လေခွင်းမြို့သို့ သွားရာခရီးသည် မိုင်ပေါင်းထောင်ချီ ရှည်လျားလှသည်။ မြင်းလှည်းသည် တရွေ့ရွေ့ ဆက်လက် ထွက်ခွာနေ၏။
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”
ဤခရီးလမ်းတွင် သူရဲကောင်းက မိန်းမလှကို ကယ်တင်ခြင်းမျိုးလည်း မရှိ၊ ဓားပြတိုက်ခြင်းလည်း မကြုံတွေ့ရဘဲ အလွန် ချောမွေ့လွန်းသောကြောင့် ပျင်းစရာပင် ကောင်းနေသည်။
မြင်းလှည်းပေါ်ရှိ ယွင်ကျုံးဟဲ့၏ ခေါင်းထဲတွင် စကားလုံး တစ်လုံးတည်းသာ ရှိ၏။ ‘စိတ်ဖတ်ခြင်း’ ဟူ၍ပင်။ ဤအရာသည် ဤကမ္ဘာသို့ သူရောက်လာပြီးနောက် ရရှိခဲ့သော ပထမဆုံး အထူးစွမ်းရည် ဖြစ်ပေလိမ့်မည်။
လွန်ခဲ့သော ရက်များအတွင်း ယွင်ကျုံးဟဲ့သည် ဤစိတ်ဖတ်ခြင်း ပညာရပ်ကို လေ့လာနေခဲ့သည်။ သူ သိရှိလာသည်မှာ သူပိုင်ဆိုင်ထားသော စိတ်ဖတ်ခြင်း ဆိုသည်မှာ လူတစ်ယောက်၏ ဦးနှောက်လှိုင်းများကို တိုက်ရိုက် ဖတ်ရှုခြင်း မဟုတ်ဘဲ မျက်နှာသွင်ပြင်၊ မျက်လုံးအကြည့်၊ အမူအရာတို့ကို သာမန်ထက် အဆပေါင်းများစွာ ချဲ့ထွင်ကြည့်ရှုပြီး အသေးစိတ် ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်၏။
ထိုသူ၏ စရိုက်၊ နောက်ခံအကြောင်းအရာများနှင့် ပေါင်းစပ်ကာ တိကျသော အဖြေတစ်ခုကို ထုတ်ပေးခြင်း ဖြစ်သည်။ စိတ်ဓာတ်မခိုင်မာသူများဆိုလျှင် အသံထွက် မပြောဘဲ ပါးစပ်လှုပ်ရုံဖြင့် ဘာပြောနေမှန်း သူ အတိအကျ သိရှိနိုင်သည်။ ကွပ်မျက်ကွင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်က သက်သေပင်။
စိတ်ဖတ်ခြင်းကို စတင် အသုံးပြုလိုက်သည်နှင့် သူသည် အမှတ် (၁၆) လူနာ၏ အမြင်အာရုံနှင့် စိတ်ကမ္ဘာထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရသည်။ သို့သော်ငြား သူ၏ စွမ်းရည်သည် အမှတ် (၁၆) လူနာလောက် မကောင်းသေးပေ။
အမှတ် (၁၆) သည် စစ်မှန်သော စိတ်ဝေဒနာရှင်ဖြစ်ပြီး သူ၏ ဝိညာဉ်တစ်ခုလုံးကို စိတ်ဖတ်ခြင်းတွင် နှစ်မြှုပ်ထားသူ ဖြစ်သည်။ ထိုလူနာသည် တစ်ဖက်လူ၏ ဦးနှောက်လှိုင်းကို တိုက်ရိုက် ဖတ်ရှုနိုင်သည်အထိ စွမ်းဆောင်နိုင်ကောင်း စွမ်းဆောင်နိုင်ပေမည်။
သို့သော်ငြား ယခုလက်ရှိ အခြေအနေသည်ပင် ယွင်ကျုံးဟဲ့ အတွက် အလွန် အဖိုးတန်သော လက်နက်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ အကယ်၍ အမှတ် (၁၆) ၏ စွမ်းရည်ကို အပြည့်အဝ ရရှိသွားလျှင် မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်ကို မခန့်မှန်းနိုင်ပေ။
နောက်ထပ် စဉ်းစားစရာ တစ်ခုမှာ X စိတ်ကျန်းမာရေးဆေးရုံတွင် လူနာပေါင်း (၂၉) ယောက် ရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားစဉ် သူတို့အားလုံး၏ စွမ်းရည်များ သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်လား။
လောလောဆယ်တွင်မူ အမှတ် (၁၆) တစ်ယောက်တည်း၏ စွမ်းရည်ကိုသာ သူ ခံစားမိသေးသည်။ ကျန်လူနာများ၏ စွမ်းရည်များ နိုးထမလာသေးခြင်းလည်း ဖြစ်နိုင်၏။
………………
ငါးရက်ကြာပြီးနောက်...
