တစ်နာရီခန့် ကြာသောအခါ ယွင်ကျုံးဟဲ့သည် တိုင်လုံးတစ်ခုတွင် ကြိုးတုပ်ခံထားရပြီ ဖြစ်နေ၏။ သူ့ကို လူငါးယောက်က ဝိုင်းရံထားကြသည်။ လေးယောက်မှာ အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားပြီး မျက်နှာဖုံး စွပ်ထားကြ၏။ ခေါင်းဆောင်ဖြစ်သူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ယွင်ကျုံးဟဲ့ကို ကျောပေးထား၏။
မီးရောင်အောက်တွင် သူမ၏ ပုံရိပ်သည် အနည်းငယ် ဝေဝါးနေသော်လည်း သူမ၏ ခန္ဓာကိုယ် အချိုးအစားကို မြင်လိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ ရင်သပ်ရှုမော ဖြစ်သွားမိသည်။
‘ကောင်းကင်ဘုံ.. ဘယ်လိုတောင် လှတဲ့ ခန္ဓာကိုယ်လဲ။ သွားရည်ကျချင်စရာ ကောင်းလိုက်တာ။’
ယွင်ကျုံးဟဲ့ ကဲ့သို့ မိန်းမပွေသော လူယုတ်မာ တစ်ယောက်၏ မျက်လုံးကို လှည့်စား၍ မရနိုင်ပေ။
ဤခေတ်တွင် အမျိုးသမီးအချို့သည် အပြင်ထွက်လျှင် ခါးပတ်များ၊ အတွင်းခံများ ဝတ်ဆင်ပြီး ခန္ဓာကိုယ် အချိုးအစား လှပအောင် ဖန်တီးတတ်ကြသည်။ အဝတ်အစားများ ချွတ်လိုက်မှ အမှန်တရား ပေါ်လာတတ်သည်။
‘လှည့်ကွက်တွေက များလွန်းတယ်။ ဒါကြောင့် ကျုပ်တို့လို ရိုးသားတဲ့ ယောကျ်ားလေးတွေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ အလိမ်မခံရအောင် သတိထားရမယ်။’
သို့သော်ငြား သူ့ရှေ့မှ အမျိုးသမီး၏ ခန္ဓာကိုယ် အချိုးအစားမှာ အစစ်အမှန် ဖြစ်သည်။ တစ်သောင်းတွင် တစ်ယောက် တွေ့ရခဲသော နတ်သမီး ခန္ဓာကိုယ်မျိုး ဖြစ်သည်။ စောစောက ပြောခဲ့သည့် ‘ကြက်မ’ ဆိုသည်မှာ ဤအမျိုးသမီးပင် ဖြစ်ရမည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ မီးတောက်သံ တဖျစ်ဖျစ်နှင့် သံပူထိုးမည့် ကိရိယာကို မီးဖုတ်နေသံသာ ကြားနေရ၏။ တစ်မိနစ် ကုန်ဆုံးသွားသည်။ နှစ်မိနစ် ကုန်ဆုံးသွားသည်။
ယွင်ကျုံးဟဲ့သည် တိတ်ဆိတ်မှုကို သည်းမခံနိုင်တော့ဘဲ စကားစပြောလိုက်တော့၏။ “ညီမလေး... ခင်ဗျားရဲ့ သံပူကိရိယာကြီး ရဲနေပြီလေ။”
ခန္ဓာကိုယ်အမိုက်စား ပိုင်ရှင် အမျိုးသမီးမှာ ကြောင်အသွားမိသည်။ ‘ဒီကောင် သေချင်လွန်းလို့ တုန်နေတာလား။ ဒါမှမဟုတ် အရမ်း သတ္တိကောင်းနေတာလား။ ကိုယ့်ကို နှိပ်စက်မယ့် ကိရိယာ အသင့်ဖြစ်နေပြီလို့ သတိပေးရအောင် သူ့ဦးနှောက် ပုံမှန် ဟုတ်ရဲ့လား။’
