှန်ဆို မင်းက ခေါင်းဖြတ်ခံရမှာ။ ဒါပေမဲ့ မင်း အသက်ရှင်ခွင့် ရလိုက်တာက ငါ မင်းကို သဘောကျလို့ပဲ။ မင်းကို ဟေးလုံထိုင်ထဲ သွတ်သွင်းပြီး အင်ပါယာရဲ့ လျှို့ဝှက်သူလျှိုတစ်ယောက် ဖြစ်စေချင်တယ်။”
‘ဟေးလုံထိုင်၏ လျှို့ဝှက်သူလျှို ဟုတ်လား။ လူသတ်လိုင်စင်ရထားတဲ့ ဂျိန်းစဘွန်း အေးဂျင့် ၀၀၇ လိုလား၊ ဒါမှမဟုတ် နန်းတွင်းလျှို့ဝှက်သူလျှို ၀၀၈ လိုမျိုးလား။’
ထိုသူက ပြောလိုက်သည်။ “မင်းပြောတာ မမှားဘူး။ ငါ မင်းကို သဘောကျရတဲ့ အကြောင်းရင်းက ရုပ်ချောလို့ပဲ။ သူများတွေ မနာလိုဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးပစ်ချင်လောက်တဲ့အထိ ချောမောလွန်းလို့ပဲ။ ငါ့လက်ထဲမှာ လျှို့ဝှက်တာဝန်တစ်ခု ရှိနေတယ်။ အဲဒီအတွက် အရမ်းချောမောတဲ့ ယောကျ်ားတစ်ယောက် လိုအပ်နေတယ်။”
ယွင်ကျုံးဟဲ့က ချက်ချင်း ပြန်ဖြေလိုက်၏။ “ပြဿနာ မရှိပါဘူး။ ကျုပ် လုပ်မယ်။ ဘယ်သူ့ကို သွားဖြားယောင်း ရမှာလဲ။”
ဟေးလုံထိုင်မှ ထိုပုဂ္ဂိုလ်က ပြောလိုက်သည်။ “လူသတ်ရာမှာ မျက်တောင်မခတ်တဲ့ မိန်းမလှ ဓားပြခေါင်းဆောင်တစ်ယောက်ကို သွားဖြားယောင်းရမယ်။ သူက ရုပ်ရည်လှပသလို သိုင်းပညာလည်း ထူးချွန်တယ်။ အင်အားကြီးမားပြီး အဲဒီနယ်မြေမှာ မိုးလေကိုတောင် ဆင့်ခေါ်နိုင်တဲ့သူပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားတို့ ဟေးလုံထိုင်က အင်ပါယာရဲ့ အတော်ဆုံး လျှို့ဝှက် အဖွဲ့အစည်းဆို၊ သိုင်းပညာရှင်တွေလည်း အများကြီး ရှိနေတာပဲ။ ဓားပြခေါင်းဆောင် မိန်းမလှလေး တစ်ယောက်လောက်ကို သတ်ပစ်ဖို့ မခက်ခဲလောက်ပါဘူး။”
ဟေးလုံထိုင်မှ ထိုပုဂ္ဂိုလ်က ပြောလိုက်သည်။ “သတ်ပစ်ဖို့ မဟုတ်ဘူး။ သူ့ကို သိမ်းပိုက်ရမှာ။ ပြီးတော့ သူ့ရဲ့အင်အားစု တစ်ခုလုံးကိုပါ သိမ်းယူပြီး အင်ပါယာ အတွက် အသုံးချရမှာ”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူ့ရဲ့ အင်အားစုက ဘာလဲ။”
ဟေးလုံထိုင်မှ ထိုပုဂ္ဂိုလ်က ပြောလိုက်သည်။ “လေခွင်းမြို့”
‘လေခွင်းမြို့ဟုတ်လား။ အဲတာက ဘယ်နေရာမှာလဲ။ ဘယ်အင်အားစုလဲ။’
သနားစရာကောင်းသော ယွင်ကျုံးဟဲ့ခမျာ ဤခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ မရှိရုံသာမက ဤကမ္ဘာ အကြောင်းကိုလည်း လုံးဝ မသိရှိထားပေ။ ထို့ကြောင့် လေခွင်းမြို့ဆိုသည်မှာ မည်သည့်နေရာမှန်း သူ မသိချေ။
ဟေးလုံထိုင်မှ ထိုပုဂ္ဂိုလ်က ရှင်းပြလိုက်သည်။ “လေခွင်းမြို့ရဲ့ နယ်မြေအကျယ်အဝန်းက စတုရန်းကီလိုမီတာ တစ်သောင်းသုံးထောင် ရှိတယ်။ နယ်စား ပိုင်နက် (၉) ခုနဲ့ မြို့တော်တစ်ခု ပါဝင်ဖွဲ့စည်းထားပြီး လူဦးရေ လေးသိန်းကျော်ရှိတယ်။ အဲဒီအင်အားစုက အင်ပါယာရဲ့ အကျိုးစီးပွားအတွက် အရမ်း အရေးပါတယ်။”
ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဆက်ရှင်းပြ၏။ “အဲဒီနေရာက ပိုင်ရှင်မဲ့နယ်မြေထဲမှာ အင်ပါယာအတွက် အရေးပါတဲ့ ဗျူဟာမြောက် နေရာတစ်ခုပဲ။ အနာဂတ်မှာ ဖြစ်လာမယ့် တောင်ပိုင်းနှင့် မြောက်ပိုင်းစစ်ပွဲအပြင် ထျန်းကျန်းမြစ်တောင်ဘက်က မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းတဲ့ နယ်မြေတွေရဲ့ ပိုင်ဆိုင်မှုနဲ့လည်း သက်ဆိုင်နေတယ်။”
ယွင်ကျုံးဟဲ့သည် သူ၏ ခန္ဓာကိုယ်ထဲ၌ ကျန်ရှိနေသော မှတ်ဉာဏ်အစအနများကို အသည်းအသန် ရှာဖွေကြည့်လိုက်ရာ ဝေဝါးသော ပုံရိပ်အချို့ ပေါ်လာသည်။
ရှေးဆိုရိုးစကားအတိုင်းပင် ကွဲပြားခြင်းသည် ကြာလာလျှင် ပေါင်းစည်းရစမြဲ၊ ပေါင်းစည်းခြင်းသည် ကြာလာလျှင် ကွဲပြားရစမြဲ ဖြစ်သည်။ ယခု ဤကမ္ဘာကြီးသည်လည်း လှိုင်းလေထန်သော စစ်မက်ခေတ်ကာလသို့ ရောက်ရှိနေ၏။
တိုင်းပြည်ခြောက်ခုတို့သည် ကောင်းကင်အောက် လောကတစ်လွှားကို အုပ်စိုးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်း နေကြသည်။
ကမ္ဘာလောကကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်နိုင်သူသာလျှင် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သော စစ်မက်ခေတ်ဆိုးကြီးကို အဆုံးသတ်နိုင်မည်။ ထိုသူသည် သမိုင်းတွင်မည့် မင်းကောင်းမင်းမြတ် ဖြစ်လာပြီး မိုင်ပေါင်းသောင်းချီ ကျယ်ပြောသော နယ်မြေများကို အုပ်စိုးသည့် စစ်မှန်သော ဧကရာဇ် ဖြစ်လာပေလိမ့်မည်။
ယွင်ကျုံးဟဲ့ ရောက်ရှိနေသော တာယင်အင်ပါယာသည် အလျင်အမြန် နယ်မြေချဲ့ထွင်နေ၏။ နှစ်ပေါင်း တစ်ရာ အတွင်းမှာပဲ တတိယတန်းစား နိုင်ငံငယ်လေးအဖြစ်မှ ပထမတန်းစား အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့ပြီး နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ တောက်ပသော ရောင်ခြည်များကို ထုတ်လွှတ်နေပြီ ဖြစ်သည်။
ပိုင်ရှင်မဲ့နယ်မြေ ဆိုသည်မှာ အမည်နှင့်လိုက်အောင် မည်သည့်နိုင်ငံ၏ လက်အောက်ခံမှ မဟုတ်ပေ။ အင်အားကြီး နိုင်ငံသုံးခု၏ ကြားတွင် တည်ရှိနေပြီး ရာစုနှစ်ပေါင်းများစွာ ကြားခံနယ်မြေအဖြစ် ရပ်တည်ခဲ့၏။
စစ်ဗျူဟာ ပညာရှင်အများစု ပြောခဲ့ဖူးသော စကားတစ်ခွန်း ရှိ၏။ ပိုင်ရှင်မဲ့နယ်မြေကို သိမ်းပိုက်နိုင်သူသည် နောက်လာမည့် စစ်ပွဲကို အနိုင်ရရှိပြီး ကမ္ဘာလောကကို အုပ်စိုးနိုင်မည့် အခွင့်အရေး ရရှိလိမ့်မည် ဟူ၍ပင်။