ယွင်ကျုံးဟဲ့သည် တာယင်အင်ပါယာ နယ်နိမိတ်ကို ကျော်ဖြတ်ပြီး ပိုင်ရှင်မဲ့နယ်မြေ အတွင်းသို့ ဝင်ရောက် လာခဲ့သည်။ ပိုင်ရှင်မဲ့နယ်မြေသည် စတုရန်းကီလိုမီတာ ငါးသိန်းခန့် ကျယ်ဝန်းပြီး ပြည်နယ်နှစ်ခုစာခန့် ရှိ၏။ လူဦးရေ ဆယ်သန်းခန့် နေထိုင်သောကြောင့် နိုင်ငံငယ်လေး တစ်ခုနှင့် တူနေသည်။
ဤဒေသတွင် နယ်စားပယ်စား အဖွဲ့အစည်းပေါင်း တစ်ဒါဇင်ကျော် ရှိ၏။ အကြီးဆုံး နယ်မြေမှာ စတုရန်း ကီလိုမီတာ တစ်သိန်းကျော် ကျယ်ဝန်းပြီး အငယ်ဆုံးမှာ တစ်ထောင်ခန့်သာ ရှိ၏။
လေခွင်းချိုင့်ဝှမ်းသည် စတုရန်းကီလိုမီတာ တစ်သောင်းသုံးထောင် ကျယ်ဝန်းပြီး လူဦးရေ လေးသိန်းခန့်သာ ရှိသောကြောင့် အဆင့် (၆) နေရာတွင်သာ ရှိ၏။ သို့သော်ငြား ၎င်း၏ တည်နေရာသည် အလွန် ဗျူဟာကျနေခြင်းပင်။
တောင်ကြားတွင် တည်ရှိသောကြောင့် ခံစစ်ကောင်းမွန်ပြီး တိုက်ခိုက်ရန် ခက်ခဲသော စစ်ရေးဗျူဟာကျသည့် နေရာဖြစ်သလို ကုန်သွယ်ရေး ဗဟိုချက်လည်း ဖြစ်၏။ မြို့တော် လေခွင်းမြို့သည် တောင်ကြားတွင် တည်ရှိပြီး သဘာဝက ဖန်တီးပေးထားသော ခံတပ်မြို့ကြီးသဖွယ် ဖြစ်နေသည်။
လေခွင်းမြို့၏ မြေဆီလွှာသည် စိုက်ပျိုးရေးအတွက် မကောင်းမွန်ပေ။ ထို့ကြောင့် စားနပ်ရိက္ခာ ဖူလုံမှု မရှိချေ။ သို့သော်ငြား ကောင်းကင်ဘုံက သူတို့ကို ရတနာသိုက်တစ်ခု ပေးသနားထားသည်။ ၎င်းမှာ ဆားတွင်းများ ဖြစ်ပြီး မရေမတွက်နိုင်သော ဆားတွင်းများ တည်ရှိနေ၏။
ဆားတွင်းရှိခြင်းသည် အထူးအဆန်း မဟုတ်သော်လည်း အများစုမှာ စားသုံး၍မရဘဲ အဆိပ်သင့်စေနိုင်၏။ သို့သော်ငြား လေခွင်းချိုင့်ဝှမ်းမှ ဆားတွင်းများမှာမူ ပထမတန်းစား ဖြစ်သည်။ အနည်းငယ် သန့်စင်လိုက်ရုံဖြင့် နှင်းကဲ့သို့ ဖြူဖွေးသော ဆားအနုစားများ ရရှိနိုင်သည့် အခြေအနေမျိုးပင်။
လေခွင်းမြို့မှ ထွက်ရှိသော ဆားများသည် ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်ရုံသာမက အိမ်နီးချင်း နိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်သည်။ ထို့ကြောင့် လေခွင်းမြို့သည် နယ်မြေနှင့် လူဦးရေအရ အဆင့် (၆) သာ ရှိသော်လည်း ကြွယ်ဝမှုတွင်မူ ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်၏။
…………
မြင်းလှည်းစီးပြီး သုံးရက်အကြာတွင် ယွင်ကျုံးဟဲ့သည် လေခွင်းမြို့ပြင်သို့ ရောက်ရှိလာသည်။ သူ ထင်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။