ထိုအချိန်တွင် စစ်သည်တစ်ဦးက ရဲနေသော သံပူကိရိယာကို ကိုင်လျက် ယွင်ကျုံးဟဲ့၏ မျက်နှာနားသို့ တိုးကပ်လာသည်။ အကယ်၍ ဤသံပူက မျက်နှာပေါ် ကျရောက်သွားပါက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရုံသာမက မျက်နှာတစ်ခြမ်းလုံး မီးလောင်ကျွမ်းသွားပေလိမ့်မည်။
အမျိုးသမီးက အေးစက်စက် ပြောလိုက်သည်။ “ကျွန်မတို့က လေခွင်းမြို့ရဲ့ ‘သွေးနက်ဂိုဏ်း’ ကပဲ။”
သွေးနက်ဂိုဏ်းဆိုသည်မှာ လေခွင်းမြို့၏ သူလျှိုနှိမ်နင်းရေး အဖွဲ့အစည်းပင်။ မြို့စားဟောင်း ကျင်းအဲ့ တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး ကျင်းမိသားစုအပေါ် သစ္စာအရှိဆုံးနှင့် အတော်ဆုံး စစ်သည်တော်များ ပါဝင်၏။
သူတို့၏ တာဝန်မှာ တစ်ခုတည်းသာ ရှိ၏။ လေခွင်းမြို့အတွင်း စိမ့်ဝင်နေသော တခြားနိုင်ငံမှ သူလျှိုများကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖြတ်ရန် ဖြစ်သည်။
ပုံမှန်အားဖြင့် လေခွင်းမြို့ကဲ့သို့ နယ်စားပယ်စား အဆင့်လောက်သာ ရှိသော နေရာတွင် ဤမျှ အဆင့်မြင့်သော သူလျှိုနှိမ်နင်းရေး အဖွဲ့အစည်း မလိုအပ်ပေ။
သို့သော်ငြား လေခွင်းမြို့သည် မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသောကြောင့် မတတ်သာချေ။ အင်ပါယာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံမှ သူလျှိုများက ဤနေရာတွင် ပုန်းအောင်းနေကြသည် မဟုတ်ပါလား။
ဆယ်စုနှစ်များစွာ သူလျှိုနှိမ်နင်းရေး အတွေ့အကြုံများကြောင့် သွေးနက်ဂိုဏ်းသည် အလွန် ကျွမ်းကျင်ပြီး ရက်စက်ကြမ်းကြုတ်သော အဖွဲ့အစည်း ဖြစ်လာ၏။ တခြားနိုင်ငံမှ သူလျှိုများသည် သွေးနက်ဂိုဏ်း လက်ထဲသို့ ရောက်သွားပါက သေရခြင်းသည် အကောင်းဆုံး နိဂုံး ဖြစ်နေတတ်သည်။
အမျိုးသမီးက ပြောလိုက်၏။ “ကျွန်မတို့ရဲ့ လုပ်ပုံကိုင်ပုံကို ရှင် ကြားဖူးမှာပါ။ ကျွန်မတို့လက်ထဲ ရောက်လာတဲ့ သူတိုင်းက ချက်ချင်း သေချင်ကြတယ်။ မသေခင် ခံစားရမယ့် ငရဲခန်းကို ကြောက်လို့လေ။”
အမျိုးသမီး၏ အသံက အက်ရှရှ ဖြစ်နေပြီး ဆက်ပြောလိုက်သည်။ “တောင်ပိုင်းက အင်အားကြီးနိုင်ငံ သုံးခုစလုံးက သူလျှိုတွေနဲ့ ကျွန်မ ရင်ဆိုင်ဖူးတယ်။ အဲဒီအထဲမှာ ရှင်တို့ ဟေးလုံထိုင်က ခံနိုင်ရည် အရှိဆုံးပဲ။