ထို့ကြောင့် အင်အားကြီးနိုင်ငံ သုံးခုဖြစ်သော တာယင်အင်ပါယာ၊ တောင်ပိုင်းကျိုးအင်ပါယာနှင့် တာ့လျန်နိုင်ငံ တို့သည် ပိုင်ရှင်မဲ့နယ်မြေကို သိမ်းပိုက်ရန် သွားရည်တများများ ကျနေကြသော်လည်း မည်သူကမှ စတင် စစ်ခင်းပြီး မသိမ်းပိုက်ရဲကြပေ။ တာယင်အင်ပါယာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ကိုယ်စားလှယ် အင်အားစုများကို ရှာဖွေကာ ပိုင်ရှင်မဲ့နယ်မြေအတွင်းသို့ ထိုးဖောက် ဝင်ရောက်ပြီး အနာဂတ် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြ၏။
ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးသည် မိုင်ပေါင်းနှစ်ထောင်ကျော် ရှည်လျားပြီး စတုရန်းကီလိုမီတာ ငါးသိန်းခန့် ကျယ်ဝန်းကာ လူဦးရေ သန်းချီ နေထိုင်သည်။ ထိုဒေသတွင် ကြီးငယ်မဟူသော နယ်စားပယ်စားအဖွဲ့ပေါင်း တစ်ဒါဇင်ကျော် ရှိသည်။
လေခွင်းမြို့သည် ထိုအထဲမှ တစ်ခုဖြစ်ပြီး အဆင့်ရာထူး မြင့်မားသော နယ်စားပိုင်နက် တစ်ခုလည်း ဖြစ်သည်။ ကျင်းမိသားစုသည် လေခွင်းမြို့ကို နှစ်ပေါင်း (၂၀၀)ကျော်ကြာ အုပ်စိုးခဲ့ပြီး ကြားကာလတစ်ခုတွင် မျိုးဆက်ပြတ်လုနီးပါး ဖြစ်ခဲ့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းဆယ်ဂဏန်းလောက်က ပြန်လည် တည်ထောင်နိုင်ခဲ့၏။
လက်ရှိ လေခွင်းမြို့စားမှာ ကျင်းကျုံးယွဲ့ ဖြစ်ပြီး ပိုင်ရှင်မဲ့နယ်မြေ၏ တစ်ဦးတည်းသော အမျိုးသမီး မြို့စား ဖြစ်သည်။ သူမကို ‘မိန်းမလှ ဓားပြခေါင်းဆောင်’ ဟု တင်စားခေါ်ဝေါ်ကြသလို ပိုင်ရှင်မဲ့နယ်မြေ၏ နံပါတ်တစ် အလှမယ်ဟုလည်း သတ်မှတ်ထားကြသည်။
တာယင်အင်ပါယာ၏ ဟေးလုံထိုင်သည် ထိုအမျိုးသမီး မြို့စားကို သိမ်းပိုက်ခြင်းအားဖြင့် လေခွင်းမြို့ကို ရယူလိုခြင်း ဖြစ်၏။ ယွင်ကျုံးဟဲ့သည် လူတစ်သောင်းတွင် တစ်ယောက် ရှာရခက်သော ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် ဟေးလုံထိုင်က သူ့ကို သဘောကျပြီး ဤခက်ခဲသော လျှို့ဝှက်တာဝန်ကို ထမ်းဆောင်စေခြင်းပင်။
ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က မေးလိုက်၏။ “ယွင်ကျုံးဟဲ့... မင်းရဲ့ ရည်မှန်းချက်က ဘာလဲ။”
ယွင်ကျုံးဟဲ့ အနည်းငယ် ကြောင်သွားမိသည်။ ဤကမ္ဘာတွင်လည်း သူ့နာမည်မှာ ယွင်ကျုံးဟဲ့ ဖြစ်နေသည်လား။ မည်သို့သော တိုက်ဆိုင်မှုမျိုးနည်း။
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကျုပ်မှာ ရည်မှန်းချက် မရှိဘူး။ ပစ်မှတ်ပဲ ရှိတယ်။”
ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က မေးလိုက်၏။ “ပြောပြစမ်းပါအုံး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အာဏာ၊ ငွေကြေး၊ မိန်းမလှ...”
ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က အေးစက်စွာ ပြုံးလိုက်၏။ “ရိုင်းစိုင်းလိုက်တာ... ရိုင်းစိုင်းလွန်းလို့ သည်းခံချင်စရာတောင် မကောင်းဘူး။ ဒါပေမဲ့ ငါ သဘောကျတယ်။ ငါတို့ တာယင်အင်ပါယာက ဉာဏ်ပညာကြီးမားတဲ့ ဘုရင်မင်းမြတ်ရဲ့ ဦးဆောင်မှုအောက်မှာ အရှိန်အဟုန်နဲ့ နယ်မြေချဲ့ထွင်နေတယ်။ အနှစ်(၂၀) မတိုင်ခင်မှာ ဒီတိုက်ကြီးတစ်ခုလုံးရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်။
အဲဒီအချိန်ကျရင် ကျုပ်တို့ ဟေးလုံထိုင်က ကောင်းကင်အောက်မှာ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာမှာပဲ။ မိုင်ပေါင်းသောင်းချီတဲ့ နယ်မြေတွေအပေါ်မှာ ငါတို့ရဲ့ အာဏာ သက်ရောက်နေလိမ့်မယ်။ ငါတို့ သွားလေရာ အရပ်တိုင်းမှာ ခေါင်းမငုံ့တဲ့သူ ရှိမှာမဟုတ်ဘူး။ အဲဒီအချိန်ကျရင် အာဏာ၊ ငွေကြေး၊ မိန်းမလှ ဆိုတာတွေက လက်တစ်ကမ်းမှာ ရှိနေတဲ့ အရာတွေပဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “နောက်ဖြစ်မယ့်ကိစ္စတွေက နောက်မှ ပြောတာပေါ့။ အခု လောလောဆယ်တော့ အသက်ရှင်ဖို့က အရေးကြီးတယ်။ ကျုပ် ထင်တာမမှားဘူးဆိုရင် လေခွင်းမြို့က လျှို့ဝှက်တာဝန်ဆိုတာ သေဖို့လမ်း သေချာသလောက် ရှိနေတဲ့ အလုပ်မျိုး မဟုတ်လား။”
“မှားတယ်။”
ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ငြင်းလိုက်သည်။ “ကိုးဆယ့်ကိုး ရာခိုင်နှုန်းပဲ သေဖို့သေချာနေတာ။ ဒါပေမဲ့ ယွင်ကျုံးဟဲ့... မင်းက လူယုတ်မာ တစ်ယောက်ပဲ။ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး သူတောင်းစား လက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတယ်။
အရွယ်ရောက်တော့ ပြည့်တန်ဆာအိမ်မှာ အချောင်သမားလုပ်ပြီး ချမ်းသာတဲ့ အမျိုးသမီးတွေကို ပြုစုတယ်။ အဲဒီနောက် လမ်းပေါ်ထွက်ပြီး အပြစ်ကင်းစင်တဲ့ မိန်းကလေးတွေကို ငွေကိုလိမ်၊ လူကိုလိမ် လုပ်ခဲ့တယ်။ ခင်ဗျားက ရေမြောင်းထဲက ပိုးမွှားတွေထက်တောင် နိမ့်ကျတဲ့လူပဲ။ အသက်ရှင်နေတော့ရော ဘာထူးလို့လဲ။”
***