ပိုင်ရှင်မဲ့နယ်မြေ ဖြစ်သောကြောင့် လူရိုင်းများ နေထိုင်ရာ တောတောင်များ၊ ဂူများသာ ဖြစ်မည်ဟု ယူဆထားခဲ့သော်လည်း အမှန်တကယ်တွင် စည်ကား သိုက်မြိုက်သော မြို့ကြီးတစ်မြို့ ဖြစ်နေ၏။
မြို့သည် တောင်ကြားတွင် တည်ရှိသောကြောင့် အရှေ့နှင့် အနောက်တွင်သာ မြို့ရိုးရှိပြီး ဘေးနှစ်ဖက်တွင် မြင့်မားသော တောင်တန်းကြီးများက သဘာဝ တံတိုင်းအဖြစ် ကာရံပေးထားသည်။ လေခွင်းမြို့အောက်တွင် နယ်မြေ (၁၉) ခု ရှိပြီး ခေါင်းဆောင် (၁၉) ဦးက အုပ်ချုပ်၏။ အုပ်ချုပ်ရေး ဗဟိုချက်မှာ လေခွင်းမြို့ပင်။
လေခွင်းချိုင့်ဝှမ်းရှိ လူဦးရေ လေးသိန်းအနက် တစ်သိန်းခန့်သည် လေခွင်းမြို့တွင် နေထိုင်ကြ၏။ တောင်ကြားတွင် တည်ဆောက်ထားသောကြောင့် မြို့သည် အလျားရှည်ပြီး အနံကျဉ်းသည်။ တောင်နှင့် မြောက် (၁၀) မိုင်ခန့် ရှည်လျားပြီး အရှေ့နှင့် အနောက် (၃) မိုင်ခန့်သာ ကျယ်ဝန်း၏။
စာတစ်အုပ် ဖတ်ခြင်းထက် ခရီးတစ်ခေါက် ထွက်ခြင်းက ပို၍ အကျိုးရှိသည် ဆိုစကားအတိုင်း ယွင်ကျုံးဟဲ့သည် မြင်လိုက်ရုံဖြင့် တာယင်အင်ပါယာက အဘယ်ကြောင့် ဤမြို့ကို အရေးတယူ လုပ်နေရကြောင်း သဘောပေါက်သွားသည်။
လေခွင်းမြို့ကို ပိုင်ဆိုင်ထားခြင်းသည် ပိုင်ရှင်မဲ့နယ်မြေ၏ ရင်ဝကို သံချွန်ဖြင့် စိုက်ထားသကဲ့သို့ ဖြစ်နေ၏။ တိုက်စစ်ဆင်ရန် လွယ်ကူသလို ခံစစ်အတွက်လည်း ကောင်းမွန်သည်။ ဤမြို့သည် တာယင်အင်ပါယာ အတွက် ဗျူဟာမြောက် အရေးပါလွန်းလှ၏။
အထင်ရှားဆုံး အရာမှာ တောင်ကုန်းပေါ်ရှိ မြို့စားအိမ်တော် ဖြစ်သည်။ တစ်မြို့လုံးကို စိုးမိုးကြည့်ရှုနိုင်သော နေရာတွင် တည်ရှိပြီး ခမ်းနားထည်ဝါသော ရဲတိုက်ကြီး တစ်ခု ဖြစ်၏။ ဧကပေါင်း ထောင်ချီ ကျယ်ဝန်းပြီး မည်သူမျှ ထိုးဖောက်မဝင်ရောက်နိုင်လောက်အောင် ခိုင်ခံ့သည်။
‘မိန်းမလှ ဓားပြခေါင်းဆောင်’ ကျင်းကျုံးယွဲ့သည် ထိုရဲတိုက်ကြီးတွင် နေထိုင်၏။ ယွင်ကျုံးဟဲ့၏ လူယုတ်မာ စိတ်ဓာတ်များ နိုးကြွလာသည်။ သူသည် မိန်းကလေး အများအပြားကို ဖျက်ဆီးခဲ့ဖူးသော်လည်း ဤမျှ အဆင့်မြင့်ပြီး အစွမ်းထက်သော အမျိုးသမီးမျိုးကို မကြုံဖူးသေးပေ။
ရဲတိုက်ကြီးကို ကြည့်ရင်း ယွင်ကျုံးဟဲ့ စိတ်ညစ်သွားသည်။ ‘ကောင်းကင်ဘုံ... ရဲတိုက်ကြီးက ဒီလောက်ကျယ်တာ ကျုပ်နဲ့ ကျင်းကျုံးယွဲ့ ဘယ်အပိုင်းမှာ အိပ်ရမလဲ။ ဘယ်ဘက်က ရှုခင်းလှတယ်။ ညာဘက်က ဖုန်းရွှေကောင်းတယ်။ ဟူး... ရွေးရခက်လိုက်တာ။’