ကျွန်မ လက်ထဲမှာ သေသွားတဲ့ ဟေးလုံထိုင် သူလျှို မနည်းတော့ဘူး။ ဒါပေမဲ့ တစ်ယောက်မှ သစ္စာမဖောက်ကြဘူး။ အကုန်လုံး နှုတ်ပိတ်ပြီး အသေခံသွားကြတယ်။”
ရဲနေသော သံပူကိရိယာသည် ယွင်ကျုံးဟဲ့၏ မျက်နှာနှင့် ပို၍ နီးကပ်လာ၏။
ခေါင်းဆောင် အမျိုးသမီးက ဆက်ပြောသည်။ “ပုဂ္ဂိုလ်ရေးအရတော့ ရှင့်ကို ယောကျ်ားကောင်း တစ်ယောက်အနေနဲ့ ကျွန်မ လေးစားပါတယ်။
ဒါပေမဲ့ ဒီနေ့ ရှင် ဝန်မခံဘူး ဆိုရင်တော့ အရှင်လတ်လတ် ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့။ ရှင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အသားစ မကျန်အောင် အခွာခံရလိမ့်မယ်။ နောက်ဆုံးကျရင် ဝံပုလွေခွေး (၁၀) ကောင်ရဲ့ အစာ ဖြစ်သွားလိမ့်မယ်။”
သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ အမှောင်ထုထဲမှ အစိမ်းရောင် မျက်လုံး (၁၀) စုံ ထွက်ပေါ်လာသည်။ ခွေးဆိုသော်လည်း ဝံပုလွေကဲ့သို့ ကြမ်းကြုတ်နေပြီး သွေးညှီနံ့များ လှိုင်နေသည်။ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ယွင်ကျုံးဟဲ့သည် အသားစတုံး ဖြစ်သွားပေလိမ့်မည်။
“ဟေးလုံထိုင် သူလျှိုတွေက သေမင်းကို မကြောက်ဘူးဆိုတာ ကျွန်မ သိတယ်။ သူတို့ ပါးစပ်ကနေ ဘာလျှို့ဝှက်ချက်မှ မရနိုင်ဘူး ဆိုတာလည်း ကျွန်မ သိတယ်။
ဒါပေမဲ့ ဒီနေ့တော့ ကျွန်မ စမ်းကြည့်ချင်တယ်။ ရှင့်ကို နှိပ်စက်ဖို့ ကိရိယာပေါင်း ရာချီ ပြင်ဆင်ထားတယ်။ နည်းလမ်းပေါင်း ရာချီ သုံးပြီး ရှင့်ကို နှိပ်စက်ပြမယ်။”
“အာဂိုး... စလိုက်တော့။”
အမိန့်ရသည်နှင့် နောက်ထပ် စစ်သည်တစ်ဦးက ဆူးပါသော ကြိမ်လုံးကို ကိုင်၍ ယွင်ကျုံးဟဲ့ကို ရိုက်ရန် ပြင်လိုက်သည်။
“နေ... နေပါအုံး...” ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်၏။ “ကျုပ် ဝန်ခံပါမယ်။ ဝန်ခံပါမယ်။ ကျုပ်နာမည် ယွင်ကျုံးဟဲ့... တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှိုပါ။
ကျုပ် ဒီကို လာတာ အန်းထင် တည်းခိုခန်းမှာ သတင်းပို့ဖို့ပါ။ ကျုပ်ရဲ့ အဆက်အသွယ်က ရွှီအန်းထင်ပါ။ သူကလည်း ဟေးလုံထိုင်ရဲ့ သူလျှိုပါပဲ။ ကျုပ်ရဲ့ အထက်လူကြီးက ဖုန်းရှင်းမြဲ့ပါ။ သူက လေခွင်းမြို့ စစ်ဆင်ရေးရဲ့ အကြီးဆုံး တာဝန်ခံပါ။