ယွင်ကျုံးဟဲ့ကို လိုက်ပို့သော မြင်းရထားမောင်းသူသည် စကားမပြောတတ်သော လူအတစ်ယောက် ဖြစ်၏။ စကားတစ်ခွန်းမှ မပြောသလို မျက်နှာတွင်လည်း ခံစားချက် မရှိပေ။ သို့သော်ငြား သိုင်းပညာ အလွန် ကောင်းမွန်သည်။
လေခွင်းမြို့ကို မြင်လိုက်ရချိန်တွင် ထိုလူ၏ မျက်နှာ အနည်းငယ် ရှုံ့တွသွားပြီး နာကျင်မှု အရိပ်အယောင်များ ပေါ်လာ၏။ ဤမြို့သည် သူ့အတွက် ဝမ်းနည်းဖွယ်ရာ အတိတ်များ ရှိနေပုံပင်။
ဟေးလုံထိုင်၏ အတော်ဆုံး သူလျှိုများစွာ ဤမြို့တွင် အသက်ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။ ဟေးလုံထိုင်သည် နေရာတိုင်းတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း လေခွင်းမြို့သည် သူတို့၏ ကျရှုံးရာ မြေဖြစ်သည်။
ယွင်ကျုံးဟဲ့က ရဲတိုက်ကြီးကို မော့ကြည့်ရင်း ပြောလိုက်၏။ “ကြားရသလောက် ကျင်းကျုံးယွဲ့မှာ ယောကျ်ား မရှိဘူးဆို။ ရည်းစားလည်း မရှိဘူးတဲ့။ နှမြောစရာပဲ။ ကျုပ်ရဲ့ စွမ်းဆောင်ရည်တွေကို ပြခွင့်မရတော့ဘူးပေါ့။ ဒီလောက် လှပတဲ့ ဦးထုပ်စိမ်းကို ပေးခွင့်မရတော့တာ ဝမ်းနည်းစရာပဲ။ ဟူး... ဘဝဆိုတာ စိတ်တိုင်းကျ ဖြစ်ခဲပါတယ်လေ။”
ဘေးနားမှ လူအ၏ မျက်နှာ ရှုံ့မဲ့သွားသည်။
ယွင်ကျုံးဟဲ့ ချက်ချင်း ပါးစပ်ပိတ်လိုက်၏။ သူ၏ စိတ်ဖတ်ခြင်း စွမ်းရည်အရ ထိုလူကြီးက သူ့ကို ရိုက်သတ်ချင်နေကြောင်း သိလိုက်ရသောကြောင့်ပင်။
“သွားမယ်... မြို့ထဲဝင်မယ်။”
ယွင်ကျုံးဟဲ့တို့ နှစ်ယောက်သည် စည်ကားသော လေခွင်းမြို့ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။ ကုန်သွယ်ရေးမြို့ ဖြစ်သောကြောင့် အဝင်အထွက် စစ်ဆေးမှု သိပ်မတင်းကျပ်ပေ။ သို့သော်ငြား ဤသည်မှာ အပေါ်ယံသာ ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိ၏။ မြို့ထဲ ဝင်လိုက်သည်နှင့် မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေကြောင်း သူ ခံစားမိသည်။
တာယင်အင်ပါယာက လေခွင်းမြို့၏ တန်ဖိုးကို သိသကဲ့သို့ တောင်ပိုင်းကျိုးအင်ပါယာနှင့် အခြားနိုင်ငံများ ကလည်း သိရှိကြ၏။ ထို့ကြောင့် ဤမြို့တွင် သူလျှိုပေါင်း မြောက်မြားစွာ ရှိနေမည်မှာ အသေအချာပင်။
ဤနေရာသည် ကုန်သည်များအတွက် နိဗ္ဗာန်ဘုံ ဖြစ်သော်လည်း သူလျှိုများအတွက် သုသာန်မြေ ဖြစ်သည်။ ဟေးလုံထိုင်၏ သူလျှိုပေါင်း ရာချီ ဤနေရာတွင် သေဆုံးခဲ့ရပြီး ဖြစ်၏။
ယွင်ကျုံးဟဲ့သည် အဘိုးအိုတစ်ဦးအသွင် ရုပ်ဖျက်ထားသောကြောင့် သိပ်ပြီး အာရုံစိုက်မခံရပေ။ အအလူကြီးက မြင်းလှည်းကို မောင်းနှင်ပြီး လူအုပ်ကြားထဲသို့ တိုးဝင်သွားသည်။ မြို့က အလွန် စည်ကားလွန်းသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုပင် ဖြစ်နေလေသည်။
လမ်းဘေး ဝဲယာတွင် လူများ၊ မြင်းလှည်းများ ပြည့်ကျပ်နေသော်လည်း လမ်းမအလယ်ရှိ ကျောက်ပြားခင်း လမ်းမကြီးမှာမူ ရှင်းလင်းနေသည်။ ရံဖန်ရံခါ ခမ်းနားသော မြင်းလှည်းတစ်စီး ဖြတ်မောင်းသွားတတ်၏။ မည်မျှပင် ပြည့်ကြပ်နေပါစေ မည်သူမျှ အလယ်လမ်းမပေါ်သို့ တက်မမောင်းရဲကြပေ။
ထိုလမ်းသည် အထူးအခွင့်အရေး ရရှိထားသူများအတွက်သာ ဖြစ်သည်။ မြို့စားအိမ်တော်မှ ထုတ်ပေးသော ‘နဂါးအလံ’ တပ်ဆင်ထားသော မြင်းလှည်းများသာ ဖြတ်သန်းခွင့် ရှိ၏။ ထိုအလံကို ရရှိထားသူ တစ်ရာပင် မပြည့်ချေ။
ပိုင်ရှင်မဲ့နယ်မြေကို ယဉ်ကျေးမှု မထွန်းကားသော ဒေသဟု ထင်ခဲ့သော်လည်း လက်တွေ့တွင် အင်ပါယာ မြို့ကြီးများနှင့် မခြားနားပေ။ အဆင့်အတန်း ခွဲခြားမှုနှင့် အာဏာပြမှုများ နေရာတိုင်းတွင် ရှိနေ၏။
မြင်းလှည်းထဲမှ ယွင်ကျုံးဟဲ့သည် တိတ်ဆိတ်စွာဖြင့် မြို့ကို လေ့လာနေ၏။ နိုင်ငံကြီးနှစ်ခု စစ်ဖြစ်တော့မည့် အချိန်တွင် ပိုင်ရှင်မဲ့နယ်မြေသည် အထိခိုက်မခံဆုံး နေရာဖြစ်ပြီး မုန်တိုင်း၏ ဗဟိုချက်လည်း ဖြစ်သည်။
(၅) မိုင်ခန့် ခရီးအတွင်း တပ်သားစုဆောင်းရေး စခန်း (၇) ခုကို တွေ့လိုက်ရ၏။ ကျင်းမိသားစုသည် စစ်ပွဲအငွေ့အသက်ကို ရရှိထားပြီး ဖြစ်သောကြောင့် စစ်အင်အားကို အပြိုင်အဆိုင် ဖြည့်တင်းနေခြင်းလည်း ဖြစ်နိုင်၏။
ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်မိ၏။ ဤမြို့သည် စည်ကားလှပသော်လည်း ကြာရှည်ခံမည် မဟုတ်ပေ။ စစ်ပွဲ စတင်သည်နှင့် ဤအလှတရားများ အားလုံး ပြာပုံဘဝ ရောက်သွားပေလိမ့်မည်။
တောင်ပိုင်းကျိုးအင်ပါယာရော တာယင်အင်ပါယာပါ ဤစစ်ပွဲအတွက် ဆယ်စုနှစ်များစွာ ပြင်ဆင်ခဲ့ကြသည်။ တာယင်အင်ပါယာက အင်အားကို မွေးမြူထားခဲ့ပြီး တောင်ပိုင်းကျိုးအင်ပါယာကလည်း နယ်မြေချဲ့ထွင်ကာ အင်အားစုဆောင်းခဲ့၏။
တောင်ပိုင်းဒေသ တစ်ခုလုံးတွင် အရှင်သခင် တစ်ပါးတည်းသာ ရှိရမည်။ စစ်ပွဲ စတင်သည်နှင့် ပိုင်ရှင်မဲ့နယ်မြေ အတွင်းသို့ စစ်သည်တော် သန်းချီ ဝင်ရောက်လာပြီး သတ်ဖြတ်ကြပေလိမ့်မည်။