ကျုပ်ရဲ့ တာဝန်က လေခွင်းမြို့စား ကျင်းကျုံးယွဲ့ကို ဖြားယောင်းပြီး တာယင်အင်ပါယာရဲ့ ကိုယ်စားလှယ် ဖြစ်လာအောင် စည်းရုံးဖို့ပါ။ ကျုပ်နဲ့အတူ လူအတစ်ယောက် ပါလာပါတယ်။ သူက အပြင်မှာ ရှိနေတယ်။ သူကလည်း ဟေးလုံထိုင်ရဲ့ သူလျှိုပါပဲ။ သူ့ကို မြန်မြန် သွားဖမ်းလိုက်ကြပါ။ လွတ်သွားမှာ စိုးလို့။”
တစ်ခန်းလုံးရှိ လူများ ကြောင်အသွားကြသည်။ လေထုသည် တစ်ဖန် တိတ်ဆိတ်သွားပြန်၏။ ဤတစ်ကြိမ် တိတ်ဆိတ်မှုက ပို၍ နေရခက်စေသည်။
‘ကျွန်မ ရှင့်ကို စစ်တောင် မစစ်ဆေးရသေးဘူး။ နှိပ်လည်း မနှိပ်စက်ရသေးဘူး။ ရှင်က အကုန်လုံး ပြောပြလိုက်တာလား။ ရှင်တို့ ဟေးလုံထိုင်က သေမင်းကို မကြောက်တဲ့ သံမဏိလူသားတွေ မဟုတ်ဘူးလား။’
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ကျုပ် ထပ်ဝန်ခံချင်ပါသေးတယ်။ ဒါပေမဲ့ ရုတ်တရက် မေ့နေလို့။ အစ်မက နည်းနည်းလောက် သဲလွန်စ ပေးပါလား။ ကျုပ် ဘာပြောဖို့ ကျန်သေးလဲ။
ကျုပ်က သစ္စာဖောက်မယ့်သူ၊ အစ်မက လိုအပ်တာ ဖြည့်စွက်ပေးမယ့်သူ၊ အဲဒီလို ပူးပေါင်းလိုက်ရင် ဒီကိစ္စကြီးက ပြီးပြည့်စုံသွားမှာပဲ။ ဟုတ်တယ်မလား။”
တိတ်ဆိတ်နေဆဲပင်။
“ဟေးလုံထိုင်က ကျုပ်ကို စီမံချက် နှစ်ခု ပေးလိုက်တယ်။ ကျင်းကျုံးယွဲ့ကို ဘယ်လို သိမ်းပိုက်ရမလဲ ဆိုတာပေါ့။ အဲဒီ စီမံချက်တွေက ရွှီအန်းထင် ဆီမှာ ရှိတယ်။
သူ့ကို ဖမ်းမိပြီလား။ သူ့ကို နှိပ်စက်လိုက်၊ အသေအလဲ နှိပ်စက်လိုက်။ သူ ဝန်မခံဘူး ဆိုရင် ကျုပ် ကူညီပေးမယ်။”
ဘယ်သူမှ ပြန်မပြောကြပေ။
“အစ်မ... ကျုပ်က အခု အဘိုးကြီးပုံစံ ပေါက်နေပေမယ့် တကယ်တမ်းကျတော့ ပြိုင်ဘက်ကင်း ရုပ်ချောတဲ့ ယောကျ်ားပျိုလေးပါ။ ခင်ဗျားတို့ သွေးနက်ဂိုဏ်းမှာ ကျုပ်လို လူမျိုး လိုအပ်တယ်လေ။
ကျုပ်ရဲ့ အထူးစွမ်းရည်က မိန်းမဖြားယောင်းတာ။ ဒါက သူလျှိုနှိမ်နင်းရေးမှာလည်း အသုံးဝင်မှာပါ။ ပြီးတော့ ကျုပ်လို ရုပ်ချောတဲ့ ကောင်လေးကို ခေါ်သွားရင် အစ်မ မျက်နှာပွင့်တာပေါ့။
အစ်မ... ကျုပ်ကို မသတ်ပါနဲ့နော်။ ကျုပ်ရဲ့ လှပတဲ့ မျက်နှာလေးကိုလည်း အထိအခိုက် မခံပါနဲ့။ ဒီနေ့က စပြီး ကျုပ်က အစ်မရဲ့ ခွေးလိမ္မာလေး လုပ်ပေးပါမယ်။ ဝေါင်း... ဝေါင်း..။
ဘာလဲ... ခွေးလိမ္မာ မကြိုက်ဘူးလား။ ခွေးပေါက်စလေး လုပ်ပေးရမလား။ ဝုတ်... ဝုတ်... ဝုတ်... ဝုတ်...”
အခန်းထဲရှိ လူငါးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် အံ့သြမှုများ အထင်းသား ပေါ်နေသည်။
‘ကောင်းကင်ဘုံ... ကျုပ် ဘဝအမြင်တွေ ပြောင်းလဲကုန်ပြီ။’
‘ကျုပ်တို့ သူလျှိုနှိမ်နင်းရေး လုပ်လာတာ ဆယ်နှစ်ကျော်ပြီ။ ဒီလောက် သေမှာကြောက်ပြီး ဒီလောက် အရှက်မရှိတဲ့ သူလျှိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ခင်ဗျား ဘယ်လိုလုပ်ပြီး ဟေးလုံထိုင်ထဲ ရောက်လာတာလဲ။’
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “အစ်မ... နာမည်လေး သိပါရစေ။ အစ်မလို လှပပြေပြစ်တဲ့ခန္ဓာကိုယ် ပိုင်ရှင်မှာ နာမည်လှလှလေး ရှိမှာ သေချာတယ်။ ဒီဘက် လှည့်ကြည့်ပါအုံး။ အစ်မရဲ့ မျက်နှာလေးကို မြင်ချင်လွန်းလို့ပါ။
ဒီလောက် လှပတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ မျက်နှာလေးက ဘယ်လောက်တောင် လှလိုက်မလဲနော်။ နတ်သမီးလေးလို လှနေမှာပဲ။ အခုချိန်ကစပြီး ကျုပ် အိပ်လို့ပျော်တော့မှာ မဟုတ်ဘူး။ မျက်လုံးမှိတ်လိုက်တာနဲ့ အစ်မ ပုံရိပ်တွေပဲ မြင်ယောင်နေတော့မှာ။”
ထိုအမျိုးသမီး ဘာမှ ပြန်မပြောဘဲ ကျောပေးလျက်သား ရပ်နေသည်။ သို့သော်ငြား သူမ၏ ကိုယ်ခန္ဓာ တုန်ခါနေ၏။
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “အစ်မ... နာမည်လေး ပြောပြပါနော်။ ဒီဘက် လှည့်ပါအုံး။”
နောက်ဆုံးတွင် ထိုအမျိုးသမီးက နောက်လှည့်လာ၏။ သူမ၏ မျက်နှာအစစ်အမှန် ပေါ်လာတော့သည်။
ယွင်ကျုံးဟဲ့ တုန်လှုပ်သွားပြီး စိတ်ထဲမှ ကြောက်လန့်တကြား အော်လိုက်မိ၏။ ‘အား... ကြောက်စရာကြီး။’
မျက်နှာပြင်တစ်ခုလုံး အမာရွတ်များ၊ အဖုအပိမ့်များနှင့့် ပြည့်နေပြီး သရဲမ၊ ဘီလူးမ တစ်ယောက်လို ဖြစ်နေသည်။ တကယ့်ကို နတ်ဆိုးခန္ဓာကိုယ်၊ ဘီလူးမျက်နှာနှင့်ပင်။
ယွင်ကျုံးဟဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပြန်ပိတ်၍ မရတော့ပေ။
ထိုအမျိုးသမီးက အက်ရှရှ အသံဖြင့် ပြောလိုက်သည်။ “ကျွန်မနာမည် ရွှီအန်းထင်(ပုစဉ်း)”
ယွင်ကျုံးဟဲ့၏ ပါးစပ်က ပို၍ ဟသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။
ခဏကြာပြီးနောက် သူက အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ “အဲ... ဒီနာမည်က ရင်းနှီးနေသလိုပဲ။ ဘယ်မှာ ကြားဖူးပါလိမ့်။”
ဘီလူးမျက်နှာနှင့် အမျိုးသမီးက ပြန်ပြော၏။ “ကျွန်မအစ်ကိုရဲ့ နာမည်က ရွှီအန်းထင်(မဏ္ဍပ်)။ ဒီတည်းခိုခန်းပိုင်ရှင်လေ။ ကျွန်မတို့နှစ်ယောက်စလုံးက ဟေးလုံထိုင် သူလျှိုတွေပဲ။”
“အမ်...”