ယွင်ကျုံးဟဲ့သည် နိုင်ငံများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲကြီး မတိုင်မီ ကြိုတင်ချထားသော နယ်ရုပ် တစ်ရုပ်ဖြစ်ပြီး မီးခိုးငွေ့ မထွက်သော သေပွဲဝင် တိုက်ပွဲကို စတင်ရတော့မည် ဖြစ်၏။
ဟေးလုံထိုင်တွင် လေခွင်းမြို့၌ လျှို့ဝှက်စခန်း အနည်းငယ် ရှိသည်။ အန်းထင် တည်းခိုခန်းသည် ထိုအထဲမှ တစ်ခုဖြစ်၏။ တည်းခိုခန်းသာမက စားသောက်ဆိုင်လည်း ဖွင့်ထားပြီး ကြက်ကြော် အလွန် နာမည်ကြီးသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဤစခန်းကို တရားဝင် အသက်သွင်းလိုက်၏။ ဆိုလိုသည်မှာ အန်းထင် တည်းခိုခန်း တစ်ခုလုံးသည် ယွင်ကျုံးဟဲ့ တစ်ယောက်တည်းအတွက် အလုပ်လုပ်ပေးရမည် ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် မြို့ထဲ ရောက်သည်နှင့် အန်းထင် တည်းခိုခန်းသို့ သွားရောက်ပြီး ဟေးလုံထိုင်မှ ရွှီအန်းထင်နှင့် ဆက်သွယ်ရမည်။
ယနေ့မှစ၍ ရွှီအန်းထင်သည် သူ၏ တစ်ဦးတည်းသော အဆက်အသွယ် ဖြစ်ပြီး ပထမဆုံးသော မိတ်ဖက် ဖြစ်သည်။
မြို့တစ်ဝက်ခန့် ဖြတ်သန်းပြီးနောက် အန်းထင် တည်းခိုခန်းသို့ ရောက်ရှိလာ၏။ ဤနေရာသည် စည်ကားသော ရပ်ကွက်တွင် ရှိပြီး မျက်နှာချင်းဆိုင်တွင် ‘နွေဦးအိပ်မက်’ အမည်ရ ပြည့်တန်ဆာရုံ တစ်ရုံ ရှိနေ၏။
“အစ်ကိုကြီး... လာလေ...” အပေါ်ထပ်မှ မိန်းမလှလေး တစ်ယောက်က ယွင်ကျုံးဟဲ့ကို လက်ယပ်ခေါ်လိုက်သည်။
ယွင်ကျုံးဟဲ့၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားပြီး ထိုနေရာသို့ သွားချင်စိတ်ကို မနည်း ထိန်းချုပ်လိုက် ရသည်။ အိမ်ပြန်ရောက်သလို ခံစားနေရခြင်းမှာ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ အကျင့်ပါနေသောကြောင့် ဖြစ်မည်။
ယွင်ကျုံးဟဲ့က တွေးလိုက်သည်။ ‘တကယ်လို့ ဒီလျှို့ဝှက်စခန်း ပေါ်သွားပြီး ဖျက်ဆီးခံလိုက်ရရင်တောင် ငါ ထမင်းငတ်မှာ မဟုတ်ဘူး။ မျက်နှာချင်းဆိုင်က အဆောက်အအုံမှာ အလုပ်သွားလုပ်လို့ ရတယ်။ လူဆိုတာ ပညာတစ်ခုတော့ တတ်ထားသင့်တယ်ဆိုတဲ့ ရှေးလူကြီးတွေ ပြောစကားက မှန်သားပဲ။’
ယွင်ကျုံးဟဲ့သည် စိတ်ကို လျှော့ပြီး အန်းထင် တည်းခိုခန်းထဲသို့ ဝင်သွားလိုက်သည်။ တည်းခိုခန်းသည် အတော်ပင် ကြီးမား၏။ အရှေ့ဘက်တွင် စားသောက်ဆိုင် ရှိပြီး အနောက်ဘက်တွင် တည်းခိုဆောင်များ ရှိသည်။ စီးပွားရေး ကောင်းပုံရ၏။