ခဏအကြာတွင် အမှောင်ထုထဲမှ ဝဖြိုးဖြိုး လူကြီးတစ်ယောက် ထွက်လာသည်။ ချမ်းသာပြီး ရက်စက်တတ်သည့် သူဌေးကြီး ပုံစံမျိုး ဖြစ်၏။
“ကျုပ်နာမည် ရွှီအန်းထင်(မဏ္ဍပ်)၊ ဟေးလုံထိုင် သူလျှို။ ခင်ဗျားရဲ့ အဆက်အသွယ်ပဲ။”
ရွှီအန်းထင်က အေးစက်စက် ပြောလိုက်သည်။ “စောစောက လုပ်ခဲ့တာတွေ အားလုံးက ခင်ဗျားကို စမ်းသပ်ကြည့်တာပဲ။
သခင်လေး ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ တုံ့ပြန်ပုံကတော့ တကယ်ကို အံ့မခန်းပါပဲ။ ကျုပ် အသက် (၄၀) ကျော်ပြီ။ ခင်ဗျားလောက် အရှက်မရှိတဲ့ လူစားမျိုး တစ်ခါမှ မတွေ့ဖူးဘူး။”
သူက သက်ပြင်းချလိုက်သည်။ “တကယ်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ။ ခင်ဗျားလို အရှက်မရှိတဲ့ကောင်က ဒီလောကမှာ အသက်ရှင်ဖို့ မတန်ဘူး။
ကျုပ်မှာ ခင်ဗျားကို သတ်ပိုင်ခွင့် မရှိပေမဲ့ သင်ခန်းစာတော့ ပေးရမယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖျောက်ဖျက်လို့ မရတဲ့ အမှတ်အသားတစ်ခု ပေးလိုက်မယ်။ ပြီးရင် ခင်ဗျားကို အင်ပါယာဆီ ပြန်ပို့ပြီး အပြစ်ပေးခိုင်းမယ်။”
ဘီလူးမျက်နှာနှင့် အမျိုးသမီး ရွှီအန်းထင်(ပုစဉ်း)က အက်ရှရှ အသံဖြင့် ဖြည့်စွက်ပြောလိုက်၏။ “ဟေးလုံထိုင်က သစ္စာဖောက်တွေကို ဘယ်လို အပြစ်ပေးလဲ သိလား။ ဆီပူအိုးထဲ ထည့်ကြော်တာတဲ့။”
“လုပ်လိုက်တော့။” ရွှီအန်းထင်က အမိန့်ပေးလိုက်သည်။
စစ်သည်တစ်ယောက်က ရဲနေသော သံပူကိရိယာကို ကိုင်ကာ ယွင်ကျုံးဟဲ့၏ ရင်ဘတ်ဆီသို့ တိုးကပ်လာ၏။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က ရယ်မောလိုက်သည်။ “ဟား ဟား ဟား... စိတ်ဝင်စားစရာပဲ။ ရွှီအန်းထင်... ကျုပ် ဒီဆိုင်ထဲ ဝင်လာတည်းက ခင်ဗျားတို့ ကျုပ်ကို စမ်းသပ်မယ် ဆိုတာ သိပြီးသား။
ကျုပ်က စမ်းသပ်မှုကို ပြီးပြည့်စုံအောင် ဖြေဆိုနိုင်ခဲ့ပေမယ့် ခင်ဗျားတို့ရဲ့ တုံ့ပြန်ပုံကိုတော့ သဘောမကျဘူး။ ဟေးလုံထိုင် သူလျှိုတွေ ဖြစ်ပြီးတော့ ခင်ဗျားတို့က သိပ်ပြီး ပညာသား မပါပါ့လား။”
***