“ဧည့်သည်... ထမင်းစားမလို့လား၊ တည်းခိုမလို့လား။” ဆိုင်ဝန်ထမ်း တစ်ယောက် ရောက်လာပြီး မေးသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ထမင်းစားမလို့... ဒီမှာ ကြက်ကြော် ရလား။”
ဆိုင်ဝန်ထမ်းက ပြောလိုက်သည်။ “ရတာပေါ့။ ကျုပ်တို့ဆိုင်က ကြက်ကြော်က အကောင်းဆုံးပဲ။ ဘယ်လောက် အလေးချိန် လိုချင်လဲ ခင်ဗျာ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ငါးပိဿာ၊ ခုနစ်ကျပ်၊ သုံးမတ်နဲ့ လေးပဲသား... ခုနစ်ပုံ တစ်ပုံ ကျက်ရမယ်။”
ဤအရာက အသိအမှတ်ပြုထားသော လျှို့ဝှက်စကားဖြစ်သည်။
“သိပါပြီ။ နောက်က လိုက်ခဲ့ပါ။”
ဆိုင်ဝန်ထမ်းက ရှေ့မှ ဦးဆောင်သွား၏။
ယွင်ကျုံးဟဲ့သည် သူ့နောက်မှ လိုက်ပါသွားပြီး လူသူကင်းမဲ့သော နောက်ဖေးဝင်းထဲသို့ ရောက်ရှိသွားသည်။ ဆိုင်ဝန်ထမ်းက ရေတွင်းပျက်တစ်ခု၏ အဖုံးကို ဖွင့်လိုက်ပြီး သုံးချက်ခေါက်၊ နှစ်ချက်ပုတ် လိုက်၏။ ထောင့်တစ်နေရာတွင် လျှို့ဝှက်တံခါး တစ်ချပ် ပွင့်လာလေသည်။
ဆိုင်ဝန်ထမ်းက ပြောလိုက်၏။ “ဝင်ပါ။ သူဌေးအန်း စောင့်နေပါတယ်။”
ယွင်ကျုံးဟဲ့သည် လျှို့ဝှက်တံခါးမှ ဝင်ရောက်ပြီး မြေအောက်ခန်းထဲသို့ ဆင်းသွားလိုက်၏။ အတွင်းပိုင်းတွင် အလင်းရောင် အားနည်းပြီး မှောင်မဲနေသည်။
လမ်းတစ်ဝက်အရောက်တွင် ယွင်ကျုံးဟဲ့၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး နောက်သို့ လှည့်ပြေးရန် ပြင်လိုက်၏။
သို့သော်ငြား နောက်တစ်စက္ကန့်တွင် ထက်မြက်သော ဓားသွားတစ်ခုက သူ၏ လည်ပင်းပေါ်သို့ ရောက်ရှိလာသည်။
ထို့နောက် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။ “ကြိုဆိုပါတယ် ဟေးလုံထိုင် သူလျှို... ကိုယ့်သေတွင်း ကိုယ်တူးဖို့ လာတာကို ကြိုဆိုပါတယ်။”
ယွင်ကျုံးဟဲ့က ကတုန်ကယင်ဖြင့် ပြန်ပြောလိုက်သည်။ “ခင်... ခင်ဗျားတို့ လူမှားနေပြီ။ ကျုပ်က ကြက်သား လာစားတာပါ။ ဒီဆိုင်က ကြက်ကြော်က အရမ်းကောင်းတယ် ဆိုလို့...”
“ရှူး...”
မွှေးပျံ့သော ရနံ့တစ်ခု နှာခေါင်းထဲ ဝင်ရောက်လာပြီး မိန်းမတစ်ယောက်၏ ချိုသာသော အသံက နားနားကပ်၍ ပြောလိုက်၏။ “ကျွန်မက ရှင် လိုချင်တဲ့ ကြက်မလေးပါပဲ။ စားချင်လားဟင်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အင်း... ဒီလိုကြက်မလေးဆိုရင်တော့ စားရတာပေါ့။ မငြင်းပါဘူး။”
***